ကျွန်မနဲ့ အချစ်ဦး
Thursday, April 8, 2010
ကျွန်မမှတ်မိသလောက် ပြန်စဉ်းစားရရင် ကျွန်မဟာ ငယ်စဉ်ကတည်းက မျက်စိနောက်စရာ ကောင်းလောက်အောင် ဆူညံအော်ဟစ်နေတတ်ပြီး စူးစမ်းလိုစိတ်များကာ စိတ်ဓာတ်လည်းပြင်းထန်တဲ့ မိန်းခလေးတစ်ယောက်ပါ.. ကျွန်မရဲ့ မေမေကတော့ ကျွန်မနဲ့ ဆန့်ကျင်စွာဘဲ အေးဆေး တည်ငြိမ်ကာ ရှေးရိုးစွဲ အစဉ်အလာ ကြီးပြီး စကားနည်းတဲ့ အိမ်ရှင်မ ကောင်းတစ်ဦး ဖြစ်ပါတယ်.။ မေမေနဲ့ ကျွန်မ သဘောထားခြင်း မတိုက်ဆိုင်တိုင်း ကျွန်မနဲ့ မေမေ့ကြားက အသက်အရွယ် ကွာဟမှုကိုအကြောင်းပြပြီး ကျွန်မက မေမေ့ကို အပြစ်တင်လေ့ရှိတတ်ပါတယ်.. မေမေက ကျွန်မကို အသက် ၃၈နှစ်မှာမှ မွေးခဲ့တာပါ်.. ကျွန်မကို မွေးတဲ့ခေတ်အနေအထားနဲ့ဆို အသက်၃၈နှစ်ဆိုတာ ကလေးမွေးဖို့ သိပ်ကို နောက်ကျနေတဲ့ အသက်အရွယ်ဖြစ်ပါတယ်.. ဒါပေမဲ့ ကျွန်မမိဘတွေရဲ့ အသက်အရွယ်နဲ့ ပါတ်သက်ပြီး ကျွန်မရဲ့ သူငယ်ချင်း အသိုင်းအ၀န်းကြားမှာ ရှက်ကိုးရှက်ကန်းဖြစ်တဲ့ ခံစားချက်မျိုးတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး… ကျွန်မကို စိတ်အနှောက်အယှက် ဖြစ်စေတာက မေမေတို့ရဲ့ စည်းကမ်းတင်းကြပ်မှုနဲ့ ရှေးရိုးဆန်လွန်း အားကြီးမှုသာ…
အမြဲတမ်း တက်ကြွလှုပ်ရှားပြီး ပြာလောင်ခတ်နေတဲ့ ကျွန်မနဲ့ အေးဆေးတည်ငြိမ်ပြီး အိနြေ္ဒကြီးတဲ့ မေမေရဲ့ကြားမှာ ပဋိပက္ခဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရမဲ့ ကိစ္စတွေသာဖြစ်ပါတယ်.. ကျွန်မရဲ့ ဆယ်ကျော်သက်အရွယ် အချိန်ကာလေတွေတုန်းက မေမေနဲ့အမြဲတမ်း အငြင်းအခုန်ဖြစ်ရတယ်.. သဘောထားတွေ ကွဲလွဲနေခဲ့တယ်.. အဲဒီချိန်တုန်းက မေမေနဲ့ ကျွန်မကြား အကြီးမားဆုံး ပြဿနာတစ်ခုက ယောက်ျားလေး ကိစ္စနဲ့ ပါတ်သက်လို့ပဲ ဖြစ်ပါတယ်.. ယောက်ျားလေးတွေနဲ့ တွဲသွားတွဲလာ လုပ်ဖို့ကို မေမေက အပြင်းအထန် ကန့်ကွက်ပါတယ်.. တော်တော်လေးလည်း ချုပ်ချယ်ခဲ့ပါတယ်.. ကျွန်မရဲ့ အသက် ၁၈နှစ်ကို ရည်းစားထားဖို့ အရမ်း ငယ်သေးတယ်လို့ အကြောင်းပြပါတယ်..
ကျွန်မက ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ သူတစ်ယောက်လည်း ဖြစ်တော့ မေမေ့အကြောင်းပြချက်ကို လက်ခံနိုင်စရာ မရှိဘူး ဖြစ်နေပါတယ်.. ဒီအသက်အရွယ်ဟာ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တယ် အမှားအမှန် ဝေဖန်ဆုံးဖြတ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ပါတယ်.. စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့ ကျွန်မအနေနဲ့ လူတစ်ယောက်ကို တကယ် မချစ်ခင်မနှစ်သက်ဘဲ အပျော် သက်သက် တွဲမှာ၊ လက်ခံမှာ မဟုတ်ဘူး ဆိုတာတော့ မေမေ နားလည်ပေးသင့်တယ် လို့ တွေးမိခဲ့ပါတယ်.. ဒီတော့ မေမေရဲ့ ရှေးရိုးစွဲ အစဉ်အလာကို မုန်းမိသလို မေမေ့ကိုလည်း ကိုယ့်သမီးအပေါ်မှာ နားလည်မပေးနိုင်ရကောင်းလားလို့ မကျေမနပ် ဖြစ်မိပါတယ်.. မေမေဟာ အသက်အရွယ်ကြီးနေပြီဖြစ်လို့ ဒီနေ့ခေတ်နဲ့ အလှမ်းကွာနေပြီး ခေတ်လူငယ်တွေကို နားလည် မပေးနိုင်တော့ဘူး၊ ခေတ်ကို မသုံးသပ်နိုင်တော့ဘူးလို့ ကျွန်မ ယူဆခဲ့တယ်။
