Showing posts with label အတွေးများ. Show all posts
Showing posts with label အတွေးများ. Show all posts

ရသပေးတဲ့ တစ်စုံတစ်ရာ

Monday, May 24, 2010

 



photo from Here


 


တစ်နေ့ညက အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ဖြစ်တော့ ဒီစာလေးကို ရေးချင်တဲ့စိတ်ဆန္ဒ ဖြစ်လာမိပါတယ်.. မိန်းခလေးနဲ့ ဘောလုံးပွဲ ဘာဆိုင်လို့လဲလို့ ပြောလာကြရင် ၀ါသနာ ပါတာကြောင့် ဆိုင်ပါတယ်လို့ ပြန်ဖြေချင်ပါတယ်..  ကျွန်မကိုယ်တိုင်က ဘောလုံးတော့ မကန်တတ်ပေမဲ့ ဘောလုံးပွဲကြည့်ဖို့ကိုတော့ အင်မတန်မှ ၀ါသနာပါပါတယ်… စာဖတ်ရင်တောင် စုံထောက်ဝတ္ထုတို့၊ စွန့်စားခန်းတွေ ပါတဲ့ ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ၀တ္ထုတို့ကို ကြိုက်နှစ်သက်သလို ဘောလုံးပွဲ ဆိုတာကလည်း စိတ်လှုပ်ရှားဖို့ အကောင်းဆုံး အားကစားနည်း တစ်မျိုးမို့ ပွဲစဉ်တစ်လျှောက်လုံး ရင်တစ်ဖိုဖိုနဲ့ ကြည့်ရတဲ့ ဒီကစားနည်းကို ကျွန်မ နှစ်သက် သဘောကျမိပါတယ်..  ဘောလုံးပွဲဟာ တစ်ခြား ဘယ်အားကစားနည်းနဲ့မှ မတူအောင် သြဇာကြီးတဲ့ ကစားနည်း တစ်မျိုးဆိုရင်လဲ မမှားပါဘူး.. ကျွန်မတို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးပါတယ်.. ခုခေတ်မှာ စစ်ကို သေနတ်ကိုင်ပြီး မတိုက်ကြတော့ဘူး.. အားကစားနဲ့ပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တိုက်ကြတယ်. အထူသဖြင့် အခြား အားကစားနည်းတွေထက် ဘောလုံးပွဲနိုင်ရင် နိုင်တဲ့ နိုင်ငံက ပိုပြီး ဂုဏ်သိက္ခာတက်တယ်လို့ ပြောခဲ့ဖူးပါတယ်.. ဒါကြောင့်လဲ နိုင်ငံတိုင်းက အားကစားအတွက်  ငွေကြေးအကုန်အကျခံပြီး ပြုစုပျိုးထောင်တာ တွေ့ရပါတယ်.. ကျွန်မတို့ မြန်မာနိုင်ငံ အပါဝင်ပေါ့နော်.. သိန်းပေါင်းထောင်နဲ့ချီ ရင်းနှီးမြုပ်နှံပြီး ဘောလုံးကလပ်အသင်းတွေ ထောင်ထားတာ ကြည့်ပါလားနော်    :) :)


  


