မေတ္တာပေါင်းကူးတံတား
Tuesday, May 25, 2010
photo from Here
သိပ်ကို ပြန့်ပြူး ကျယ်ဝန်းလှတဲ့ မြေဧကကျယ်ကြီး တစ်ခုတည်းပေါ်က မလှမ်းမကမ်းစီမှာ တစ်ယောက်တစ်အိမ် ဆောက်ပြီး အတူတကွ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင်လာတဲ့ ညီအစ်ကို ၂ဦး ရှိကြပါတယ်.. တစ်နေ့မှာတော့ ညီအစ်ကို၂ယောက်ဟာ ကိစ္စလေးတစ်ခုနဲ့ ခွန်းကြီး၊ ခွန်းငယ် စကားများ ကြပါတော့တယ် သူတို့၂ယောက် ခုလို စကားများကြတာဟာ နှစ်ပေါင်း ၄၀အတွင်းမှာ ပထမဦးဆုံး အကြိမ်လဲ ဖြစ်ပါတယ်.. ယခင်တုန်းကတော့ ညီအစ်ကို၂ဦးဟာ တစ်ဦးရဲ့ စက်ကိရိယာ၊ တစ်ဦးရဲ့ ခြံလုပ်ငန်း အသုံးအဆောင်၊ အိမ်အသုံးအဆောင် စတဲ့ပစ္စည်း အားလုံးကို အဆီးအတားမရှိ၊ ပြဿနာမရှိ တစ်ဦးနဲ့တစ်ဦး မျှဝေ သုံးစွဲလာခဲ့ကြတာပါ.. တကယ်တမ်းတော့ စဖြစ်ကြတာက ဘာမှမဖြစ်လောက်တဲ့ အသေးအမွှား ကိစ္စလေးကနေ တစ်ဖြေးဖြေး ကြီးကျယ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် မခံနိုင်စရာ စကားလုံးများနဲ့ ထိုးနှက်ကြရင်း ပြင်းထန်တဲ့ ပဋိပက္ခကို ကူးပြောင်းသွားတာ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောနိုင် ဖြစ်သွားရပါပြီ။ ညီအစ်ကို ၂ဦးရဲ့ နှစ်ပေါင်း၄၀ကြာ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်အားကိုးမှုတို့ဟာ ပြိုကွဲသွားပြီ ဖြစ်ပါတယ်..
ဒီလို စကားများပြီး မခေါ်မပြောဖြစ်နေတာ လပေါင်းများစွာကြာပြီးတဲ့ မနက်ခင်းတစ်ခုမှာ တစ်စုံတစ်ဦးက အစ်ကိုဖြစ်သူရဲ့ အိမ်တံခါးကို လာခေါက်ပါတယ်.. တံခါးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ပုခုံးထက်မှာတော့ လက်သမား အသုံးအဆောင် ကိရိယာတွေကို လွယ်ပိုးထားတဲ့ လူတစ်ယောက် အိမ်ပေါက်ဝမှာ ရပ်နေပါတယ်.. သူက “ကျွန်တော် နေ့စားအလုပ်တစ်ခု ရှာနေတာပါ.. ရက်အနည်းငယ်လောက် ကျွန်တော်လုပ်နိုင်မဲ့ ထိုက်သင့်တဲ့ အလုပ်လေးများ ခင်ဗျားဆီမှာ ရှိနေမလားဗျာ” လို့ မေးလာပါတယ်..
“အော် ရှိပါတယ်.. ခင်ဗျားအတွက် အလုပ်တစ်ခု ကျုပ်ဆီမှာ ရှိပါတယ်.. ဒီမှာ ကြည့်ပါဗျာ.. ကျုပ်တို့ခြံကြီးရဲ့ အလယ်မှာ စီးနေတဲ့ စမ်းချောင်းတစ်ခုကို ခင်ဗျား မြင်တယ်မဟုတ်လား.. စမ်းချောင်းတစ်ဘက်က အိမ်ပိုင်ရှင်က ကျုပ်ခြံနီးနားချင်းပေါ့ဗျာ.. အရှင်းဆုံးပြောရရင် ကျုပ်ရဲ့ညီလဲဖြစ်ပါတယ်.. အရင်ကတော့ ဒီနေရာဟာ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်ကြီး ရှိခဲ့တာပေါ့.. လွန်ခဲ့တဲ့ ရက်တွေမှာ ကျုပ်ညီက ဘူဒိုဇာတွေနဲ့ မြေကြီးကို တူးဖော်ပြီး မြစ်ကနေပြီး ရေတွေကို စီးဆင်းလာနိုင်ဖို့ ချောင်းတစ်ခု ဖောက်ပစ်လိုက်တော့ ဒီနေရာဟာ အခု ခင်ဗျား မြင်သလို ကျုပ်တို့ ၂ယောက်ရဲ့ အိမ်၂အိမ်ကြားမှာ စမ်းချောင်းလေးတစ်ခု ဖြစ်လာရပြီလေ.. လုပ်ပါစေ.. သူလုပ်သလို ကျုပ်ဘက်ကလည်း ပြန်လုပ်ဖို့ ၀န်မလေးဘူးဆိုတာ သူသိအောင် ပြရမယ်.. ဟိုနားမှာ ခင်ဗျားတွေ့လား.. သစ်သားပုံကြီးတစ်ခု .. အဲဒီ သစ်သားတွေနဲ့ စမ်းချောင်းဘေးနား ကပ်ပြီး ကျုပ်အတွက် ၈ပေအမြင့်ရှိတဲ့ ခြံစည်းရိုးတစ်ခု ခင်ဗျား ကာပေးရမယ်.. ဒါဆို ကျုပ် ဟိုဘက်အခြမ်းကို လုံးဝမမြင်နိုင်တော့ဘူး.. ကျုပ်ညီမျက်နှာကိုလဲ ကျုပ်ကမတွေ့ချင်တော့ဘူး…” လို့ အစ်ကိုကြီး ဖြစ်သူက လက်သမားကို ပြောလိုက်ပါတယ်..
ဒီတော့ လက်သမားဟာ “ကောင်းပါပြီ.. အခြေအနေကို ကျွန်တော် နားလည်ပါပြီ.. ကျွန်တော့ကို ရိုက်ဖို့ သံနဲ့ တူ ပေးပါ.. ခင်ဗျားဖြစ်စေချင်တဲ့ အတိုင်း အကောင်းဆုံး ကျွန်တော် ဆောင်ရွက်ပေးပါမယ်.. စိတ်ချပါခင်ဗျာ..” လို့ပြောပါတယ်..
ဒါနဲ့ အစ်ကိုကြီးဟာ လက်သမားကို လိုအပ်တဲ့ သံနဲ့ ပစ္စည်း ကိရိယာတွေ ထုတ်ပေးပြီးတာနဲ့ ကိစ္စတစ်ခုနဲ့ မြို့ထဲကို ထွက်သွားစရာ ရှိတာကြောင့် ညနေစောင်းမှ ပြန်ရောက်မဲ့အကြောင်းပြောပြီး အိမ်ကနေ ထွက်သွားခဲ့ပါတယ်.. သူထွက်သွားတာနဲ့ လက်သမားဟာ သူ့အလုပ်ကို စပြီး လုပ်ပါတော့တယ်.. လိုအပ်တဲ့ သစ်တွေ ဖြတ်တောက် တိုင်းတာတယ်.. တိုင်စိုက်ဖို့ မြေကြီးတွေ တူးဆွတယ်၊ သံတွေရိုက်တယ် သူလုပ်စရာရှိတာကို တစ်နေ့လုံး မနားမနေ လုပ်ပါတော့တယ်.
-----------------------------------------။
ညနေစောင်း နေ၀င်ခါနီးမှာ အစ်ကိုကြီးဖြစ်သူ ပြန်ရောက်လာချိန်မှာတော့ လက်သမားဟာ သူ့အလုပ်တွေကို လက်စသပ်လို့ ပြီးစီးနေပြီ ဖြစ်ပါတယ်.. ၈ပေအမြင့် ခြံစည်းရိုးကို တွေ့ရဖို့ မျှော်လင့်ထားတဲ့ အစ်ကိုကြီးဟာ လက်သမား တစ်နေကုန် လုပ်ထားတဲ့ အရာကို မြင်လိုက်တော့ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ်..
သူခိုင်းထားတဲ့နေရာမှာ ဘာခြံစည်းရိုးမှ ကာရံထားတာ မတွေ့ရဘဲ သူတို့ ညီအစ်ကို၂ယောက်ရဲ့ အိမ်နဲ့ ယာမြေတွေကို အလယ်ကနေ ပိုင်းခြားထားတဲ့ စမ်းချောင်းလေးပေါ်မှာတော့ တံတားလေးတစ်စင်းကို တွေ့လိုက်ရပါတယ်. တံတားလေးက သေသေသပ်သပ် လှလှပပလေးနဲ့ စမ်းချောင်းတစ်ဘက်တစ်ချက်စီကို ပေါင်းကူးပေးထားတဲ့ ချစ်စရာတံတားလေးပါဘဲ.. တံတားရဲ့ ဟိုမှာဘက်ဆီမှာတော့ သူ့ရဲ့ညီ.. သူ့ညီက လက်ကို ဆန့်တန်းကာ ဟိုတစ်ဘက်ခြမ်းကနေ တံတားပေါ်ကို တစ်ဖြေးဖြေး လျှောက်လှမ်းလို့လာပါတယ်..