ကျွန်မ တက္ကသိုလ် ပထမနှစ်မှာ ကျွန်မချစ်သူနဲ့စပြီး ဆုံတွေ့ခဲ့တယ်… သူက လူတော် တစ်ယောက်ပါ.. ရုပ်ရည်လဲရှိ၊ ပညာလဲတော်တယ်.. စိတ်သဘောထားလဲ မဆိုးဘူးလို့ ပြောရမယ်... သူနဲ့ ချစ်သူဘ၀ ရောက်သွားတဲ့အခါ ကျွန်မမိဘတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါတယ်.. မေမေတို့က ရည်ရည်မွန်မွန် ရှိတဲ့ သူ့ကို သဘောကျပါတယ်.. ဒါပေမဲ့ မေမေရဲ့ မျက်နှာပေါ်မှာတော့ ကျွန်မအပေါ်ထားတဲ့ စိုးရိမ်သောကလေးကို တွေ့နေရဆဲပါ.. မေမေက ကျွန်မကို ဘယ်တုန်းကများ ယုံကြည်စိတ် ထားခဲ့လို့လဲလေ.. ကျွန်မချစ်သူနဲ့ ကျွန်မဟာ တကယ်လဲ နှစ်နှစ်ကာကာ ချစ်ခင်မြတ်နိုးကြပါတယ်.. တစ်ယောက်နဲ့တစ်ယောက်လဲ ကြင်ကြင်နာနာ ရှိခဲ့ကြပါတယ်.. ဒီလိုနဲ့ ချစ်သူသက်တမ်း တစ်နှစ်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ကျော်ဖြတ် လာပြီးတဲ့နောက်မှာတော့ မမျှော်လင့်တဲ့ အကြောင်းတွေကြောင့် ကျွန်မချစ်သူနဲ့ ရုတ်တရက် လမ်းခွဲလိုက်ရပါတယ် သူဟာ ကျွန်မရဲ့ပထမဦးဆုံး ရည်းစားဦးလဲဖြစ်တယ်.. ကျွန်မကိုယ်တိုင်က နှစ်နှစ်ကာကာ ချစ်ခင်စုံမက်ခဲ့ရသူလဲ ဖြစ်တဲ့အတွက် သူနဲ့လမ်းခွဲချိန်မှာ ကျွန်မအသည်းနှလုံးတစ်ခုလုံး မွမွကြေသွားသလို ခံစားရပါတယ်.. ဘ၀ရဲ့ မျှော်လင့်ချက်တွေ ၊ရည်မှန်းချက်တွေ အားလုံး ပျက်စီးကုန်တယ်ပါတယ်.. ကိုယ့်ကိုယ်ကို ရင့်ကျက်ပြီ၊ အရာရာကို သိနားလည်ပြီလို့ ထင်ခဲ့တဲ့ ကျွန်မဟာ ချက်ခြင်းဘဲ ဘာမှ မသိ၊နားမလည်တဲ့သူတစ်ယောက်လို ဖြစ်သွားခဲ့ရပါတယ်။
ကျွန်မချစ်သူနဲ့ လမ်းခွဲပြီးချင်းချင်းမှာဘဲ ကျွန်မဟာ မေ့မေဆီကို ပြေးသွားပြီး သူ့ပုခုံးပေါ်မှာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုချမိပါတယ်.. အဲဒီချိန်မှာ မေမေဟာ ကျွန်မကို အပြစ်တင်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းဘာတစ်ခုမှ မလုပ်သလို ငါမပြောဘူးလား အစက ဒီလိုဖြစ်လာမယ်ဆိုတာ စတဲ့ စကားတွေလည်း ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး.. ကျွန်မရဲ့ လက်ကလေးကို အသာအယာ ဆုပ်ကိုင်ပြီး ငယ်ငယ်က မေမေ နမ်းနေကျ ပုံစံအတိုင်း ကျွန်မရဲ့နဖူးလေးကို ဖွဖွလေးနမ်းပါတယ်.. ကျွန်မ အရှက်ရအောင်၊ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်တဲ့စိတ်တွေ ၀င်လာအောင် မေမေက ဘာတစ်ခွန်းမှ အပြစ်တင်စကား၊ ဆုံးမစကား မပြောခဲ့ပါဘူး.. ကျွန်မပြောသမျှကို တိတ်တိတ်ဆိတ်ဆိတ်ဘဲ ကျွန်မကို ကြည့်ပြီး အလေးအနက် နားထောင်နေပါတယ် မေမေရဲ့ မျက်ဝန်းမှာလည်း လောလောလတ်လတ် အသည်းကွဲနေတဲ့ ကျွန်မနဲ့ထပ်တူ မျက်ရည်တွေ ကျနေခဲ့ပါတယ်။
စကားတွေလဲ ပြောပြီးလို့ ငိုလို့ အားရပြီးတဲ့နောက် မေမေ့ကို ရင်ဖွင့်လိုက်ရတဲ့အတွက် ကျွန်မစိတ်လဲ အတော်အတန် ပေါ့ပါးသွားပါပြီ.. ဒါပေမဲ့ ကျွန်မရင်ထဲမှာတော့ နားမလည်နိုင်ခြင်းများစွာ ဖြစ်နေခဲ့ပါတယ်.. စိတ်တွေလဲ ရှုပ်ထွေးနေခဲ့တယ်.. ဘာလို့များ ဒီအဖြစ်အပျက်တွေဟာ ကျွန်မကိုမှ လာပြီးဖြစ်တာလဲ.. ဒီလောက်ချစ်ခဲ့တဲ့ ချစ်သူရဲ့ အပြစ်မြင် စွန့်ခွာခြင်းကို ဘာကြောင့်များ ကျွန်မရရှိတာလဲ.. ကျွန်မရင်ထဲမှာ ဒေါသတွေလဲ ထွက်နေခဲ့ပါတယ်.. မေမေ့ကိုလဲ ဒီအကြောင်းကို ဖွင့်ပြောမိတယ်.. ဒေါသတကြီး ပြောနေတဲ့လေသံကို ကျွန်မကိုယ်တိုင်တောင် အံ့အားသင့်မိတယ်.. ကျွန်မဟာ သူငယ်နှပ်စားမဟုတ်သလို မလှမပနဲ့ အသိဥာဏ် မရှိတဲ့သူလည်း မဟုတ်ပါဘူး.. ဒါနဲ့တောင် ကျွန်မချစ်သူက ဘာကြောင့်များ လမ်းခွဲရတာလဲ.. ကျွန်မတို့ဟာ ဘာကြောင့်များ အဆင်မပြေဖြစ်ရတာလဲ .. ကျွန်မ တော်တော်လေးကို ခံပြင်းမိပါတယ်… ၀မ်းလည်းနည်းတယ် ယူကျုံးမရလည်း ဖြစ်မိပါတယ်.. ဘ၀မှာ ဆက်ပြီး နေချင်စိတ် မရှိတော့သလိုကို ခံစားရပါတယ်။