အနုပညာဆန်လှတဲ့ ဘောလုံးကစားနည်းကို လူတွေက စွဲမက်ကြတာ မဆန်းပါဘူးနော်..  ဘောလုံးဟာ ပွဲကစားနေတဲ့ တစ်နာရီခွဲလုံးလုံး (အချိန်ပိုမပါ) ကြည့်နေစဉ်မှာ မျက်တောင် မခတ်မိအောင် ဆွဲဆောင်အား ကောင်းကောင်းနဲ့  ရင်ခုန် စိတ်လှုပ်ရှားဖွယ် ရသကို ပေးနိုင်စွမ်းတာ ဘောလုံးဝါသနာအိုးများ အသိဆုံးဖြစ်ပါလိမ့်မယ်.. ဘောလုံး ၀ါသနာ မပါသူများအတွက်တော့ မဆိုလိုပါ.. ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမှာ အင်တာမီလန် ဖလား ရသွားတော့ အင်တာရဲ့ နည်းပြဖြစ်တဲ့ မော်ရင်ဟိုကို ကြည့်ပြီင်္း သူ့အကြောင်းလေးတွေ တွေးဖြစ်ပါတယ်.. ပေါ်တူဂီသားဖြစ်တဲ့ မော်ရင်ဟိုဟာ တစ်ချိန်က အင်္ဂလန်မြေမှာ နေခဲ့စဉ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်ကတည်းက လူမုန်းများသူရယ်လို့ နံမည်ကျော်ကြားပါတယ်.. ဘာကြောင့်ဆိုရင် သူဟာ အပြောကြီးပြီး ဒေါသထွက်လွယ်တဲ့ သူတစ်ယောက် ဖြစ်တာရယ် သူ့အသင်းကန်နေတဲ့ တစ်လျှောက်လုံး  အငြိမ် ထိုင်ကြည့်မနေတတ်ဘဲ ကွင်းဘေးကနေ စိတ်လှုပ်ရှားစွာနဲ့ တစ်ချိန်လုံး အော်ဟစ် ညွှန်ကြား နေတတ်တော့ ထိုင်ခုံလေးပေါ်မှာ စတယ်လေး၊ အိနြေ္ဒလေးနဲ့ထိုင်ပြီး နေတတ်တဲ့ ဂုရုကြီး အာဆင်ဝင်းဂါးတို့၊ ဖာဂူဆန်တို့ထက် စာရင်တော့ သူ့ပုံက လူအမြင် ကတ်ချင်စရာ ကောင်းတာတော့ အမှန်ဘဲ ဖြစ်ပါတယ်.. အထူး သဖြင့် မန်ယူတို့ အာဆင်နယ်တို့ရဲ့ ပရိတ်သတ်အတွက်တော့ မျက်စိနောက်၊ မျက်မုန်းကျိုး ကြတာပါဘဲ.. ကျွန်မကိုယ်တိုင် မန်ယူပရိတ်သတ် ဖြစ်ခဲ့တုန်းက မော်ရင်ဟိုကို အပြောကြီးသူရယ်လို့ ကြည့်မရခဲ့တာ အမှန်ပါ..


 


ဒါပေမဲ့ ကြာလာလေ သူ့အကျင့်စရိုက်နဲ့ သူ့စိတ်ဓာတ်တွေကို ပိုသိလာရတဲ့အခါ သူ့အပြောကြီးမှုက ခွင့်လွှတ်နိုင်စရာ ဖြစ်လာပါတယ်.. မော်ရင်ဟိုဟာ အပြောလဲ ကြီးသလို သူပြောတဲ့အတိုင်း လက်တွေ လုပ်ပြနိုင်တဲ့သူလဲ ဖြစ်ပါတယ်.. ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာ စတဲ့ သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းကို ထိပ်တန်း ဆုဖလားတွေ ရယူနိုင်အောင် စွမ်းဆောင်ခဲ့တာက ငြင်းမရတဲ့ သူ့အရည်အချင်းတွေရဲ့ သက်သေ ဖြစ်လာပါတယ်.. ဒီတော့မှ လူတစ်ယောက်ကို အပေါ်ယံကြည့်ယုံနဲ့ ထင်မြင်ဆုံးဖြတ်တတ်တာ မှားနိုင်ကြောင်း တွေးမိလာပြီး ကောက်ချက်ချလွဲပြီး ဒီနည်းပြအပေါ် ကြည့်မရခဲ့တဲ့ ကိုယ့်ကိုယ်ကို မှားမှန်း သိလာရပါတယ်.. တစ်ချို့သူတွေက စကားများများ ပြောပေမဲ့ အလုပ် နည်းနည်းသာ လုပ်တဲ့အတွက် အောင်မြင်မှုကို မရနိုင်ခဲ့ပေမဲ့ မော်ရင်ဟိုက စကားလဲ များများပြောတတ်သလို သူပြောသလို ဖြစ်အောင်လဲ လုပ်ပြနိုင်သူဖြစ်ပါတယ်.. ဒီနှစ်မှာလည်း သူကိုင်တွယ်ခဲ့တဲ့ အင်တာမီလန်အသင်းကို ပြည်တွင်းဖလား ၂လုံးနဲ့ အတူ ချန်ပီယံလိဂ်ဖလား စုစုပေါင်း ဖလား ၃ခုကို ရယူပေးနိုင်ခဲ့ပါပြီ.. ဘယ်လိုဘဲဖြစ်ဖြစ် အပြောကြီးပေမဲ့ အလုပ်နဲ့ သက်သေပြနိုင်တဲ့ မော်ရင်ဟိုကို လေးစားအားကျဖို့ကောင်းတဲ့သူ စာရင်းထဲမှာ ကျွန်မအနေနဲ့ ထည့်သွင်းထားလိုက်မိပါတယ်.. နောက်ဆုံးသတင်းက ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ မော်ရင်ဟိုဟာ ရီးရဲအသင်းကို မကြာခင်ပြောင်းတော့မယ်လို့ ကြားမိတာပါဘဲ. ဘယ်နေရာဘဲရောက်ရောက် အရည်အချင်းရှိတဲ့ သူ့အနေနဲ့ အကောင်းဆုံး အနေအထားရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်.. အောင်ပွဲတွေနဲ့ ဝေးနေတဲ့ ရီးရဲအသင်း အတွက်တော့ မော်ရင်ဟိုဟာ မျှော်လင့်ချက် ရောင်ခြည်တန်းကလေး ဖြစ်လာနိုင်ပါတယ်.. ဒါပေမဲ့ အင်တာမီလန် အသင်းကလည်း ဒီနည်းပြကို လက်လွတ်မခံရအောင်တော့ ကြိုးစားနေတယ် လို့သိရပါတယ်.. ဒါကိုကြည့်ပြီး လူတော်တွေအတွက်တော့ ထိုက်တန်တဲ့နေရာက အမြဲ ရှိနေတယ် ဆိုတာကို အသိတရား ရမိပါတယ်..


