နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့
Tuesday, April 6, 2010
ပူပြင်းသော နွေရာသီကာလသည် မိမိ၏ အသားအရေကို အထူးတလည် စောင့်ရှောက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။ နွေနေ၏ ပြင်းထန်လှသော နေရောင်ခြည်၊ ပတ်ဝန်းကျင်မှဖုန်မှုန့်များ၊ တိုက်ခတ်သောလေ၊ ခန္ဓာကိုယ်မှ ထွက်လာသောချွေး စသည်တို့သည် အရေပြား၏ နု့ညံ့သိမ်မွေ့သော ဆဲလ်များကို ပျက်စီးစေပြီး ချွေးပေါက်များကို ပိတ်ဆို့စေပါသည်။ မကြည်မလင် ကွက်တိကွက်ကြားနှင့်၊ အဆီပြန်နေသော မိမိ အသား အရေကို ကြည့်ပြီး အခြား အချိန်ကာလတွေနှင့် မတူသည့်အတွက် အံ့သြကောင်း အံ့သြမိပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် သင်၏ အရေပြားမှ ထွက်သော သဘာဝ အဆီဓာတ်သည် ပြင်ပကို သိပ်မထွက်ဖြစ်သော်လည်း နွေရာသီတွင်တော့ လွတ်လပ်စွာ အငွေ့ပျံကုန်နိုင်ကြောင့် ဖြစ်ပါသည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်လာသော အရေးအကြောင်းများ၏ ၉၀% သည် နေရောင်ခြည်၏ ပူပြင်းမှု ဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။ အချိန်ကြာမြှင့်စွာ ပူပြင်းနေသော နေရောင်ခြည်နှင့် လှိုင်းအလျားတိုသော ခရမ်းလွန်ရောင်ခြည်တို့သည် အရေပြား၏ အနက်ရှိုင်းဆုံး နေရာအထိသို့ ထိုးဖောက် ၀င်ရောက်သွားနိုင်ပြီး အသားအရေကို ဖျက်ဆီးစေနိုင်ပါသည်.. ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားသည် ရောင်ခြယ် နည်းပါးသည့်အတွက် အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေတွန့်ခြင်းလည်း ပို၍ ဖြစ်နိုင်ချေများပါသည်။
နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီထိ နေပူထဲသို့ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ ထိုအချိန်သည် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်များဖြစ်သည်။ တတ်နိုင်သမျှ အရိပ်အတွင်းသာ နေပါ။ နေရောင်ခြည်ဒဏ်မှ ခံနိုင်မည့် အ၀တ် အစားများကိုသာ ၀တ်ဆင်ပါ။ အရောင်ရင့်သော အ၀တ်အစားများကို ရှောင်၍ အရောင်ဖျော့တော့သော အ၀တ်အစားများနှင့် ချည်ထည်များကို ရွေးချယ် ၀တ်ဆင်ပါ။ Sunscreen ကို များများ အသုံးပြုပါ။ အပြင်မထွက်ခင် ၁၅မိနစ်မှ မိနစ်၃၀အတွင်း Sunscreen ကို ကြိုတင်၍ လူးထားပါ။ မိမိအရေပြားပေါ်တွင် ချွေးထွက်လျှင် သော်လည်းကောင်း၊ ရေစိုသွားလျှင် သော်လည်းကောင်း Sunscreen ကို ပြန်လူးပါ။ Sunscreen ကို တစ်နှစ်ပတ်လုံး အပြင်ထွက်သည့် အချိန်တိုင်း အသုံးပြုပါ။ UVB ၊ UBA ၂မျိုးစလုံးမှ အကာအကွယ်ပေးနိုင်သော Sunscreen ကို ရွေးချယ် ၀ယ်ယူပါ။ အပြင်ထွက်လျှင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်ကို ၀တ်ဆင်ပါ။ SPF ပါဝင်မှု များပြားသော မိတ်ကပ်ကို ရွေးချယ်သုံးစွဲပါ။ နှုတ်ခမ်းကိုလည်း SPF ပါသော နှုတ်ခမ်းနီမျိုးသာ အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်နှင့် ရေချိုးပြီးတိုင်း Body Lotion ကို လူးပေးပါ။