ကျွန်မမေမေဟာ ဘယ်တော့မှ ဖွင့်မပြောခဲ့တဲ့ ပွင့်လင်းမှုမျိုးနဲ့ ကျွန်မကို ငြင်ငြင်သာသာ ရှင်းပြပါတယ်. မေမေဟာ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး.. အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ စည်းကမ်းတင်းကြပ်သူမို့ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ မေမေရဲ့ငယ်ဘ၀ဟာ ဘယ်လိုများ နေပါလိမ့်လို့ သိပ်ကို သိချင်စိတ် ပြင်းထန်ခဲ့ဖူးပါတယ်..ဒါပေမဲ့ မေမေ့ကို ဘယ်တုန်းကမှ မမေးရဲခဲ့ပါဘူး… အခုတော့ မေမေဟာ သူ့ငယ်ဘ၀အကြောင်းကို ပြောပြနေခဲ့ပါပြီ.. သူရဲ့ ပထမဆုံး အချစ်ဦးနဲ့ ကွဲခဲ့ရတဲ့အချိန်မှာ ဘယ်လောက်တောင် ခံစားရခဲ့ရတာတွေ ဘ၀ကြီးတစ်ခုလုံး ပျက်စီးသွားတော့မတတ် ခံစားခဲ့ဖူးတဲ့အကြောင်းနဲ့ အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့အကြောင်းတွေ၊ အချိန်တစ်ခု ကုန်ဆုံးသွားတဲ့ချိန်မှာတော့ ဘယ်လိုခံစားချက်သာ ရှိတော့တယ်ဆိုတာတွေ ပြောပြပါတော့တယ်။
မေမေဟာ သူ့ရည်းစားဦးကြောင့် အသည်းကွဲတဲ့အချိန်မှာ နှစ်ပတ်တိတိ မရပ်မနား ငိုကြွေးနေခဲ့ပါတယ်တဲ့.. အဲဒီချိန်မှာ လောကကြီးဟာ သူ့အတွက် ဘာမှ မျှော်လင့်ချက်မရှိတော့သလို၊ ဘ၀ကြီးတစ်ခုလုံးဟာလည်း အဓိပ္ပါယ် မရှိတော့သလို ခံစားခဲ့ရကြောင်းနဲ့ အချိန်အတိုင်းအတာ တစ်ခုကို ကျော်ဖြတ်ပြီးသွားချိန်မှာတော့ နာကျင်ခံစားခဲ့ရတာတွေဟာ တစ်ဖြေးဖြေး ပျောက်ကွယ်သွားရပြီးတဲ့နောက် မှတ်ဥာဏ်ထဲမှာ အဲဒီအသည်းကွဲတဲ့ ဒဏ်ရာဟာ ခပ်မှိန်မှိန်လေးသာ ကျန်ရစ်ခဲ့တော့ကြောင်း ပြောပြပါတယ်.. ပြီးတော့လဲ ကျွန်မကိုပြောတာက တစ်ချိန်ချိန်မှာ ကျွန်မဟာ နောက်ထပ် ချစ်ရမဲ့သူ တစ်ယောက်ယောက်နဲ့တွေ့ပြီး လက်ထပ်ပြီးတဲ့အချိန်မှာ အခုအသည်းကွဲတဲ့ အဖြစ်ကို ပြန်တွေးလိုက်တဲ့ချိန်မှာတော့ ပြုံးစရာလေးတစ်ခုအဖြစ်နဲ့သာ ကျန်ရစ်တော့မှာ သေချာပါတယ်လို့ ပြောပါတယ်။
မေမေရဲ့ စကားတွေကိုကြားမိတော့ ကျွန်မ စိတ်သက်သာရာ ရလာသလို အံ့သြတကြီးလဲ ဖြစ်ရပါတယ်.. ကျွန်မ အကြီးအကျယ်အံ့သြမိတာက တစ်ခြားမဟုတ်ပါဘူး.. မေမေ့ရဲ့အချစ်ဦးဟာ ကျွန်မရဲ့ဖေဖေ မဟုတ်ခဲ့တာကိုပါ… လူတော်တော်များများဟာ ချစ်တိုင်းလည်း ညားကြတာ မဟုတ်သလို၊ အချစ်ဦးတိုင်းနဲ့လည်း ပေါင်းခွင့်ရချင်မှ ရတာဖြစ်ကြောင်း မေမေက သူ့ကိုယ်သူ နမူနာပြပြီး ကျွန်မကို ရှင်းပြပါတယ်.. မေမေဟာ ခုချိန်မှာ ကျွန်မရဲ့ မိခင်တစ်ဦးအဖြစ်သာမက ကျွန်မလို အဖြစ်မျိုးကို ကြုံခဲ့တဲ့ ဘ၀တူ မိန်းမသားတစ်ဦး ဖြစ်နေတာကိုပါ သိခွင့်ရလိုက်တော့ အံ့သြမိတဲ့စိတ်နဲ့အတူ မေမေ့အပေါ်မှာလည်း ပိုပြီး ရင်းနှီး တွယ်တာစိတ် ဖြစ်လာတယ်.. ပြီးတော့လည်း ကျွန်မရဲ့ အသည်းကွဲဒဏ်ရာကလည်း သက်သာရာ ရလာသလို ခံစားမိရပါတယ်.. သူ့အကြောင်းတွေကို ဘယ်တုန်းကမှ မပြောပြခဲ့တဲ့ မေမေဟာ ခုချိန်မှာတော့ မေမေရဲ့အချစ်ဦးအကြောင်းတွေကို ကျွန်မကို မကွယ်မ၀ှက်ပြောနေတဲ့ အတွက် မေမေ့ အပေါ်မှာ ကျွန်မရဲ့ ခံစားချက်က မိခင်တစ်ဦး အဖြစ်သာမက အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် အဖြစ်ပါ စိတ်ထဲမှာ လက်ခံ သဘောထားလာမိပါတော့တယ်.။
ဒီအဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာတော့ ကျွန်မဘ၀မှာ ဘယ်လိုဘဲ အခက်အခဲကြုံလာ၊ ဘယ်လောက်ပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်တွေ့လာပါစေ မေမေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မေမေ့ဆီက အကြံဥာဏ်တွေ၊ စကားတွေ ခွန်အားတွေနဲ့ အတူ ကျွန်မရဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်.. သူငယ်ချင်း အပေါင်းအသင်းကိစ္စ၊ အလုပ်အကိုင်၊ ကျွန်မရဲ့ ရည်းစား ကိစ္စ၊ စတဲ့ ကိစ္စအားလုံးကို မေမေ့ကို ကျွန်မက မချွင်းမချန် ပြောပြလေ့ရှိပါတယ်.. နောက်ထပ်လည်း အသည်းကွဲတဲ့ ဖြစ်ရပ်တွေ ကျွန်မဘ၀မှာ ထပ်ပြီး ကြုံတွေ့လာရပါတယ်.. ဒါပေမဲ့ မထမဆုံး အသည်းကွဲတုန်းကလို အသည်းအသန် ခံစားချက်မျိုး မဖြစ်တော့ပါဘူး.. ဒါကြောင့်လည်း လူတွေဟာ အချစ်ဦးကြောင့် ခံစားရတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူးလို့ ခိုင်းနှိုင်းကြတာဘဲ ဖြစ်ပါလိမ့်မယ်.. ဟုတ်ပါလိမ့်မယ်လေ .. အချစ်ဦးဆိုတာ အချစ်နဲ့ ပတ်သက်တဲ့ ဘ၀ရဲ့ ပထမဆုံး အတွေ့အကြုံလဲဖြစ်တာကိုး။
ကျွန်မက ဘယ်လိုကိစ္စမျိုးမဆို မေမေ့ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တယ်။ အသိပေးတယ်.. မေမေ့ဆီက အကြံဥာဏ်တွေရယူလေ့ရှိတယ်.. ကျွန်မနဲ့ မေမေရဲ့ ဆက်ဆံရေးက သားအမိဆက်ဆံရေးထက် အရင်းနှီးဆုံး သူငယ်ချင်း ၂ယောက်ရဲ့ ဆက်ဆံရေးမျိုးနဲ့ ဥပမာပေးတာက ပိုပြီး နီးစပ်ပါလိမ့်မယ်.. အဲဒီလို မေမေနဲ့ နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ပြောဆိုတိုင်ပင်ရတာကိုလည်း ကျွန်မက သဘောကျတယ်.. ကျွန်မရဲ့ သူငယ်ချင်းတွေကတောင် မေမေနဲ့ ကျွန်မတို့ ၂ယောက်ရဲ့ ဆက်ဆံရေးမျိုးကို အားကျကြတဲ့အကြောင်း မကြာခန မှတ်ချက်ပေးရလောက်အောင် ကျွန်မနဲ့မေမေဟာ စေးကပ်ရင်းနှီးခဲ့ကြပါတယ်.. ဒါကိုလည်း ကျွန်မနဲ့ မေမေက ဂုဏ်ယူကြပါတယ်။
နှစ်အတန်ကြာလို့ ကျွန်မခင်ပွန်းလောင်းဖြစ်လာမဲ့သူနဲ့ စပြီးဆုံတွေ့တော့ ပထမဆုံး ကျွန်မလုပ်တဲ့ အလုပ်က အဝေးက မေမေ့ဆီက ဖုန်းခေါ် မိတာပါဘဲ… ဖုန်းခေါ်ပြီးတော့ ကျွန်မခင်ပွန်းလောင်းဖြစ်တဲ့ သူ့အကြောင်းတွေ ပြောပြပါတော့တယ်.. သူ့အကြောင်းတွေပြောပြနေတဲ့အခါ တစ်ဘက်ကနေ မေမေက ကျွန်မစကားသံကို တိတ်ဆိတ်စွာ နားထောင်နေရင်း စကား ဆုံးခါနီးတော့ ကျွန်မကို စကားလေး တစ်ခွန်း လှမ်းမေးပါတယ်.. “ သမီး… သမီးရဲ့ ပထမဦးဆုံး ရည်းစားဦးကြောင့် အသည်းကွဲခဲ့တာကို မှတ်မိသေးလား” တဲ့.. ကျွန်မလဲ မေမေရဲ့ အမေးကို ခပ်ဖွဖွရယ်သံလေးနဲ့ “ မှတ်မိတယ်မေမေ.. ဘာဖြစ်လို့မေးတာလဲ ” လို့ ပြန်မေးလိုက်တော့ မေမေရဲ့ ပြန်ပြောသံလေးမှာ ကျွန်မအပေါ် ကြင်နာသနားမှုနဲ့ နားလည်စာနာမှု အပြည့်ပါတဲ့ လေသံလေးဖြစ်ကြောင်းကို ကျွန်မရင်ထဲက ခံစားလိုက်မိပါတယ်.. မေမေက အဲဒီချိန်မှာ ကျွန်မကို ပြန်ပြောတဲ့စကားလေးတစ်ခွန်းက “သမီး အခု အဲဒီအကြောင်း ပြန်စဉ်းစားမိတော့ ပြုံးနေတယ်မဟုတ်လား ” တဲ့။