ညီအစ်ကို ၂ယောက်ဟာ တစ်ဘက်တစ်ချက်ဆီကနေ လျှောက်လာကြရင်း တံတားအလယ်ခေါင်မှာ ဆုံမိကြပါတယ်.. ဒီတော့မှ စကားမပြောတာ၊ တစ်ဦးမျက်နှာ တစ်ဦး မကြည့်တာ အတော်ကြာနေပြီ ဖြစ်တဲ့ ညီအစ်ကို ၂ယောက်သား တစ်ယောက်ကိုတစ်ယောက် အားရပါးရ ပွေ့ဖက်လိုက်ကြပါတယ်.. တစ်ယောက် အမှားကို တစ်ယောက်က တောင်းပန်ကြရင်း ချစ်ကြည် ငြိမ်းချမ်းရေးကို ပြန်လည် ရရှိ သွားကြပါတော့တယ်.. စကားပြောနေကြရင်း လက်သမားကိုသတိရလို့ ကြည့်လိုက်တော့ လက်သမားဟာ သူလာတုန်းက ပုခုံးမှာ လွယ်ပိုးခဲ့တဲ့ အိတ်ကို ကောက်ပြီးထမ်းကာ ထွက်ခွာသွားတော့မဲ့ ပုံရတာကြောင့် အစ်ကိုကြီးက “မသွားပါနဲ့ဦးဗျာ .. ကျုပ်တို့နဲ့ အတူ ရက်နည်းနည်းလောက် နေပါဦး.. ကျုပ်မှာ ခင်ဗျားကို အပ်စရာ တစ်ခြားအလုပ်တွေ အများကြီးရှိပါသေးတယ်.. ” လို့ပြောလိုက်တော့ လက်သမားကြီးက “ကျွန်တော် နေချင်ပါတယ်.. အခုတော့ ခင်ဗျားတို့ ရင်ထဲက အမုန်းတရားတွေ၊ အာဃာတတွေကို ဒီပေါင်းကူးတံတားက ချေဖျက်ပေးလိုက်ပြီမို့ ကျွန်တော် တာဝန်ကျေပါပြီ.. လှိုက်လှဲဝမ်းသာလဲ ခံစားရပါပြီ. ဒါပေမဲ့ တစ်ခြားလူတွေအတွက် အခုလို ပေါင်းကူးတံတားတွေ နောက်ထပ်အများကြီး ဆောက်ရဦးမှာမို့ ကျွန်တော် သွားရပါဦးမယ်..” လို့ပြောပြီး သူ့အိတ်ကို ထမ်းကာ ညီအစ်ကို ၂ဦးရှေ့ကနေ ထွက်ခွာသွားပါတော့တယ်.။
--------------------------------------------------------------------------------------------------------------------------------------။
ကျွန်မကတော့ ညီအစ်ကို၂ယောက်အတွက် လက်သမားဆောက်ပေးခဲ့တဲ့ တံတားလေးကို မေတ္တာ ပေါင်းကူးတံတားလို့ နံမည်ပေးလိုက် ချင်ပါတယ်.. လူတိုင်းလူတိုင်း မှာလည်း ရင်ထဲက အမုန်းတွေ၊ အငြိုးတွေ၊ အာဃာတတွေ ဖြေဖျောက်ကြပြီး မေတ္တာပေါင်းကူးတံတားလေး တည်ဆောက်နိုင်မယ်ဆိုရင် သာယာလှပတဲ့ လောကလူ့ဘောင်ကို တည်ဆောက် နိုင်ကြမှာပါနော်.. ပေါင်းကူးတံတား တည်ဆောက်ပေးတဲ့ လက်သမားလို လူမျိုးတွေလဲ ဒီကမ္ဘာလောကကြီးမှာ အများအပြား လိုအပ်လှပါတယ်လေ။ ဒီလို လူမျိုးတွေသာ များလာမယ်ဆိုရင် စစ်မက်ကင်းပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်ရှင်။
Chuck Crenshaw ရဲ့ Forgiveness ကို ဘာသာပြန် ဝေမျှပါသည်။
လူတိုင်းအမုန်းတရား ကင်းဝေးစွာ အေးချမ်းသာယာ ရှိကြပါစေရှင်..
ချော(အစိမ်းရောင်လွင်ပြင်)
စပျစ်ပင်တို့ရဲ့ ခွန်အားများ
Saturday, May 22, 2010picture from Here
ဒီတစ်ခေါက်ပြောပြမဲ့ ပုံပြင်လေးက “စပျစ်ပင်တွေ” အကြောင်း ဖြစ်ပါတယ်.. ဒီပုံပြင်လေးကို နှစ်သက်မိတာ ကလည်း ပုံပြင်လေးက ပေးချင်တဲ့ Message လေးတွေကို သဘောကျမိတာကြောင့်ပါဘဲ.. ဒါကြောင့်လဲ စာဖတ်သူများကို ပြန်လည် မျှဝေခံစားစေချင်လို့ ဒီနေရာက ပြန်ပြောပြပါမယ်.. နားထောင်ကြည့်ပါနော်.. ပုံပြင်လေးက ဒီလိုပါ။။
ဟိုးရှေးရှေးတုန်းက စပျစ်ပင်တစ်ပင်ရဲ့ ပင်စည်ခပ်သေးသေးလေးတစ်ခု ရှိပါတယ်.. ပင်စည်ငယ်ကလေးဟာ လောကကြီးထဲမှာ အသက်ရှင်သန်ခွင့်ရတဲ့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရှာပါတယ်.. သူဟာ မြေဆီလွှာတွေ ဆီကရတဲ့ ရေကိုသောက်သုံးပြီး အပင်အတွက် လိုအပ်တဲ့ အဟာရဓာတ်တို့ကို မြေလွှာဆီကနေဘဲ စုတ်ယူမှီဝဲကာ တစ်ဖြေးဖြေး ကြီးထွားလာပါတယ်.. သူ့ကိုယ်သူလဲ အင်အားရှိလာပြီ၊ သန်မာထွားကြိုင်းလာပြီ ၊ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်စွမ်းပြီလို့ ထင်ကာ ပျော်ရွှင် ဂုဏ်ယူနေပါတယ်..
ဒါပေမဲ့ မကြာခင်မှာဘဲ လေပြင်းမုန်တိုင်းက ကြမ်းရိုင်းစွာ တိုက်ခတ်လာပါတယ်.. လေကြမ်းနဲ့အတူ ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေက သူ့ပင်စည်နေရာအနှံ့ကို ရက်ရက်စက်စက် ထိုးနှက်ပါတော့တယ်.. လေရောမိုးပါ ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်တဲ့ဒဏ်ကြောင့် စပျစ်ပင်စည်လေးဟာ အင်အားချည့်နှဲ့လာပြီး မြေပြင်ပေါ် ပုံရက်သား လဲကျကာ ပြန်လည် ထူထောင်ဖို့ ခွန်အားတောင် သူ့မှာ မရှိတော့အောင် ဖြစ်ရပါတော့တယ်..
မိုးရာသီ ကုန်ဆုံးပြန်တော့ အလွန်အေးစက်ပြင်းထန်တဲ့ ဆောင်းရာသီရောက်လို့ လာပြန်ပါတယ်.. နှင်းတွေက ပက်ပက်စက်စက် အေးလွန်းတော့ စပျစ်ပင်စည်လေးဟာ မြေပြင်ပေါ်မှာဘဲ ၀ပ်စင်းနေရတော့တာပါဘဲ… သူ့မှာ ဆက်လက်ရှင်သန်ဖို့လည်း မောပန်းနွမ်းနယ်လွန်းနေပါပြီ.. သူ့ကိုယ်သူ သိတာက သူမကြာခင်မှာ သေဆုံးတော့မယ်ဆိုတာပါဘဲ.. အပင်တစ်ပင် ကြီးပြင်း အရွယ်ရောက်ဖို့ဆိုတာ အချိန်ကာလ ကြာကြာ လိုအပ်ပေမဲ့ ပြိုလဲဖို့၊ ညိုးနွမ်းသွားဖို့၊ သေဆုံးသွားဖို့ကျတော့ အင်မတန်မှ လွယ်ကူပါတယ်.. အချိန် ကာလလည်း များများ မလိုအပ်ပါဘူး.. အကြောင်းကြောင်းတွေကြောင့် သေဆုံးချည့်နှဲ့သွားနိုင်ပါတယ်..
