Showing posts with label စိတ်ဓာတ်ခွန်အားဖြည့်စာစုများ. Show all posts
Showing posts with label စိတ်ဓာတ်ခွန်အားဖြည့်စာစုများ. Show all posts

နောက်မကျတဲ့ အိပ်မက်

Thursday, April 29, 2010

 


 



 


ယနေ့သည် ဆေးရုံရဲ့ ခြောက်ထပ်တွင် ပုံမှန်မဟုတ်အောင် အလုပ်များလွန်းနေသည်။ ရောက်လာသော လူနာအသစ် ၁၀ယောက် အတွက် သူနာပြု ရိုစီတစ်ယောက်လည်း  တစ်မနက်ခင်းလုံးနှင့် နေ့လည်တစ်နေ့လည်လုံး အလုပ်များနေသည်။ သူမနှင့် တစ်ထပ်တည်း အတူတူ အလုပ်လုပ်ကြသော ဆေးရုံအကူ ရှာရွန်နှင့် သူ့သူငယ်ချင်းတို့ ၂ယောက်လုံးကလည်း  ထိုလူနာ၁၀ယောက် နေသားတကျ ဖြစ်စေဖို့နှင့် သူတို့တွေ သက်သောက်သက်သာရှိမရှိ သေချာအောင် လိုက်လံစစ်ဆေး ကြည့်ရှုနေသည်။ အလုပ်များအားလုံး ပြီးစီးသွားသောအခါတွင်  ထမင်းစားချိန်ပင် ကျော်လွန်နေပြီ။ သူနာပြု ရိုစီသည် ရှာရွန်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း “ကဲ ငါတို့ အနားယူဖို့ အချိန်တန်ပြီ။ နေ့လည်စာ စားကြစို့”


 


ဆူညံနေသော ကင်တင်န်းတွင် ထမင်းစားကြဖို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြရင်း ရှာရွန်မှာ သူမ၏ မျက်မှန်တွင် အစိုပြန် နေသည်ကိုပင် မသုတ်နိုင်ဖြစ်နေသည်ကို ရိုစီက သတိထားလိုက်မိသည်။ ရှာရွန့် မျက်နှာပြင်တွင် စိတ်ရှုပ်ထွေးပင်ပန်းနေခြင်း အရိပ်အယောင်မှာ အလုပ်များခြင်းသက်သက်ကြောင့် မဟုတ်မှန်းကိုလည်း ရိုစီက ထပ်မံ သတိထား လိုက်မိသည်။ “ငြိမ်လှချည်လား ရှာရွန်.. အရမ်းပင်ပန်းနေလို့လား။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေသလား ” ဟူ၍ မေးလိုက်ပါသည်။


 


ရှာရွန့်အနေနှင့် တစ်စုံတစ်ခုကို ဖွင့်ပြောတော့မလိုလိုနှင့် နှုတ်ခမ်းများ တစ်လှုပ်လှုပ် တရွရွ ဖြစ်နေသော်လည်း  ချက်ခြင်း စကားသံ ထွက်ပေါ်မလာနိုင်ဘဲ ဖြစ်လေသည်။ သို့သော် ရိုစီ၏ ဖော်ရွေရင်းနှီးသော လေသံနှင့် သူမအပေါ်ထားရှိသော ကြင်နာခြင်းတို့ကို သတိရသွားဟန် ရှိလေသည်။ သူမနှုတ်ဖျားမှ စကားသံတစ်ချို့ ထွက်ပေါ်လာလေသည်။ “ စိတ်မကောင်းဘူး ရိုစီရယ်….  ဒီ ဆေးရုံအကူ အလုပ်ကို ကျွန်မ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး… ကျွန်မရဲ့လက်ရှိ အခြေအနေအရ မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် ဒီထက် လစာကောင်းတဲ့ အလုပ်တစ်ခုခုကို လုပ်မှဖြစ်တော့မယ်.. ကျွန်မမိဘတွေကသာ ကျွန်မရဲ့ ကလေးကို ကြည့်ရှုမထားခဲ့ရင် ကျွန်မလက်ရှိ ဒီအလုပ်ကို လုပ်နိုင်ဖို့တောင် မလွယ်ဘူး.. ခုအတိုင်းဆို ကျွန်မအတွက် အရမ်းခက်ခဲနေပြီ. ဒီလစာနဲ့ ဘယ်လိုမှကို မလောက်ငှဘူး ဖြစ်နေတယ်..”  ရှာရွန်၏ အပေါ်ဝတ် အင်္ကျီအောက်မှ ထွက်ပေါ်နေသော လက်ကောက်ဝတ်တွင် ပွန်းပဲ့ရာတစ်ချို့ကို ရိုစီက အမှတ်မထင် မြင်လိုက်ရလေသည်။


 


“မင်းယောက်ျားကရော အလုပ်မလုပ်ဘူးလား ” ရိုစီက မေးလိုက်သည်တွင်


 


“သူ့ကိုတော့ ထည့်တွက်လို့ မရပါဘူး… သူဟာ အလုပ်တစ်ခုခု ရနိုင်ခြေ ရှိတဲ့လူလဲမဟုတ်ဘူး.. သောက်စား မူးရူးပြီး အမြဲတမ်း ပြဿနာရှာနေတတ်တဲ့သူ.. ”


 


“အိုး”  ရိုစီ စိတ်မကောင်းဖြစ်သွားမိကာ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်သွားမိသည်။ သူမ လက်ကောက်ဝတ်က ဒဏ်ရာက သူ့ယောက်ျားကြောင့်များလား… အတန်ကြာမှ သူက ရှာရွန့်ကို ပြောလိုက်သည်။  “ရှာရွန်.. မင်းက လူနာတွေမှာ အပေါ်သိပ်ကောင်းတယ်ဆိုတာ တို့သိတယ်.. ပြီးတော့ ဒီအလုပ်ကို မင်းသဘောကျတယ် နှစ်သက်တယ်ဆိုတာလဲ တို့သိတယ်.. ဒီတော့ သူနာပြုတစ်ယောက် ဖြစ်လာဖို့အတွက် ဘာဖြစ်လို့ သူနာပြု သင်တန်းကျောင်းကို မတက်တာလဲ.. သူနာပြုသာ ဖြစ်လာခဲ့ရင် အခု လုပ်နေတဲ့ ဆေးရုံအကူအလုပ်ထက် လစာကောင်းမှာမို့ မင်းအတွက် အများကြီး ပြေလည်လာဖို့ ရှိတယ်လေ”


 


“ကျောင်းတက်ဖို့ဆိုတာ ကျွန်မအတွက် နောက်ကျလွန်းသွားပါပြီ ရိုစီရယ်.. သူနာပြုတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဟိုးအရင်တည်းက ကျွန်မအမြဲမက်ခဲ့ရတဲ့ အိပ်မက်တစ်ခုပါ.. ဒါကြောင့်လဲ ဒီဆေးရုံအကူ အလုပ်ကို ကျွန်မလုပ်ခဲ့တာပါ.. အနည်းဆုံးတော့ ဒီအလုပ်နဲ့ လူနာတွေကို ပြုစုခွင့်ရတာမို့ ကျွန်မ၀မ်းသာပါတယ်.. ခုတော့ မလွဲမရှောင်သာလွန်းလို့ ဒီအလုပ်ကို စွန့်လွတ်ရမှာပါ။ ” ရှာရွန်ရဲ့ အသံမှာ နာကျင်ခြင်းတစ်ချို့ ပျော်ဝင်နေလေရဲ့။


 


“မင်းအသက်ဘယ်လောက်ရှိပြီလဲ ရှာရွန်..”  ရိုစီကမေးတော့ ရှာရွန်က ၃၀ကျော်ဟု ပြန်ဖြေသည်။ ရိုစီက ရှာရွန်ရဲ့ လက်ကောက်ဝတ်က ဒဏ်ရာကို လက်ညိုးညွှန်လိုက်ရင်း “အခုလိုပြဿနာမျိုး တို့ကိုယ်တိုင် ကြုံခဲ့ဖူးတယ် ဆိုရင် မင်းယုံမလား ရှာရွန်.. ဒီမှာ ရှာရွန် မင်း သိပ်ကိုဖြစ်ချင်ပါတဲ့ ဆိုတဲ့ အိပ်မက်တစ်ခု တကယ်တမ်း လက်တွေ့ဖြစ်လာဖို့ရာမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး ယုံလိုက်စမ်းပါ..  ဒါကို ဘာကြောင့် တို့က အခိုင်အမာပြောနိုင်တယ်ဆိုတာ မင်းကို ပြောပြမယ်.. ”


 


ရိုစီက သူ့ဘ၀ဇာတ်ကြောင်းကို စတင်ပြောပြတော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူ့အကြောင်းကို ဘယ်သူ့ကိုမှ ပြောပြလေ့မရှိပါ။ သို့သော်လည်း သူ့ဘ၀အကြောင်း ပြောပြခြင်းအားဖြင့် တစ်စုံတစ်ယောက်အတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဟု သူယူဆလျှင်တော့ ပြောလေ့ရှိပါသည်။


 


“တို့ အိမ်ထောင်ကျတဲ့အချိန်ဟာ ၁၆နှစ်ဘဲရှိသေးတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာမှနားမလည်၊  ပညာလဲ မပြည့်မစုံချိန်မှာ အိမ်ထောင်ကျသွားတော့ အလုပ်ကလဲ မရှိဘူးပေါ့။ အဲဒီချိန်မှာ တို့ယောက်ျားက ၂၂နှစ်..  တို့ရဲ့ အိမ်ထောင်သက် ၄နှစ်မှာ ကလေးက ၂ယောက်ဖြစ်လာတယ်.. ၄နှစ်အတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ တို့ယောက်ျားရဲ့ ရိုက်နှက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတယ်.. သူဟာ ဒီလို ရိုက်နှက်တတ်မှန်း မယူခင်က တို့လုံးဝ မသိခဲ့ဘူး.. တကယ်ကို စရိုက်ကြမ်းတမ်းတဲ့သူ၊  တစ်ညမှာ သူက ထုံးစံအတိုင်းတို့ကို အပြစ်ရှာပြီး ရိုက်နှက်တယ်. အဲဒီမှာပဲ တို့ရဲ့ ရှေ့သွားတွေအားလုံးဟာ သူ့ရဲ့ အပြင်းအထန် ရိုက်နှက်မှုကြောင့် ကျွတ်ထွက်ကုန်တဲ့အထိ ဖြစ်ခဲ့ရတယ်.. တို့လဲ ဒီတစ်ကြိမ်တော့ ဘယ်လိုမှ သီးခံဖို့ မဖြစ်နိုင်တော့တာနဲ့ ကလေး၂ယောက်ကို လက်ဆွဲပြီး အိမ်က ဆင်းလာခဲ့တော့တယ်


 


သူနဲ့ တရားရုံးမှာ တရားဝင်ကွာရှင်းပြတ်စဲတော့ တို့ရဲ့သားလေး၂ယောက်ကို သူ့အဖေနဲ့သာ နေဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်.. ဘာလို့လဲသိလား.. တို့က အဲဒီချိန်မှာ အသက်က ၂၀ဘဲ ရှိသေးတယ်.. အလုပ်ကလဲမရှိ ဆိုတော့ တရားသူကြီးက တို့အနေနဲ့ ကလေးတွေကို ကျွေးမွေး စောက်ရှောက်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ တွက်ဆတယ်လေ.. ပြီးတော့ ကလေး၂ယောက်ဟာ တို့အတွက် အခက်အခဲ ဖြစ်စေလိမ့်မယ်လို့ သူက ယူဆတယ်.. ဒါနဲ့ကလေးတွေဟာ သူ့အဖေနဲ့ ပါသွားခဲ့တယ်.. ဒီနောက်တော့ ပိုပြီး ဆိုးတာက တို့ယောက်ျားက ကလေး၂ယောက်လုံးကို ခေါ်ပြီး တို့နေတဲ့ မြို့ကနေ ပြောင်းရွေ့သွားခဲ့တယ်.. ဘယ်လိုပြောင်းသွားတယ် ဆိုတာလဲ မသိရဘူး.. တို့က ကလေးတွေကို တွေ့ချင်လွန်းလို့ အသည်းအသန် လိုက်စုံစမ်းတယ်.. ဒါပေမဲ့ ဘယ်မှာမှ လိုက်ပြီးရှာလဲ မတွေ့ရတော့ဘူး..


