နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့
Tuesday, April 6, 2010
ပူပြင်းသော နွေရာသီကာလသည် မိမိ၏ အသားအရေကို အထူးတလည် စောင့်ရှောက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။ နွေနေ၏ ပြင်းထန်လှသော နေရောင်ခြည်၊ ပတ်ဝန်းကျင်မှဖုန်မှုန့်များ၊ တိုက်ခတ်သောလေ၊ ခန္ဓာကိုယ်မှ ထွက်လာသောချွေး စသည်တို့သည် အရေပြား၏ နု့ညံ့သိမ်မွေ့သော ဆဲလ်များကို ပျက်စီးစေပြီး ချွေးပေါက်များကို ပိတ်ဆို့စေပါသည်။ မကြည်မလင် ကွက်တိကွက်ကြားနှင့်၊ အဆီပြန်နေသော မိမိ အသား အရေကို ကြည့်ပြီး အခြား အချိန်ကာလတွေနှင့် မတူသည့်အတွက် အံ့သြကောင်း အံ့သြမိပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် သင်၏ အရေပြားမှ ထွက်သော သဘာဝ အဆီဓာတ်သည် ပြင်ပကို သိပ်မထွက်ဖြစ်သော်လည်း နွေရာသီတွင်တော့ လွတ်လပ်စွာ အငွေ့ပျံကုန်နိုင်ကြောင့် ဖြစ်ပါသည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်လာသော အရေးအကြောင်းများ၏ ၉၀% သည် နေရောင်ခြည်၏ ပူပြင်းမှု ဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။ အချိန်ကြာမြှင့်စွာ ပူပြင်းနေသော နေရောင်ခြည်နှင့် လှိုင်းအလျားတိုသော ခရမ်းလွန်ရောင်ခြည်တို့သည် အရေပြား၏ အနက်ရှိုင်းဆုံး နေရာအထိသို့ ထိုးဖောက် ၀င်ရောက်သွားနိုင်ပြီး အသားအရေကို ဖျက်ဆီးစေနိုင်ပါသည်.. ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားသည် ရောင်ခြယ် နည်းပါးသည့်အတွက် အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေတွန့်ခြင်းလည်း ပို၍ ဖြစ်နိုင်ချေများပါသည်။
နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီထိ နေပူထဲသို့ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ ထိုအချိန်သည် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်များဖြစ်သည်။ တတ်နိုင်သမျှ အရိပ်အတွင်းသာ နေပါ။ နေရောင်ခြည်ဒဏ်မှ ခံနိုင်မည့် အ၀တ် အစားများကိုသာ ၀တ်ဆင်ပါ။ အရောင်ရင့်သော အ၀တ်အစားများကို ရှောင်၍ အရောင်ဖျော့တော့သော အ၀တ်အစားများနှင့် ချည်ထည်များကို ရွေးချယ် ၀တ်ဆင်ပါ။ Sunscreen ကို များများ အသုံးပြုပါ။ အပြင်မထွက်ခင် ၁၅မိနစ်မှ မိနစ်၃၀အတွင်း Sunscreen ကို ကြိုတင်၍ လူးထားပါ။ မိမိအရေပြားပေါ်တွင် ချွေးထွက်လျှင် သော်လည်းကောင်း၊ ရေစိုသွားလျှင် သော်လည်းကောင်း Sunscreen ကို ပြန်လူးပါ။ Sunscreen ကို တစ်နှစ်ပတ်လုံး အပြင်ထွက်သည့် အချိန်တိုင်း အသုံးပြုပါ။ UVB ၊ UBA ၂မျိုးစလုံးမှ အကာအကွယ်ပေးနိုင်သော Sunscreen ကို ရွေးချယ် ၀ယ်ယူပါ။ အပြင်ထွက်လျှင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်ကို ၀တ်ဆင်ပါ။ SPF ပါဝင်မှု များပြားသော မိတ်ကပ်ကို ရွေးချယ်သုံးစွဲပါ။ နှုတ်ခမ်းကိုလည်း SPF ပါသော နှုတ်ခမ်းနီမျိုးသာ အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်နှင့် ရေချိုးပြီးတိုင်း Body Lotion ကို လူးပေးပါ။