ကျွန်မနားလည်လိုက်ပါတယ်.. မေမေဘာကြောင့် ဒီချိန်မှာ ဒီလိုမေးခွန်းလေးကို မေးလိုက်တယ်ဆိုတာကိုပေါ့.. ကျွန်မ ပထမဆုံး ရည်းစားဦးနဲ့ ကွဲတဲ့အချိန်တုန်းက ကျွန်မဘ၀ကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားခဲ့တယ်၊ မျှော်လင့်ချက်ဟူသမျှ ဆိပ်သုဉ်းသွား ခဲ့တယ်၊ ဒီအသည်းကွဲတဲ့ ခံစားချက်ကြီးကဘဲ ဘ၀တစ်ခုလုံးအတွက် အရေးအကြီးဆုံး ဖြစ်ခဲ့တယ်လို့ ထင်ခဲ့မိတယ်လေ.. အသက်ဆက်ရှင်သန်ဖို့တောင် အင်အားမရှိတော့သလို ခံစားခဲ့ရတယ် မဟုတ်လား.. ဒါပေမဲ့ အချိန်ကာလလေး တစ်ခု ကြာသွားတဲ့အခါမှာတော့ အသည်းကွဲတုန်းက ခံစားခဲ့ဖူးတဲ့ ဒီခံစားချက်တွေဟာ အခုပြန်တွေးလိုက်ချိန်မှာတော့ ပြုံးစရာလေးတစ်ခုသာ ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလား။
-----------------------------------------------------------------------------------------------------------------
ဒီဝတ္ထုလေးကတော့ လက်ရှိအချိန်မှာ အသည်းကွဲနေတာကို ဘ၀တစ်ခုလုံး ပျက်စီးမတတ် ခံစားနေရပါတယ်.. မျှော်လင့်ချက်မှန်သမျှ၊ ရည်မှန်းချက်မှန်သမျှ ပျက်စီးကုန်ပါပြီ.. လို့ ဆိုလာကြတဲ့ လူငယ်လေးများအတွက် ရည်ရွယ်ပြီး ဘာသာပြန်ဖြစ်ပါတယ်.. အချိန်ကာလလေးတစ်ခုကို ကျော်လွန်ပြီးသွားတဲ့ချိန်မှာ ခံစားခဲ့ရဖူးတဲ့ ပြင်းထန်တဲ့ အသည်းကွဲ ဝေဒနာတွေဟာ ရယ်စရာ ပြုံးစရာလေးတွေ ဖြစ်သွားတတ်ပါကြောင်းကို ဒီ ၀တ္ထုတိုလေးနဲ့ ညွှန်းဆိုလိုက်ပါတယ်... အားလုံးပဲ အသည်းကွဲတဲ့ ဝေဒနာမှ သက်သာရာ ရကြပါစေရှင်…
Chicken Soup for Every Mom's Soul မှ Sophia Valles Bligh ရဲ့ First Love ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
33 comments:
- အဖြူရောင်နတ်သမီး said...
-
အာ...မချောကတော့လုပ်တော့မယ်...
သိပါဘူး...မချောအကြောင်းမှတ်လို့ ဖတ်လာတာ...အောက်ရောက်တော့မှာ ဘာသာပြန်တဲ့...းး(((
နတ်သမီးရဲ့မေမေက နတ်သမီးကို (၃၈)နှစ်မှာကိုယ်ဝန်“စ”ဆောင်တာလေ...
------------------------------------------------------------------------------
ရွှင်လန်းချမ်းမြေ့ပါစေ...မချောရေ...
အစဉ်အားပေးလျှက်.... - April 8, 2010 at 10:31 AM
- ဒဏ္ဍာရီ said...
-
မှန်တယ် ချောရေ... မနွယ်တို့ အထက်တန်းကျောင်းသူ ဘဝက အဖြစ်တွေဟာ တက္ကသိုလ်ရောက်တဲ့ အချိန်မှာ ရီစရာတွေ ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်က အဖြစ်တွေက အခုလို အချိန်မှာလည်း ဒီလိုပဲ ပြန်ခံစားမိတယ်။ ရင့်ကျက်လာတဲ့ အချိန်မှာ ငယ်ငယ်က အဖြစ်အပျက်တွေကို အားနည်းမှုတခုအနေနဲ့ ပြန်မြင်ယောက်တဲ့ သဘောပေါ့။
ဘာသာပြန်ထားတဲ့ ပိုစ့်လေး ဖတ်လို့ကောင်းသလို ပေးထားတဲ့ ရသလေးက အဖိုးတန်ပါတယ်။
ခင်မင်လေးစားလျှက် - April 8, 2010 at 10:36 AM
- ကိုဇော် said...
-
သြော်.. . .ဒါကြောင့် မချော တစ်ယောက် အခု တလော ပျောက်နေတာကိုး. . .
အခုတော့ အဆင်ပြေသွားပြီလား. . .
အနာရော သေချာ ကျက်သွားရဲ့လား. . ဒဏ်ရာ ဆိုတာ အကင်းမသေရင် ပိုဆိုးတတ်တယ်နော်။
အဆင်ပြေ ပျော်ရွှင်ပါစေ
ကိုဇော် - April 8, 2010 at 10:41 AM
- စီစီဇော်ထိပ် said...
-
ဒီပို့စ်လေးဖတ်ပြီးပြုံးမိပါတယ်။
ဟုတ်တယ် အချိန်တွေကို ကျော်ဖြတ်ပြီးရင် အရူးထခဲ့တာတွေအတွက်
ရယ်စရာတွေဖြစ်သွားမှာပါ။ အင်း...ဒဏ်ရာကိုတော့ အကင်းသေတဲ့အထိကုဖို့လိုမှာပေါ့နော်။
အကင်းမသေရင် အနာဟောင်းက အညှော်မိလို့ပြန်ထရင်တော့ပိုပြီး အခံရခက်မယ်ထင်တယ်။
အညှော်မမိအောင် မောရိယမန်းဆေးဆောင်ရမယ်နော်...။:)
မချောပို့စ်လေးတွေအမြဲဖတ်ဖြစ်ပါတယ်။ လေးစားပါတယ် မချောရေ...။
ကျေးဇူးပါ....။
a
ra - April 8, 2010 at 11:24 AM
- အကြမ်းထည် said...