နွေရာသီတွင် ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်၍ ဆုံးရှုံးသွားသော ဆားဓာတ်နှင့် ရေဓာတ်ကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည်။ အရေပြားအတွက် ရေဓာတ်လောက် အရေးတကြီး လိုအပ်သောအရာ မရှိပါ။ Moisturizer သည် နေ့စဉ် အသားအရေထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ရေဓာတ်ကို အခြေခံ၍ ဖော်စပ်ထားသော Moisturizer ကို ၀ယ်ယူအသုံးပြုပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း မျက်နှာ သန့်စင်ဆေးကြောသော အကျင့်ကို မွေးမြူပါ။ မျက်နှာပြင်ကို ရေများစွာဖြင့် အကြိမ်အရေအတွက်များစွာ ထိတွေ့ သန့်စင်ပေးပါ။ ပူလွန်းအေးလွန်းသော ရေကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ ချွေးပေါက်တွင်းမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်စေရန်အတွက် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းကို မကြာခန ပြုလုပ်ပေးပါ။ ခြောက်သွေ့သောအသားအရေ အတွက် ၅မိနစ်ခန့်၊ အဆီပြန်တတ်သော အသားအရေအတွက် ၁၀မိနစ်ခန့် အချိန်ယူပါ။ ပြီးလျှင် သန့်စင်သော အ၀တ်ဖြင့် ခြောက်သွေ့အောင် အသာအယာ သုတ်ကာ Moisturizer ကို လိမ်းပါ။
အနည်းဆုံး တစ်ပတ်တစ်ကြိမ် မျက်နှာကို အသီးအနှံများ သို့မဟုတ် အသီးအနှံဖြင့် ပြုလုပ်ထားသော ပေါင်းဆေးဖြင့်ပေါင်းတင်ပေးပါ။ မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာပြင်ပေါ်သို့ အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။ အရည်ရွှမ်းသော အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအသောက် များများစားပါ။ ငါးကြီးဆီစားပါ။ နွေရာသီတွင် အရေပြားအတွက် အရေးအကြီးဆုံး အချက်မှာ ရေများများ သောက်ပါ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ဖန်ခွက်ခန့်ထိ သောက်သုံးပေးပါ။ ပြုပြင်ထားသော အချိုရည်များထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံးသင့်ပါသည်။
အချို့သော သူများသည် မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ ခြေထောက်နှင့် လက်များအား ဂရုစိုက်ရန် မေ့လျှော့ ထားတတ်ကြပါသည်။ လက်နှင့် ခြေထောက်များကို ဂရုတစိုက် ထိန်းသိမ်းရန် မလို၊ အချိန်ကုန်သည်ဟု အထင်မှားနေတတ်ကြပါသည်။ မျက်နှာပြင် မည်မျှပင် လှပသော်လည်း ခြောက်သွေ့အက်ကွဲပြီး ညစ်ပေနေသော မသပ်မရပ် ခြေလက် အစုံနှင့်ဆိုလျှင် မိမိ ထိန်းသိမ်းစောင့်ရှောက်ထားသော မျက်နှာအလှသည်လည်း အလဟဿသာ ဖြစ်ပါလိမ့်မည်။ မိမိခြေလက်အစုံကို ၁၅မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကို ရေထဲထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း၍ စိမ်းပေးပါ။ ၄င်းသည် သွေးလှည်ပတ်မှုကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ နွေရာသီတွင် ရှူးဖိနပ်ကဲ့သို့ လေ၀င်လေထွက် မကောင်းသော ဖိနပ်များကို ရှောင်ကျဉ်သင့်ပါသည်။ ခြေညှပ် ဖိနပ်အပါးများ ခုံအနိမ့်များနှင့် လေ၀င်လေထွက် ကောင်းမွန်သော ဖိနပ်များကိုသာ ရွေးချယ် စီးသင့်ပါကြောင်း အကြုံပြုလိုက်ပါရစေ။
နွေရက်များကို ပျော်ရွှင် လန်းဆန်းစွာ ကျော်ဖြတ်နိုင်ကြပါစေရှင်......