 


ကျွန်မအနေနဲ့ ဘောလုံးပွဲတွေ ကြည့်မိတိုင်း အနိုင်ရ ဗိုလ်စွဲသူတွေက ပျော်နိုင် မော်နိုင်ကြသလို၊ ရှုံးသူတွေရဲ့ ရင်ထဲက ခံစားချက်ကိုလည်း ကိုယ်ချင်းစာမိပြီး သူတို့ကို သနားမိပါတယ်.. အထူးသဖြင့်တော့ ဖိုင်နယ် ပွဲစဉ်တွေ၊ အဆုံးအဖြတ် ပွဲစဉ်တွေမှာပါ။ ရှုံးနိမ့်သူတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ တကယ်တမ်းတော့ ခါးသီးလွန်းလှပါတယ်.. လူတိုင်းဟာ ဘယ်သူမှတော့ အရှုံးကို လိုလားကြမယ် မဟုတ်ပါဘူး.. တစ်ချို့ကစားသမားတွေမှာ အားကစားစိတ်ဓာတ် နည်းတာက ရှုံးနေတဲ့အချိန်မှာ ဘောလုံးကို အာရုံစိုက်ဖို့ထက် တစ်ဘက်လူ နာကျင်သွားအောင် တမင်ရည်ရွယ်ပြီး လူချတတ်တာကို တွေ့ရပါတယ်..   နောက်တစ်ချက် ဘောလုံးပွဲတွေမှာ လူတစ်ယောက်ရဲ့ ပကတိ စိတ်ရင်းတွေကို မကြာခန မြင်တွေ့ခွင့်ရတတ်ပါတယ်.. လူတိုင်းဟာ အနိုင်လိုချင်ကြတာပေမဲ့လို့ မသမာသောအနိုင်၊ ဟန်ဆောင် မာယာများပြီး ရတဲ့ အနိုင်မျိုးကတော့ အနုပညာဆန်လှတဲ့ ဘောလုံးကစားနည်းကို ရသပျက်စေတဲ့ အမဲစက်များဘဲ ဖြစ်ပါတယ်.. တစ်ချို့သော ဘောလုံးသမားတွေမှာ ဟန်ဆောင် လိမ်ညာတတ်တဲ့ စရိုက်မျိုးဟာ ဘောလုံး ကန်နေရင်း ဖုံးမရ ဖိမရ ပေါ်လာတတ်ပါတယ်.. အချို့ကျတော့ ဒေါသကြီးပြီး တစ်ဘက်လူ မနာနာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတတ်တဲ့သူမျိုးပါ… တစ်ဘက်လူ အရှိန်နဲ့ကျွံဝင်လာချိန်မှာ ကိုယ်က ရှောင်ပေးလိုက်ရင်ရရက်နဲ့ မရှောင်ဘဲ တမင်ဝင်တိုးတတ်တဲ့ အကျင့်စရိုက်မျိုး ရှိသူတွေကိုလည်း မကြာခန တွေ့ရတတ်ပါတယ်..  တစ်ချို့ကျ ကိုယ့်ကို တစ်ဘက်လူက မတော်တဆဖြစ်စေ၊ တမင်တကာဖြစ်စေ ထိခိုက်အောင် လာလုပ်ချိန်မှာ ဒေါသကို မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ပြန်လုပ်တတ်တဲ့ သူမျိုးပါ။ ဘောလုံးကစားတာဟာ တွန်းတွန်းတိုက်တိုက် ကစားရတဲ့နည်း ဖြစ်တယ်ဆိုတာ လက်ခံပါတယ်.. သို့သော်လည်း တစ်ဘက်လူ မနာမနာအောင် တမင်ရည်ရွယ်ပြီး လုပ်ကြံတဲ့ လုပ်ရပ်များကတော့ ဘောလုံးအလှကို ဖျက်ဆီး ကြသူများ လို့သာ ကျွန်မမြင်မိပါတယ်..