 


တရားသူကြီး ခန့်မှန်းတာလဲ မှန်ပါတယ်လေ၊ တို့ဟာ ဘ၀ကို တော်တော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်ရတယ်..  စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ကို လစာလုံးဝမရဘဲ စားသောက်သူတွေဆီက ရမဲ့ တစ်ပ်မန်းနီး လေးကို မျှော်ကိုးပြီး လုပ်ခဲ့ရတယ်.. တစ်ချို့ရက်တွေမှာ ပိုက်ဆံမရလို့ စားစရာသောက်စရာ ကောင်းကောင်း မ၀ယ်နိုင်ပဲ နွားနို့လေးတစ်ခွက်၊ ဘီစကစ်လေး ၃ချပ်၎ချပ်နဲ့ ပြီးလိုက်ရတယ်.. အဆိုးဆုံးက ဘ၀မှာ ဘာမျှော်လင့်မှ မရှိဘဲ တစ်ယောက်တည်း အထီးကျန်စွာနဲ့ အသက်ရှင်သန်နေရတဲ့ အဖြစ်ဘဲ.. တွယ်တာစရာ သားသမီးတွေကလဲ ဘယ်ဆီဘယ်ဝယ်မှာ မသိ၊ ဘယ်အချိန်မှာမှ ပြန်ဆုံမယ်မသိ၊ နေရတဲ့ အခန်းကျဉ်းကျဉ်း လေးထဲမှာ အမြဲတမ်း ခြုံလွှမ်းနေတာက ကြောက်စရာကောင်းတဲ့ အထီးကျန်မှုပါဘဲ.. အဲဒီအချိန်မှာ အပြင်းပြဆုံးဆန္ဒက တို့ရဲ့ ကလေးတွေနဲ့ အတူတူရှိနေချင်တဲ့စိတ်ဘဲ။ သူတို့ရဲ့ ရယ်မောသံလေးတွေကြားချင်တယ်.. သူတို့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ရှိနေချင်တယ်.. ဒါပေမဲ့ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး.. အဲဒီချိန်ဟာ တို့အတွက် စားစရာတောင် နပ်မှန်အောင် မစားနိုင်တဲ့ အချိန် ”  ပြောနေရင်းက ရိုစီ့အသံက ဆို့နင့်ပြီး ပျောက်သွားသည်။ သူမမျက်ဝန်းတွင်တော့ မျက်ရည်စများ။ ဆယ်စုနှစ် ၃စု လောက် ကြာခဲ့တာတောင် ဒီအဖြစ်တွေကို ပြန်တွေးလိုက်တိုင်း နာကျင်နေဆဲ ပါဘဲလား။


 


ရှာရွန့်ကို နှစ်သိမ့်ဖို့ သူမအကြောင်းကို ပြောနေသော ရိုစီကိုယ်တိုင်က အတိတ်ရဲ့ နာကျင်ခြင်းတွေကို ပြန်လည် ခံစားနေရပြန်ပါပြီ။  နောက်တော့ ရိုစ်ီက ဆက်ပြောသည်။ “ဒီလိုနဲ့ တို့ သိလာတာတစ်ခုက နာကျင်ဆွေးမြေ့ပြီး၊ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့ဆို စားသောက်သူတွေ ဆီကနေ ဘယ်လို တစ်ပ်မန်းနီးကိုမှ ရမှာ မဟုတ်ဘူးဆိုတာပါဘဲ.. ဒီတော့ မျက်နှာကို အပြုံးဆိုတဲ့ မျက်နှာဖုံးလေး စွပ်ပြီးတော့ ချိုသာတဲ့ စကားလုံးလေးတွေသုံးပြီး စားပွဲထိုးတစ်ယောက်ရဲ့ ဘ၀ကို ဆက်ပြီး ရုန်းကန်ရတော့တယ်.. တစ်ဖြေးဖြေးနဲ့ နည်းနည်းတော့ အဆင်ပြေစ ပြုလာတယ်.  မကြာခင်မှာ အခု အိမ်ထောင်ဘက် ဖြစ်လာမဲ့ သူနဲ့ ဆုံဆည်းရပြီး နောက်အိမ်ထောင် ထပ်ပြုဖြစ်တယ်.. သမီးလေးတစ်ယောက် ရလာတော့မှ ဒီသမီးလေးအတွက် အသက်ရှင်သန်ရခြင်း ဖြစ်လာသလိုမို့ ဘ၀ဟာ အဓိပ္ပါယ်ရှိလာတယ်.. ခွန်အားတွေ ရှိလာရတယ်..  နေပျော်လာတယ်.. အဲဒီအပျော်ဟာ သမီးလေးတက္ကသိုလ်တက်ဖို့ အိမ်ကနေ မထွက်ခွာခင်အထိပါဘဲ.. တို့ရဲ့သမီးလေး တက္ကသိုလ်တက်ဖို့ အိမ်ကနေလဲ ထွက်သွားရော အိမ်မှာ နေရတဲ့ဘ၀ဟာ ဟိုအရင်တုန်းကလို အထီးကျန်ခံစားမှုမျိုး ပြန်ဖြစ်လာတယ်.. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.. စိတ်တွေ ကယောင်ခြောက်ခြားနဲ့ ဖြစ်နေခဲ့ရတယ်… ”


 


“တစ်နေတော့ တို့ရဲ့အမေဟာ အရေးပေါ်ခွဲစိတ်မှုတစ်ခု ပြုလုပ်ဖို့ ဆေးရုံတက်ရတယ်.. အဲဒီမှာ ငှားထားတဲ့ သူနာပြုလေးက အမေ့ကို ပြုစုစောင့်ရှောက်နေတာကို စောင့်ကြည့်ရင်း စိတ်ထဲမှာ အတွေးတစ်ခု ဖြစ်လာတယ်.. ဒီသူနာပြုအလုပ်ကို လုပ်ချင်စိတ် ပေါ်လာတယ်.. လုပ်မယ်ဆိုရင် တို့အနေနဲ့ မဖြစ်နိုင်စရာ အကြောင်းလဲ မရှိဘူးလို့ တွေးမိတယ်.. ဒါပေမဲ့ ခက်တာက တို့က အတန်းပညာဆိုတာ ၉တန်းလောက်သာ သင်ယူခဲ့တာမို့ ဒီသူနာပြုအလုပ်ကို လုပ်မယ်ဆိုရင် အထက်တန်းပညာကို ပြန်သင်ဖို့ လိုနေပြီ. တို့အသက်က အဲဒီချိန်မှာ ၄၀ ကျော်နေပြီဆိုတော့ ကျောင်းတက်ပြီး စာပြန်ကျက်ဖို့ဆိုတာ အလွန်မြင့်မားတဲ့ တောင်ကြီး တစ်လုံးကို တက်ရတာထက်တောင် ခက်ခဲမယ်ဆိုတာ တို့နားလည��ပါတယ်.. ဒါပေမဲ့ တို့ကတော့ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်.. အထက်တန်းပညာကို ပြန်ပြီး သင်ယူတယ်.. နေ့အချိန်မှာ ကျောင်းတက်တယ်.. ညအချိန်တွေမှာ စာကျက်တယ်..  မသိတာတွေကို သူများကို မေးဖို့လဲ ၀န်မလေးဘူး.. သင်ယူချင်စိတ်အပြည့်အ၀နဲ့ လေ့လာ သင်ယူတယ်.. ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့်လဲ အသက်ကြီးလို့ ကျောင်းတက်ရတာ ရှက်တဲ့စိတ်ကို ဘေးဖယ်ထားနိုင်ခဲ့တယ်.. ” ရိုစီက စကားကို ခနရပ်နားလိုက်ပြန်ရင်း ရှာရွန်ရဲ့ မျက်ဝန်းထဲသို့ လှမ်းကြည့်လိုက်ပြီး “တို့ရဲ့ အသက် ၄၆နှစ်မှာမှ အထက်တန်းအောင် ခဲ့တယ်” ဟု လှမ်းပြောလိုက်လေသည်။


 


မျက်ရည်စများက ရှာရွန် မျက်ဝန်းထဲမှ တစ်လိမ့်လိမ့် ကျဆင်းလာသည်။ သူမရင်ထဲ လင်းကနဲ ပွင့်သွားတော့သည်။ အသက်၄၀ ကျော်နေတဲ့သူတောင် ဖြစ်အောင် လုပ်နိုင်ခဲ့သေးသားဘဲ.. သူမက ခုမှ ၃၀ကျော်သာ ရှိသေးသည် မဟုတ်လား… ဘာဖြစ်လို့ မဖြစ်နိုင်ရမည်လဲလေ… အော်....  တစ်စုံတစ်ယောက်ဟာ သူမရဲ့ မဲမှောင်နေတဲ့ ဘ၀ထဲက ပိတ်ထားတဲ့ တံခါးချပ်တွေကို ဖွင့်လှစ်ဖို့ သော့လေးတစ်ချောင်း ကမ်းပေးလိုက်သလို ပါဘဲလား။


 


ရိုစီက သူမရဲ့ စကားတွေကို ပြန်ဆက်ပြန်သည်။ “နောက်တစ်ဆင့်အနေနဲ့ သူနာပြုကျောင်းကို ဆက်တက်ဖို့ စာရင်းပေးသွင်းလိုက်တယ်.. ၂နှစ်ကြာအောင် စာတွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လေ့လာကျက်မှတ် ရပြန်တယ်.. ပင်ပန်းလွန်းအားကြီးလို့ ကျောင်းကနေထွက်ဖို့ ထိတောင် အကြိမ်ကြိမ် စဉ်းစားမိတယ်.. ဒါပေမဲ့ တို့ရဲ့ မိသားစုက အထွက်မခံဘူး… သမီးလေးကလဲ ဘေးကနေ တို့ကို ကူပြီးစာကျက်ပေးတယ်.. အားပေးတယ်.. ဒီတော့ စိတ်အားတွေ ပြန်တက်ကြွလာရပြန်တယ်..  စဉ်းစားကြည့်ပါ ရှာရွန်. လူတစ်ကိုယ်လုံးမှာ အရိုးတွေ ဘယ်နှချောင်း ရှိတယ်ဆိုတာ.. ပြီးရင် ဒီလောက်များပြားလှတဲ့ အရိုးတွေကို နံမည်မှတ်မိအောင် လုပ်ရတာကိုက တို့အသက်အရွယ်နဲ့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ.. ဒါပေမဲ့ တို့ ရအောင်ကြိုးစားပြီး မှတ်တယ်.. မှတ်နိုင်မဲ့ နည်းတွေကို  နည်းလမ်းပေါင်းစုံနဲ့ ရှာကြံခဲ့တယ်..  နောက်ဆုံးတော့ သူနာပြုသင်တန်းကို အောင်မြင်သွားခဲ့တယ်.. မလုပ်နိုင်ဘူး  မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အလုပ်ကို အသက်၄၈နှစ်အရွယ်မှာ အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်.. ခုတော့ တို့ဟာ ဖြစ်ချင်တဲ့ သူနာပြုတစ်ယောက် ဖြစ်လာခဲ့တယ်..  ခုချိန်မှာတော့ ဒီအလုပ်မှာ အဆင်ပြေပျော်ရွှင်စွာနဲ့ မင်းတို့နဲ့အတူတူ လုပ်လာတာ အသိဘဲမဟုတ်လား ရှာရွန်၊ တို့ပြောချင်တာက တို့ဘ၀မှာလဲ ကိုယ်ဖြစ်ချင်တာကို လွယ်လွယ်ကူကူ သက်တောင့်သက်သာနဲ့ ဖြစ်ခဲ့ရတာ မဟုတ်ဘူး ဆိုတာပါဘဲ”


 


ရှာရွန်ရဲ့ နေ့လည်စာသည် အေးစက်ကုန်ပြီးတော့ အအေးခွက်ထဲမှ ရေခဲတွေသည်လည်း အရည်ပျော်ကုန်တဲ့ အချိန်တွင်မှ ရိုစီ၏ စကားတွေသည် ပြီးဆုံးသွားတော့သည်။.. ရှာရွန်က မျက်ရည်များကို အသာတို့သုတ် လိုက်ရင်း ရိုစီကို ပြောလိုက်သည်။ “ကျွန်မကြောင့် ရှင့်အတိတ်အကြောင်းတွေ ပြန်ပြောဖြစ်တော့ အသစ်ပြန်ဖြစ်ပြီး နာကျင်ရတယ်နော်… စိတ်မကောင်းပါဘူးရှင်…” ရိုစီကလဲ မျက်ရည်များကြားမှ ပြုံးလိုက်ရင်း “တို့ရဲ့ အတိတ်အကြောင်းကို ပြောလို့ မင်းအတွက် အထောက်အကူ ဖြစ်ရတယ်ဆိုရင် နာကျင်ရပေမဲ့ အကျိုးရှိတယ် မဟုတ်လား..  ဒီမှာ ရှာရွန် ဖြစ်ချင်တဲ့ဆန္ဒ ရှိနေခဲ့ရင် မဖြစ်နိုင်ပါဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့ ဖြစ်အောင်လုပ်ဖို့သာ လိုပါတယ်.. အခုလဲ မင်းဟာ သူနာပြုတစ်ယောက် ဖြစ်ချင်စိတ်ရှိနေတယ် မဟုတ်လား.. ဒီတော့ ဖြစ်အောင်သာ ကြိုးစားပါ.. တို့ ယုံကြည်ပါတယ်.. မင်းဟာ တကယ်ထူးချွန်တဲ့ သူနာပြုတစ်ယောက် ဖြစ်ကိုဖြစ်လာမှာပါ။ သူနာပြု သင်တန်းကျောင်းကို တက်ဖြစ်အောင် တက်မယ်လို့ တို့ကို ကတိပေးပါရှာရွန်… မင်း သူနာပြုတစ်ယောက် ဖြစ်လာခဲ့ရင်လဲ အခုလိုဘဲ စိတ်ပျက် အားငယ်နေသူတွေကို မင်းအတွေ့အကြုံတွေ ပြန်လည်မျှဝေပြီးတော့ သူတို့ကို စိတ်အားတက်အောင် လုပ်ပေးပါ. ကူညီပေးလိုက်ပါ.. ယုံကြည်ချက်ပန်းတိုင်ကို ခိုင်ခိုင်မာမာ ဇွဲနဲ့ လှော်ခတ်ဖို့ တွန်းအားတွေ ပေးပါ” ဟု ရှာရွန့်ကို ရိုစီက ပြောသောအခါတွင် ရှာရွန်က ခိုင်မာသော ကတိကို သူမအား လှိုက်လှဲစွာ ပေးလိုက်ပါသည်။