ချော(အစိမ်းရောင်လွင်ပြင်)
Article for Hello Journal
Ref: Amazooo.com Beauty Advice
19 comments:
- ကိုဇော် said...
-
ဗဟုသုတတော့ ရပါတယ်ဗျာ...
ဒါပေမဲ့...ဒီလို မိန်းမနဲ့ကတော့ မဖြစ်ဘူး..
သူ ဒါတွေ လိမ်းနေတာနဲ့ကို စိတ်က ရှည်မှာ မဟုတ်ဘူး..
ပြောရင်း အခုတောင်မှ မရှည်ဘူး...
နင်နေခဲ့ ငါသွားတော့မယ်..ဂလို ဖြစ်လာမှာပဲ။ - April 6, 2010 at 1:15 PM
- အဖြူရောင်နတ်သမီး said...
-
ဟုတ်တယ် မချောရေ...
နွေရာသီမှာတင်မဟုတ်ဘူး.၁၂လ ရာသီလုံးမှာ ကိုယ့်ရဲ့အသားအရည်ကို ထိန်းသိမ်းသင့်ပါတယ်။
ငယ်တုန်း၊နုပျိုတုန်းမှာ မသိသာပေမယ့် အသက် ၃၀ နောက်ပိုင်းမှာ မျက်နှာပေါ်က အရေးကြောင်းလေးတွေဟာ စတင်ပေါ်လာတတ်ပါပြီ။
အဲဒီအတွက် အသားအည်ကို စိုပြေစေဖို့ ရေဓာတ်ပါတဲ့ Cream၊ အရေးကြောင်းများလျှော့နည်းစေဖို့ ၊ နေရော်ချည်တိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်ပေါ်လမယ့် နေလောင်ခြင်းနှင့် ၊တင်းတိပ်များမဖြစ်ပေါ်စေရန် UV စာတန်းပါ Cream များကို နှစ်ရှည်လများ စွဲပြီးသုံးသင့်ပါတယ်။
နောက်တခုက မချောပြောသလို လက်နဲ့ခြေထောက်တွေအတွက်ကိုလည်း Cream ကိုသုံးခြင်းဖြင့် ချောမွေ့သောခြေ၊ လက်ပိုင်ရှင်လေးများဖြစ်လာကြမှာပါ၊ အခုနောက်ပိုင်းမှာတော့ ခြေ၊ လက်များအတွက်သာမန်Cream အစား ပိုးသတ်ဆေးရည်ထည့်၍ ဖော်စပ်ထားသော Had Cream တွေကို ရေမွှေးနံ့မျိုးစုံပေါင်းပြီး ဈေးကွက်အတွင်းဖြန့်ချီနေပါပြီ။ ညီမတို့လို လူတန်းစားမျိးစုံနဲ့ထိတွေ့နေရတဲ့ စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် အဲဒီပိုးသတ်ဆေးပါတဲ့ Hand Cream တွေကို သုံးခြင်းအာဖြင့် ကိုယ့်အတွက်လည်း Save ဖြစ်သလို အစားအသောက်တွေကို ကိုင်တွယ်ရမှာလည်း စားသုံးသူတွေအတွက် ယုံကြည်မှုပိုရှိနိုင်ပါတယ်..။ - April 6, 2010 at 1:22 PM
- သိင်္ဂါကျော် said...
-
အဲဒါတွေ လိမ်းရမှာ ပျင်းတယ်.. နွေရာသီမှာ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ ရုပ်ရှင်လေးကြည့်လိုက် စာအုပ်လေး ဖတ်လိုက် လုပ်နေမှပဲ..။
- April 6, 2010 at 1:54 PM
- KiKiငုင said...
-
လုပ်ရမှာ ပျင်းနေတာ နဲ့ အဲ့လောက်ကြီးကို ဂရုမစိုက်ဖြစ်ဖူး မချော ရေ ..
ြိကိုးစားလိုက်နာ ကြည့်အုံးမယ် ...