နွေရာသီတွင် ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်၍ ဆုံးရှုံးသွားသော ဆားဓာတ်နှင့် ရေဓာတ်ကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည်။ အရေပြားအတွက် ရေဓာတ်လောက် အရေးတကြီး လိုအပ်သောအရာ မရှိပါ။ Moisturizer သည် နေ့စဉ် အသားအရေထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ရေဓာတ်ကို အခြေခံ၍ ဖော်စပ်ထားသော Moisturizer ကို ၀ယ်ယူအသုံးပြုပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း မျက်နှာ သန့်စင်ဆေးကြောသော အကျင့်ကို မွေးမြူပါ။ မျက်နှာပြင်ကို ရေများစွာဖြင့် အကြိမ်အရေအတွက်များစွာ ထိတွေ့ သန့်စင်ပေးပါ။ ပူလွန်းအေးလွန်းသော ရေကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ ချွေးပေါက်တွင်းမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်စေရန်အတွက် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းကို မကြာခန ပြုလုပ်ပေးပါ။ ခြောက်သွေ့သောအသားအရေ အတွက် ၅မိနစ်ခန့်၊ အဆီပြန်တတ်သော အသားအရေအတွက် ၁၀မိနစ်ခန့် အချိန်ယူပါ။ ပြီးလျှင် သန့်စင်သော အ၀တ်ဖြင့် ခြောက်သွေ့အောင် အသာအယာ သုတ်ကာ Moisturizer ကို လိမ်းပါ။
အနည်းဆုံး တစ်ပတ်တစ်ကြိမ် မျက်နှာကို အသီးအနှံများ သို့မဟုတ် အသီးအနှံဖြင့် ပြုလုပ်ထားသော ပေါင်းဆေးဖြင့်ပေါင်းတင်ပေးပါ။ မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာပြင်ပေါ်သို့ အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။ အရည်ရွှမ်းသော အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအသောက် များများစားပါ။ ငါးကြီးဆီစားပါ။ နွေရာသီတွင် အရေပြားအတွက် အရေးအကြီးဆုံး အချက်မှာ ရေများများ သောက်ပါ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ဖန်ခွက်ခန့်ထိ သောက်သုံးပေးပါ။ ပြုပြင်ထားသော အချိုရည်များထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံးသင့်ပါသည်။
အချို့သော သူများသည် မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ ခြေထောက်နှင့် လက်များအား ဂရုစိုက်ရန် မေ့လျှော့ ထားတတ်ကြပါသည်။ လက်နှင့် ခြေထောက်များကို ဂရုတစိုက် ထိန်းသိမ်းရန် မလို၊ အချိန်ကုန်သည်ဟု အထင်မှားနေတတ်ကြပါသည်။ မျက်နှာပြင် မည်မျှပင် လှပသော်လည်း ခြောက်သွေ့အက်ကွဲပြီး ညစ်ပေနေသော မသပ်မရပ် ခြေလက် အစုံနှင့်ဆိုလျှင် မိမိ ထိန်းသိမ်းစောင့်ရှောက်ထားသော မျက်နှာအလှသည်လည်း အလဟဿသာ ဖြစ်ပါလိမ့်မည်။ မိမိခြေလက်အစုံကို ၁၅မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကို ရေထဲထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း၍ စိမ်းပေးပါ။ ၄င်းသည် သွေးလှည်ပတ်မှုကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ နွေရာသီတွင် ရှူးဖိနပ်ကဲ့သို့ လေ၀င်လေထွက် မကောင်းသော ဖိနပ်များကို ရှောင်ကျဉ်သင့်ပါသည်။ ခြေညှပ် ဖိနပ်အပါးများ ခုံအနိမ့်များနှင့် လေ၀င်လေထွက် ကောင်းမွန်သော ဖိနပ်များကိုသာ ရွေးချယ် စီးသင့်ပါကြောင်း အကြုံပြုလိုက်ပါရစေ။
နွေရက်များကို ပျော်ရွှင် လန်းဆန်းစွာ ကျော်ဖြတ်နိုင်ကြပါစေရှင်......