 


နှစ်အနည်းငယ် ကြာပြီးနောက်မှတော့ ရှာရွန်ဟာ သူနာပြုတစ်ယောက် ဖြစ်လာပါတော့သည်။ သူနာပြု ဖြစ်လာသောအခါ သူ့ကို လမ်းညွှန် အားပေးခဲ့သော ရိုစီ အငြိမ်းစားမယူခင်ချိန်ထိ ဆေးရုံတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ခဲ့ပြီး. ခုချိန်မှာတော့ ရှာရွန်ဟာ စားပွဲတစ်ခုမှာထိုင်ရင်း တစ်ချိန်က သူခံစားခဲ့ရသလို ကိုယ်ရောစိတ်ပါ နာကျင်ခံစား နေရသူများ၊ အကူအညီလိုအပ်နေသူများကို သူ့ဘ၀ရဲ့ အတွေ့အကြုံတွေ ပြန်လည်ဝေမျှရင်း တစ်ခါက သူ့ကို ရိုစီ အားပေးခဲ့ဖူးသော စကားဖြစ်သည့် “ဘ၀မှာ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး” ဆိုတဲ့ စကားနဲ့အတူ အားပေးနှစ်သိမ့်လို့ နေတတ်ပါပြီ။


 


Chicken Soup for the Working Woman's Soul မှ  Linda Apple ရဲ့ Never Too Late ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


 


စိတ်ကူးအိပ်မက်များအားလုံး လက်တွေ့ဖြစ်လာနိုင်ကြပါစေရှင်..


 


 


ချော(အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

နှင်းဆီတစ်ပွင့်ရဲ့ အိပ်မက်

Monday, February 22, 2010

 



photo from http://www.reuniting.info/images/lolady.jpg


 


 


ကျွန်တော့် အသက် ၁၉နှစ်အရွယ်  ပထမဆုံး ကောလိပ်ကျောင်း စတက်တဲ့ ရက်မှာ ကျွန်တော်တို့ရဲ့ ပါမောက္ခကြီးက သူ့ကိုယ်သူ  မိတ်ဆက်ပါတယ်. ပြီးတော့ ကျွန်တော်တို့ကိုလဲ ယခု အတန်းထဲမှာ ရောက်နေကြသူချင်း တစ်ခါမှမသိခဲ့ဖူး၊ မတွေ့ခဲ့ဖူးတဲ့သူ အချင်းချင်း မိတ်ဆွေ ဖွဲ့ကြဖို့ သူက ပြောပါတယ်.. ဒီတော့ ကျွန်တော်လဲ မတ်တပ်ရပ်ပြီး ဘယ်သူနဲ့ မိတ်ဆွေဖွဲ့ရင် ကောင်းမလဲ ဆိုတာ အတန်းထဲ လှည့်ပတ်ကြည့်နေမိတယ်.. ဒီစဉ်မှာ ကျွန်တော့ပုခုံးကို တစ်စုံ တစ်ယောက်က လာပုတ်တဲ့အတွက် လှည့်ကြည့်လိုက်တော့ အသားအရေတွေ တွန့်နေပြီး ပြုံးရွှင်တဲ့ မျက်နှာပေးလေးနဲ့ တော်တော်လေးကို အသက်ကြီးနေတဲ့ အဖွားအို တစ်ဦးကို တွေ့လိုက်ရပါတယ်..


 


သူက ကျွန်တော့်ကို မိတ်ဆက်စကား စပြောပါတယ်..  “ ဟိုင်း ကောင်လေးရေ.. တို့နံမည်က  ရိုစ့်ပါ..  အသက်က ၈၇ နှစ် ရှိပါပြီ.. ငါတို့တွေ မိတ်ဆွေ ဖြစ်ကြရအောင်လား …. တို့ကို ပြန်နှုတ်ဆက် ပါလားကွယ် ”


 


ကျွန်တော်လဲ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်မိရင်းက အဖွားကို စိတ်လိုလက်ရ လက်ဆွဲနှုတ်ဆက် လိုက်ပြီး “ ဘာလို့ ဒီလောက် ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ဒီကောလိပ်ကို လာတက်နေတာလဲဗျ” လို့ ကျွန်တော် သူ့ကို စနောက် ချင်စိတ်နဲ့ ရင်းရင်းနှီးနှီး ဟာသ ထုတ်ကာ မေးလိုက်ပါတယ်…


 


အဖွားရိုးစ့်က “ အော်  တို့က ဒီကောလိပ်မှာ ချမ်းသာတဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ တွေ့ပြီး လက်ထပ်ခွင့်များ ရမလားလို့ပေါ့.. ရလာခဲ့ရင် ကလေး တစ်ဒါဇင်လောက် ယူမယ်.. ပြီးတော့ အနားယူပြီးရင် ခရီးတွေ အများကြီး ထွက်မယ်လေ”  လို့ ရယ်ရယ်မောမော ပြန်ပြီး ဟာသ လုပ်ပါတယ်..


 


“ အိုး သိပ်ကောင်းတဲ့ ရည်ရွယ်ချက်ဘဲ ” လို့ပြန်ပြောရင်းက သူ့အကြောင်းကို စိတ်ဝင်တစား စပ်စုကြည့် မိပါတယ်…  ဟုတ်တယ်လေ အသက် ၈၇ နှစ် ဆိုတဲ့ အရွယ်ဟာ ကျောင်းတက်ပြီး စာသင်ဖို့  သိပ်ကို ခဲယဉ်းတဲ့ အရွယ်ပါ.. ဒီအဖွားအို ရိုစ့်ဟာ ဘယ်လို တွန်းအားတွေ၊ ဘယ်လို စိတ်ကူးတွေနဲ့ ဒီကျောင်းကို လာတက်တယ် ဆိုတာ ကျွန်တော့်အတွက် တော်တော်လေးကို ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်..


 


သူက “ တို့ဘ၀မှာ  ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခု အမြဲတမ်း ရှိခဲ့တယ်…  အဲဒါက ကောလိပ်မှာ ပညာသင်ကြားခွင့်ရဖို့ ဆိုတဲ့ အိပ်မက် ကလေးပါဘဲ… တို့က အဲဒီ အိပ်မက်ကို တစ်နေ့မှာ မဖြစ် ဖြစ်အောင် အကောင်အထည်ဖော်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် အမြဲတမ်း ထားရှိခဲ့တယ်.. ဘယ်တော့မှ စိတ်အား မလျှော့ခဲ့ဘူး.. နောက်ဆုံးတော့ ဒီအသက်အရွယ် ရောက်မှဘဲ အဲဒီအိပ်မက်ကို  အကောင်အထည် ဖော်နိုင်ခဲ့တယ်.. ”  လို့ သူ အိပ်မက်အကြောင်းကို ပြောပြပါတယ်..


 


အတန်းပြီးတဲ့အချိန်မှာတော့ သူနဲ့ကျွန်တော် ကန်တဲန်း သွားပြီး ချောကလက် မေ့ခ်ရှိတ် အတူတူ သောက်ကြပါတယ်.. အဖွားရိုစ့်နဲ့ ကျွန်တော်ဟာ တကယ့်ကို သူငယ်ချင်း အရင်းအချာတွေ ဖြစ်သွားကြ ပါတယ်.. နောက်ပိုင်းတွေမှာလည်း သူနဲ့ကျွန်တော် အမြဲတမ်း စကားဖောင်ဖွဲ့ဖြစ်တယ်.. ကျွန်တော်ဟာ သူ့ဆီကနေ ဗဟုသုတတွေ အများကြီးကို ရခဲ့ပါတယ်.. အသက်အရွယ် ကြီးသူတွေဆီမှာ တန်ဖိုးဖြတ်မရနိုင်တဲ့ အတွေ့အကြုံတွေ၊ ပညာဥာဏ် ဗဟုသုတတွေ ရှိနေတတ်တယ် မဟုတ်ပါလား…


 


အဖွားဟာ ကျွန်တော်တို့ ကောလိပ်ကြီးတစ်ခုလုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပါတယ်. သူဟာ ဘယ်သူနဲ့မဆို ခင်မင် ရင်းနှီးလွယ်ပြီး လူတိုင်းကလည်း သူ့ကို ချစ်ခင်နှစ်သက်ကြတယ်.. အ၀တ်အစားကို အမြဲတမ်း သေသပ်ကျနစွာ ၀တ်ဆင်တတ်ပြီး.. အမြဲတမ်းလည်း ရယ်မော ရွှင်ပြနေလေ့ရှိတော့ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်.. သူဟာ အသက်အရွယ် ကြီးရင့်နေတဲ့ အဖွားအိုတစ်ယောက်နဲ့ မတူဘဲ နုပျိုလန်းဆန်းနေဆဲ မိန်းမငယ်လေး တစ်ယောက်နဲ့သာ တူတဲ့အတွက် ဇရာကို ဥပက္ခာ ပြုထားနိုင်တဲ့ တကယ့် အာဂအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်..


 


စာသင်နှစ်ဝက် အဆုံးမှာကျင်းပတဲ့ ကျွန်တော်တို့ ဘောလုံး အသင်းရဲ့ ဂုဏ်ပြု ညစာစားပွဲမှာ အဖွားရိုးစ့်ကို စကားပြောဖို့ ဖိတ်ကြားလိုက်ပါတယ်.. အဲဒီညမှာ သူ ကျွန်တော်တို့ကို ပေးလိုက်တဲ့ စကားလက်ဆောင်ကို ကျွန်တော့ တစ်သက် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး… သူဟာ စကားပြောစင်မြင့်မှာ သူ့ကိုယ်သူ မိတ်ဆက် ပါတယ်.. ပြီးတော့ သူဆက်ပြောတာက


 


ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဆိုပြီး ကိုယ်လုပ်စရာ ရှိတာတွေကို ရပ်မပစ်သင့်ပါဘူး… လုပ်စရာရှိတာတွေကို ဘာမှ မလုပ်တော့ဘဲ ရပ်လိုက်ပြီဆိုမှသာ အသက်ကြီးသွားတာ ဖြစ်ပါတယ်… ကိုယ်လုပ်ချင်တာတွေ လုပ်နေသေးသရွေ့တော့ ငယ်ရွယ် နုပျိုနေဆဲ ဖြစ်ပါတယ်..  ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နဲ့ နေထိုင်ဖို့ဆိုတာ လျှို့ဝှက်ချက် ၄ခု ရှိပါတယ်… အဲဒါတွေက


 


ရယ်စရာ အကြောင်းအရာလေးတွေကို ရှာဖွေပြီး အမြဲတမ်း  ရယ်မောရွှင်ပျ နေရမယ်.. ကိုယ့်ပါတ်ဝန်းကျင်မှာလဲ ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ပျော်ရွှင် ကြည်နူးစေနိုင်ရမယ်…


 


ဘ၀အတွက် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခု ရှိကိုရှိရမယ်.. ကိုယ့်အိပ်မက်ကို ဆုံးရှုံးပြီဆိုရင် သေတာနဲ့ အတူတူဘဲ.. မင်းတို့ ပတ်ဝန်းကျင်မှာ လူတွေအများကြီးကို တွေ့ရပါလိမ့်မယ်.. အဲဒီထဲကမှ တစ်ချို့လူတွေဟာ သူတို့ကိုယ်သူတို့တောင် မသိကြဘဲ  ရှင်ရက်နဲ့ သေနေကြတယ်.. ဘာလို့လဲဆိုတော့ သူတို့မှာ ဘ၀အတွက် ဘာရည်မှန်းချက်မှ မရှိကြဘဲ အသက်ရှင်နေကြတယ်.. ဒီလို ရည်မှန်းချက်မရှိတဲ့ လူတွေဟာ သေတာနဲ့ အတူတူပါဘဲ…


 


အသက်ကြီးလာတာနဲ့ ရင့်ကျက်လာတာဟာ အများကြီး ကွဲပြားခြားနားပါတယ်… တကယ်လို့ မင်းဟာ အသက် ၁၉နှစ်ဆိုပါတော့ .. အဲဒီမှာ  ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ လှဲလျောင်းရင်း တစ်နှစ်လုံး အချိန်ကုန်ဆုံးသွားခဲ့ရင် ဘာမှ အဓိပ္ပယ်မရှိဘဲ မင်းအသက်ဟာ ၂၀နှစ်ပြည့်သွားမယ်.. ဒီလိုပါဘဲ အဘွားဟာ အသက်၈၇နှစ်ရှိပြီ. ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အချိန် ကုန်ဆုံးသွားခဲ့မယ်ဆိုရင် တစ်နှစ်ကုန်တဲ့ခါ အသက် ၈၈နှစ်သာ ပြည့်သွားမယ်.. ဒါပေမဲ့ ဘာမှ တိုးတက်မှု ရှိမလာဘူး.. အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်သန်ခြင်း ဖြစ်မလာဘူး… လူတိုင်းလူတိုင်းဟာ တစ်နှစ်ပြီးတစ်နှစ် အလွယ်တကူ အသက်ကြီး လာတယ်.. အဓိပ္ပာယ်ရှိတဲ့ ရှင်သန်ခြင်းဖြစ်ဖို့အတွက် ကိုယ့်ရည်မှန်းချက်ဘာလဲ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ ရှာဖွေပြီး ဖြစ်အောင်လုပ်နေရမယ်.. ကိုယ့်အစွမ်းအစကို ဖော်ထုတ်နေရမယ်.. ဒါမှလဲ ကိုယ်ဟာ အသက်ကြီးတာ သက်သက် မဟုတ်ဘဲ အသက်နဲ့အတူ ရင့်ကျက်လာမယ်..