 


နောက်ထပ် ဘောလုံး အလှ ဘောလုံးရသကို ဖျက်ဆီးသူများကတော့ ဘောလုံးပွဲကို အားပေးနေစဉ်မှာ ဘောလုံး ကစားနေတဲ့ ကွင်းလယ်မှာ အကြောင်း ကြောင်းကြောင့် ပြဿနာ ဖြစ်သည်ဖြစ်စေ.. ကိုယ်အားပေးနေတဲ့ အသင်းသား တစ်စုံတစ်ခု ဖြစ်သွားသည်ဖြစ်စေ စိတ်ကို မထိန်းနိုင်ကြဘဲ ရေသန့်ဘူးများ၊ လက်ထဲရှိတဲ့ ပစ္စည်းများနဲ့ ပစ်ပေါက်အော်ဟစ်တတ်တဲ့ သူမျိုးပါ.. အထူးသဖြင့် သူတစ်ပါးနိုင်ငံတွေနဲ့ ကစားနေကြတဲ့ နိုင်ငံတကာ ပွဲမျိုးဆိုရင် ပိုပြီး ရှက်စရာ ကောင်းပါတယ်.. နိုင်ငံနဲ့ချီပြီး ဂုဏ်သိက္ခာကျနိုင်တဲ့ လုပ်ရပ်များ ဖြစ်ပြီး အလွန်အင်မတန်မှ ရုပ်ဆိုးလွန်းတယ်လို့ ကျွန်မအနေနဲ့ မြင်မိပါတယ်.. ဒီဖြစ်ရပ်မျိုး ဖြစ်တဲ့အခါ ဘောလုံးပွဲမှာ ကိုယ်တိုင် ရောက်မနေခဲ့ရင်တောင်မှ တီဗီမှာ ထိုင်ကြည့်ရင်း ရှက်နေမိပါတယ်.. ဒါကြောင့် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာ နံမည်ကိုပါ ထိခိုက်မဲ့ လုပ်ရပ်မျိုးဆိုရင် ဆင်ခြင်သင့်လှပါတယ်.. ဒီလိုပြောလို့ ဘောလုံးပွဲကို ငြိမ်ငြိမ်သက်သက်လေး ထိုင်ကြည့်တတ်သူလား မေးလာမယ်ဆိုရင် ကျွန်မကိုယ်တိုင်လည်း အားပါးတရ အော်ဟစ်အားပေးရတာကို ၀ါသနာပါသလို ဒီလို အားပေးရတာကိုလဲ ပိုနှစ်သက်ပါတယ်.. ဒါပေမဲ့ ကိုယ့်လုပ်ရပ်ကြောင့် သူတစ်ပါးဖြစ်စေ၊ ကိုယ့်ရပ်ရွာဖြစ်စေ ကိုယ့်တိုင်းပြည်ဖြစ်စေ နစ်နာမဲ့ အနေအထားမျိုးကိုတော့ မနှစ်သက်မိသူပါ။ ကိုယ့်နိုင်ငံ၊ ကိုယ်အားပေးတဲ့ အသင်းကို လူတိုင်းက နိုင်စေချင်ကြပေမဲ့လို့ ပရိတ်သတ်ဖြစ်တဲ့ ကိုယ်တွေရဲ့ အမှားကြောင့် အနိုင်မရဘဲ အားလုံး နစ်နာသွားနိုင်တာကိုလည်း မြင်ထားသင့်ပါတယ်..