စပျစ်ပင်စည်ငယ်ကလေးဟာ အားနည်းဖျော့တော့စွာ မြေပြင်ပေါ် ခွေခေါက်နေတဲ့အချိန်မှာ သူ့နားထဲမှာ “ဟေ့ ကောင်လေး ထထ.. ငါ့ကိုမှီထားလိုက် ” ဆိုတဲ့ အသံလေးတစ်ခု ကြားလိုက်ပါတယ်.. အသံရှင်ကို သူလိုက်ရှာတဲ့အခါ သူ့အနီးနားက ရှင်သန်ရင့်မာ ထွားကြိုင်းနေတဲ့ စပျစ်ပင်စည် ခပ်ကြီးကြီးကို တွေ့လိုက်ရပါတယ်.. ပင်စည်ငယ်ကလေးက သတိကြီးကြီးထားပြီး တွန့်ဆုတ်ဆုတ်နဲ့ ပင်စည်ကြီးနားကို တိုးကပ်သွားးလိုက်ပြီးတော့ “ခင်ဗျားက ဘာသဘောနဲ့ ကျွန်တော့်ကို မှီခိုင်းတာလဲ ”လို့ ပြန်မေးလိုက်တော့ စပျစ်ပင်စည်ကြီးက “မင်းကို ငါကူညီမလို့ပါကွ.. လေပြင်းမုန်တိုင်းတွေ၊ နှင်းမိုးစက်တွေကြောင့် မင်းတစ်ပင်တည်းဆိုရင် ရှင်သန်ရပ်တည်ဖို့ မလွယ်ဘူး.. ဒါကြောင့်လဲ မင်းခေါင်းကို ငါ့ရဲ့ ပင်စည်ပေါ် မှီထားခိုင်းတာ.. တွေ့လား အခုလို ငါ့ကိုမှီထားမယ်ဆိုရင် ဘယ်သဘာဝတရားရဲ့ ဒဏ်ကိုမှ တော်ရုံနဲ့ မင်း မှုစရာမလိုတော့ဘူးပေါ့” လို့ ပြန်ပြောပါတယ်..
စပျစ်ပင်စည်ငယ်ကလေးဟာ ပင်စည်ကြီးရဲ့ စကားကိုကြားလိုက်ရတော့ ယုံယုံကြည်ကြည် အားကိုးတကြီးနဲ့ ခေါင်းကလေးကို ထောင်မတ်ပြီး ပင်စည်ကြီးကို မှီထားလိုက်ပါတော့တယ်.. သူကြည့်လိုက်တော့ ကျန်တဲ့ အင်အားကြီးတဲ့ စပျစ်ပင်စည်ကြီးတွေပေါ်ကို သူ့လို ငယ်ရွယ်ပြီး ခွန်အားနည်းနေတဲ့ ပင်စည်ငယ် ကလေးတွေက မှီခိုတွယ်ယှက်လို့ နေတာကို တွေ့လိုက်ရပါတယ်.. ဒီလိုနဲ့ မိုးသက်လေပြင်းရော နှင်းရိုင်းမုန်တိုင်းပါ အကြိမ်ကြိမ်အခါခါ တိုက်ခတ်ပေမဲ့ အချင်းချင်း ဆက်နွယ်ပြီး ရစ်ပတ်တွယ်ယှက်ထားတဲ့ စပျစ်နွယ်တွေကို မိုးရော၊ မုန်တိုင်းရော၊ နှင်းစက်ပွင့်တွေပါ ထိခိုက်အောင်၊ ပြိုလဲအောင် မလုပ်နိုင်ကြတော့ပါဘူး.. ပင်စည်အချင်းချင်း စုစုစည်းစည်း ညီညီညွှတ်ညွှတ် ပေါင်းစည်းထားတဲ့အတွက်ကြောင့် သဘာဝရဲ့ ရိုက်ခတ်ဖျက်ဆီးမှုအားကို ကြံ့ကြံ့ခိုင်နိုင်ကြပါပြီ။ သူတို့ အချင်းချင်းလဲ စုပေါင်းညီညွှတ်ခြင်းရဲ့ အင်အားအကြောင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ကြပြီး လောကဓံရဲ့ထိုးနှက်ချက်တို့ကို ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်နဲ့ အံတုခံနိုင်ကြပြီ ဖြစ်ပါတယ်…
ဒီလိုနဲ့ စပျင်ပင်စည်ငယ်ကလေးဟာလည်း စပျစ်နွယ်တို့ရဲ့ စည်းလုံးညီညွှတ်ခြင်း အင်အားနဲ့ သဘာဝအတိုက်အခိုက်တို့ကို ကြံ့ကြံ့ခံရင်း တစ်ဖြေးဖြေး ကြီးထွားစည်ပင်လာပါတယ်.. တစ်နေ့တော့ သူရဲ့ ပင်ခြေအောက်က မြေပြင်ကို ငုံ့ကြည့်လိုက်ချိန်မှာ ဟိုးတစ်ချိန်က သူ့လိုမျိုးပါဘဲ ခပ်ငယ်ငယ် အင်အားချည့်နဲ့နဲ့ စပျစ်နွယ် ပင်စည်ငယ်ကလေးတစ်ခုဟာ မြေမြင်ပေါ်မှာ ဦးခေါင်းညွှတ်ကျပြီး လှဲလျောင်းနေတာကို တွေ့လိုက်ပါတယ်.. ဒီတော့ အရွယ်ရောက် ကြီးပြင်းနေပြီဖြစ်တဲ့ စပျစ်ပင်စည်က ပင်စည်ငယ်ကလေးကို “ငါ့ကို မှီတွယ်လိုက်ပါ.. ငါမင်းကို ကူညီပါ့မယ်” လို့ ပြောလိုက်ပါတယ်.. သူရဲ့စကားကို ကြားတဲ့ ပင်စည်ငယ် ကလေးဟာလည်း အားရ၀မ်းသာနဲ့ သူ့ကို အားကိုးတကြီးနဲ့ တွယ်မှီလိုက်ပါတယ်.. ဒီလို တစ်ဦးကို တစ်ဦး ဖေးမကူညီကြရင်း အင်အားကြီးသူများက အင်အားနည်းသူတို့ကို ရိုင်းပင်းကြရင်းနဲ့ပဲ အချိန်များမကြာမှီမှာ သူတို့တွေအားလုံး စုစုစည်းစည်း ညီညီညွှတ်ညွှတ် ရှိကြတာကြောင့် စပျစ်ပင်တွေဟာ အရွက်တွေ စိမ်းစို လန်းဆန်းလာတယ်.. အဖူးတွေ ဖူးညွှတ်ဝေဆာလာတယ်.. အပွင့်တွေ ပွင့်ဝေလန်းဖြာလာကြတယ်.. နောက်ဆုံးတော့ စားချင့်စဖွယ် ချိုမြိန်အရသာရှိလှတဲ့ စပျစ်သီးတွေ ခူးလို့မကုန်နိုင်အောင် သီးပွင့်ဝေဆာလာပြီး လောကကို အလှဆင်၊ အကျိုးပြုကြပါတော့တယ်..
ပုံပြင်လေးက ဒီမှာ ပြီးဆုံးပါပြီရှင်….
---------------------------------------------------------------------------------------------------------------------
ပုံပြင်လေးကိုဖတ်ပြီး တွေးမိတာက ကျွန်မတို့ ကျင်လည်နေကြတဲ့ လက်တွေ လူ့လောကမှာလည်း တစ်ဦးနဲ့တစ်ဦး ရန်စောင် တိုက်ခိုက်နေကြမဲ့အစား၊ တစ်ဦးရဲ့အမှားကို တစ်ဦးက ကဲ့ရဲ့ပြစ်တင် ပြောဆို နေကြမဲ့အစား၊ အားနည်းတဲ့သူတွေကို နိမ့်ချမဲ့အစား၊ ကိုယ်တစ်ဦးတည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး လူမှုအသိုင်းအ၀ိုင်း ရဲ့အပြင်ဘက်မှာ အထီးကျန်အားနည်းစွာ နေထိုင်သွားမဲ့အစား “စပျစ်ပင်” တို့ကို နမူနာယူကာ အင်အားကြီးသူက အင်အားနည်းသူကို ဖေးမကူညီသင့်ပါတယ်... တစ်ဦးနဲ့ တစ်ဦး စေတနာ ထားကြရင်း လောကရဲ့ သဘာဝ ဘေးဒဏ်တို့ကို ကြံ့ကြံ့ခံကာ စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့များ နေသွားပြီး လောကကို တတ်နိုင်သလောက် အလှဆင်ကြမယ်ဆိုရင် သာယာ လှပတဲ့ လောက လူ့ဘောင်၊ နေချင်စရာကောင်းတဲ့ ပျော်ရွှင်ဖွယ် ကမ္ဘာမြေကြီး ဖြစ်လာမယ် ထင်ပါတယ်နော်..
The Little Grape Stem ( Author Unknown) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန် ဝေမျှပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
နောင်တ မရကြေး
Friday, May 21, 2010
လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘ၀မှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ.. ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်.... ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက လူတစ်ယောက် အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်..
picture from Here
၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာ ပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ ကစားနည်းမှာမှ အနိုင်ရမယ်လို့ ရေပန်းစား ထင်ကြေးပေး ခံရဆုံး အသင်းက USA အသင်းဘဲ ဖြစ်ပါတယ်.. အဲဒီ ပြိုင်ပွဲဝင်ဦးရေ ၄ယောက်ပါဝင်ယှဉ်ပြိုင်ရတဲ့ ကနူးလှေလှော် အသင်းထဲမှာ ပါဝင်တဲ့ အငယ်ဆုံး အားကစားသမားက ဘီလ် ဟေဗင် ဖြစ်ပါတယ်..