 


ကိုယ်လုပ်ခဲ့တာတွေအတွက် ဘယ်တော့မှ နောင်တ ပြန်မရပါနဲ့.. အဲလို နောင်တ ပြန်မရဖို့အတွက်လဲ လုပ်သင့်လုပ်ထိုက်တာကို အချိန်ရတုန်းမှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါ.. ကိုယ်မလုပ်ခဲ့မိတဲ့ အရာတွေအတွက် အသက်ကြီးလာမှ နောင်တ ပြန်မရအောင် ခုချိန်ကတည်းက ကိုယ့်ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဖြစ်အောင်လုပ်ခဲ့ရပါမယ်.. နောင်တရတတ်တဲ့ လူစားတွေဟာ သေရမှာကိုလဲ ကြောက်တတ်ကြတယ်.. ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်၊ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်အောင် ကြိုးစားနေတဲ့ လူမျိုးတွေဟာ နောင်တလဲမရှိသလို သေခြင်းကိုလဲ မကြောက်ရွံ့တဲ့ လူတွေသာဖြစ်တယ်…


 


အဖွားရိုးစ့်ဟာ သူ့ရဲ့ အဓိပ္ပာယ်ပြည့်ဝလှတဲ့ စကားတွေအပြီးမှာ နှင်းဆီပန်းရဲ့ အိပ်မက် သီချင်းလေးကို သီဆိုရင်း သူ့စကားပြောကို အဆုံးသတ်လိုက်ပါတယ်.. သူဟာ ကျွန်တော်တို့လူငယ်ကျောင်းသားတွေ အားလုံးအတွက် အကောင်းဆုံး၊ အဓိပ္ပါယ်ရှိဆုံး ဘ၀နေနည်းကို လက်ဆောင်ပေးခဲ့သူပါ..


 


စာသင်နှစ်ပြီးဆုံးတဲ့အခါမှာ အဖွားရိုစ့်ဟာလည်း ကျွန်တော်တို့နဲ့အတူတူ ကောလိပ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်.. ဘွဲ့နှင်းသဘင်မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ သူကိုယ်တိုင် တက်ရောက်ပြီး ဘွဲ့လက်ခံ ယူခဲ့ပါတယ်.. ဘွဲ့နှင်းသဘင်အပြီး တစ်ပတ်ပြည့်တဲ့ နေ့မှာတော့ အဖွားရိုစ့်ဟာ သူရဲ့ အိပ်ယာထက်မှာဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန် သွားခဲ့ပါတယ်… ကျွန်တော်တို့ကို ဘ၀မှာ  နောင်တမရအောင် နေထိုင်ဖို့ အသိတရားတွေ သင်ကြား ပြသပေးခဲ့တဲ့ အဖွားရဲ့ ဈာပနကို ကျွန်တော်တို့ ကောလိပ်က ကျောင်းသား အားလုံးပေါင်း ၂၀၀၀ကျော်ဟာ လေးစားချီးကျူးခြင်း များစွာနဲ့ တက်ရောက်ခဲ့ကြပါတယ်.. ဘာဘဲဖြစ်ဖြစ် အဖွားရိုစ့်ဟာ ကျွန်တော်တို့ လူငယ်လေးတွေအတွက် အကောင်းဆုံး စံနမူနာ ယူစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်…


 


--------------------------------------------------------------------------------------------------------------------------------------


 


ဒီဇာတ်လမ်းလေးကတော့ အသက် ၈၇နှစ် ရှိတာတောင် အသက်ကြီးပြီ ဘာမှ မလုပ်တော့ပါဘူးလို့ မစဉ်းစားဘဲ အသက်ဘယ်လောက်ဘဲ ကြီးကြီး  သူဖြစ်ချင်တဲ့ အိပ်မက်ကို မဖြစ်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖော်သွားတဲ့  အဖွားအို တစ်ဦးရဲ့ အကြောင်းလေးဘဲ ဖြစ်ပါတယ်.. သူဟာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် ဘယ်တော့မှ နောက်ကျတယ်၊ အသက်ကြီးတယ် ဆိုတာ မရှိကြောင်းကို သက်သေပြသွားပြီး အဓိပ္ပါယ်ရှိစွာ အသက်ရှင် နေထိုင်သွားခဲ့ပါတယ်.. ကျွန်မတို့လဲ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်လေးတွေကို ဖြစ်မြောက်အောင် လုပ်ဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူးဆိုတဲ့ အသိလေးကို နှလုံးသွင်းပြီး   အဖွားအိုဆီက ခွန်အားတွေကို ဝေမျှလို့ ကြိုးစား ကြပါဦးစို့လားရှင်...


 


 


CHICKEN SOUP FOR THE COLLEGE SOUL မှ Dan Clark ရဲ့ Never Too Old To Live Your Dream ကို ဘာသာပြန်ပါသည်.. ဒီစာအုပ်လေးကို မိုင်ပေါင်းများစွာ အကွာအဝေးမှ တကူးတက ပေးပို့လာတဲ့ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကို ကျေးဇူးအထူး တင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ပါတယ်ရှင်..


 


 


ချော (အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

လွတ်မြောက်ခြင်း

Thursday, February 18, 2010


 


photo from http://www.edupics.com/en-coloring-pictures-pages-photo-donkey-i2906.html


 


တစ်ခါတုန်းက လယ်သမားကြီးရဲ့ မြည်းတစ်ကောင်ဟာ ရေမရှိတဲ့ ရေတွင်းဟောင်း တစ်ခုထဲကို မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်.. မြည်းဟာ အကူအညီ ရဖို့အတွက် ရေတွင်းထဲကနေ အသံကုန် ဟစ်အော်ပြီး မြည်တမ်းနေပါတယ်.. သူ့ရဲ့အော်သံကြားလို့ ရောက်လာပြီး အဖြစ်အပျက်ကို တွေ့သွားတဲ့ လယ်သမားကြီးဟာ  မြည်းကို ရေတွင်းထဲကနေ ကယ်တင်ဖို့အတွက် နည်းလမ်းများကို စဉ်းစားပါသော်လည်း ဘယ်လိုမှ ကယ်တင်ဖို့ နည်းလမ်း ရှာမတွေ့ပါဘူးတဲ့.. ဒီတော့ ရိုးအလွန်းတဲ့ လယ်သမားကြီး ထူးထူးထွေထွေ မစဉ်းစား တော့ဘဲ လွယ်လွယ်ကူကူဘဲ အလျှော့ပေးဖို့ စဉ်စား မိတာက ဒီမြည်းကြီးဟာ အိုလဲအိုပြီ ကယ်ထုတ်လို့လဲ မရတော့မဲ့ အတူတူ ရေတွင်းဟောင်းကို မြေဖို့ပြီး မြည်းကိုပါ မြေမြုပ်ပစ်လိုက်ရင် ကောင်းမယ်လို့ စိတ်ကူးမိ ပါတယ်.. ဒါမှလည်း သူ့မြည်းဟာ ရေတွင်းထဲမှာ ဝေဒနာ ကြာကြာမခံစားရဘဲ မြန်မြန် သေဆုံးသွားအောင် လုပ်ပေးလိုက်တာဟာ သူ့မြည်းအတွက် အကောင်းဆုံးလို့ လယ်သမားကြီးက ယူဆပါတယ်တဲ့..


 


ဒါနဲ့ လယ်သမားကြီးဟာ သူ့အိမ်နီးချင်းတွေကို အကူအညီတောင်းပြီး ရေတွင်းကို ၀ိုင်းဝန်းမြေဖို့ဘို့ ကြိုးစား ကြပါတယ်.. လူအင်အားနဲ့ မြေကြီးတွေကို ကော်ပြားတွေနဲ့ကော်ပြီး ရေတွင်းထဲကို ပစ်ချကြပါတယ်.. အဖြစ်အပျက်ကို သဘောပေါက်သွားတဲ့ ရေတွင်းထဲက မြည်းဟာ  သူအော်ငြီးနေလဲ အလကားဘဲ ဆိုတာကို သိသွားပါတယ်.. ဒါကြောင့် အော်နေတာကို ရပ်လိုက်ပြီး ဘယ်လို အသက်ရှင်အောင် ကြိုးစားရမလဲဆိုတာကို စဉ်းစားပါတော့တယ်..


 


မြေဖို့နေရင်း အချိန် တော်တော်လေးကြာတော့ မြည်းကို မြေကြီးထဲ မြုပ်မိနေပြီး လောက်ပြီလို့ တွက်မိတဲ့ လယ်သမားကြီးဟာ အခြေအနေကို သိချင်တာနဲ့ ရေတွင်းထဲကို ငုံ့ကြည့်လိုက်ပါတယ်.. တွေ့မြင်လိုက်ရတဲ့ အဖြစ်အပျက်က အံ့အားသင့်စရာပါ..


 


 လယ်သမားကြီးရဲ့ မြည်းဟာ ဒီလောက်များပြားလှတဲ့ မြေကြီးတွေ ဖို့ပြီးတာတောင် အသက်ရှင်ရက် ရှိနေတုန်းပါ… ပြီးတော့လဲ ရေတွင်းနှုတ်ခမ်းဝနားထိ ရောက်ဖို့ တော်တော်ကြီး နီးကပ်လာနေတာကို တွေ့ရပါတယ်.. ဘာဖြစ်လို့ပါလဲ?  မြည်းဟာ သူ့ကို ဖုံးလွှမ်းသွားအောင်လို့ အပေါ်ကနေ ဖို့ချလိုက်တဲ့ မြေကြီးတွေကို  သူ့ကိုယ်ပေါ် အတင်မခံဘဲ ခါခါချပါတယ်.. ပြီးတော့ အဲဒီမြေကြီး အပေါ်ကို  တက်တက်ရပ်ပါတယ်.. ဒီလိုနည်းနဲ့ အပေါ်က ဖို့လာသမျှ မြေကြီးတွေဟာ သူ့ကိုယ်ကို မဖုံးမိဘဲ ခြေထောက် အောက်ကိုသာ ရောက်လို့သွားပြီး မြေပြင်ဟာလည်း တစ်ဖြေးဖြေးနဲ့ မြှင့်တက်လာကာ မြည်းဟာ ရေတွင်းဝနဲ့ နီးနီးလာတာ ဖြစ်ပါတယ်..  နောက်ဆုံးတော့ မြေပြင် တစ်ဖြေးဖြေးမြှင့်တက်လာတာနဲ့အတူ မြည်းဟာလည်း ရေတွင်းကနေ ပျော်ရွှင်လွတ်လပ်စွာ လွတ်မြောက်လာပါတော့တယ်..