-
အော်..ဒီလိုလား..:P !!
ဖတ်မှတ်သွားပါတယ်
have a good one!!
with resp; - April 8, 2010 at 12:02 PM
- ညရဲ့ကောင်းကင် said...
-
မသိပါဘူးဗျာ ... မချောအကြောင်းလားလို့ ... အဟီး ...
ဟုတ်ပါတယ် အချစ်ဦးနဲ့ ဘယ်တော့မှ မဆုံဆည်းကြဖူးဆိုတာ အမှန်ပဲ ...
ဘာလို့လဲဆိုတော့ ပထမဆုံးဖြစ်တဲ့ အချစ်က ချစ်ဖို့ပဲ သိတာ ...
နားလည်မှုတွေ မပေးနိုင်ဘူး ... ယုံကြည်မှုကို မတည်ဆောက်နိုင်ဘူး ...
ပိုဆိုးတာက ချစ်လို့ ဖြစ်လာတဲ့ သ၀န်တိုမှု၊ သီးမခံနိုင်မှု၊ အချစ်ရဲ့ ဘေးထွက်ဆိုးကြိုးကို ဦးနှောက်နဲ့ မစဉ်းစားချင်သေးတဲ့ အတွက် ခုလိုမျိုးဖြစ်ကြတာပါ။ စိတ်ကစားမှုတွေလည်း ပါတာပေါ့ဗျာ ...
အဟီး ... လျှာရှည်သွားဧ။် ..း)
မတည်မြဲဘူးဆိုတာ မှန်ပါတယ် ... - April 8, 2010 at 12:02 PM
- ကေသရီ said...
-
ညီမတော့ ဒီပိုစ့်လေးကို သိပ်သဘောကျတာပဲ။ အသည်းကွဲပြီး ရူးမတတ်ဖြစ်ခဲ့တဲ့သူတွေကိုတွေ့ခဲ့ဖူးတယ်လေ။ အချစ်ဆုံးသူငယ်ချင်းတွေထဲမှာတောင်ရှိပါတယ်။ ဒီလို အချိန်မျိုးမှာ ဖေးမကူညီပေးမယ့်သူ(မိဘ သို့ သူငယ်ချင်း)က တော်တော်အရေးကြီးတယ်။ ကြာသွားတော့လည်း ပြုံးစရာလေးတွေဖြစ်သွားတာပေါ့။
- April 8, 2010 at 12:24 PM
- အောင်မော် said...
-
၇င်ထဲကိုထိသွားတယ်..တကယ်
- April 8, 2010 at 1:18 PM
- အင်ကြင်းသန့် said...
-
အင်း...ဟုတ်ပါတယ်...ဘယ်လို ဆိုးရွားတဲ့ ခံစားချက်မျိုးပဲ ဖြစ်ပါစေ... အချိန်က အကောင်းဆုံးသမားတော်ပါပဲ...အချိန်တန်တော့လည်း ရီစရာ၊ ပြုံးစရာလေးတွေဖြစ်သွားတာပေါ့လေ...ဒါပေမယ့် ခံစားမှုပြင်းထန်နေတဲ့ ကြားကာလမှာတော့ ကမ္ဘာပျက်သလို ဖြစ်တတ်ကြပါတယ်...
(သူ့အကြောင်းများလို့ အထင်တကြီးနဲ့ လာဖတ်ပါတယ် ဘာသာပြန်ကြီးကိုး...အထင်ကြီးလိုက်မိတာကိုက ငါ့အမှားပါ :D ) - April 8, 2010 at 1:51 PM
- sosegado said...
-
အမေနှင့် သမီးတွေရဲ့ နီးစပ်နားလည်မူ့ဟာ ဘယ်လူမျိုးမှာမဆို သူတယ်လို့၊ ဒီပို့စ်လေးဖတ်ပြီးထင်လိုက်မိတယ်၊
အစက ဘာသာပြန်လို့တောင်မထင်မိဘူး၊ …နီးစပ်လွန်းလို့ - April 8, 2010 at 2:01 PM
- Kotunygn said...
-
Eeee .......... I don't have very First lover till now. How can I get that feeling?
But, Very Good to read it. Good Luck ! Have a Sweet Time. Take Care ...... - April 8, 2010 at 2:38 PM
- မြစ်ကျိုးအင်း said...
-
နောင်တချိန်မှာ ပြုံးစရာဖြစ်တာကို လက်ခံပေမယ့် ရူးခဲ့တာတွေကိုတော့
နောင်တမရနိင်ဘူး။ လက်ရှိအချိန်တိုင်းအတွက် ကြုံလာတဲ့ အဖြစ်အပျက်အပေါ်
လူသားတစ်ယောက်လို တုန့်ပြန် ခဲ့တာကြောင့်ပါပဲ။ ဒါပေမယ့် ဒါတွေဟာ နောင်တချိန်မှာ ပြုံးစရာ ဖြစ်လာမယ်ဆိုတဲ့ အသိလေးပေးတဲ့ ဒီပို့စ်ကိုတော့ သဘောကျတယ်။ အသဲကွဲတဲ့သူရှိရင် နင့်နင့်သီးသီး မခံစားစေဖို့ သတိပေးထားသလိုပါပဲ။ - April 8, 2010 at 2:50 PM
- ဆောင်းနှင်းရွက် said...
-
ဖတ်လို့ ကောင်းတယ် ...
သြော် ..
အချစ် .. အချစ် .. !!! - April 8, 2010 at 3:10 PM
- သိင်္ဂါကျော် said...
-
ထောက်ခံတယ်.. ထောက်ခံတယ်.. အသည်းကွဲတုန်းကတော့ တော်တော် ခံစားလိုက်ကြတာပဲ.. နောက်တော့လည်း ပြီးသွားပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတာပါပဲလေ..
(ကိုယ်တွေ့ မဟုတ်ဘူးနော်.. အနီးအနားမှာ တွေ့နေမြင်နေရလို့ ပြောတာပါ) - April 8, 2010 at 4:12 PM
- Blackroze said...