ဘယ်နှစ်ရက် ခံမလည်းတော့ မသိ ..း))
ခုလို ရေးပြပေးတာ ကျေးဇူးပါ နော် .. - April 6, 2010 at 3:54 PM
- မြစ်ကျိုးအင်း said...
-
ရေ ၁၅ ခွက်နဲ့ သခွားသီးကပ်တာတော့ လိုက်လုပ်နိင်ကြမယ်ထင်ပါတယ်။
ကျန်တာတွေအတွက် ထိုက်သင့်တဲ့ ဝင်ငွေ ရှိမှ ဖြစ်မယ်ထင်တယ်။
စာရေးသူကတော့ အလှအပ မြတ်နိုးသူ တစ်ယောက်လို့ ထင်မြင်မိပါရဲ့။
အကျိုးပြုဆောင်းပါးကောင်းလေး တစ်ပုဒ်ပါပဲ။ - April 6, 2010 at 3:56 PM
- Blackroze said...
-
မမရေ...ရေနွေးငွေ့နဲ့ပေါင်းတင်တာတော့တခါမှမလုပ်ဖူးဘူး
ရေကတော့များများသောက်ဖြစ်ပါတယ်..သခွားသီးလဲမတင်ဖြစ်ပါဘူး...
ချောရာ..လူကသာလှချင်တာ..တကယ်တမ်းတော့ဘာမှမလုပ်ဖြစ်
ပျင်းနေတာနဲ့ပြီးနေတာ..း) - April 6, 2010 at 4:38 PM
- အင်ကြင်းသန့် said...
-
အင်း...ညီမလေးကတော့ စိတ်ပါရင် ထလုပ်လိုက်...စိတ်မပါရင် မလုပ်လိုက်နဲ့...မမပြောသလိုလေး စွဲပြီးလုပ်နိုင်အောင် ကြိုးစားတော့ ကြည့်ဦးမယ်း)
- April 7, 2010 at 2:30 AM
- ဒဏ္ဍာရီ said...
-
ချောက သင်္ကြန်ရက်နဲ့ နွေနေ့တွေကို တွက်ပြီး ဒီပိုစ့်လေးနဲ့ အကြံပေးလိုက်တာပေါ့လေ။ သင်္ကြန်မှာ လည်ရင်း အသားအရည်ပျက်စီးတဲ့ သူတွေအတွက်ရော၊ အသားအရည် ထိန်းသိမ်းတဲ့ သူတွေ အတွက်ပါ တကယ်တန်ဘိုးရှိတဲ့ စာလေးပဲ။ မျှဝေပေးတာ ကျေးဇူးပါ ချောရေ..
ခင်မင်လေးစားလျှက် - April 7, 2010 at 3:01 AM
- မကေ said...
-
ဗဟုသုတ အနေနဲ့ မှတ်သားသွားပါတယ်။ လုပ်ရမှာတော့ စိတ်မရှည်ဘူး။ တော်သေးတယ် အလုပ်က အပြင်ကို သွားရတဲ့ အလုပ်မဟုတ်လို့။
- April 7, 2010 at 6:58 AM
- ကေသရီ said...
-
မချောရေ ငယ်ငယ်တော့ skin care တော်တော်လုပ်ဖြစ်တယ်။ အသက်တွေကြီးလာတော့လည်း အလှအပ ဘက်သိပ်မရောက်ဖြစ်တော့ဘူး။ အမှန်တော့ အပျင်းကြီးတာ ဟီး ဟီး။ အခု မချောစာလေးဖတ်ပြီးတော့ မှ ပြန်လုပ်ဖို့ သတိဝင်လာတယ်။
- April 7, 2010 at 9:08 AM
- ဇီဝက (ဆေး-၂) said...
-
အသားအရေအေးချင်ရင် အကောင်းဆုံးနည်းလမ်းက ရေကန်ထဲက ရွံ့ကိုယူပြီး မျက်နှာမှာ ပွတ်ထား။ သူ့ထက်အေးတာမရှိတော့ဘူး။
- April 7, 2010 at 9:59 AM
- ahphyulay said...
-
မမချောရေ ....