ချော(အစိမ်းရောင်လွင်ပြင်)
Article for Hello Journal
Ref: Amazooo.com Beauty Advice
စတိုင်ကျမဲ့ ခြေလှမ်းတစ်စုံ
Thursday, March 4, 2010
မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ စတိုင်ကျနတဲ့ ခြေလှမ်းလေး လှမ်းနိုင်ဖို့ရာမှာ ၀တ်ဆင်ရာတွင် အဆင်ပြေ ချောမွေ့ပြီး အ၀တ်အစားနဲ့လည်း လိုက်ဖက်မှုရှိမဲ့ ဖိနပ်တစ်ရံဟာ အရေးပါလှပါတယ်... မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲ၊ မင်္ဂလာပွဲလို ပွဲတစ်ခုခုကို တက်တော့မယ်ဆိုရင် အ၀တ်အစား၊ လက်ဝတ်တန်ဆာ၊ မိတ်ကပ်တို့နဲ့ လှလှပပ ပြင်ဆင်ထားသော်လည်း သင့်တော် တဲ့ ဖိနပ် မဟုတ်ခဲ့ရင် ကိုယ်တိုင်က စိတ်ချမ်းသာမှာ မဟုတ်သလို အများ အမြင်မှာလည်း ဆွဲဆောင်မှု ရှိမှာ မဟုတ်ပါဘူး..
မသပ်မရပ်ခြေသည်းနဲ့ ကွဲအက်နေတဲ့ ခြေဖနှောင့်ကို ပိုင်ဆိုင်ထားခဲ့ရင်လည်း ဖိနပ်လှလှ စီးထားပေမဲ့ ဘယ်လိုမှ ကြည့်လို့အဆင်မပြေနိုင်ပါဘူး.... ဖိနပ်လှလှလေးနဲ့ သန့်ရှင်းသပ်ရပ်တဲ့ခြေအစုံက ခြေသည်းလေးတွေကို အခုခေတ်စားနေတဲ့ ဒီဇိုင်းလှလှများနဲ့ ပုံဖော်ထားခဲ့မယ်ဆိုရင် လူတွေကြားမှာ ထူးထူးခြားခြား ဆွဲဆောင်မှု ကောင်းနေတော့မှာပါ.. သို့သော် မိမိရွေးချယ်မဲ့ ဒီဇိုင်းဟာ စူးစူးရဲရဲနဲ့ ကြောင်ကြောင်ကျားကျား အရောင်ကိုတော့ ရှောင်သင့်ပါတယ်... ၀တ်ဆင်မဲ့ အ၀တ်အစားနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းလေး ဖြစ်ဖို့လဲ အရေးကြီးပါသေးတယ်..
ဆောင်းရာသီမျိုးမှာ အရမ်းအေးတဲ့ အရပ်တွေမှာ နေထိုင်တဲ့ သူတွေဟာ ခြေဆီ အထွက်နည်းပြီး ခြေဖ၀ါးနဲ့ ခြေဖနောင့်တွေ ကွဲတတ်ပါတယ်... ဒီလို ကွဲတတ်တဲ့သူများ အနေနဲ့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ကုစားပေးနိုင်တဲ့ ဆေးကတော့ အလှကုန်ဆိုင်တွေမှာ ဈေးပေါပေါနဲ့ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ (Glycerine)လို့ခေါ်တဲ့ အလှဆီရည်ဘဲ ဖြစ်ပါတယ်.. အလှဆီဟာ စေးကပ်ကပ်နိုင်လှတာကြောင့် အချို့သူတွေက လိမ်းရခက်တယ်ဆိုပြီး မကြိုက်ကြပါဘူး.. (Glycerine) အလှဆီကို ရေရောပြီး လိမ်းမယ်ဆိုရင်တော့ စေးကပ်ကပ်နိုင်မှုက နဲနဲသက်သာမှာပါ....