 


--------------------------------------------------------------------------------------------------------------------


 


ဒီပုံပြင်ကို အားလုံးလဲ ကြားသိဖူးပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်.. မြည်းလို တိရိစ္ဆာန် တစ်ကောင်တောင် အသက်အန္တရာယ်လို အခက်အခဲနဲ့ ကြုံလာရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ ထွက်ပေါက်ကို ရှာတွေ့နိုင်သေးရင် အသိဥာဏ်ပိုမြင့်မားတဲ့ ကျွန်မတို့တွေကရော ဒီအခက်အခဲ ပြဿနာက လွတ်မြောက်မဲ့ လွတ်လမ်းတစ်ခုခု၊ ထွက်ပေါက် တစ်ခုခုကို ရှာဖွေမိကြဖို့ ဆိုတာ သိပ်ကိုဖြစ်နိုင်ပါတယ်နော်.. အရေးကြီးတာက လွယ်လွယ်နဲ့ အရှုံးမပေးမိကြဖို့ပါဘဲ.. ဘယ်အခက်အခဲ ပြဿနာမဆို နောက်ဆုံးမှာတော့ လွတ်လမ်းလေးတစ်ခုတော့ ရှိနေမှာပါ.. စိတ်ဓာတ်ကြံ့ခိုင်မှု အပြည့်နဲ့ အချိန်ယူပြီး ဖြေရှင်းတတ်ဖို့သာ လိုရင်းဖြစ်ပါတယ်.. ပုံပြင်ထဲက မြည်းလေးကို ဥပမာထားလို့ ကျွန်မတို့ရဲ့ အခက်အခဲ၊ ဘ၀ပြဿနာတွေကို စိတ်ဓာတ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြေရှင်းကြပါစို့၊ ရင်ဆိုင်ကြပါစို့ လားရှင်……………


 


The donkey story By (Ack TB) ကို စိတ်ဓာတ်ခွန်အား ရစေဖို့ ဘာသာပြန် ဝေငှပါသည်။

ချော ( အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

လင်းယုန်တစ်ကောင်ရဲ့ ပုံပြင်

Saturday, January 23, 2010


 


photo from http://osl.cs.uiuc.edu/~ksen/eagle/


 


ရှေးအခါက တောင်စောင်းကြီးရဲ့ တစ်နေရာမှာ လင်းယုန်ငှက် အသိုက်တစ်ခု ရှိခဲ့ဖူးပါတယ်.. အဲဒီလင်းယုန်ငှက်အသိုက်ထဲမှာ ကြီးမားတဲ့ ဥကြီး လေးဥ ရှိနေပါတယ်.. တစ်နေ့မှာ ပြင်းအားကြီးတဲ့ ငလျှင်ရဲ့ လှုပ်ခတ်မှုကြောင့် လင်းယုန် အသိုက်ထဲက ဥတစ်လုံးဟာ တောင်စောင်းကနေ တစ်လိမ့်လိမ့် ဆင်းသွားပြီး တောင်ခြေမှာရှိတဲ့ ရွာလေးတစ်ရွာက ကြက်ခြံထဲကို ရောက်လို့ သွားပါတယ်.. ကြက်တွေဟာ အသိတရားရဲ့ စေ့ဆော်မှုကြောင့် ဒီဥကို သူတို့ စောက်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတာ အလိုလို နားလည်ကြပါတယ်.. ဒါကြောင့်  အသက်ကြီးတဲ့ ကြက်မကြီးက တာဝန်ယူပြီး လင်းယုန်ငှက်ဥကို ကာကွယ် စောင့်ရှောက်ပါတယ်..


 


ဒီလိုနဲ့ တစ်နေ့မှာတော့ လင်းယုန်ငှက်ဥဟာ ကွဲအက်ပြီးတော့ အထဲကနေ လှပတဲ့ လင်းယုန်ငှက်ကလေး ပေါက်ဖွားလာပါတယ်  ၀မ်းနည်းစရာ ကောင်းတာက လင်းယုန်ငှက်ကလေးဟာ ကြက်ပေါက်ကလေး အဖြစ်နဲ့သာ သင်ကြား လေ့ကျင့် ပေးခြင်း ခံရပါတယ်.. ပင်ကိုယ်ဇာတိ အရ လင်းယုန်ငှက် ဖြစ်သော်လည်း ကြီးပြင်းရာ နေရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် မိမိကိုယ်ကိုယ်လဲ ကြက် တစ်ကောင် အဖြစ်သာ ထင်မှတ်လို့ နေပါတယ်.. လင်းယုန်ကလေးဟာ သူအခု နေတဲ့ သူ့အသိုက်အမြုံနဲ့ သူနဲ့ အတူတူ နေထိုင်ကြီးပြင်းခဲ့တဲ့ ကြက်မိသားစုကို အလွန်ဘဲ ချစ်ခင် တွယ်တာပါတယ်.. သို့သော်လည်း သူရဲ့ ပင်ကိုယ်မူလ လင်းယုန် ဇာတိမာန်ရဲ့ စေ့ဆော်မှုလေးတော့ သူ့မှာ ရှိနေခဲ့ပါတယ်…


 


တစ်နေ့ ကွင်းပြင်ကြီးထဲမှာ ကြက်ကလေးတွေနဲ့ အတူ လင်းယုန်ငှက်ကလေးဟာ ဆော့ကစားနေခဲ့ပါတယ်..  အဲဒီအချိန်မှာ ကောင်းကင် အမြင့်မှာ  ၀ဲပျံနေတဲ့ လင်းယုန်အုပ်စုကြီးကို လင်းယုန်ကလေးက မြေပြင်ကနေ မြင်တွေ့လိုက်ပါတယ်.. ဒီတော့ သူက "အိုး.. သူတို့လို ငါလဲ ပျံတတ် ချင်လိုက်တာ၊ ငါ့စိတ်ထဲမှာ အရမ်းကို ပျံကြည့်ချင်တယ်"  လို့ပြောလိုက်ပါတယ်.. သူ့စကားကို ကြားတော့ အတူတူဆော့နေတဲ့ ကြက်ကလေးတွေက ၀ိုင်းပြီး လှောင်ရယ် ကြ ပါတယ်.. "ဘယ်လိုလုပ်ပြီး သူတို့လို ပျံနိုင်မှာလဲ.. မင်းက ကြက်လေ… ကြက်ဆိုတာ ပျံနိုင်တဲ့ အမျိုးမှ မဟုတ်တာ" လို့ သူ့ကို ၀ိုင်း ပြော ကြပါတယ်..


 


လင်းယုန်ငှက်ကလေးဟာ သူ့အမျိုး အဆွေတွေ ပျံသန်းသွားရာကို တိမ်လွှာပြင်ထက်ကို မျှော်ငေးကြည့်ရင်း သူတို့နဲ့အတူတူ ပျံသန်း လိုက်ပါ သွားလိုတဲ့ စိတ်ကူးအိပ်မက်တွေ မက်ပြီး ကျန်ရစ်ခဲ့ပါတယ်.. နောက်ပိုင်းမှာ ပျံသန်းလိုတဲ့ဆန္ဒတွေ အကြိမ်ကြိမ်  ဖြစ်ပေါ် လာတိုင်းလဲ ဘေးက ကြက်တွေ ၀ိုင်းပြောကြတဲ့ မဖြစ်နိုင်ပါဘူးကွာ စိတ်ကူးမယဉ်ပါနဲ့ ဆိုတဲ့ စကားကို အမြဲ ကြားရပါတယ်..  ဒီလိုနဲ့ ကြားရဖန် များလာတော့ တကယ် ပျံသန်း နိုင်တဲ့ ငှက်မျိုးဖြစ်ပါရက်နဲ့ လင်းယုန်ကလေးဟာ သူ့စိတ်ကူး အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့  ဆက်လက် မကြိုးစား တော့ဘဲ ရပ်တန့်ပစ်လိုက် ပါတယ်.. နောက်ဆုံးတော့  သူရဲ့ ဘ၀ အချိန်တွေကို ကြက်တစ်ကောင်ရဲ့ အနေအထိုင် အလေ့ စရိုက်အတိုင်း နေထိုင် သွားခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ သေဆုံး သွားပါတော့တယ်…


 


သင့်ကိုယ်သင် လင်းယုန်ငှက်လို အမြင့်ကို ပျံနိုင်မယ်လို့ ယုံကြည်ရင် ဖြစ်အောင်ကြိုးစားပါ .. ကြက်တွေလို  ဘေးကလူတွေပြောတဲ့ စကားကို ဘယ်တော့မှ နားမယောင်ပါနဲ့….


 


----------------------------------------------------------------------------------------------------------------------------------


 


ဒီ story လေးထဲက လင်းယုန်ငှက်လို လူတွေ လောကမှာ ဘယ်လောက်များများ ရှိနေမလဲနော်..မိမိကိုယ်တိုင်မှာ ပင်ကိုယ် အရည်အချင်း   အစွမ်းအစတွေ ရှိနေပါရက်နဲ့ ဖော်ထုတ်ခွင့်မရကြဘဲ ဘ၀ရဲ့ အချိန်တွေကို ကုန်ဆုံးနေကြတဲ့ သူတွေ အများကြီး ရှိနေကြမှာပါ.. ပတ်ဝန်းကျင်စကားကို နားယောင်ရင်း မိမိရဲ့ အိပ်မက် တွေကို စွန့်လွှတ်လိုက်ကြတဲ့ သူတွေလဲ ရှိကြမှာပါနော်..  မိမိကိုယ်ကို ယုံကြည်စိတ် ရှိသူ တွေဟာ တစ်ပါးသူစကားကို နားယောင် တတ်လေ့ မရှိပါဘူး.. ကိုယ်ရဲ့ အိပ်မက်တွေ ဖူးပွင့်လာဖို့အတွက်သာ တစ်စိုက်မတ်မတ် ကြိုးစား တတ်ကြပါတယ်.. ဘေးပတ်ဝန်းကျင် စကားဟာ ကိုယ့်ကို အကြောက်တရားနဲ့ ယုံကြည်ကင်းမဲ့ စိတ်ကို တိုးပွားစေပါတယ်  အကြောက်တရားနဲ့ ယုံကြည်မှု ကင်းမဲ့စိတ်ဟာ လူငယ်တွေအတွက်  လမ်းကြောင်းသစ်ကို ဖောက်ထွက်ဖို့ အကြီးဆုံး အဟန့်အတားလဲ ဖြစ်ပါတယ်. မိမိကိုယ်ကိုမှ မယုံကြည်ရင် အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ဝေးသွားပါပြီ..


 


ကိုယ်ဟာ ဘယ်ပတ်ဝန်းကျင် ၊ဘယ်အသိုင်းအ၀ိုင်းမှာ ရောက်နေတယ် ဆိုတာ ကို မစဉ်းစားပါနဲ့.. ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်အိပ်မက်က ဘာလဲ ဆိုတာကို သေချာ ဆန်းစစ်ပြီး ဖြစ်ချင်တာကို ပြင်းထန်တဲ့ ရည်ရွှယ် ချက်နဲ့ ကြိုးစားသင့်ပါတယ်.. မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့ ဘေးစကားကို နားထောင် နေမယ်ဆိုရင် သင့်ဘ၀ဟာ ကြက် တစ်ကောင် အဖြစ်နဲ့သာ ဘ၀ကို ကုန်ဆုံးသွားရှာတဲ့ လင်းယုန်တစ်ကောင်ရဲ့ အဖြစ်နဲ့ ထူးမခြားနားသာ ဖြစ်ပါလိမ့်မယ်..  ဒီတော့ ကျွန်မတို့ဟာ မိမိကိုယ်ကို ယုံကြည်စိတ်မွေးပြီး ဘေးပတ်ဝန်းကျင် စကားကို နားမယောင်ကြဘဲ ကိုယ့်စိတ်ကူးအိပ်မက်တွေ မှန်ကန်လာဖို့ လင်းယုန်ငှက်တို့ရဲ့ ပျံသန်းနိုင်တဲ့ ပင်ကိုယ် ဗီဇလိုမျိုး၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ်လို့ မြင့်မြင့်ပျံသန်း ကြပါစို့လားရှင်..


 


 


Tezza  ရဲ့  The Chicken and the Eagle     ကို ဘာသာပြန် ဝေငှပါသည်.... ဒီပုံပြင်လေးကို ရေးသားဖို့ အကြံပေးပြီး နှုတ်တိုက်ပါ ပြောပြသွားတဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲ လူငယ်လေး တစ်ယောက်ကိုလဲ ကျေးဇူးတင်ပါကြောင်း ပြောလိုက်ပါရစေရှင်...


 


လူငယ်တွေအားလုံး မိမိရဲ့ စိတ်ကူးအိပ်မက်များအတိုင်း မြင့်မြင့်ပျံသန်းနိုင်ကြပါစေရှင်.................


 


 


ချော (အစိမ်းရောင်လွင်ပြင်)



ဆက်ဖတ်မယ်ဆုိရင် ...