အိုလံပစ်ပြိုင်ပွဲ နီးလာတဲ့အချိန်မှာ တိုက်ဆိုင်တာက ဘီလ်ရဲ့ ဇနီးဟာ ပထမဆုံး သားဦး ကိုယ်ဝန်ကို မီးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ. သူမ မီးဖွားမဲ့ရက်ဟာလည်း ဘီလ်တို့ ပဲရစ်ကို ပြိုင်ပွဲ သွားဝင်မဲ့အချိန် ဖြစ်နေပါတယ်.. ၁၉၂၄ခုနှစ်အချိန်ဆိုတာ အမေရိကနဲ့ ပြင်သစ်ပြည်တို့ဟာ လေကြောင်းလိုင်းတွေ မရှိသေးတဲ့အချိန် ဖြစ်ပါတယ်.. ပြိုင်ပွဲဝင်ဖို့ သွားမယ်ဆိုရင် သမုဒ္ဒရာကိုဖြတ်လို့ သဘောင်္နဲ့ ရက်အတော်ကြာ သွားရတဲ့ ရေကြောင်းခရီးသာ ရှိပါတယ်.. ဒီတော့ ဘီလ်ခင်မျာ ပြိုင်ပွဲနဲ့ ဇနီး မီးဖွားမဲ့အရေးကြားမှာ ဗျာများပြီး အကျပ်ရိုက်နေရှာပါတော့တယ်.. သူ့ဇနီး သားဦးလေးမွေးဖွားမဲ့အချိန်ကို လစ်လျူရှုပြီး ပြိုင်ပွဲကိုပဲ ဆက်ဝင်ရမလား.. ဒါမှမဟုတ် ပြိုင်ပွဲကို သွားမပြိုင်တော့ပဲ ဇနီးမီးဖွားတာကို စောင့်ဖို့ ပြိုင်ပွဲက နှုတ်ထွက်လိုက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်..
ဘီလ်ရဲ့ ဇနီးကတော့ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ သူ့ကို တွန်းအားတွေ ပေးရှာပါတယ်.. ဘာလို့ဆိုတော့ ဒီအိုလံပစ် ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ခွင့်ရဖို့ဆိုတာဟာလည်း ဘီလ်အမျှော်လင့်ခဲ့ဆုံး စိတ်ကူးအိပ်မက်တစ်ခုလည်း ဖြစ်ခဲ့တာကို သူ့ဇနီးက သိထားပြီးသားပါ။ ဒါကြောင့်လည်း ဘီလ်အတွက် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတာ၊ ခက်ခဲနေတာ ဖြစ်ပါတယ်.. နောက်ဆုံးမှာတော့ အကြိမ်ကြိမ် အဖန်ဖန် သေချာစဉ်းစားပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လို့ သူ့မိန်းမ မီးဖွားချိန်မှာ သူကိုယ်တိုင် ဘေးနားမှာ ရှိနေဖို့ကို ရွေးချယ်လိုက်ပါတော့တယ်.. သူ့ဘ၀မှာ သူဘာကို ဦးစားပေး ရွေးချယ်သင့်တယ်ဆိုတာ သူသိပါတယ်.. မွေးလာမဲ့ ကလေးလေးအတွက် သူ့မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ဖို့ သူဆုံးဖြတ်လိုက်တာပါ..
သူသွားမပြိုင်ဖြစ်လိုက်တဲ့ ၄ယောက်လှော် ကနူးလှေပြိုင်ပွဲမှာ ဘီလ်မပါဝင်ခဲ့ပေမဲ့ သူတို့ အမေရိကန်နိုင်ငံ အသင်းက ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်.. ဒါပေမဲ့ ဘီလ်ရဲ့ ဇနီးကလည်း ကလေးလေးကို တော်တော်နောက်ကျပြီးမှ မီးဖွားခဲ့တာကြောင့် တကယ်တမ်း ဘီလ်ပြိုင်ပွဲကို သွားပြိုင်ခဲ့မယ် ဆိုရင်တောင် ပြန်လာတဲ့အချိန်နဲ့ ကလေးမီးဖွားချိန်ဟာ အချိန်မှီနိုင်တဲ့ အနေအထားပါ။ လူတွေအားလုံးက ဘီလ်ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ရှက်စရာ ကောင်းတယ်.. ဘီလ် ဆုံးဖြတ်ချက်မှားတယ်လို့ ဝေဖန်ကြပေမဲ့ ဘီလ်ဟေဗင်က “သူ့ဘ၀မှာ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာ သူ့ကိုယ်သူသိပါတယ်.. မွေးဖွားလာမဲ့ သူ့သားအတွက်၊ သူ့မိသားစုအတွက် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ချင်ပါတယ်.. ရွှေတံဆိပ်ဆိုတာ အခွင့်သင့်ရင် နောက်တစ်ကြိမ်မှာ ရအောင်ယူနိုင်ပေမဲ့ သူ့သားမွေးဖွားချိန်ကို သူ့ဘ၀မှာ နောက်တစ်ကြိမ် ထပ်ကြုံမှာ မဟုတ်တော့ပါဘူး... ဒါကြောင့် သူမှန်တယ်ထင်လို့ စဉ်းစားရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နည်းနည်းမှ နောင်တမရပါဘူး” လို့ပြောပါတယ်..
ဘီလ်ဟေဗင်ရဲ့ စိတ်ဝင်စားစရာ နောက်ဆက်တွဲအကြောင်းအရာက သူ့မိန်းမဟာ သားယောက်ျားလေးကို မွေးဖွားခဲ့ပြီး သားလေးကို ဖရန်ခ့်ဟေဗင် လို့ နံမည်ပေးလိုက်ကြပါတယ်.. နောင်နှစ်ပေါင်း ၂၈နှစ်ကြာလို့ ၁၉၅၂ခုနှစ်ရောက်တဲ့အချိန်မှာတော့ ဘီလ်ဟာ နိုင်ငံရပ်ခြားက ကြေးနန်းတစ်စောင် လက်ခံရရှိပါတယ်.. အဲဒီကြေးနန်းဟာ ၁၉၅၂ခုနှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ ဖင်လန်နိုင်ငံကနေ သူ့သားဖရန်ခ့်က ပို့လိုက်တာ ဖြစ်ပါတယ်… ကြေးနန်းထဲမှာ ပါတာက “ ဒယ်ဒီ.... သား မွေးဖွားမဲ့အချိန်နဲ့ တိုက်နေတာကြောင့် ဒက်ဒီ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ကို သား အရယူလိုက်ပါပြီ.. မကြာခင် ရွှေတံဆိပ်နဲ့အတူ အိမ်ပြန်လာပါတော့မယ်..” ဆိုတဲ့ စာသားတွေဘဲ ဖြစ်ပါတယ်..
ဟုတ်ပါတယ်.. ဖရန်ခ့်ဟာ ကနူးလှေပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့ပါပြီ. သူ့အဖေ အမြဲမက်ခဲ့ရပေမဲ့ သားဖြစ်သူ ဖရန်ခ့်ကြောင့် စွန့်လွှတ်လိုက်ရတဲ့ အိပ်မက်၊ ဖခင်ဖြစ်သူ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်ကို သား ဖရန်ခ့်ကဘဲ အသက်သွင်းပြီး ရွှေတံဆိပ်ကို ဆွတ်ခူးပေးလိုက်တာ ဖြစ်ပါတယ်..
ဒါကြောင့်လဲ ဘီလ်အမြဲပြောတာက “လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို လုပ်မယ်လို့ အကောင်းဆုံး ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ နောင်တ မရပါနဲ့တဲ့”
Steve Goodier ရဲ့ No Regrets ကို ဘာသာပြန် မျှဝေပါသည်။
နောင်တရခြင်းမှ ကင်းဝေးကြပါစေရှင်
လေးစားချစ်ခင်စွာဖြင့်
ချော(အစိမ်းရောင်လွင်ပြင်)
အလှဆုံး မြင်ကွင်းလေးတစ်ခု
Tuesday, May 18, 2010picture from Here
ကျွန်မရဲ့ တစ်သက်မှာ ခုလို ပူပြင်းခြောက်သွေ့မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူုးပါဘူး.. ဘ၀မှာ အပူဆုံး နေ့ရက်တွေပါဘဲရှင်.. မိုးကို မမြင်ရတာလဲ လပေါင်း၊ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ.. ကျွန်မတို့ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေ အားလုံးဟာလည်း တစ်ဖြေးဖြေး ခြောက်သွေ့လာပြီး မွေးမြူထားတဲ့နွားတွေဟာလည်း စိမ်းစိုလန်းဆန်း ချိုမြတဲ့ အရွက်တွေကို မစားရ၊ ရေကို ၀လင်အောင် မသောက်သုံးရတဲ့အတွက် နို့တောင် မထွက်နိုင်အောင် ဖြစ်နေရပါပြီ။ နွယ်ပင်တွေ၊ အပင်ငယ်လေးတွေဟာလည်း ခေါင်းပင် မထူနိုင်တော့အောင် ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ညှိုးနွမ်း သွေ့ခြောက်လို့ ပြားကပ်နေခဲ့ပြီ။ အိမ်နားက ကျွန်မတို့ရဲ့ အားထားရာ စမ်းချောင်းကလေးဆိုလဲ ခြောက်ခမ်းသွားတာ လွန်ခဲ့တဲ့ ၂လ နီးပါး လောက်ကတည်းကပါဘဲ။
ကျွန်မတို့ ပတ်ဝန်းကျင် အနီးနားတစ်ဝိုက်က လယ်သမားတွေအားလုံးလဲ စားစရာ အသီးအနှံမရှိ၊ စိုက်ပျိုးဖို့ ပက်ကြားအက်နေတဲ့ မြေကြီးနဲ့က အဆင်မပြေ၊ ရှိတဲ့ရေလေးကို ချိုးခြံချွေတာရနဲ့ တော်တော့်ကို ဒုက္ခ များနေကြရပါတယ်.. ကျွန်မယောက်ျားနဲ့ သူ့အစ်ကိုတို့ဟာလည်း ခြောက်သွေ့ကွဲအက်နေတဲ့ လယ်မြေကို ရေရရှိဖို့အတွက် နေ့စဉ်နေ့တိုင်း အပြင်းအထန် ကြိုးပမ်းနေကြပါတယ်.. မလှမ်းမကမ်းက ရေပေးဝေရေး ဌာနတစ်ခုကနေ ရေကို ကားနဲ့သယ်ယူဖို့ စီစဉ်ကြပေမဲ့ ရေပေးဝေရေး ဌာနကလည်း ရေမလုံလောက်တော့တဲ့အတွက် ရေပေးဝေမှု အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြန်တော့ ကျွန်မတို့တွေရဲ့ ဘ၀ဟာ မိုးမှတစ်ပါး အားထားစရာ မရှိတော့ပါဘူး… မိုးသာမရွာခဲ့ရင် စိုက်လက်စ ယာတွေ၊ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ အိုး အားလုံး အားလုံးကို ဆုံးရှုံးရပါတော့မယ်..