သို့သော်လည်း ကွဲအက်ခြောက်သွေ့နေတဲ့ ခြေတစ်စုံကို အချိန်တိုတိုနဲ့ လှလှပပ စိုစိုပြေပြေလေး ဖြစ်နိုင်ပါတယ်ဆိုရင် စေးကပ်တာလေးကို သီးခံပြီးတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် သုံးစွဲသင့် ပါတယ်လို့ အကြံပေးလိုက်ပါရစေ... အခြားသော နိုင်ငံခြားဖြစ် အသားလှဆီများ ဘယ်လောက်ကောင်းကောင်း ကျွန်မတို့ မြန်မာပြည်က ထုတ်လုပ်တဲ့ အလှဆီ လောက် မြန်မြန်ဆန်ဆန် ပျောက်အောင်တော့ ထိရောက်မှုမရှိလှဘူး ဆိုတာ သေချာပါတယ်..
အချို့သောခြေထောက်တွေဟာ ကြမ်းတမ်းတဲ့ အသားမာများ တက်နေပြီး လူရှေ့မှာ မပြရဲလောက်အောင်ကို ရုပ်ဆိုးနေတာ တွေ့ရတတ်ပါတယ်. နူးညံ့ပျော့ပြောင်းတဲ့ ခြေထောက် လေးတစ်စုံကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မိမိခြေထောက်တွေကို တစ်ပါတ် တစ်ခါလောက်တော့ ရေနွေးနွေးနဲ့ ၁၅မိနစ်ခန့် စိမ်သင့်ကြောင်း မှတ်သားဖူးပါတယ်...အချို့ကတော့ ဆေးဘက်ဝင် အပင်များနဲ့ စိမ်ကြသလို၊ အချို့ကတော့ အမွှေးနံ့သာ၊ အဆီများနဲ့ စိမ်တတ်ကြပါတယ်.. ခြေထောက်ကို ရေနွေးနွေးနဲ့ စိမ်ခြင်းအားဖြင့် ညောင်းညာမှုတွေကို သက်သာနိုင်သလို အသားအရေလဲ နူးညံ့ ချောမွေ့လာနိုင်ပါတယ်လို့ ဆိုပါတယ်... ရေနွေးစိမ်ခြင်းဟာ အလှအပတွက်သာမက ကျန်းမာရေးအတွက်ပါ ထိရောက် ကောင်းမွန်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်...
ရေနွေးစိမ်ခြင်းကို ဆိုင်မှာတင်မဟုတ်ဘဲ ကိုယ့်အိမ်တွင်လည်း အလွယ်တကူ ပြုလုပ် နိုင်ပါတယ်.. ရေခပ်နွေးနွေး ထဲကို သံလွင်ဆီ၊ အလှဆီ တစ်စက်နှစ်စက်ခန့်ထည့်၊ အမွှေး နံ့လေး တစ်ခုခု ထည့်ပြီး ခြေထောက်ကို ထည့်စိမ်ရင်း နှိပ်နှယ်ပေးပါက သင့်ခြေဖနှောင့်လေးနဲ့ ခြေဖ၀ါးလေးများဟာ ပျော့ပျောင်းလာမှာပါ... ရေနွေးစိမ်ပြီးပါက ရေစင်အောင်သုတ်ပြီး အလှဆီ၊ သို့မဟုတ် body lotion၊ သံလွင်ဆီ စသည်တစ်ခုခုကို လိမ်းပေးနိုင်ပါတယ်... သန့်ရှင်းလှပတဲ့ ခြေတစ်စုံမှာ မိမိနှစ်သက်တဲ့ ဖိနပ်လေးကို ရွေးချယ်လို့ စိတ်အနှောက် အယှက် ကင်းကင်းနဲ့ ဆင်မြန်းနိုင်ပါပြီ..