 


ဒါကြောင့် ဘောလုံးကန်သူရော ဘောလုံးကြည့်သူများပါ ဘောလုံးရသ ဘောလုံးရဲ့ အနုပညာအလှများကို မပျက်စီးစေဘဲ အားကစားစိတ်ဓာတ် အပြည့်နဲ့ ကန်ကြမယ်၊ ကြည့်ကြမယ်ဆိုရင် ဘောလုံးကစားနည်းဟာ အလှဆုံး၊ စိတ်ဝင်စားစရာ အကောင်းဆုံး၊ လူတွေကို အဆွဲဆောင်နိုင်ဆုံးသော ကစားနည်းဖြစ်ပါတယ်လို့ ပြောရင်းနဲ့ ဘောလုံးပွဲကိုကြည့်ရင်း ကျွန်မ မြင်မိတွေးမိတာလေးကို ချရေးမိတာပါ.. ဘောလုံးကစားနည်းတွေကိုတော့ ထဲထဲဝင်ဝင် မသိပေမဲ့ ဘောလုံးကစားနည်းကို နှစ်သက်သူ ၀ါသနာပါသူ တစ်ယောက်အနေနဲ့သာ ရေးထားတာဖြစ်ပါတယ်.. အမြင်မတူတာများ ရှိခဲ့ရင် ခွင့်လွှတ်ပါ။ မိန်းခလေး တစ်ယောက်ရဲ့ ဘောလုံး ကစားနည်း အပေါ် မြင်မိတဲ့အမြင်ဖြစ်တာကြောင့် အားနည်းချက်များ လစ်ဟာချက်များ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် တောင်းပန် ထားပါရစေ..  ဒီရာသီမှာ ဖလား၃လုံးနဲ့အတူ ချန်ပီယံဖြစ်သွားတဲ့ အင်တာမီလန်အသင်းနဲ့ နည်းပြ မော်ရင်ဟိုတို့ကို ၀မ်းသာဂုဏ်ယူပါကြောင်းနဲ့ ကျွန်မတို့ မြန်မာအသင်းအနေနဲ့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ချန်ပီယံလိဂ်လိုပွဲမျိုး ၀င်ရောက်နိုင်တဲ့ အဆင့်အတန်းမျိုးထိ ဖြစ်လာမယ်လို့ ယုံကြည် မျှော်လင့်ချင်ပါတယ်.. ဒီလိုပွဲမျိုးကိုလည်း တွေ့ချင် လှပါတယ်လေ။ ဒီချိန်ကျရင် ဘောလုံးဝါသနာ ရှင်များနဲ့ ကျွန်မတို့ အားလုံး အတူတူ အားပေးကြဖို့ တစ်ချိန်ချိန်တော့ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားကြပါစို့နော်.. 
(မျှော်လင့်ခွင့်တော့ ရှိတယ်မဟုတ်လား :) )


 


လေးစားချစ်ခင်စွာဖြင့်


 


ချော(အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

အစိမ်းရောင်လွင်ပြင်ရဲ့ အတွေးတစ်ချို့

Saturday, March 13, 2010


 


ဒီနေ့ဟာ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ဘလောဂ့်လေး ၃လ ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်… ကျွန်မရင်ထဲမှာ ရှိခဲ့တဲ့ အတွေးတစ်ချို့ကို ရေးပေးပါလို့ လူမမြင်ဖူးသော်လည်း ကျွန်မနဲ့ စာရေးတာ ၀ါသနာတူ တစ်ယောက် ဖြစ်တဲ့ Cube မှ Tag ပြီး တောင်းဆိုထားပါတဲ့ အတွက်ကြောင့် ကျွန်မရဲ့ ရင်ထဲမှာ ရှိနေတဲ့ အစိမ်းရောင်လွင်ပြင်နဲ့ သက်ဆိုင်သော အတွေးစလေးများကို  ၃လပြည့် အမှတ်တရအဖြစ် ဒီနေ့မှာ မှတ်မှတ်ရရ ဒီဘလောဂ့် စာမျက်နှာလေးပေါ် ချပြလိုက်ပါတယ်..