ကျွန်မရဲ့ စိတ်တွေဟာလည်း ပြင်ပ ကမ္ဘာလောကကြီးနဲ့ ထပ်တူ ပူလောင်ကျွမ်းမြေ့လို့ ရှေ့ဆက်ဘယ်လိုများ စခန်းသွားရမလဲဆိုတာကိုဘဲ ပူပန်နေမိပါတယ်.. ကျွန်မတို့ မိသားစုအတွက် နေ့လည်စာ ပြင်ဆင်နေပေမဲ့လို့ အာရုံတွေက စုစည်းလို့မရဘဲ နွေနေရဲ့ ရိုက်ခတ်မှုနဲ့ ညိုးရော်ခြောက်သွေ့လို့ပါဘဲ.. စိတ်မကြည်မသာနဲ့ တံလျှပ်တွေ တစ်ရိပ်ရိပ်ထနေတဲ့ အပြင်ကို လှမ်းကြည့်လိုက်စဉ်မှာဘဲ ၆နှစ်အရွယ် ကျွန်မသားလေးရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုလေးတစ်ခုကို တွေ့လိုက်ရပါတယ်.. သားလေးဟာ ကျွန်မတို့အိမ်နောက်ဘက်က သစ်ရွက်တွေကြွေပြီး သွေ့ခြောက်စ ပြုနေတဲ့ တောအုပ်ကလေးထဲကို ဦးတည်ပြီး သွားနေတာပါ.. ဒါပေမဲ့ ထူးဆန်းတာက သူ့အမူအရာ… သူ့ပုံစံက တောအုပ်ကလေးဆီကို ကလေးတစ်ယောက်ရဲ့ ပုံမှန်အတိုင်း သွားရိုးသွားစဉ် ပုံစံမျိုးမဟုတ်ဘဲ တစ်ခုခုလုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ အလေးအနက်နဲ့ သွားနေတဲ့ပုံစံမျိုးပါ.. နည်းနည်း အလှမ်းဝေးနေတော့ ကျွန်မလဲ သားလေးရဲ့ နောက်ကျောကလေးကိုဘဲ မြင်နေရပါတယ်.. စောင့်ကြည့်နေတုန်းမှာဘဲ သားလေးဟာ တောအုပ်ကလေးထဲ ၀င်ရောက် ပျောက်ကွယ်သွားပါတယ်.. မိနစ်အနည်းငယ် အကြာမှာတော့ သားလေးက သစ်တောအုပ် ကလေးထဲကနေ အိမ်ဘက်ကို အပြေးကလေး ပြန်ထွက်လာပါတော့တယ်.. ဒါနဲ့ ကျွန်မလည်း သူလုပ်ချင်တာ တစ်ခုခု သွားလုပ်ခဲ့ပြီးပြီ နေမှာပါလေဆိုပြီး နေ့လည်စာ စီစဉ်နေတဲ့ဘက်ကို အာရုံ ပြန်စိုက်လိုက်ပါတယ်..
နောက် မိနစ်အတန်ကြာပြန်တော့ သားလေးဟာ တောအုပ်ကလေးဘက်ဆီကို တစ်ခါ ပြန်သွားနေတာ တွေ့ရပြန်ပါတယ်.. ပြီးတော့ ပြန်ပြေးထွက်လာပြန်တယ်.. ဒီလို့နဲ့ အကြိမ်ရေ တော်တော်များများ တောအုပ်ကလေးထဲ ၀င်သွားလိုက်၊ အိမ်ဘက်ဆီ ပြန်ပြေးလာလိုက်နဲ့ အလုပ်ရှုပ်နေပုံ၊ တစ်စုံတစ်ခုကို သည်းကြီးမည်းကြီး စူးစူးစိုက်စိုက် လုပ်နေပုံရတဲ့ သားရဲ့ လှုပ်ရှားမှုတွေဟာ ကျွန်မအမြင်မှာ အတော်လေး ဆန်းကျယ်နေပါတော့တယ်.. ကျွန်မလဲ သိချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘဲ အိမ်အပြင်ဘက် အသာလေး ထွက်လာခဲ့ပြီး တောအုပ်ဆီဦးတည် သွားနေတဲ့ သားလေးရဲ့ နောက်ကို တိတ်တဆိတ် လိုက်ချောင်းမိပါတော့တယ်.. ဒီလို လိုက်ချောင်းတာကိုလဲ သားလေး မသိအောင် လုပ်ရသေးတယ်. မဟုတ်ရင် ကျွန်မလိုက်ကြည့်မှန်းသိရင် သူလုပ်နေတဲ့အလုပ်ကို ဆက်မလုပ်တော့ဘဲ ရပ်ပစ်လိုက်မှာ စိုးရသေးတယ်လေ..
ကျွန်မတွေ့လိုက်ရတာက သားလေးဟာ သူ့လက်ကလေး၂ဘက်ကို ခွက်ကလေးသဏ္ဍာန် ပြုလုပ်ပြီး အဲဒီလက်ကလေးထဲမှာ ရေတွေကိုဖြည့်လို့ ရေမဖိတ်အောင် သတိလေးနဲ့ သစ်တောအုပ်ဘက်ကို လမ်းလျှောက်သွားနေတာ ဖြစ်ပါတယ်.. ကြည့်ပါဦး.. သူ့လက်ကလေး သေးသေးလေးထဲမှာ ရေဘယ်လောက်များများ ပါနိုင်မှာမို့လဲ.. အလွန်ဆုံးပါလှ ဇွန်း၂ဇွန်း ၃ဇွန်းစာပေါ့.. ကျွန်မလဲ သားလေးရဲ့ အပြုအမူကို အတော်စိတ်ဝင်စားမိပြီး သူဝင်သွားတဲ့ တောအုပ်ထဲကို နီးနိုင်သမျှ နီးအောင် တိုးကပ်လို့ တိတ်ဆိတ်စွာဘဲ လိုက်ပါသွားမိပါတယ်.. သစ်ကိုင်းတွေ၊ သစ်ခက်ကလေးတွေဟာ သားလေးရဲ့ မျက်နှာကို ထိခိုက်ပွတ်တိုက်မိကြပေမဲ့ အဲဒါတွေကို အမှုမထားဘဲ လက်ကလေးထဲက ရေကိုသာ မဖိတ်အောင် ဂရုတစိုက်နဲ့ ရှေ့ဆက်သွားနေပါတယ်.. မကြာခင်မှာဘဲ ရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းလေးကတော့ ကျွန်မကို အံ့သြတကြီးနဲ့ ကြက်သေ သေသွားစေခဲ့ပါတယ်..
အိုး…. ဟိုရှေ့မှာ များလိုက်တဲ့ သမင်လေးတွေပါလား. သားလေးက သမင်လေးတွေဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ လမ်းလျှောက်လို့ သွားနေခဲ့ပါတယ်.. ကျွန်မမှာ သားလေးအတွက် စိုးရိမ်ပူပန်စိတ်ကြောင့် လွတ်ခနဲအော်ဟစ်မိတော့မတတ် ဖြစ်သွားခဲ့ရပါတယ်.. ဒီလောက်များပြားလှတဲ့ သမင်တွေဟာ သားလေးကို တစ်စုံတစ်ရာ အန္တရာယ်ပေးလေမလားလို့ ကျွန်မ တုန်လှုပ်ခြောက်ခြားမိပေမဲ့ သမင်လေးတွေဟာ သားလေးကို ဘာအန္တရာယ်မှ မပေးရှာပါဘူး.. သားလေးဟာ သမင်အုပ်နားမှာ ဒူကလေးထောက်ပြီး ထိုင်ချလိုက်တာတွေ့ရပါတယ်.. ကျွန်မတွေ့လိုက်တာက သမင်ပေါက်စလေး တစ်ချို့ဟာ ရေငတ်လွန်းတဲ့ဒဏ်ရယ် ပူပြင်းလွန်းတဲ့ အပူဒဏ်ရယ်ကြောင့် အားပြတ်ပြီး မြေပြင်ပေါ်ကို လဲကျနေတာပါ.. ကျွန်မရဲ့သားကလေးလဲ ထိုင်ချလိုက်ရော လဲကျနေရှာတဲ့ သမင်လေးတစ်ကောင်ဟာ အားယူပြီး ခေါင်းကလေးကိုအသာမလို့ သားလေးရဲ့ လက်ကလေးထဲက ရေကို အငမ်းမရ သောက်နေရှာပါတော့တယ်.. တောထဲက သတ္တ၀ါလေးတွေတောင် ရေငတ်မွတ်ခြင်းကို ခံနေရပါပြီကောလား..