ဖိနပ်ကိုရွေးချယ်ရာမှာလည်း ကိုယ်သွားမဲ့နေရာနဲ့ လိုက်ဖက်တဲ့ ဖိနပ်မျိုးကို စဉ်းစား ရွေးချယ်ရမှာပါ... နေ့စဉ် ရုံးတက်ရုံးဆင်းစီးမဲ့ ဖိနပ်ဟာ.. ဧည့်ခံပွဲတက်မဲ့ ဖိနပ်မျိုးနဲ့တော့ မတူနိုင်ပါဘူး... မိန်းခလေး တော်တော်များများအနေနဲ့ ဒေါက်မြှင့်ဖိနပ်ကို နှစ်သက်ကြပါတယ်.. ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါ ဖိနပ်အပါးစီးပြီး လျှောက်တာနဲ့ မတူဘဲ စတိုင်ကျကျလေးနဲ့ ပိုပြီး ကြည့်လို့ကောင်းပါတယ်. မိမိကိုယ်ကိုယ်လဲ ဒီလိုဘဲ ထင်တတ်ကြပါတယ်.. ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း တစ်မျိုးဘဲ ဖြစ်ပါတယ်.. သို့သော်လည်း အရပ်ရှည် လွန်းသူ မိန်းခလေးများအနေနဲ့ သော်လည်းကောင်း၊ လမ်းများများ လျှောက်ရမဲ့ နေရာကို သွားမဲ့အခါမျိုး မှာသော်လည်းကောင်း၊ အလွန်မြှင့်တဲ့ ဖိနပ်ကို မရွေးချယ် သင့်ပါဘူး..
အချို့သောမိန်းခလေးများ ဒေါက်မြှင့်ဖိနပ်စီးပြီး လှမ်းလျှောက်ရာမှာ ကြော့ရှင်း လှပသလောက် အချို့မှာ သက်တောင့်သက်သာမဖြစ်ဘဲ စီးထားသောဖိနပ်က ၀န်ထုပ်ဝန်ပိုး တစ်ခုလိုဖြစ်ပြီး လှမ်းလျှောက်မလှတဲ့သူတွေ ရှိတတ်ကြပါတယ်. စတိုင်ကျချင်လို့ ဒေါက်ဖိနပ်စီးကာမှ စတိုင်မကျဘဲ မလှမပ မဖြစ်ရအောင် မိမိစီးမဲ့ဖိနပ်ကို စနစ်တကျ ရွေးချယ်သင့်ပါတယ်ရှင်.. အချို့ဖိနပ်တွေက အမြင်လှသော်လည်း စီးရအဆင်မပြေ ၊ သက်တောင့်သက်သာ မရှိပါဘူး... ဒါကြောင့်လဲ.. ဖိနပ်ကို ၀ယ်ယူတဲ့အခါမှာ အလျှင်စလို မရွေးချယ်ဘဲ အချိန်ပေးပြီး ရွေးချယ်ကာ သေချာစီးကြည့်ပြီး မိမိစိတ်ကြိုက်ဖြစ်ပြီဆိုမှ ၀ယ်ယူသင့်ပါတယ်.. အရောင်နဲ့ဒီဇိုင်းကိုသာ ဦးစားပေးရွေးချယ်တာမျိုးလဲ မဖြစ်သင့်ပါဘူး... စီးရအဆင်ပြေမှု ရှိမရှိ၊ လမ်းလျှောက်ရာတွင် သက်တောင့် သက်သာရှိမရှိ တို့ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်... ကိုယ်သဘောကျနှစ်သက်လို့ ၀ယ်ယူတဲ့ ဖိနပ်တစ်ရံဟာ. ကိုယ့်ကို စိတ်အနှောက် အယှက်ပေးမဲ့ အရာတော့ မဖြစ်သင့်ပါဘူးနော်... သင်ရွေးချယ်လိုက်တဲ့ ဖိနပ်တစ်ရံဟာ သင့်ရဲ့အလှကို ပိုပြီးဝင့်ထည်လာအောင်၊ စမတ်ကျကျဖြစ်အောင် ပံ့ပိုးပေးမဲ့ ချစ်စရာ ဖိနပ်တစ်ရံသာ ဖြစ်သင့်ပါတယ်...