သနပ်ခါး သာလျင် အကောင်းဆုံး လို့ ထင်တာပဲ ၊
ငယ်ငယ် တုံးက ဖွား အေ ကြီး က အမြဲ တန်း ဘဲကြားပဲ လိမ်းပေး ခဲ့ တာ။
“ လူလေး အသားလှ တယ်ကွဲ့ ” တဲ့  ။
ဟဲဟဲ .. နောက်တာပါ။ ခုတော့ ဘယ်သူ လိမ်းချင်ပါ့  မလဲ နော်....။ - April 7, 2010 at 10:37 AM
- ချိုကျ said...
-
ကောင်းပါတယ်အစ်မ...ဗဟုသုတရပါတယ်...ချစ်ချစ်ကလေးကိုလဲပြောပြလို့ရတာပေါ့..:)
- April 7, 2010 at 1:49 PM
- shwezinu said...
-
ညီမချောရေ
ဟိုး အပေါ်ဆုံးက ကိုဇော် မန့်ထားတာ ကြေညာ ချက်တမျိုးလားလို့
ညီမရဲ့ ဆောင်းပါးလေး ကိုဖတ်သွားတယ် အခုဆိုရင် ရာသီဥတု ဆိုးဝါးလွန်းလို့ ပိုပြီး ဂရုစိုက်သင့်တယ် လို့ထင်ပါတယ်
ကျေးဇူးနော်
ရွှေစင်ဦး - April 7, 2010 at 3:46 PM
- မြသွေးနီ said...
-
ချောရေ...
Skin Care တော့စိတ်ဝင်စားတယ်။ လောလောဆည်တော့ Healthy Shop ပဲစွဲသုံးနေတယ်။ အပြင်ထွက်ရင်တော့ မျက်နှာပြောင်မှာ အလွန်ဆုံးနှုတ်ခမ်းနီလောက်တော့ ဆိုးလိုက်တယ်။ သူများတွေလှတာကို နှစ်သက်တယ်။ ကိုယ်တိုင်တော့ အချိန်ယူ မပြင်ဆင်ဖြစ်ဘူး။ ချည်ထည်တွေသက်ရတာနှစ်သက်ပေမယ့် ကိုယ့်မှာက အပူစုတ်ယူစွမ်းများတဲ့ အနက်ရောင်တွေ အ၀တ်များတော့ အခက်သား။ မျက်လုံးမကောင်းသူဆိုတော့ နေကာမျက်မှန်ကတော့ မပါမနေရဘဲ။ ထီးကတော့ မိုးတွင်းပဲကိုင်တယ်။ :) - April 8, 2010 at 4:03 AM
- သဒ္ဓါလှိုင်း said...
-
အသားအရည်အတွက်သိပ်ကိုကောင်းတဲ့နည်းလေးနော်.။ ဒါပေမဲ့သဒ္ဓါလည်းလှသာလှချင်တာလုပ်ဖို့
အရမ်းပျင်းတာပဲ။ စိတ်လိုရင်ထလုပ်လိုက်နဲ့ပျင်းတာကများနေတာပါမချောရေ..။ အဲလိုပြောတဲ့သူရှိရင်
တော့စိတ်ပါလာပြန်ရော။။။
ခင်တဲ့
သဒ္ဓါ - April 8, 2010 at 9:35 AM
- Kotunygn said...
-
Thanks so much ....... Very Good Post ........
- April 8, 2010 at 2:48 PM
- mg han said...
-
အမရေသနပ်ခါးလိမ်းဖို့ပဲများများအကြံပေးပါဗျ။ဗမာမလေးတွေကသနပ်ခါးနဲ့မလှသဗျ။မျက်နှာဗျောင်ကြီးနဲ့ဆိုဘယ်မင်းသမီးနဲ့တူတူဘယ်လောက်အဖိုးတန်တာကြီးလိမ်းလိမ်း...............sorryပဲ။
သနပ်ခါးကnational prizeလဲဖြစ်တယ်ဆိုတာသူတို့လေးတွေနားဝင်အောင်ပြောပေးပါအမရယ်။ - April 9, 2010 at 8:01 AM
- နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့ « Feeling Space said...
-
[...] [...]
- April 26, 2010 at 7:08 PM