ရေကုန်သွားတော့ သားလေးဟာ ခုန်ထလိုက်ပြီး အိမ်ဘက်ကို ပြန်ပြေးပြန်ပါတယ်.. ကျွန်မလဲ သစ်ပင်နောက်ကို ကပျာကယာလေး ပုန်းလိုက်ရပါတယ်.. ပြီးတော့ သားလေးနောက်ကို အပြေးကလေး လိုက်ရပြန်ပါတယ်.. ဘာလို့ဆို ခုလိုရေ ရှားပါးနေတဲ့အချိန်မှာ ရေပိုက်ကို တအားဖွင့်လိုက်ရင် အပြင်ကို ရေတွေလျှံထွက်ကုန်ပြီး အလဟဿဖြစ်မှာ စိုးမိလို့ပါ. ဒါပေမဲ့ သားလေးက ကျွန်မတို့ စုဆောင်းသိုလှောင်ထားတဲ့ နည်းနည်းသာကျန်တော့တဲ့ ကန်ထဲကရေကို ယူဖို့ ပိုက်ကို ဖြေးဖြေးလေး လှည့်ဖွင့်လိုက်ပါတယ်.. ကန်ထဲက ရေတွေဟာ တစ်စက်ချင်း သားလေးရဲ့ လက်ကလေးထဲကို စီးကျနေပါတယ်.. ဒူးကလေးထောက်ပြီး တစ်စက်ချင်း စီးကျနေတဲ့ ရေတွေကို လက်ခွက်ကလေးနဲ့ ခံယူနေတဲ့ သားရဲ့ နောက်ကျောကို နေရောင်က တောက်ပစူးရှစွာ ဖြာကျနေပါတယ်.. သားလေးက ပြီးခဲ့တဲ့အပတ်က ဒီကန်ထဲက ရေကိုဖွင့်ပြီး ဆော့ကစားခဲ့လို့ ဒီလောက်ရေရှားပါးချိန်မှာ ဆော့ရပါ့မလားဆိုပြီး ကျွန်မက အပြစ်ပေးခဲ့ဖူးပါတယ်.. ဒါကြောင့်လဲ ကလေးဟာ သမင်လေးကို ကူညီမဲ့ကိစ္စမှာ ကျွန်မကို အသိမပေးရဲတော့ဘဲ တိတ်တဆိတ် လုပ်နေတာဘဲ ဖြစ်ပါတယ်.. ပြီးတော့ ရေပိုက်ကလေးကို တစ်စက်ချင်းသာ ကျအောင် သူ့မှာ ဖွင့်နေရှာတာပါ။ ရေကတစ်စက်ချင်းမို့ သူ့လက်ခွက်လေးထဲ ရေပြည့်ဖို့ကိုဘဲ အတော်အချိန်ကြာပါတယ်..
သူ့လက်ကလေးနဲ့ ရေပြည့်ပြီလဲဆိုရော မတ်တပ်ရပ်လိုက်ပြီး တောအုပ်ဖက်ဦးတည်မယ်လုပ်တော့ သူ့နောက်မှာ ရပ်နေတဲ့ ကျွန်မကိုတွေ့သွားပြီး တုန်လှုပ်သွားဟန်နဲ့ မျက်ဝန်းမှာလည်း မျက်ရည်လေးတွေ ရစ်ဝဲလာပါတယ်.. “သား.. သား ရေကို အလကားဆော့တာ မဟုတ်ပါဘူးမေမေ.. ” သူ့အသံ တုန်တုန်ရီရီလေးနဲ့ ကျွန်မကို ပြောရှာပါတယ်.. သူ့လက်ထဲက ရေတွေဟာလည်း သားလက်ကလေးထဲကနေ လျှောကျကုန်ပါတော့တယ်.. ကျွန်မလဲ သားလေးကို သိုင်းဖက်လိုက်ပြီး မီးဖိုချောင်ထဲကို ခေါ်လာခဲ့ပါတယ်.. ပြီးတော့ အိုးကလေးတစ်ခုထဲကို ရေထည့်ပေးလိုက်ပြီး သားကိုပေးလိုက်တော့ ပြုံးရွှင်သွားတဲ့ သားကလေးရဲ့ အပြုံးက ဘာနဲ့မှ နှိုင်းမရအောင် ကြည်စင်လှပလွန်းနေတယ်..
ရေအိုးကလေးကိုင်ထားတဲ့ သားလေးနဲ့အတူ တောအုပ်ဖက်ကို ကျွန်မပါ လျှောက်လိုက်ခဲ့ပါတယ် .. သမင်အုပ်နား ရောက်ချိန်မှာတော့ သစ်ပင်တစ်ပင်ရဲ့ အနောက်နားလေးမှာဘဲ ကျွန်မ ကျန်နေခဲ့လိုက်ပါတယ်.. ရေတိုက်တာက သားလေးရဲ့ လုပ်လက်စအလုပ်မို့ သမင်လေးတွေရော သားလေးကိုပါ ကျွန်မကြောင့် အနှောက်အယှက် မဖြစ်စေချင်တာကြောင့်ပါ။ သမင်အုပ်ကြီးအလယ်က အားပြတ်လဲကျနေတဲ့သမင်လေးတွေကို တစ်ကောင်ပြီးတစ်ကောင် ယုယစွာ ရေတိုက်ကျွေးနေတဲ့ သားလေးကိုကြည့်ပြီး ငယ်ရွယ်သေးတဲ့ ၆နှစ်အရွယ် ကျွန်မရဲ့သားလေးမှာ ဒီလောက်လှပ မွန်မြတ်တဲ့ စိတ်ထားကလေး ရှိနေတာ ကျွန်မ ဂုဏ်ယူလိုက်တာ၊ ပီတိဖြစ်လိုက်ရတာ၊ ကြည့်စမ်းပါဦးနော်.. ဘယ်လောက်များ လှပလိုက်တဲ့ မြင်ကွင်းလေးလဲရှင်.. သားလေးရဲ့ ဖြူစင်တဲ့ အကြင်နာတရားကို တောတွင်းတိရိစ္ဆာန်တွေဖြစ်တဲ့ သမင်လေးတွေကတောင် နားလည်လို့ ဘယ်ကိုမှ ထွက်မပြေးကြဘဲ သားလေးအနားမှာ ၀ိုင်းနေလိုက်ကြတာ.. ကမ္ဘာပေါ်မှာ အလှဆုံး မြင်ကွင်းကလေးပါဘဲလေ.. ဒီမြင်ကွင်းကိုကြည့်ရင်း မျက်ရည်စက်များက ကျွန်မပါးပြင်ပေါ် တစ်လိမ့်ချင်း စီးကျလာပါတယ်.. တစ်စက်ပြီး တစ်စက်.. တစ်စက်ပြီးတစ်စက်..
ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရင်း ကျွန်မပြောလိုက်မိတာက “ မိုးမင်းကြီးရယ်.. ကျွန်မရဲ့ သားကလေးဟာ သမင်ကလေးတွေအပေါ် ကြင်နာသနားစွာ ရေတိုက်ကျွေးပြီး အသက် ကယ်လိုက်သလို ပူပြင်း ခြောက်သွေ့နေတဲ့ ဒီဒေသလေး စိမ်းလန်းစိုပြေလာပြီး ကျွန်မတို့တတွေ ရှေ့ဆက်ပြီး အသက်ရှင်သန်နိုင်ခွင့် ရအောင် မိုးကလေးများ ရွာသွန်းလို့ပေးပါလားရှင်…” ဆိုတဲ့စကားဘဲ ဖြစ်ပါတော့တယ်….
--------------------------------------------------------------------------------------------------------------------------------------
၆နှစ်အရွယ် ကလေးငယ်ကလေးကတောင် ဒုက္ခရောက်နေသူများကို ကူညီဖို့ အသိတရားရှိတယ်ဆိုရင် အသက်အရွယ် ရောက်နေပြီဖြစ်တဲ့ ကျွန်မတို့တွေလည်း ဒုက္ခရောက်နေသူများကို စာနာသနား ကြင်နာစိတ်ကလေးထားပြီး ကူညီသင့်ကြပါတယ်နော်...