စတိုင်ကျတဲ့ ခြေလှမ်းများနဲ့ ဘ၀ကို အဆင်ပြေ ချောမွေ့စွာ လျှောက်လှမ်း နိုင်ကြပါစေရှင်...
မေတ္တာဖြင့်
ချော (အစိမ်းရောင်လွင်ပြင်)
တောက်ပကြည်လင်တဲ့ အသားအရေ ရရှိဖို့
Saturday, February 27, 2010
တောက်ပကြည်လင်တဲ့ အသားအရေ ရရှိဖို့
စာဖတ်သူများနဲ့ သူငယ်ချင်းများ အတွက် တောက်ပ လန်းဆန်းတဲ့ အသားအရေကို ဘယ်လို ဖန်တီးကြမလဲ ဆိုတာနဲ့ပါတ်သက်ပြီး စုဆောင်းထားသမျှ လေးတွေကို အကြံပြု ဖော်ပြ ပေးလိုက်ပါတယ်… ညိုးနွမ်း ခြောက်သွေ့နေတဲ့ အသားအရေနဲ့ဆို လူတွေကြား သွာလာတဲ့ အခါ မိမိကိုယ်ကို ယုံကြည်စိတ် နည်းစေပါတယ်.. ဒီတော့ စိုပြေ လတ်ဆတ်တဲ့ အသားရေ ရရှိဖို့ အောက်က အချက်လေးတွေကို ကြိုးစားပြီး လုပ်ကြည့်ကြစေလိုပါတယ်…
၁. နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်နိုင်ရန် ကြိုးစားပါ… တစ်နေ့လျှင် နာရီဝက်ခန့် လုပ်နိုင်လျှင် ကောင်းပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်းသည် ကိုယ်ခန္ဓာအတွင်းမှ ချွေးများကို ထွက်လာစေဖြင့် အရေပြားကို သန့်ရှင်းကြည်လင် စေပါသည်။
၂. ရေများများသောက်ပါ။ တစ်နေ့ကို ရေ ဂခွက်မှာ ၁၀ခွက် သောက်သင့်ပါသည်။ ရေသည် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှား ပေးပြီး အသားအရေကို တောက်ပ လန်းဆန်း စေနိုင်ပါသည်။ ရေ တစ်ဖန်ခွက် အပြည့်ကို သောက်ရခက်လျှင် ရေခွက်ထဲသို့ သံပုရာသီး တစ်စိတ် ညှစ်ထည့်ခြင်းအားဖြင့် သောက်ရ လွယ်ကူစေနိုင်ပါသည်။
၃.သန့်ရှင်းလတ်ဆတ်သော အသီးအနှံကို များများစားပေးပါ။ ပန်းသီး၊လိမ္မော်သီး၊ တို့ကိုနေ့စဉ် စားပါ။ ပဲနို့၊ မုံလာဥနီဖျော်ရည် စသည်တို့ကို သောက်သုံးပါ။ ၄င်းတို့သည် သားအရေကို စိုပြေလှပစေဖို့ အထောက်အကူ အများကြီး ဖြစ်နိုင်ပါသည်။
၎.နွားနို့ တစ်ခွက် နေ့စဉ်သောက်သုံးပါ။
၅.အပြင်ထွက်ပြီး ပြန်လာတိုင်း မျက်နှာကို ဆပ်ပြာအပျော့စားနှင့် စင်ကြယ်အောင် ဆေးကြောပါ။ မျက်နှာသစ်ပြီးတိုင်း moisturizer လိမ်းပေးပါ။
၆. နေ့စဉ်ငါးကြီးဆီ စားပါ။