ဘ၀ရဲ့ ပဲ့တင်သံ

Monday, January 18, 2010


photo from google search


 


တစ်နေ့   ရွာလေးတစ်ရွာမှာရှိတဲ့ သားအဖ ၂ယောက်ဟာ တောင်တက် တောလမ်းလေးတစ်ခုကို ဖြတ်သန်းလာကြပါတယ်.. ရုတ်တရက် သား ဖြစ်သူက ခြေခေါက်ပြီး လဲကျသွားပါတယ်..  နာကျင် လွန်းတဲ့အတွက် သူ့ပါးစပ်မှာ အား ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်မိပါတယ်..  ချက်ခြင်းဘဲ တောင်တန်း တစ်နေရာမှ သူအော်လိုက်သော အသံအတိုင်း အား လို့ ထပ်ခါထပ်ခါ ထွက်ပေါ်လာသော အသံများကို ကြားလိုက် ရပါတယ်…


 


သူက ဘယ်သူက အော်လိုက်တာပါလိမ့်လို့သိချင်တဲ့ အတွက် “မင်းဘယ်သူလဲ” လို့ ပြန်အော်ဟစ်ပြီး မေးလိုက်ပါတယ်…  တစ်ဖက်ကလဲ “မင်း ဘယ်သူလဲ” လို့ပြန်အော်မေးသံကို သူကြားလိုက်တယ်..


 


တစ်ခါသူက  မင်းကို ငါ လေးစားပါတယ်.” လို့ ပြန်အော်လိုက်ပြန်တယ်… တစ်ဘက်ကလည်း သူ့အတိုင်းဘဲ “မင်းကို ငါ လေးစား ပါတယ် ” လို့ ပြန်အော် လာတယ်..


 


နောက်တစ်ခါ သူက ဟေ့ သတ္တိနည်းတဲ့ကောင်” လို့အော်ပြန်တော့ သူ့အတိုင်းဘဲ “ဟေ့ သတ္တိနည်းတဲ့ ကောင် ” လို့ အော်သံ ထွက်လာ ပါတယ်..


 


ဒီတော့ ကောင်လေးက သူ့အဖေကို မေးလိုက်တယ်.. “အဖေ သူက ဘယ်လို ဖြစ်တာလဲ ကျွန်တော်အော်တဲ့ အတိုင်းပြန်အော်နေတယ်. ဘယ်သူက အော်နေတာလဲ ” တဲ့ .. သူ့အဖေက ပြုံးလိုက်ပြီး “သား သေချာနားထောင်နော်…” အဲလိုပြောပြီး “ဟေ့ မင်းဟာ လူတော် တစ်ယောက်ဘဲ ” လို့ အော် ဟစ်လိုက်ပါတယ်.. ဒီတော့ သူ့အဖေရဲ့အသံအတိုင်းဘဲ အော်သံပြန်ထွက်လာပါတယ်.. သားဖြစ်သူက အဖေကို အံ့သြတကြီး ကြည့်နေ ပါတယ်.. သူ့အဖေ ဘာလုပ်နေတာလဲဆိုတာ သူ သဘောမပေါက် ပါဘူး…


 


ဒီနောက် အဖေလုပ်သူက သားကို ရှင်းပြတယ်..


 


 “သား ဒီဟာကို လူတွေက ပဲ့တင်သံလို့ခေါ်ကြတယ်.. အမှန်တော့ အဲဒါဟာ ဘ၀ဘဲ.. သားဘ၀မှာ ဘာဘဲလုပ်လုပ် ၊ ဘာဘဲ ပြောပြော သားပြောတဲ့ လုပ်တဲ့ အတိုင်းဘဲ သားရဲ့ဘ၀မှာ ပြန်ပြီး ထင်ဟပ်လာတယ်..  သားကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ပြန်ခံစားရမယ်.. ဆိုးတာလုပ်ရင် ဆိုးကျိုးကို မလွဲမသွေ ပြန်ခံစားရမှာဘဲ. သားပြုသမျှ အရာရာဟာ ခုနက သား ကြားလိုက် ရတဲ့ ပဲ့တင်သံလိုဘဲ ထပ်တူထပ်မျှ ကိုယ့်ဆီကို ပြန်လာလိမ့်မယ်… ဘ၀မှာ အောင်မြင်မှုဆိုတာ တိုက်ဆိုင်မှုတွေ ကြောင့် ဖြစ်လာတာ မဟုတ်ဘူး.. ကိုယ့်ကြိုစားမှုကြောင့် ပဲ့တင်သံသဖွယ် တုံ့ပြန်ရရှိလာတဲ့ ရောင်ပြန် ဟပ်ခြင်းတွေဘဲ ဖြစ် တယ်... ”


 


-------------------------------------------------------------------------------------------------------------------------------------


ဒီဇာတ်လမ်းလေးထဲက အဖေဖြစ်သူပြောတဲ့ စကားလေးလိုပါဘဲ.. ကျွန်မတို့တွေဟာ ဘ၀မှာ အောင်မြင်ချင်တယ် ဆိုရင် ကြိုးစားကြဖို့ လိုပါ တယ်..  မကြိုးစားဘဲနဲ့ တိုက်ဆိုင်မှုကြောင့် ဆိုပြီး ရလာဒ်ကောင်းတွေကို ရရှိလာမှာ မဟုတ်ပါဘူး... အချို့သောသူတွေက စိတ်ပျက် ညီးတွား တတ်ကြတယ်.. ငါတို့မှာ နောက်ခံ အင်အား မကောင်းပါဘူး... မိတ်ကောင်းဆွေကောင်း မရှိပါဘူးဆိုပြီး ကြိုးစားဖို့ စိတ်ကူးမရှိတော့ဘဲ စိတ်ပျက် လက်ပျက် မှိုင်တွေနေတတ်ကြတယ်.. အခွင့်အလမ်းကောင်းဆိုသည်မှာ ကိုယ့်ဆီကို အလိုလို ရောက်လာ တတ်တဲ့ အရာမျိုး မဟုတ် ပါဘူး.. မိမိကသာ လိုက်လံရှာဖွေရမဲ့ အရာဖြစ်ပါတယ်.. အခွင့်ကောင်း မတွေ့သေးတဲ့အချိန်မှာ မိမိလုပ်နေရမဲ့ အရာသည် လိုအပ်သော အရည် အချင်း များကို ဖြည့်ဆည်းထားဖို့ အရေးကြီးပါတယ်.. ကြိုးစားသူများအတွက် အောင်မြင်မှု ပန်းတိုင်ဆိုတာ လက်တစ်ကမ်း အကွာမှာ ရှိနေ တတ်ပါ တယ်.. မကြိုးစားဘဲ ထိုင်နေလျှင်တော့ အောင်မြင်မှု ပန်းတိုင်နဲ့ တစ်ဖြေးဖြေး ဝေးကွာသွားမှာ သေချာ သလောက်ပါ. လေ့လာ သင်ယူ စရာ များပြားလှသော ယခုခေတ်တွင် လူငယ်များ အချိန်ဖြုန်းမနေသင့်ဘဲ ဘ၀အတွက် အသုံးကျမည် အကျိုးရှိမည် ဟု ထင်ရသော ပညာများကို လေ့လာ ၊သင်ယူထားသင့်ပါတယ်.. . တစ်ချိန်ချိန် အခွင့်အလမ်းနှင့် ကြုံတွေသည့်အခါ မိမိတွင် လိုအပ်သော အရည်အချင်းများ ပြည့်စုံစွာ ဖြည့်ဆည်းထားပြီး ဖြစ်သောကြောင့် ၄င်းအခွင့်အလမ်းနှင့် လွှဲချော်သွားစရာ အကြောင်းမရှိတော့ပါ... ထိုအချိန်တွင်မှ မိမိတွင် မဖြည့်ဆည်း ခဲ့ရသော အရာများအတွက် နောင်တရနေမည် ဆိုလျှင်တော့ နောက်ကျသွား ပါပြီ.. ဘ၀ဆိုသည်မှာ ကြိုးစား နေသူများ အတွက်တော့  နေရာ တစ်နေရာ အမြဲတမ်း ရှိနေတတ်ပါတယ်ရှင်........


 


Unknown Author ရဲ့ Echo ကို ဘာသာပြန်ထားပါသည်..


 


အင်အားရှိကြပါစေရှင်.............


 


ချော(အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

ချိုင်းထောက်နဲ့လူ မှသည် ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ်သို့

Thursday, January 14, 2010

 



 photo from /cunningham_glenn.htm


 


လွန်ခဲ့တဲ့ နှစ်များစွာက အမေရိကား ကင်းဆပ်ပြည်နယ်ရဲ့ အဲလ်(က)ဟာ့တ်  မြို့လေးမှာ ညီအစ်ကို ၂ယောက်ရှိပါတယ်.. သူတို့ညီအစ်ကို ၂ယောက်ဟာ မြို့ကလေး က ကျောင်းတစ်ကျောင်းမှာ အလုပ်လုပ်ပါတယ်.. သူတို့၂ယောက်ဟာ နေ့စဉ်နေ့တိုင်း မနက်စောစော ကျောင်းကို သွားပြီးတော့ ကျောင်းခန်းထဲမှာရှိတဲ့ မီးဖိုကြီးထဲကို ကျောင်းသားတွေ မရောက်ခင် မီးမွှေးပေးရပါတယ်.. ချမ်းအေးလွန်းလှတဲ့ မနက်ခင်း တစ်ခုမှာ အစ်ကိုဖြစ်သူက မီးဖိုကို သန့်ရှင်းရေးလုပ်ပါတယ်.. ပြီးတော့ မီးဖိုကြီးထဲကို ထင်းတွေနဲ့ ဖြည့်နေပါတယ်.. ညီဖြစ်သူက ရေနံဆီ ပုလင်းကို ကိုင်လာပါတယ်… ပြီးတော့ မီးဖိုပေါ်က သစ်တုံးတွေပေါ် လောင်းချလိုက်ပြီး မီးမွှေး လိုက်ပါတယ်.. ရုတ်တရက် မထင်မှတ်တဲ့ ပေါက်ကွဲ မှုကြီး ဖြစ်ပွားပြီး မီးဖိုဟောင်းကြီးတစ်ခုလုံး ပြိုကျသွားပါတယ်.. အဲဒီမှာ အစ်ကိုဖြစ်သူက သေဆုံး သွားပြီးတော့ ညီဖြစ်သူရဲ့ ခြေထောက်မှာ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခြင်းကို ခံလိုက်ရပါတယ်.. နောက်ပိုင်းမှ သိရတာက ပုလင်းထဲကို ရေနံဆီအစား ဓာတ်ဆီကို မှားဖြည့်မိတဲ့အတွက် မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီကြောင့် ပေါက်ကွဲမှုကြီး ဖြစ်သွားတယ် ဆိုတာပါဘဲ…………….


 


ဆရာဝန်က ကောင်လေးရဲ့ ခြေထောက်က ဒဏ်ရာကို ကြည့်ပြီး အခြေအနေဆိုးလွန်းတဲ့ အတွက် ဖြတ်တောက်ပစ်မှ ရမယ်လို့ ပြောပါတယ်… ဆရာဝန်ရဲ့ စကားကို ကြားရတဲ့ မိဘတွေမှာ ၀မ်းနည်းပက်လက် ယူကြုံးမရ ဖြစ်ရပါတယ်.. သူတို့မှာ သားတစ်ယောက်လဲ ဆုံးရှုံးရပြီ.. အခု သားအငယ်ရဲ့ ခြေထောက်ကို လဲ ဆုံးရှုံးရ ပြန်ဦးမယ်ဆိုတော့ ဘယ်မှာလာပြီး စိတ်ကောင်းနိုင်ပါတော့မလဲ.. ဒါပေမဲ့လည်း သူတို့ရဲ့ ယုံကြည် ချက် ကိုတော့ မစွန့်လွှတ်ပါဘူး…. သူတို့သားလေး ခြေထောက် ဖြတ်ဖို့ရက်ကို ရွေ့ဆိုင်းပေးဖို့ ဆရာဝန်ကို တောင်းဆိုပါတယ်… အဲလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဆရာဝန်ကို တောင်းပန်ပြီး ရက်တွေ ရွေ့နေတုန်းမှာဘဲ ကောင်လေးရဲ့ ခြေထောက် ပြန်ကောင်းလာဖို့ နေ့တိုင်း ယုံယုံကြည်ကြည်နဲ့ ဆုတောင်းရင်းနဲ့ စောင့်ကြည့်နေကြပါတယ်… နှစ်လလောက်အကြာမှာ ဆရာဝန်နဲ့ မိဘတွေအကြား အငြင်းပွားစရာ ဖြစ်လာပါတယ်.. ခြေထောက်ကို ဖြတ်တောက် ကုသဖို့ မကုသဖို့ပေါ့… ဆရာဝန်က ကောင်လေးဟာ လမ်းပြန် လျှောက်နိုင်ဖို့တောင် မလွယ် တော့ ဘူးလို့ ပြောပါတယ်…


 