The Water of Life (Author Unknown) ကို ဘာသာပြန်ဆိုပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
မီးတူးနေတဲ့ ဘီစကစ်လေးများ
Sunday, May 16, 2010photo from Here
ကျွန်မရဲ့ဘ၀မှာ ဘယ်တော့မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို သတိတရလေး ပြောပြချင်မိပါတယ်.. ကျွန်မငယ်စဉ် မူလတန်းကျောင်းသူဘ၀ရဲ့ တစ်ခုသော ရက်တစ်ရက်မှာပေါ့.. ကျွန်မတို့မေမေက အလုပ်ကနေပြန်ရောက်ပြီးရင် မိသားစု ညစာစားဖို့အတွက် အမြဲတမ်း ပြင်ဆင် ချက်ပြုတ်ရပါတယ်... အဲဒီနေ့ကလည်း ခါတိုင်းလိုပါဘဲ.. မေမေဟာ အလုပ်ကနေ ပြန်ရောက်တာနဲ့ ကျွန်မတို့အားလုံးအတွက် ညစာ ပြင်နေပါတယ်.
မေမေပြင်ဆင်နေတဲ့ ညစာက ကြက်ဥကြော်၊ ၀က်အူချောင်းနဲ့၊ တော်တော်လေးကို မီးတူးနေတဲ့ ဘီစကစ်လေးတွေပါဘဲ.. အဲဒီဘီစကစ်တွေဟာ မေမေကိုယ်တိုင် လုပ်ထားတဲ့ ဘီစကစ်တွေလည်း ဖြစ်ပါတယ်.. ညစာစားတဲ့ စားပွဲမှာ ဆေးရုံကနေ တာဝန်ပြီးလို့ ပြန်ရောက်နေတဲ့ ကျွန်မရဲ့ ဖေဖေလည်း ထိုင်နေပါတယ်.. မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို ကြည့်ပြီး ကျွန်မစိတ်ထဲ တွေးနေမိတာက ဒီ မီးတူးနေတဲ့ မုန့်တွေအကြောင်း ဖေဖေဘယ်တော့များ သတိပြုမိပြီး မေမေ့ကို ပြောတော့မလဲ ဆိုတာပါဘဲ…
ဒါပေမဲ့ ဖေဖေဟာ သူ့လက်က ဘီစကစ်တွေဆီ ရောက်သွားခဲ့ပေမဲ့ ဘာမှ သတိမပြုမိတဲ့ ပုံစံနဲ့ ပါးစပ်ထဲ ကောက်ဝါးလိုက်ရင်း ကျွန်မကိုသာ ဒီနေ့ကျောင်းမှာ အဆင်ပြေရဲ့လား ဘာတွေထူးသေးလဲလို့ မေးလာပါတယ်. အဲဒီချိန်မှာ ကျွန်မက ဘီစကစ်ချပ်လေးတွေပေါ်ကို ထောပတ်တွေသုပ်လိမ်းပြီး ယိုတစ်ထပ် ပြန်သုပ်ကာ ၀ါး စားနေခဲ့ပါတယ်.. ဖေဖေ့မေးခွန်းကို အဆင်ပြေကြောင်းသာ ပြန်ပြီး ဖြေဖြစ်ခဲ့ပါတယ်..
အဲဒီနေ့က ညစာ စားပြီးချိန်ထိအောင် ဖေဖေဟာ မီးတူးနေတဲ့ ဘီစကစ်ကိစ္စကို မေမေ့ကို ပြောဖို့ဆိုဖို့ မပြောနဲ့ သတိထားလိုက်မိဟန်တောင် မတူပါဘူး… ကျွန်မက ညစာစားတဲ့ စားပွဲကနေ ထဖို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာဘဲ မေမေ့ဆီက “ ဒီနေ့တော့ ဘီစကစ်လုပ်တာ မီးတူးသွားတဲ့အတွက် တောင်းပန်ပါတယ်” ဆိုတဲ့အသံ ထွက်လာပါတယ်.. ဒီမှာတင်ဘဲ မေမေ့ကို ပြန်ပြောလိုက်တဲ့ ဖေဖေရဲ့ စကားကို ကျွန်မ ဘယ်တော့မှ မေ့လို့မရခဲ့တာပါ။
“ကိစ္စမရှိပါဘူး မိန်းမရယ်.. ကိုယ်က မီးတူးနေတဲ့ ဘီစကစ်တွေကို စားရတာ သဘောကျပါတယ်” တဲ့
အဲဒီညမှာ ကျွန်မဟာ ညအိပ်ရာဝင်ဖို့ ဖေဖေ့ကို နှုတ်ဆက်တဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ အောင့်မထားနိုင်ဘဲ ဖေဖေ့ကို မေးလိုက်မိတာက “ ဖေဖေ.. မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို တကယ်ကြိုက်တာ ဟုတ်ရဲ့လား ဟင်” ဆိုတာပါဘဲ… ဒီတော့ ကျွန်မဖေဖေဟာ သဘောထား ကြီးမားသူတစ်ယောက်ရဲ့ အပြုံးကလေးကို ပြုံးလိုက်ရင်း ကျွန်မကို ပွေ့ဖက်လိုက်ပြီး
“သမီး မေမေဟာ တစ်နေ့လုံးလဲ သူ့အလုပ်မှာ ပင်ပင်ပန်းပန်း လုပ်လာခဲ့ရတယ်.. အိမ်ပြန်ရောက်တော့လဲ မနားရဘဲ ဖေဖေတို့အတွက် ညစာ ချက်ပြုတ် ပြင်ဆင်ရသေးတယ်.. ဘီစကစ်လေး မီးတူးတဲ့ကိစ္စဟာ ဘယ်သူ့ကိုမှ ထိခိုက်စေတာ မဟုတ်လို့ အဲဒီကိစ္စကို အပြစ်တင်ခြင်းအားဖြင့် သမီးမေမေရဲ့စိတ်ကို ထပ်ပြီး မပင်ပန်းစေချင်ပါဘူးကွယ်.. ပြီးတော့ ဒီဘာမဟုတ်တဲ့ ဘီစကစ်လေး မီးတူးတာကို အပြစ်တင်လိုက်ရင် သမီးမေမေလဲ စိတ်အနှောက်အယှက် ဖြစ်သွားမယ်.. ဖေဖေခုလို သဘောကျကြောင်း ပြန်ပြောလိုက်တော့ သူလဲ စိတ်မသက်မသာ မဖြစ်တော့ဘဲ အရာရာအားလုံးဟာ ပြေပြေလည်လည် ပြီးမသွားခဲ့ဖူးလား.. တစ်ယောက်ရဲ့အမှားကို အပြစ်တင်နေတာထက်စာရင် ခွင့်လွှတ်လိုက်တာက ပိုပြီး ပျော်စရာကောင်းပါတယ်..သမီးရယ် ” လို့ ပြန်ပြောပါတယ်..
အိုး.. ကောင်းလိုက်တဲ့ ဖေဖေရဲ့ စကားလေးပါဘဲနော်.. ကျွန်မတို့တွေဟာ ဘာမဟုတ်တဲ့ ကိစ္စရပ်ကလေးတွေ၊ လူတစ်ယောက်ယောက်ရဲ့ အပြစ်အသေးအမွှားတွေကို ပုံကြီးချဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ပြောဆိုနေခဲ့ကြဖူးမယ်ထင်ပါတယ်.. ဘ၀မှာ ဘယ်အရာမှ ပြည့်စုံတယ် ဆိုတာမရှိသလို၊ လူတိုင်းဟာလည်း မကင်းနိုင်တဲ့ အမှားကလေးတွေ ရှိကြမှာပါနော်….. တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်ကြမယ်ဆိုရင် မီးတူးနေတဲ့ဘီစကစ်လေးတွေဟာလည်း ကောင်းမွန် ချိုမြိန်နေတတ်သလို မိသားစုဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး တွေမှာလည်း တစ်ဦးအပြစ်ကို တစ်ဦးက ခွင့်လွှတ်လို့ တစ်ယောက်ရဲ့အမှားကလေးတွေကို တစ်ယောက်က သီးခံကြရင်း နေပျော်စရာ လူမှုဝန်းကျင်လေးတွေကို ဖန်တီးလို့ သာယာလှပတဲ့ ရေရှည်ဆက်ဆံရေးကို မျှော်ကိုးကာ မိမိချစ်သူ ခင်သူများနဲ့ ရာသက်ပန် အဆင်ပြေ ပျော်ရွှင်နိုင်ကြမှာပါနော်..
ကျွန်မလဲ မီးတူးနေတဲ့ ဘီစကစ်လေးတွေတွေ့ရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါဦးမယ်ရှင်...
Bill Rayborn ရဲ့Burned Biscuits ကို နှစ်သက်မိသဖြင့် ဘာသာပြန် မျှဝေပါသည်။
အားလုံးဘဲ သာယာပျော်ရွှင်အဆင်ပြေသော လူမှုဝန်းကျင်ကို ဖန်တီးနိုင်ကြပါစေရှင်...
ချော(အစိမ်းရောင်လွင်ပြင်)
သစ်တစ်ပင်ရဲ့ လေးရာသီ
Tuesday, May 11, 2010picture from Here
ဒီနေ့တော့ စာဖတ်သူတို့ကို ပုံပြင်လေး တစ်ပုဒ်ပြောပြချင်ပါတယ်..