-
အမရာ..နောင်တချိန်မှာပြုံးနိုင်ပေမဲ့
လောလောလတ်လတ်မှာတော့တော်တော်ခံစား၇တာနော်..
နောက်တော့လဲအမရာ...အမပြောသလိုဘဲ
ပြီးသွားတာပါဘဲလေ..အချိန်ဆိုတာကြီးကကုစားသွားတာပါဘဲလေ.. - April 8, 2010 at 6:51 PM
- ကိုကိုမောင် said...
-
မချောရေ...
ချစ်သူ့သင်ခန်းစာလေးတွေပေါ့။ အတိတ်က ကြေကွဲခဲ့တာတွေတာ အခုအချိန်မှာ ပြုံးရွှင်ဖွယ်ဖြစ်နိုင်သလို၊ အခုအချိန်ကြေကွဲနေတာဟာလဲ နောင်တစ်ချိန်ကျရင်တော့ ပြုံးစရာ ဖြစ်လာနိုင်ပါတယ်။ တစ်ချို့တစ်လေတော့ ချွတ်ယွင်းချက်ပေါ့လေ။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုသလိုမျိုးပေါ့။ အမာရွတ်မြင်တိုင်း ကေ၀ဋ်ကို သတိရနေတတ်ကြတယ်။ အဲဒီလိုအမှတ်အတေးကြီးတဲ့ ကြေကွဲမှုမျိုးက အားလုံးလွတ်ကင်းနိုင်ရင်တော့ အကောင်းသား။
.. - April 8, 2010 at 7:40 PM
- လင်းကြယ်ဖြူ said...
-
ွှTime is the big healer ပါပဲ နောက်ဆုံးကျတော့လည်း နော....း)
ပညာပေး..အသိတရားပေးလေးမို့ ..သဘောကျတယ်....
ပျော်ပါစေ အစ်မရေ..
*.*.* - April 8, 2010 at 8:59 PM
- ဘကျောက် said...
-
ဘာသာပြန်တော့...good ရှယ်ပဲ မယ်ချောတို့ကတော့
- April 8, 2010 at 10:40 PM
- Sint said...
-
Nice!
- April 9, 2010 at 4:35 AM
- သဒ္ဓါလှိုင်း said...
-
ဟုတ်ပါ့မချောရေ..
မချောအကြောင်းလားလို့ဖတ်လိုက်တာ...အင်ကြင်းပြောသလိုပဲ.. (မှားပါတယ်နော်...)
ကောင်းလိုက်တဲ့ပိုစ့်လေးပါ. အချိန်တချိန်ကိုကျော်ဖြတ်ပြီးသွားရင်အကောင်းဆုံးအခြေအနေ
တခုကိုရောက်သွားမှာပါ။
ခင်တဲ့
သဒ္ဓါ - April 9, 2010 at 4:41 AM
- ကိုကြည်သာ said...
-
ဘ၀ဆိုတာဒီလိုပါပဲ........
လူဆိုတာကလည်းကိုယ့်အဖြစ်သာအကြောင်းအရာအားလုံးထက်အရေးအကြီးဆုံးလို့ထင်တတ်ကြတာလေ။ဆိုလိုတာက ပထမဆုံးရည်းစားနဲ့ စကွဲဘူးတဲ့သူတိုင်း၊ အဲလူတွေထဲမှာမှ ဒီလူကိုဘ၀တသက်လုံးလက်တွဲသွားမယ်လို့ စိတ်ကူးမိခဲ့မိတဲ့သူတွေကတော့ အဆိုးဆုံး ခံစားကြရတာပေါ့။ ပထမဆုံးအကြိမ်လည်းဖြစ်ပြန်၊ စိတ်ကူးရည်မှန်းချက်တွေကလည်း လန်းဆန်းတက်ကြွ နေတုန်း ဆိုတော့ ပိုခံရတာပေါ့။ အဲဒီအချိန်မှာမှ ဒီလိုအမေမျိုးရဲ့ သမီးဖြစ်ခွင့်ရတဲ့သူ(အနားမှာနားလည်ပေးနိင်တဲ့ဘယ်သူမဆို)ဖြစ်ခွင့်ရခဲ့တာ တော်တော်ကံတရားက ဖေးမခဲ့လို့ပါပဲ။ လောကကြီးမှာမိဘနဲ့သားသမီး၊ သူငယ်ချင်းမိတ်ဆွေ၊ ညီအကိုမောင်နှမ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ချင်းအားလုံးဟာ နားလည်မှု့တွေ တည်ဆောက်ပီး ရှေ့ဆက်လှမ်းနေကြတာလို့ ကိုထင်တယ်လေ။ နားလည်မှု့မရှိတော့တဲ့ တချိန်မှာအာလုံးဟာပြိုလဲပျက်စီးသွားမှာပဲ။ ဒီစာရဲ့အနှစ်ချုပ်ဖြစ်တဲ့ ဒီအချိန်မှာ သည်းကြွေပြုန်းမတတ် ခံစားနေရတာတွေဟာ နောင်တချိန်မှာ ရီစရာတောင်မဟုတ်ပဲ ပြုံးစရာလောက်သာ ကျန်တော့တယ်ဆိုတာကတော့ ကြုံဘူးသူတိုင်း အမှန်ပဲဆိုတာ လက်ခံကြမှာပါ။ မှန်ပါတယ်။ အချိန်ကစကားပြောမယ်ဆိုပေမဲ့ နားလည်ပေးမဲ့သူ အနားမှာရှိမှ လွယ်ကူစွာဖြတ်သန်းနိုင်မှာပါ။ အဖြစ်ပျက်ချင်းတော့မတူပေမဲ့ ဒီလိုနားလည်မှု့ရှိတဲ့ လူတယောက်ကြောင့် ကိုယ့်ဘ၀လဲဒီချိန်မှာပြုံးရုံပဲပြုံးနိုင်နေတာ။ ကျေးဇူးတင်ပါတယ် ဒီစာကိုရေးတဲ့ ချောကိုရော ကိုယ့်ကိုမြောင်းထဲက ကယ်တင်ပေးခဲ့တဲ့သူကိုရောပါ ကျေးဇူးတင်ပါတယ်။ - April 9, 2010 at 5:32 AM
- မြသွေးနီ said...