သို့သော်လည်း နောက်ဆုံးတော့ သူ့မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ခြေထောက်ကို မဖြတ်တောက် ဖြစ်လိုက်ကြပါဘူး… စီးထားတဲ့ ပတ်တီးတွေ ကို ဖြေလိုက်တဲ့ အခါမှာတော့ ခြေထောက် မီးလောင်ဒဏ်ရာက ကောင်းမွန်လု နီးပါး ဖြစ်နေပါပြီ.. ဒါပေမဲ့လည်း ကောင်လေးရဲ့ ညာဘက် ခြေထောက်က ဘယ်ဘက် ခြေထောက်ထက် ၃လက်မတိတိ တိုနေခဲ့ပြီ… ခြေချောင်းလေးတွေ အားလုံးနီးပါးလည်း မီလောင်ကျွမ်းကုန်ပြီ… သူ့လို ငယ်ရွယ်သေးတဲ့ ကောင်လေး တစ်ယောက် အတွက်တော့ ဒီအဖြစ်က ရက်စက်လွန်းပါတယ်.. လမ်းလျှောက် ရင်တောင် ချိုင်းထောက် လေးနဲ့ လျှောက်နေရတဲ့ သူ့အဖြစ်က အနာဂတ်ဆိုတာ မှုန်ဝါးဝါး ဖြစ်လို့နေပါပြီ….. ဒါပေမဲ့ ကောင်လေးက တော်တော်လေးကို စိတ်ဓာတ် ကြံ့ခိုင်ပါတယ်.. လုံးဝကို စိတ်ဓာတ်မကျပါဘူး…သူက သူ့ခြေထောက်တွေ နာကျင်နေတုန်းဘဲ ရှိပေမဲ့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းကို ကြိုးစားပြီး လုပ်ပါတယ်..သူ့ကိုယ်သူလဲ အားပေးတယ်.. ငါ လမ်းလျှောက်ကို လျှောက်နိုင်ရမယ်တဲ့.. ဒီလိုနဲ့ တစ်ဖြေးဖြေး သူ့ခြေထောက် အနာလဲ သက်သာလာတယ်.. နောက်တော့ ချိုင်းထောက်ကို လွှင့်ပစ်လိုက်ပြီး ပုံမှန် လူကောင်း တစ်ယောက်လို လမ်းလျှောက်လာနိုင်တယ်…. မကြာခင်မှာ စပြီး အပြေးလေ့ကျင့် ပါတော့တယ်… နေ့စဉ်နေ့တိုင်း ပြေးတယ်.. မပျက်မကွက် ပြေးပါတယ်..


 


နောက်ဆုံးမှာတော့ စိတ်ဓာတ် ကြံ့ခိုင်သူတွေရဲ့ ရလာဒ်အတိုင်း အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိလို့သွားပါပြီ.. ခြေထောက်တွေ ဖြတ်ပစ်လုခံရဆဲ အခြေအနေမှ ကမ္ဘာ့စံချိန်တင် အပြေးသမား တစ်ယောက်အဖြစ်ကို တက်လှမ်းနိုင်ခဲ့ပါပြီ…ဘယ်သူယုံနိုင်မလဲ…. ချိုင်းထောက်နဲ့ သွားနေရတဲ့ လူတစ်ယောက်က ကမ္ဘာကျော် အပြေးသမားတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့….. ဒီကောင်လေးနံမည်က တစ်ခြားသူမဟုတ်ပါဘူး ကမ္ဘာ့အမြန်ဆုံး လူသားရယ်လို့ ခေါ်တွင်ရတဲ့ ဂလဲန်  ကန်နင်ဟမ် ဖြစ်ပါတယ်.. သူဟာ ပြည်တွင်း ထိပ်သီး မိုးလုံလေလုံကွင်း အတွင်း ကျင်းပသော ပြေး-ခုန်-ပြစ် ပြိုင်ပွဲကြီး ခြောက်ခုတွင် ဗိုလ်စွဲခဲ့ရုံမက ၁၉၃၆ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့ပြန်ပါတယ်..၁၉၃၈ ခုနှစ် အရောက်မှာ သူဟာ ဒါးမောက် တက္ကသိုလ်မှာ ကမ္ဘာ့စံချိန် အသစ်ကို တင်နိုင်ခဲ့ ပါတယ်..  အဲဒီနှစ်မှာဘဲ နယူးယောခ့် တက္ကသိုလ်က ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ကိုလဲ လက်ခံ ရရှိခဲ့ပါတယ်..


 


------------------------------------------------------------------------------------------------------------------------------------------------


 


သူလိုလူတစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်းထန်မှုကလဲ အားကျ ချီးကျူးစရာ၊ အတုယူစရာနော်..လူတစ်ယောက်ရဲ့ဘ၀မှာ စိတ်ဓာတ်က အရေးအကြီးဆုံးပါ.. စိတ်ဓာတ် ပြင်းထန်ရင် ဘာကို မဆို အောင်မြင်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါဘဲ… ကျွန်မရဲ့ ဘ၀မှာလည်း ဖြစ်နိုင်မယ်မထင်ခဲ့တဲ့ အရာတွေဟာ စိတ်ဓာတ် ပြင်းပြင်းပြပြနဲ့ လုပ်ခဲ့တဲ့အတွက်ကြောင့် အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်..  အလုပ်တစ်ခုကို မလုပ်ခင်မှာ မဖြစ်နိုင်ပါဘူးကွာ မလုပ်တော့ပါဘူးလို့ နေမဲ့အစား ငါဖြစ်ကို ဖြစ်ရမယ်၊ အောင်မြင်အောင် လုပ်ကိုလုပ်မယ်ဆိုတဲ့ စိတ်ကို မွေးမြူပြီး လုပ်သင့်ပါတယ်.. မဖြစ်နိုင်ဘူးထင်ပြီး မလုပ်ဘဲနေခဲ့ရင် ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်သလို ဘာအကျိုးကိုမှ ခံစားရမှာ မဟုတ်ပါဘူး…. အကယ်၍ လုပ်လိုက်လို့ အရှုံးနဲ့ တွေ့ခဲ့ရင်တောင် အဲဒီအရှုံးကနေ သင်ခန်းစာယူလို့ ရပါ သေးတယ်နော်.. ကျွန်မအနေနဲ့တော့ စာဖတ်သူများကို အကြံပေးချင်တာက တစ်ခုခုကို လုပ်မယ်ဆိုရင် ယုံကြည်ချက် ပြင်းပြစွာနဲ့ ဖြစ်ရမယ် ဖြစ်အောင်ကို လုပ်မယ်ဆိုတဲ့ စိတ်ကလေးကို အရင်ဆုံး မိမိရဲ့ ရင်ထဲမှာ မွေးမြူပါ..မိမိရဲ့ယုံကြည်မှုကို ဘယ်သူကမှ လာတည်ဆောက် ပေးလို့မရပါဘူး… မိမိဖာသာ တည်ဆောက် ရမှာပါ… ဒီစာလေးတွေဖတ်ပြီး စာဖတ်သူတွေရဲ့ ရင်ထဲမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကလေး မွေးဖွားလာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်…..


 


“Chicken Soup For the Teenage Soul” မှ  From Crutches to  World-Class Runner ကို ဘာသာပြန်ဝေငှပါတယ်… ဒီဇာတ်လမ်းလေးကို ဘာသာပြန်ဖို့ အချက်အလက် ကူညီရှာဖွေ ပေးခဲ့သော သူငယ်ချင်းများကို ကျေးဇူးအထူး တင်ပါတယ်ရှင်…


  


Ref:  Kansas Historical Society about /cunningham_glenn.htm


  


  


ချော (အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

ပြေးလမ်းပေါ်က အိမ်မက်တစ်စုံ


                   picture from google


 


ကျွန်တော်ဟာ  တာဝေး အပြေးသမား တစ်ယောက်ပါ… ကြုံတွေ့ရတဲ့ အဖြစ်အပျက် ကလေးကတော့ ကျွန်တော့်ရဲ့ ပြေးလမ်း တစ်ခုပေါ်က အမှတ်တရ လေးပါ ကျွန်တော် မီတာ ၃၂၀၀  အပြေးပြိုင်ပွဲ ၀င်ဖို့အတွက် တစ်ရာသီလုံး လေ့ကျင့်မှုတွေ ကျွန်တော် အကြိမ်ကြိမ် လုပ်နေခဲ့ ပေမဲ့ အရင်တုန်းကတည်းက ရထားတဲ့ ခြေထောက် ဒဏ်ရာက ခုချိန်ထိ မသက်သာသေးပါဘူး.. ဒါကြောင့်လဲ ကျွန်တော်ဟာ ဒီပြိုင်ပွဲကို  ၀င်သင့် မ၀င်သင့် အတန်တန် စဉ်းစားခဲ့တယ်.. ဘယ်လိုပင် ဖြစ်စေကာမူ  ပြိုင်ပွဲနေ့ရောက်တော့ ကျွန်တော် ၀င်ပြိုင် ဖြစ်ခဲ့ပါတယ်…


 


အသင့်ပြင်..


 


နေရာယူ


 


ဒိုင်း……………….


 


သေနတ်သံက ကျယ်လောင်စွာ ထွက်လာပြီး ကျွန်တော်တို့လဲ တာလွှတ်တဲ့ နေရာကနေ ပြေးထွက်လာ ကြပါတော့တယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့် ရှေ့ကနေ ပြေးနေတာကို ကျွန်တော်တွေ့ရတယ်… ပထမ အပြေးပတ်လမ်း သုံးပတ် ပြည့်တဲ့အချိန်မှာ ခြေထောက်က နာကျင်လွန်းလို့ ထော့နင်း ထော့နင်း ဖြစ်နေပါပြီ.. ကောင်မလေးရဲ့ နောက်မှာ ကျွန်တ်ာဟာ တစ်ဖြေးဖြေး ဝေးပြီး ကျန်ရစ်ခဲ့ပြီ ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်မိတယ်.. ဒီအခါမှာတော့ အရှက်တကွဲ ဖြစ်ပြီဆိုတဲ့ စိတ်အနှောက်အယှက်က ပိုပိုပြီး ဖိစီးလာပါတယ်.. ပထမနေရာက ဦးဆောင်ပြေးနေသူ မိန်းခလေးက ကျွန်တော့်ထက် ပြေးလမ်း ၂ပတ် စောနေခဲ့ ပါတယ်..


 


မိန်းခလေးက ပန်းတိုင်ကို ၀င်သွားတဲ့ အချိန်မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေဆီက ဝေး ဆိုတဲ့ အလွန် ကျယ်လောင်လှတဲ့ လက်ခုပ် သြဘာသံနဲ့ အော်ဟစ် အားပေးတဲ့ အသံကြီးကို ကျွန်တော်ကြားလိုက်ရပါတယ်.. ကျွန်တော့်တစ်သက်မှာ ကြားဖူးသမျှ အားပေးသံတွေ ထဲမှာ အကျယ်လောင်ဆုံး အသံတွေဘဲ ဖြစ်ပါတယ်.. အဲဒီချိန်မှာ ကျွန်တော် စဉ်းစားလိုက်မိတာက ဒီပြိုင်ပွဲကနေ ကျွန်တော် ထွက်သင့်ပြီ ဆိုတာပါဘဲ.. ဒီပွဲကို ကြည့်ရှုအားပေးနေတဲ့ ပရိတ်သတ်တွေက ခြေထောက် ထော့နင်း ထော့နင်းနဲ့ ပြေးနေတဲ့ ကျွန်တော့်လို လူ တစ်ယောက်ရဲ့ ပန်းတိုင် ၀င်ချိန်ထိအောင် စောင့်ကြည့်ချင်ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး… ဒါပေမဲ့လည်း ကျွန်တော့် အတွင်း စိတ် ကတော့ ဆက်ပြေးဖို့ ကိုဘဲ တိုက်တွန်းနေခဲ့ပါတယ်..


 


ပန်းဝင်ဖို့ ပြေးလမ်း ၂ပတ်လောက် ကျန်သေးတဲ့အချိန်မှာ ကျွန်တော့်ခြေထောက်တွေက ဆိုးဆိုးဝါးဝါး နာကျင် ကိုက်ခဲလို့နေပါပြီ.. နာကျင်ခြင်းတွေနဲ့ ခက်ခက်ခဲခဲ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ ဆက်ပြေးနေရင်းနဲ့ နောက်နှစ်တွေမှာ ဒီအပြေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက် မိပါတယ်.. တကယ်လို့ ကျွန်တော့်ခြေထောက် ပြန်ကောင်းလာခဲ့ရင်လည်း ကျွန်တော် မပြိုင် ချင်တော့ပါဘူး.. ကျွန်တော့်ထက် ပြေးလမ်း ၂ပတ်စောပြီး ပန်းဝင် သွားတဲ့ မိန်းခလေး တစ်ယောက်ကိုတောင် ကျွန်တော်နိုင်အောင် မပြေးနိုင် ခဲ့တာ  ရှက်ဖို့ တော်တော်ကောင်းပါတယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့်ကို အနိုင် ရသွားတဲ့အဖြစ်..  တွေးကြည့်ရင် ကျွန်တော် ဘယ်လောက်များ အသုံးမကျလိုက်တဲ့ လူလဲဗျာ…..