တစ်ခါတုန်းက လူကြီးတစ်ယောက်မှာ သားလေးယောက် ရှိပါတယ်တဲ့.. သူက သူ့သားတွေကို ဘယ်အကြောင်း အရာ၊ ဘယ်ကိစ္စမှာဘဲ ဖြစ်ဖြစ် အချက်အလက် တစ်ခုတစ်လေကို ကြည့်ရုံ၊ သိရုံမျှနဲ့ အလျှင်စလို မဆုံးဖြတ်တတ်အောင် သင်ကြားပေးဖို့ စိတ်ကူးရပါတယ်.. ဒါနဲ့ သားတစ်ယောက်စီကို သူတို့နေတဲ့ နေရာနဲ့ အနည်းငယ် ဝေးကွာတဲ့ ဒေသမှာရှိတဲ့ သစ်တော့ပင်ကြီးကို သွားကြည့်ပြီး အခြေအနေကို ပြန်ပြောဖို့ စေလွတ်လိုက်ပါတယ်..
ပထမဆုံး သားကို ဆောင်းရာသီမှာ သစ်တော့ပင်ကြီးကို သွားကြည့်စေပြီးတော့ ဒုတိယ သားကိုတော့ နွေဦးပေါက်ရာသီမှာ စေလွတ်ပါတယ်.. တတိယ သားကိုတော့ နွေရာသီမှာ စေလွတ်ပြီးတော့ စတုတ္ထသားကိုတော့ ဆောင်းဦးပေါက်ချိန်မှာ စေလွတ်လိုက်ပါတယ်..
သူတို့တွေအားလုံး သတ်မှတ်ထားတဲ့ ရာသီချိန်ခါရောက်တဲ့ အခါ သစ်ပင်ကြီးကို အသီးသီး သွားရောက် ကြည့်ရှု လေ့လာကြပါတယ်.. လေးယောက်လုံး ကြည့်ပြီးတော့ ပြန်ရောက်လာတဲ့အခါ ဖခင်ဖြစ်သူက သားတွေကို သစ်ပင်ကြီးအကြောင်း မြင်တွေ့လာသမျှကို ပြန်လည်ရှင်းပြဖို့ ပြောလိုက်ပါတယ်..
ဒီတော့ ဆောင်းရာသီမှာ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့ သားဖြစ်သူက သစ်ပင်ကြီးဟာ အလွန်ရုပ်ဆိုးပြီး၊ သစ်ကိုင်းတွေဟာ အရွက်တစ်ရွက်တစ်လေမှ မရှိဘဲ ကွေးကောက် ခြောက်သွေ့နေကြောင်း ပြောပါတယ်.. နွေဦးပေါက်မှ သွားကြည့်ခဲ့တဲ့ ဒုတိယသားကတော့ မဟုတ်တဲ့အကြောင်း ငြင်းဆိုပြီး .. သူတွေ့ခဲ့ချိန်မှာ သစ်ပင်ကြီး တစ်ခုလုံးဟာ စိမ်းစို လှပတဲ့ ပွင့်သစ်စ ပုရစ်ဖူးနုနုလေးတွေ ဖုံးလွှမ်းနေတဲ့ ကျက်သရေ ရှိလှတဲ့ သစ်ပင်ကြီး တစ်ပင်ဖြစ်ကြောင်း ပြောပါတယ်..
ဒီလိုပြောတာကို တတိယမြောက် သားဖြစ်သူက သဘောမတူပါဘူး.. ဘာလို့ဆို သူက နွေရာသီမှာမှ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့သူ ဖြစ်တာကိုး.. သူသွားကြည့်တဲ့ အချိန်မှာတော့ သစ်ပင်ကြီးဟာ တစ်ပင်လုံး အပွင့်တွေ ပွင့်ဝေနေလို့ အလွန်ကို လှပနေပြီး ထုံရီမွှေးမြတဲ့ ပန်းရနံ့တွေက သင်းပျံ့မွှေးကြိုင်နေတဲ့ အချိန် ဖြစ်တာကြောင့် အဲဒီအကြောင်းကို သူက ရှင်းပြပါတယ်..
ဒါကိုလည်း နောက်ဆုံး သားဖြစ်သူက သဘောမတူပါဘူး.. သူသွားကြည့်ခဲ့တဲ့အချိန်ဟာ ဆောင်းဦးပေါက် ရာသီဖြစ်လေတော့ အဲဒီချိန်မှာ သစ်ပင်ကြီးဟာ အသီးတွေ ပြွတ်ခဲနေပြီးတော့ ပင်ခြေအောက်မှာလည်း သစ်သီးကြွေတွေဟာ ကောက်ယူလို့ မကုန်နိုင်အောင် ရှိနေခဲ့ပါတယ်.. ဒီအကြောင်းကို သူက အားလုံးကို ပြောပြပါတယ်..
ဒီတော့မှ ဖခင်ဖြစ်သူက သားတွေကို သူတို့အားလုံးမှန်ကြောင်းနဲ့ သူတို့သွားရောက်ခဲ့ချိန်တွေ မတူညီတဲ့အတွက် တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေဟာလည်း ကွဲပြားသွားရကြောင်း၊ ရာသီတစ်ခုစီမှာ အခြေအနေ တစ်မျိုးစီ ကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်းကို ရှင်းပြပါတယ်..
ပြီးတော့ သူ့သားတွေကို ဆက်ပြီး ပြောပြတာက သစ်ပင်တစ်ပင်ကို ဖြစ်စေ၊ လူတစ်ယောက်ကို ဖြစ်စေ၊ အခြေအနေ အချိန်အခါ တစ်ခုတည်း၊ ကြုံတွေ့လိုက်ရတဲ့ အကြောင်းအရာတစ်ခုတည်းပေါ်ကို ကြည့်ပြီး မဆုံးဖြတ်သင့်ကြောင်းနဲ့ ဆုံးဖြတ်ချက်စောပြီး ချမိတဲ့အခါ အမြင်တစ်ခုတည်း အပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်လို့ မှားတတ်ကြောင်းကို ရှင်းပြပါတယ်..
ဆောင်းရာသီမှာ မြင်တွေ့ခဲ့တဲ့ အမြင်တစ်ခုတည်းနဲ့ ဒီသစ်ပင်ဟာ အရွက်မရှိတဲ့ သစ်ပင်ရုပ်ဆိုးသာ ဖြစ်တယ်လို့ ဆုံးဖြတ်မိတဲ့အခါ နောင် နွေဦးရာသီ၊ ဆောင်းဦးရာသီ တို့တွေမှာ ကြုံတွေ့ရမဲ့ သစ်ပင်ကြီးရဲ့ စိမ်းလန်းစိုပြေတဲ့ အလှအပ၊ အပွင့်လေးတွေရဲ့ မွှေးရနံ့နဲ့ ချိုမြိန်တဲ့ သစ်သီးတို့ရဲ့ အရသာတို့ကို လွဲချော်သွားနိုင်ပါတယ်လို့ ဖခင်ဖြစ်သူက သားလေးယောက်ကို သင်ခန်းစာလေး ပေးလိုက်ပါတယ်..
ပုံပြင်လေးက ဒီမှာဆုံးပါပြီ။
----------------------------------------------------------------@@@@@-----------------------------------------------------
ဒီပုံပြင်လေးကို ဖတ်ပြီး တွေးမိတာလေးက ကျွန်မတို့တွေရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ်သိလိုက်တဲ့၊ မြင်လိုက်တဲ့ အချက်ကလေး တစ်ခုတစ်လေ မျှလောက်နဲ့ ဒီလူဟာ ဘယ်လို လူစားပါ၊ ဘယ်လို အကျင့်စရိုက် ရှိသူရယ်ပါ ဆိုပြီး ဆုံးဖြတ်ချက် မှားပြီး ချမိတတ်ခဲ့တာ ဘယ်လောက်များပါပြီလဲ.. လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သေချာ ဂဏ သိဖို့ရန်မှာ လူတစ်ယောက်ကို လတ်တလောအမြင်၊ သူ့ရဲ့ လတ်တလော အပြုအမူတို့နဲ့ မဆုံးဖြတ်ဘဲ ရေရှည် ပေါင်းသင်းဆက်ဆံကြည့်ပြီးမှ ဆုံးဖြတ်တာက အမှန်ဆုံး ဖြစ်ပါလိမ့်မယ်နော်.. တဒင်္ဂ မြင်လိုက်၊ တွေ့လိုက်တဲ့ ကိုယ့်အမြင်လေးတစ်ခု၊ ဆုံးဖြတ်ချက်လေး တစ်ခုကြောင့် ဘယ်သူ့ကိုမှ ထိခိုက် နာကျင်စေတာမျိုး မဖြစ်သင့်ကြပါဘူးလို့ ထင်ပါတယ်.. ဒါလေးကတော့ ပုံပြင်လေးကို ဖတ်မိရင်း ရလိုက်မိတဲ့ အတွေးလေးပါ… ကိုယ့်ကိုယ်ကိုယ်လဲ ပြန်သတိပေးတဲ့အနေနဲ့ရော အားလုံးလဲ ဖတ်ရအောင် ဒီပုံပြင်လေးကို ဖော်ပြပေးလိုက်ပါတယ်ရှင်..
skywriting.net မှ Four Seasons of a Tree ကို ဘာသာပြန်ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)