-
အမယ်လေး..ဒီပို့စ်လေးရဲ့ခေါင်းစဉ်ကို Gtalk မှာတွေ့ထဲက စွဲဆောင်မှုအားကောင်းနေလို့ မနက်ထဲက မရမက site ကို.. ၀င်နေတာ ခုမှရတော်မူတော်တယ်။ ( ဆိုးလိုက်တဲ့ connection နော်)..။ ဟွန်း... ထင်တော့ထင်သား။ သူများအကြောင်းကြီးကို..။ ကိုယ်တိုင် အသည်းမကွဲဘူးပေမယ့် အသည်းတွေ ကွဲတာတွေ့ခဲ့ဘူးပါတယ်။ ဖူးစာမပါလို့ဆိုပြီးတော့ မချိပြုံးလေးတွေတော့ ပြုံးကြတာကိုလည်း တွေ့ဘူးပါတယ်..။
" ...အသည်းလေးကွဲကာ မျက်ရည်တွေနဲ့ပေါ့... ဒီမှာ..... "..ဆိုတဲ့ အဲလက်စ်ရဲ့ သီချင်းလေးတော့ ကြိုက်မိသား။ - April 9, 2010 at 5:42 AM
- မေဇင် said...
-
ခုလောလောဆယ်တော့....တွေးတာနဲ့တင်...ဆက်မတွေးချင်လို့ ... ခက်လှပါတယ်။
- April 9, 2010 at 7:27 AM
- mg han said...
-
ပြန်တွေးမိတော့လဲ..............ပြုံးမိတာပေါ့.....မချိပြုံးလေ။
အသဲမှာတော.အမာရွတ်ကလေးတွေနဲ့ပေါ့။ - April 9, 2010 at 7:38 AM
- ဏီလင်းညို said...
-
မချောရေ.......
ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာပါဘဲ........း))
ခင်မင်တဲ့
ဏီလင်းညို - April 10, 2010 at 1:01 AM
- ချမ်းလင်းနေ said...
-
ကိုယ်တိုင်ရေး အသည်းကွဲဇာတ်လမ်းလေးထင်နေတာ ဘာသာပြန်မို့ တော်သေးတာပေါ့။ မစိမ်း ဘာသာပြန်ဇာတ်လမ်းလေးကောင်းတယ်ဗျာ။ အချစ်ထက် မေတ္တာတရားရဲ့ အားသာမှုကို ပြထားတာပဲ။
- April 10, 2010 at 3:00 AM
- အပြုံးပန်း said...
-
ကိုယ်တိုင်တော့ အချစ်ဦးနဲ့ကွဲတာ မခံစားဖူးပေမယ့်
အခုလောလောဆယ် ခံစားနေရတဲ့ ညီမငယ်တစ်ယောက်ဖတ်ဖို့
ဒီပိုစ့်လေးကို လင့်ခ်နဲ့ အီးမေးလ်လှမ်းပို့ထားလိုက်ပြီ။ - April 10, 2010 at 8:57 AM
- ပြည့်စုံ said...
-
ဂယ်မှတ်နေတာဂျာ.....နောက်တယ်
- April 12, 2010 at 12:32 PM
- ချိုမိုင်မိုင် said...
-
အဲ့ဒီလို ရယ်စရာဖြစ်သွားရင်လည်းကောင်းသား။
ခုတော့ ၁ နှစ်ကျော်သွားပြီ။ မေ့လို့မရသေးဘူး။ အဟင့်............. - April 20, 2010 at 3:46 AM
- Tin Tin Aung said...
-
ဟုတ်ပါတယ်အစ်မချောရယ်
အစ်မချောလို့ပဲ ညီမလည်းချစ်သူကို သိမ့်ချစ်ခဲ့လို့ ရှုးသွပ်စွာခံစားခဲ့ရပါတယ်။
ဒါပေမယ့်လည်း အခုချိန်ထိတော့ ပြုံးစရာမရှိသေးပါဘူးအစ်မရယ်..
ကျွန်မချစ်သူကို သိမ့်ချစ်တော့ ခုထိမေ့လို့မရသေးပါဘူး.... - May 7, 2010 at 9:58 AM
- Tin Tin Aung said...
-
ညီမကတော့ ညီမချစ်သူလည်းဖြစ်၊ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့
သူနဲ့ပဲဆုံဆည်းချင်ပါတယ်အစ်မရယ်...
ဒါပေမယ့် မမျှော်လင့်ရဲသေးပါဘူး...
အစ်မလိုပဲ ခံစားရမလားမသိပါဘူးရှင်။
ညီမလည်း ဒီဝေဒနာမျိုးခံစားခဲ့ရတော့ အစ်မကို ကိုယ်ချင်းစာပါတယ်
မမဆုတောင်းပေးနော်.. ညီမချစ်ဦးသူ လက်ရှိချစ်သူနဲ့ပဲ ဆုံဆည်းပါစေလို့လေ.. နော် မမ
ည - May 7, 2010 at 10:01 AM
- မေ said...
-
အစ်မရေ..ခုချိန်မှာအစ်မစာလေးဖတ်ရတာအားရှိလိုက်တာ..တစ်နေ့တော့အစ်မသေသေ
ချာချာပြောနေတဲ့အပြုံးဆိုတာရှိလာနိုင်မယ်လို့မျှော်လင့်နေပါတယ်..ခုလိုမျှဝေပေးတဲ့
အတွက်အထူးကျေးဇူးတင်ပါတယ် - May 8, 2010 at 11:35 PM
- အိုဘားမား said...
-
ဆရာမလည်း.......အသဲကွဲဘူးသကိုး..။အနော်က..ဘာသာပြန်တယ်လို့ထင်ဘူး.
- May 15, 2010 at 7:21 PM