 


ကျွန်မ ငယ်စဉ်ဘ၀ရဲ့ အတွေးတွေထဲမှာတော့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး များကို   လေးစား အားကျတတ်ခဲ့ပါတယ်..  ကျွန်မရဲ့ အတွေးတွေ တိုင်းမှာလည်း ကျွန်မဖတ်ခဲ့ရတဲ့ စာအုပ်တွေထဲက ထူးချွန်ထက်မြက်တဲ့ မိန်းမတွေအကြောင်းက အမြဲတမ်း ကြီးစိုးထားခဲ့တယ်.. ကျွန်မ ခပ်ငယ်ငယ် ၄တန်းလောက်ကတည်းက ၀တ္ထုတွေ၊ စာအုပ်တွေ စဖတ်ဖြစ်ပါတယ်.. ကံကောင်းတာက ကျွန်မ ကြိုက်မိတဲ့စာအုပ်တွေဟာ ကျွန်မရဲ့အတွေးတွေကို ဘေးမချော် သွားအောင်၊ လမ်းကြောင်းမှန်အောင် ပံ့ပိုးပေးတဲ့ စာအုပ်များ ဖြစ်ခဲ့ပါတယ်.. အိမ်နဲ့ အဝေးမှာ ထိန်းကျောင်းသူမရှိဘဲ ကျောင်းတက်နေခဲ့ရတဲ့ ကလေးသာသာအရွယ် မိန်းခလေး တစ်ယောက်ကို သွန်သင် ဆုံးမခဲ့သူ၊ လမ်းကြောင်းပေးခဲ့သူများဟာ ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ဒီစာအုပ်တွေကို ရေးခဲ့တဲ့ စာရေးဆရာတွေသာ ဖြစ်ပါတယ်.... ဒါကြောင့် ငယ်စဉ်ဘ၀ ကျွန်မရဲ့ အတွေးတွေရဲ့ ပိုင်ရှင်၊ ကျွန်မရဲ့ အတွေးမှန်သမျှကို လွှမ်းမိုးထားနိုင်တဲ့ အရာကတော့ စာအုပ်တွေသာ ဖြစ်ပါတယ်.. စာအုပ်တွေကို ငယ်စဉ်ကတည်းက မက်မက်စက်စက် ဖတ်ဖြစ်ခဲ့ပါတယ်.. ကျွန်မရဲ့ စိတ်ထဲမှာလည်း စာဖတ်ခြင်းဟာ ကျွန်မကို ကောင်းမွန်တဲ့ အသိတရားများ သင်ခန်းစာများကို ပေးနိုင်တယ်လို့ ငယ်စဉ်ချိန်ကတည်းက တွေးတောမိခဲ့ပါတယ်… တကယ်လည်း ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေထဲကနေ ဘ၀အတွက် ခွန်အားတွေ ရရှိခဲ့ဖူးသလို၊ ကျွန်မ လေးစားအားကျတဲ့ ဇာတ်ကောင်တွေကနေ သူတို့ရဲ့ အတုယူစရာ အကျင့်စရိုက် အတွေးအခေါ်များ လွှမ်းမိုး ခံခဲ့ရဖူးပါတယ်..


 