၇. အဆီများသော ငါးနှင့် ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး စသည်တို့ကို များများ စားပါ…
၈. အသီးအရွက် များများစားပါ။ နေ့စဉ် အရွက်သုပ် တစ်မျိုးမျိုးကို မပါမဖြစ် စားသုံးပေးပါ။
၉. နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။ နေပူထဲ မထွက်မဖြစ် ထွက်မည်ဆိုပါက အင်္ကျီ လက်ရှည် ၀တ်ဆင်ပါ။
၁၀. ငှက်ပျောသီး၊ သဘောင်္သီး၊ ထောပတ်သီး တစ်မျိုးမျိုးကို နွားနို့နှင့် ရောနယ်ကာ မျက်နှာပြင်ပေါ် လိမ်းခြယ်ပါ။ ၁၀မိနစ်မှ ၁၅မိနစ် အထိထားပြီး ခြောက်သွေ့သွားလျှင် ရေအေးနှင့် မျက်နှာကို ဆေးကြောပါ။ တစ်ပတ် ၂ကြိမ် ပုံမှန် ပြုလုပ်ခြင်းအားဖြင့် စိုပြေနူးညံ့ကာ တောက်ပသော မျက်နှာပြင် အလှကို ပိုင်ဆိုင်နိုင်ပါသည်။ ရှားစောင်း လက်ပတ် အနှစ်ကို မျက်နှာပြင်ပေါ် နေ့စဉ် လိမ်းကျံပြီး ရေအေးနှင့် ဆေးကြောခြင်းကို လဲ ပြုလုပ်နိုင်ပါသည်။ ညစဉ် အိပ်ရာဝင်တိုင်း မျက်နှာကို စနစ်တကျ သန့်စင်ပါ။ သင့်တော်သော Moisturizer လိမ်းပြီးမှ အိပ်ပါ။
၁၁. နေ့စဉ် အိပ်ရေး၀၀အိပ်ပါ။ အိပ်ရေးပျက်ဖန် များလျှင်လည်း အသားအရေကို ခြောက်သွေ့ပြီး မျက်ဝန်းတစ်ဝိုက် မျက်ကွင်းညိုများ ဖြစ်ပေါ် စေနိုင်ပါသည်။
၁၂. စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများကို အတတ်နိုင်ဆုံး လျှော့ချပါ။ စိုးရိမ်ပူပန်စိတ် များလွန်း လျှင်လည်း လျှင်မြန်စွာ အိုမင်းရင့်ရော်ခြင်းကို အားပေး စေပါသည်။
၁၃. ဆောင်းရာသီတွင် ရာသီဥတု အေးသောကြောင့် အသားများ ပတ်ခြင်း၊ အက်ကွဲခြင်းများ ဖြစ်တတ်ပါသည်။ ထိုအခါ ဈေးကြီးသော မည်သည့် လိုးရှင်းမှ မလိုဘဲ မြန်မာပြည်တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သော ( Glycerine ) အသားလှဆီရည်ကို ရေနှင့်ရော၍ လိမ်းပါက စိုပြေချောမွတ်သော အသားအရည်ကို အမြန်ဆုံး ပြန်လည်ရရှိနိုင်ပါသည်။
လှပကြည်လင် လန်းဆန်းသော အသားအရေပိုင်ရှင်များ ဖြစ်နိုင်ကြပါစေရှင်...
ချော (အစိမ်းရောင်လွင်ပြင်)
HELLO ဂျာနယ်အတွက် ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ.. စာဖတ်သူများကို ပြန်လည်ဝေမျှပါတယ်ရှင်..