 


ကျွန်တော် ပန်းဝင်မျဉ်းကြောင်းကို ကျော်ဖြတ်လိုက်တဲ့အချိန်မှာ ခုနက ပထမဆုံးပန်းဝင်သွားတဲ့ မိန်းခလေးကို အားပေးကြသလိုမျိုး ကျယ်လောင်လှတဲ့ အားပေး အော်ဟစ်သံ၊ လက်ခုပ်တီးသံ တွေကို ကြားလိုက်ရပါတယ်.. ဘာတွေ ဒီလောက် အော်ဟစ်နေကြပါလိမ့်…  ကျွန်တော် ကိုယ့်ကိုယ်ကို မေးလိုက်မိတယ်… ဟိုကြည့် ဒီကြည့်နဲ့ သေချာအောင် ကျွန်တော် လိုက်ရှာမိတော့ နောက်ပြိုင်ပွဲ တစ်ခုအတွက် ပြိုင်ပွဲဝင်မဲ့ လူတွေက နေရာယူနေကြတာ တွေ့ရပါတယ်…. ဒီတော့ သူတို့ကို အားပေး နေကြတာဘဲလို့ တျွန်တော် သဘောပေါက်မိပြီး ရေချိုးခန်းဘက်ကို လျှောက်လာခဲ့ပါတယ်..   အဲဒီချိန်မှာ ပထမဆုံး ပန်းဝင်သွားတဲ့ ကောင်မလေးနဲ့  မမျှော်လင့်ဘဲ  ၀င်တိုး မိပါတယ်..


 


သူက ကျွန်တော့်ကို


 


“အိုး….. ရှင်က အရမ်း တော်တာဘဲနော်… ဒီလို ရဲရင့်တဲ့ ခွန်အား ၊သတ္တိတွေ ရှင် ဘယ်ကများရပါလိမ့်…”


 


“ ရဲရင့်တယ်? ”


 


သူ တစ်ယောက်ယောက်နဲ့ လူမှားနေပုံရတယ်.. ကျွန်တော်က ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့လူလေ..


 


“ကျွန်မသာ ရှင့်နေရာမှာဆိုခဲ့ရင် ဒီ ၂မိုင်လောက် ရှိတဲ့ ပြေးပွဲကို ဘယ်လိုမှ ၀င်ပြိုင်နိုင်မယ် မထင်ဘူး.. ပထမ ပြေးလမ်း မှာတင် ထွက်ဖြစ်မှာ သေချာပါရဲ့… ရှင့်ခြေထောက်က ဘာများ ဖြစ်လို့လဲ … ဒီလောက် နာကျင်နေတဲ့ကြားက ရှင် ကြိုးကြိုး စားစားနဲ့ ပန်းတိုင်ကို ရောက်အောင် ပြေးနိုင်တယ်နော်… ကျွန်မတို့တွေ ရှင့်ကို အော်ဟစ် အားပေး နေကြတာ ရှင်ကြားတယ် မဟုတ်လား… ပွဲကြည့်တဲ့သူတွေ အားလုံးကလဲ နာကျင်နေ တာတောင် အရှုံမပေးဘဲ ပြီးအောင် ပြိုင်ပွဲဝင်သွားတဲ့ ရှင့်ရဲ့ စိတ်ဓာတ်ကို ချီးကျုး လေးစားပြီး အားလုံးက လက်ခုပ်တီး၊ အော်ဟစ်ပြီး အားပေး နေခဲ့ကြတာလေ…”


 


အိုး… အံ့သြစရာပါလား..ကျွန်တော် ယုံတောင် မယုံနိုင်အောင်ပါဘဲ.. တစ်စိမ်းပြင်ပြင် မိန်းခလေးတစ်ယောက်နဲ့ ပွဲကြည့်ပရိတ်သတ်တွေက ကျွန်တော့်ကို အော်ဟစ် အားပေးနေခဲ့တာတဲ့.. အဲလိုအားပေးခြင်းဟာ ဒီပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲစေလိုသောကြာင့်မဟုတ်ဘဲ.. ကျွန်တော့်အား ပြိုင်ပွဲကို ဆက်လက်ပြီး ပြေးစေချင် သောကြောင့်၊ လက့်လျှော့ အရှုံးမပေး စေလိုသောကြောင့် အားပေး နေကြခြင်းသာ ဖြစ်ကြောင်း ကျွန်တော် သိရပါပြီ.. ကျွန်တော့်မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ပြန်လည် တောက်ပလို့ လာခဲ့ပါပြီ… ကျွန်တော်ဆုံးဖြတ်ချက် ချလိုက် ပါတယ်… နောက်နှစ်မှာ အပြေးပြိုင်ပွဲကို ကျွန်တော် ပြန်ဝင်ဖြစ်အောင် ၀င်ပါတော့မယ်..


 


တော်ပါသေးရဲ့… ကျွန်တော်ရဲ့ ချွတ်ခြုံ ကျသွားခဲ့တဲ့ စိတ်ဓာတ်နဲ့၊ ပျောက်ရှ သွားတော့မဲ့ အိပ်မက်ကို ပြန်လည် အသက်သွင်းပေးလိုက်သူက ထို ပထမ ရသွား ခဲ့သော မိန်းခလေးသာ ဖြစ်ပါတယ်..   အဲဒီနေ့က ကျွန်တော်ရခဲ့တဲ့ သင်ခန်းစာလေး၂ခုမှာ


ပထမတစ်ခုက     တစ်စုံတစ်ဦးဆီက ရလိုက်တဲ့ အကြင်နာတရားနဲ့ အားပေး ချီးကျူးစကားတွေဟာ မမျှော်လင့်ဘဲ လူတစ်ယောက်ရဲ့ ဘ၀ကို ကောင်းကောင်းကြီး ပြောင်းလဲ သွားစေနိုင်တယ် ဆိုတာရယ်.


ဒုတိယအချက်က   ရဲစွမ်းသတ္တိ နဲ့ စိတ်ဓာတ်ခွန်အား ဆိုတာ ဆုတံဆိပ်၊ အောင်မြင်မှု ဆိုတာတွေနဲ့ တိုင်းတာလို့မရဘဲ ပြိုင်ပွဲကို ဘယ်လို အခက် အခဲဘဲ ကြုံတွေ့လာပါစေ.. ပြီးဆုံးအောင် ယှဉ်ပြိုင်ခြင်းနဲ့သာ တိုင်းတာသင့်ကြောင်း နားလည်ခွင့် ရလိုက်ပါတယ်..


 


ကြီးကျယ်သော ခွန်အားရှိသူ၊ ဘ၀ကို အောင်နိုင်သူများ ဆိုတာ ပြိုင်ပွဲမှာ အနိုင်ရသူတွေကို ဆိုလိုတာ မဟုတ်ဘဲ ဘ၀မှာ အရှုံးနဲ့ ကြုံတွေ့ရသော်လည်း အလွယ်တကူ အားမလျှော့ဘဲ၊ မလျှော့သောဇွဲ၊လုံ့လတို့နဲ့ ရည်ရွယ်ရာ ပန်းတိုင်ကို ရောက်အောင် သွားနိုင်တဲ့ သူတွေကိုသာ ခေါ်ဆိုပါတယ်… အခုတော့ ကျွန်တော့်မှာ အိမ်မက်လေး တစ်ခု ရှိလာပါပြီ.. အဲဒီအိပ်မက်လေးက တစ်ခြားမဟုတ်ပါဘူး… အကြီးတန်းအပြေးသမား ဘ၀နဲ့ဘဲ ဖြစ်ဖြစ် ကျွန်တော့် ခွန်အားသစ်တွေနဲ့ အပြေး ပြိုင်ပွဲကို ပြန်ဝင်ပြီး အနိုင်ရအောင် ယှဉ်ပြိုင်ပါမယ်.. အဲဒီချိန်ကျရင် ကျွန်တော်ရှုံးနိမ့်ခဲ့စဉ်က ရခဲ့ဖူးတဲ့ အားပေးချီးကျူးသံ လက်ခုပ်သံတွေကို ပြန်လည်ရရှိ နိုင်လိမ့်လို့ ကျွန်တော် ယုံကြည်မိပါတယ်… ဒီအိမ်မက်လေးကို ပြန်လည် မွေးဖွားပေးလိုက်တဲ့ ပြေးလမ်းပေါ်မှာ ကျွန်တော့်ထက်အရင် ပန်းဝင်သွားသူ မိန်းခလေးကို ကျေးဇူးတင် သတိရနေမိမှာပါခင်ဗျာ…………


 

====================================================================

ကျွန်မတို့တွေရဲ့ ဘ၀ ဆိုတဲ့ တာဝေး ပြေးလမ်းတစ်လျှောက်မှာ အခက်အခဲဆိုတဲ့ နာကျင်မှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ လူတိုင်း ကြုံတွေ့ကြမှာပါ.. အဲဒီလို အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ကြုံတဲ့အခါမှာ ကျွန်မတို့ဟာ လွယ်လွယ်ကူကူနဲ့ လက်လျှော့ အရှုံးပေးကြမလား စဉ်းစားစရာပါ…. ကြီးကျယ် မြင့်မြတ်တဲ့ အောင်နိုင်သူ ၊ မဟာ လူသားဆိုတာ ဘ၀မှာ စီးပွားဥစ္စာ ကြီးပွား ချမ်းသာနေပြီး၊ အောင်မြင်ထင်ရှား ကျော်ကြား နေတဲ့သူတွေကို ခေါ်တာမဟုတ်ဘဲ အခက်အခဲများ၊ ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင် ကြုံတွေ့လာတဲ့အခါမှာ လက်လျှော့အရှုံးမပေးဘဲ ပြန်လည်ကြိုးစား ရုန်းကန်ပြီး ဘ၀ပြေးလမ်းကို ခွန်အားသစ်များနဲ့ ဆက်လက် ယှဉ်ပြိုင်သူများကိုသာ ခေါ်ပါတယ်ဆိုတာ ဒီပြေးလမ်းပေါ်က ရရှိလိုက်တဲ့ သင်ခန်းစာလေးပါ… ကျွန်မတို့လဲ ဘယ်လောက်ကြီးမားတဲ့ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရပါစေ ဘ၀ ပြေးလမ်းပေါ်က မစွန့်ခွာဘဲ ရှိသမျှ ခွန်အားတို့နဲ့ ရင်ဆိုင် အနိုင်ယူ ကြပါစို့လားရှင်….


 


“Chicken Soup For the Teenage Soul” မှ Ashley Hodgeson ရဲ့ To Track Down My Dream ကို ဘ၀ ခွန်အားသစ်များ ရရှိကြစေဖို့ ဘာသာပြန် ဝေငှပါသည်..


 


အောင်မြင်ကြပါစေရှင်


 


ချော (အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

ခရမ်းချဉ်သီး ရောင်းသူ

 


 


အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် ….   သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်..    ပြီးတော့  ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…


 


စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်..   ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက်  ” လို့ ပြောပါတယ်..


 


ကောင်လေးက   “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး..  ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး”        လို့ ပြန်ပြော လိုက်ပါတယ်..


 


“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော ဘဲကွာ….  ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက  အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..”    လို့ မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..


 


ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ……


 


စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ…  သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့ တစ်သေတ္တာကို  ၀ယ်လိုက် ပါတယ်..  ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက  ၂ဆ ဖြစ်သွားခဲ့ပါပြီ..  ၃ကြိမ်မြောက်  ၀ယ်ယူပြီး  ပြန်ရောင်းချလို့ အကုန်မှာ ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို  ပြန်နိုင်ခဲ့ပါတယ်..


 


ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ…  သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ.. မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်..  ညနက်မှ အိမ်ပြန် ရောက်တယ်..    ဒီလိုနဲ့ သူ့ငွေတွေဟာ   နေ့တိုင်းနေ့တိုင်းကို  ၂ဆ ၃ဆ  တိုးပွားလာပါတယ်..


 


မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ…….  ထို့နောက်တော့ ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ….


 


၅နှစ်အကြာမှာ…  အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့ ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..


 


သူဟာ  အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်..  သူဌေးက  “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ  မသုံးတတ်ပါဘူး”       လို့ပြန်ပြောတယ်..


 


ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်…   “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင်  ဒီလောက် အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်.. ခင်ဗျားမှန်းကြည့်စမ်းပါ….  တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား  ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့….”


 


သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..


 


“ကျုပ်သာ ကွန်ပျူတာ တတ်မယ်.. အီမေလ်း လိပ်စာသာ ရှိခဲ့မယ် ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်”      တဲ့


————————————————————————————————————————————


 


ဒီ  story  လေးက လိုပါဘဲ.. လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး… အထူးသဖြင့် ကျွန်မတို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ်    အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊ ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်..  အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်….  ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေရှင်….


 


မူရင်း http://www.funzug.com/ ကနေ နှစ်သစ် လက်ဆောင်အဖြစ် အင်အား တစ်ခုခု ရစေဖို့  ဒီပိုစ့်လေးကို ဘာသာပြန် ဝေမျှလိုက်ပါတယ်..


 


ကြီးပွားတိုးတက်ကြပါစေရှင်….


 


ချော (အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...