ကျွန်မဟာ စာဖတ်တာကို ၀ါသနာပါသူဖြစ်သလို စာရေးဖို့ကိုလဲ ၀ါသနာကြီးခဲ့ပါတယ်.. ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အသုံးချဖို့အတွက် အင်တာနက် စာမျက်နှာတွေပေါ်မှာ စာရေးဖို့ ဆုံးဖြတ်ဖြစ်တဲ့အခါမှာ ဘာစာတွေကို ရေးရင် ကောင်းမလဲဆိုတာ အရင်ဆုံး တွေးဖြစ်ခဲ့ပါတယ်.. အဲဒီချိန်မှာ ငယ်စဉ်ကာလတုန်းက အိမ်နဲ့ဝေးကွားပြီး ကျောင်းတက်တဲ့  အချိန်တွေကို အတွေး ရောက်သွားခဲ့ပါတယ်..  ငယ်စဉ်က စာမေးပွဲအတွက် စာတွေကျက်ခဲ့တဲ့ အချိန်တွေမှာ စာကျက်ဖို့ စိတ်မပါချိန်ဘဲဖြစ်ဖြစ်၊ စာကျက်ရတာ ပျင်းရိငြီးငွေ့တဲ့အခါဘဲ ဖြစ်ဖြစ် ဆရာတစ်ယောက်ယောက်၊ သို့မဟုတ် ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်က စိတ်ဓာတ်တက်ကြွစေမဲ့ စကားမျိုး ပြောလိုက်တဲ့ အခါ ပျင်းရိနေတဲ့ ကျွန်မရဲ့ စိတ်တွေ၊ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေဟာ ပြန်လည်လန်းဆန်း တက်ကြွလာပြီး စာကျက်ချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့ စိတ်တွေ ပြန်ဖြစ်ခဲ့ရပါတယ်.. ဒါကို မှတ်မှတ်ထင်ထင် သတိထားမိတဲ့အခါ လူတွေဟာ တစ်စုံတစ်ယောက်ဆီကနေ ကိုယ့်ရဲု့စိတ်ဓာတ်ကို အင်အားဖြည့်ပေးမဲ့ စကားလုံးတွေ လိုကိုလိုအပ်ပါလား ဆိုတာ တွေးတောမိတတ်လာပါတယ်.. ဘ၀မှာ အခက်အခဲ အကြပ်အတည်းများနဲ့ ကြုံလာတဲ့ အခါမှာလည်း တစ်ခြားသူတွေဆီက အားပေးနှစ်သိမ့်မှုတွေ၊ စာနာ နားလည်မှုတွေ ရရှိလိုက်တဲ့အခါမှာ ကိုယ်တွေရဲ့ စိတ်ဟာ သိသိသာသာ ရွှင်လန်း လာတယ်.. တက်ကြွလာတတ်ခဲ့ပါတယ်..  ဒီအဖြစ်တွေကို ပြန်တွေးမိတဲ့အခါ ကျွန်မရေးတဲ့ ဘလောဂ့်လေးမှာ စာဖတ်သူတွေအတွက် စိတ်ဓာတ် ခွန်အားလေးဘဲဖြစ်ဖြစ်၊ အားပေးနှစ်သိမ့်မှု လေးဘဲဖြစ်ဖြစ် ရယ်မောရွှင်ပျစရာ တစ်ခုလေးဘဲဖြစ်ဖြစ်၊ သတိထားမိစရာ တစ်ခုခုဘဲ ဖြစ်ဖြစ်ပေါ့နော်. တတ်နိုင်သလောက် ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီဘလောဂ့်ကို ရေးဖို့ ကြိုးစားမိပါတယ်.. ကျွန်မရေးတဲ့ စာတွေသည် ကိုယ့်ဘ၀ တစ်လျှောက်လုံး ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက ရတဲ့ ဗဟုသုတတွေရယ်... ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးက ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိတရားတွေရယ်၊ လက်ရှိဖတ်နေတဲ့ စာတွေရယ် ပေါင်းစပ်ပြီး ရေးမိတာ ဖြစ်ပါတယ်..


 


ကျွန်မရဲ့ စာတွေကို ဖတ်မိတဲ့အခါ စာဖတ်သူများအတွက် တစ်စုံတစ်ရာ အဆိပ်အတောက် မဖြစ်ရလေအောင် အမြဲ သတိထားပါတယ်.. ကျွန်မဖတ်ပြီးတဲ့ စာတစ်ပုဒ်ကို မူရင်းစာရဲ့ ရသနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အတွေးများနဲ့ ပေါင်းစပ်လို့ စာထဲမှာ ပေးချင်တဲ့ အတုယူစရာ၊ သင်ခန်းစာ ယူစရာလေးများကို ရှာဖွေ ကောက်နှုတ်ပြီး ဖော်ပြလေ့ရှိပါတယ်..  ကျွန်မဟာ ၀ါသနာကြောင့် စာရေးတာ ဖြစ်ပါတယ်… ဘလောဂ့်စရေးတဲ့ သက်တမ်းသည် ယနေ့မှ ၃လသာ ရှိသေးပြီး ကျွမ်းကျင်သော စာရေးသူ တစ်ယောက် မဟုတ်တဲ့အတွက်လည်း စာရေးတဲ့နေရာမှာ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ဖို့ စာဖတ်သူများနဲ့ သူငယ်ချင်းများကို ညွှတ်နူးစွာ တောင်းပန်အပ်ပါတယ်..


 


ရှေ့ဆက်ပြီးလည်း ကျွန်မရဲ့ အားလပ်ချိန်တွေမှာ စာတွေဖတ်ရင်း ကိုယ်ဖတ်မိတာတွေထဲက ကောင်းမွန်တဲ့ စာများကို ဒီအစိမ်းရောင်လွင်ပြင် စာမျက်နှာပေါ်ကနေ ပြန်လည် မျှဝေနိုင်ဖို့ ကြိုးစားနေဦးမှာပါ… စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ကျွန်မရဲ့ဝါသနာပါရာ စိတ်ထွက်ပေါက်၊ စိတ်အပန်းဖြေရာဖြစ်သလို စာလာဖတ်သူများ အတွက်လည်း အကျိုးတစ်ခုခု၊ ရသတစ်ခုခု ပေးနိုင်ဖို့ကို အတတ်နိုင်ဆုံး ကြိုးစားမိပါတယ်.. ဒါဟာ ကိုယ်တတ်နိုင် သလောက် ဝေမျှခြင်းလည်း ဖြစ်ပါတယ်.. ဒီလို စာတွေကို ဝေမျှနိုင်ဖို့ ကျွန်မကိုယ်တိုင်လည်း စာများစွာကို ဖတ်ခဲ့ရပါတယ်. ဖတ်နေဆဲလည်း ဖြစ်ပါတယ်.. စာဖတ်ခြင်းဟာ ကျွန်မဘ၀ရဲ့ အချိန်အများဆုံးကို သိမ်းပိုက်ထားတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်..


 


ကျွန်မရဲ့ အတွေးထဲမှာ ကျွန်မရေးတဲ့စာတွေသည် စာဖတ်သူများအတွက် အသိတစ်စုံတစ်ရာ ရရှိစေဖို့ အမြဲတမ်း ရည်ရွယ်ချက် ထားရှိပါတယ်... အစိမ်းရောင်လွင်ပြင် ဘလောဂ့်သက်တမ်း ၃လပြည့် အမှတ်တရနဲ့ တိုက်ဆိုင်တဲ့အတွက် အခု ကျွန်မရေးနေတဲ့ အကြောင်းအရာနဲ့ ကျွန်မရဲ့ အတွေးများသည် ဘလောဂ်ရေးမိခြင်းနဲ့ ပတ်သက်တဲ့ အတွေးများသာ ဖြစ်ပါတယ်.. လူတိုင်းလူတိုင်းမှာ လွတ်လပ်ကျယ်ပြန့်တဲ့ အတွေးများ ကိုယ်စီရှိကြသလို ကိုယ်ယုံကြည်ရာ၊ ကိုယ်တန်ဖိုးထားရာ တို့ကို ဆုပ်ကိုင်ရင်း ကိုယ့်ရဲ့ အတွေးဘောင်တွေကို စိတ်ကူးရှိသလောက် ချဲ့ထုတ်ပစ်လို့လဲ ရပါတယ်..  ဒါကြောင့် ကျွန်မရဲ့ ခင်မင်ရပါသော စာရေးဖော်များဖြစ်ကြတဲ့   ( လင်းကြယ်ဖြူ၊ ကိုဇော်၊ မြစ်ကျိုးအင်း၊ ဏီလင်းညို၊  ကိုကိုမောင်၊  မချစ်ကြည်အေးမရွှေစင်ဦးမမြသွေးနီ ၊ မကေမဒဏ္ဍာရီသဒ္ဓါလှိုင်းပန်းရင့်ရောင်အဖြူရောင်နတ်သမီးအင်ကြင်းသန့်သိင်္ဂါကျော်  )  တို့ကို “ရင်ထဲက အတွေးစများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ရင်ထဲမှာ ရှိတဲ့ အတွေးများကို ဘယ်လိုသော အကြောင်းအရာများဘဲ ဖြစ်စေ လွတ်လပ်စွာ ဖော်ထုတ်ပေးပါလို့ တောင်းဆိုရင် Tag လိုက်ပါတယ်.. ကျန်တဲ့သူတွေကို တောင်းဆိုချင်ပေမဲ့ အချိန်မရမှာ စိုးတာရော၊ မအားမှာစိုးတာကြောင့်ပါ မတောင်းဆို တော့တာပါ.... အခု ကျွန်မTag ထားသူများလည်း အားလပ်တဲ့အချိန် တစ်ခုခုမှသာ ရေးပေးကြပါလို့ လေးစားစွာ တောင်းဆိုလိုက်ပါတယ်.. ကျွန်မရဲ့ အတွေးစများကို ရေးသားပေးဖို့ တောင်းဆိုတဲ့ အစ်မ Cube ကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်းနဲ့ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ၃လပြည့်မှသည် နောင်အခွင့်အရေးရနေတဲ့ အချိန်ထိ ကြိုးစားပြီး စာတွေရေးနေပါဦးမယ်လို့…


 

စာဖတ်သူများနှင့် စာရေးဖော် သူငယ်ချင်းများအားလုံးကို ချစ်ခင်လေးစားလျှက်

 

ချော (အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...