အစိမ်းရောင်လွင်ပြင်ရဲ့ အတွေးတစ်ချို့
Saturday, March 13, 2010
ဒီနေ့ဟာ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ဘလောဂ့်လေး ၃လ ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်… ကျွန်မရင်ထဲမှာ ရှိခဲ့တဲ့ အတွေးတစ်ချို့ကို ရေးပေးပါလို့ လူမမြင်ဖူးသော်လည်း ကျွန်မနဲ့ စာရေးတာ ၀ါသနာတူ တစ်ယောက် ဖြစ်တဲ့ Cube မှ Tag ပြီး တောင်းဆိုထားပါတဲ့ အတွက်ကြောင့် ကျွန်မရဲ့ ရင်ထဲမှာ ရှိနေတဲ့ အစိမ်းရောင်လွင်ပြင်နဲ့ သက်ဆိုင်သော အတွေးစလေးများကို ၃လပြည့် အမှတ်တရအဖြစ် ဒီနေ့မှာ မှတ်မှတ်ရရ ဒီဘလောဂ့် စာမျက်နှာလေးပေါ် ချပြလိုက်ပါတယ်..
ကျွန်မ ငယ်စဉ်ဘ၀ရဲ့ အတွေးတွေထဲမှာတော့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး များကို လေးစား အားကျတတ်ခဲ့ပါတယ်.. ကျွန်မရဲ့ အတွေးတွေ တိုင်းမှာလည်း ကျွန်မဖတ်ခဲ့ရတဲ့ စာအုပ်တွေထဲက ထူးချွန်ထက်မြက်တဲ့ မိန်းမတွေအကြောင်းက အမြဲတမ်း ကြီးစိုးထားခဲ့တယ်.. ကျွန်မ ခပ်ငယ်ငယ် ၄တန်းလောက်ကတည်းက ၀တ္ထုတွေ၊ စာအုပ်တွေ စဖတ်ဖြစ်ပါတယ်.. ကံကောင်းတာက ကျွန်မ ကြိုက်မိတဲ့စာအုပ်တွေဟာ ကျွန်မရဲ့အတွေးတွေကို ဘေးမချော် သွားအောင်၊ လမ်းကြောင်းမှန်အောင် ပံ့ပိုးပေးတဲ့ စာအုပ်များ ဖြစ်ခဲ့ပါတယ်.. အိမ်နဲ့ အဝေးမှာ ထိန်းကျောင်းသူမရှိဘဲ ကျောင်းတက်နေခဲ့ရတဲ့ ကလေးသာသာအရွယ် မိန်းခလေး တစ်ယောက်ကို သွန်သင် ဆုံးမခဲ့သူ၊ လမ်းကြောင်းပေးခဲ့သူများဟာ ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ဒီစာအုပ်တွေကို ရေးခဲ့တဲ့ စာရေးဆရာတွေသာ ဖြစ်ပါတယ်.... ဒါကြောင့် ငယ်စဉ်ဘ၀ ကျွန်မရဲ့ အတွေးတွေရဲ့ ပိုင်ရှင်၊ ကျွန်မရဲ့ အတွေးမှန်သမျှကို လွှမ်းမိုးထားနိုင်တဲ့ အရာကတော့ စာအုပ်တွေသာ ဖြစ်ပါတယ်.. စာအုပ်တွေကို ငယ်စဉ်ကတည်းက မက်မက်စက်စက် ဖတ်ဖြစ်ခဲ့ပါတယ်.. ကျွန်မရဲ့ စိတ်ထဲမှာလည်း စာဖတ်ခြင်းဟာ ကျွန်မကို ကောင်းမွန်တဲ့ အသိတရားများ သင်ခန်းစာများကို ပေးနိုင်တယ်လို့ ငယ်စဉ်ချိန်ကတည်းက တွေးတောမိခဲ့ပါတယ်… တကယ်လည်း ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေထဲကနေ ဘ၀အတွက် ခွန်အားတွေ ရရှိခဲ့ဖူးသလို၊ ကျွန်မ လေးစားအားကျတဲ့ ဇာတ်ကောင်တွေကနေ သူတို့ရဲ့ အတုယူစရာ အကျင့်စရိုက် အတွေးအခေါ်များ လွှမ်းမိုး ခံခဲ့ရဖူးပါတယ်..
ကျွန်မဟာ စာဖတ်တာကို ၀ါသနာပါသူဖြစ်သလို စာရေးဖို့ကိုလဲ ၀ါသနာကြီးခဲ့ပါတယ်.. ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အသုံးချဖို့အတွက် အင်တာနက် စာမျက်နှာတွေပေါ်မှာ စာရေးဖို့ ဆုံးဖြတ်ဖြစ်တဲ့အခါမှာ ဘာစာတွေကို ရေးရင် ကောင်းမလဲဆိုတာ အရင်ဆုံး တွေးဖြစ်ခဲ့ပါတယ်.. အဲဒီချိန်မှာ ငယ်စဉ်ကာလတုန်းက အိမ်နဲ့ဝေးကွားပြီး ကျောင်းတက်တဲ့ အချိန်တွေကို အတွေး ရောက်သွားခဲ့ပါတယ်.. ငယ်စဉ်က စာမေးပွဲအတွက် စာတွေကျက်ခဲ့တဲ့ အချိန်တွေမှာ စာကျက်ဖို့ စိတ်မပါချိန်ဘဲဖြစ်ဖြစ်၊ စာကျက်ရတာ ပျင်းရိငြီးငွေ့တဲ့အခါဘဲ ဖြစ်ဖြစ် ဆရာတစ်ယောက်ယောက်၊ သို့မဟုတ် ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်က စိတ်ဓာတ်တက်ကြွစေမဲ့ စကားမျိုး ပြောလိုက်တဲ့ အခါ ပျင်းရိနေတဲ့ ကျွန်မရဲ့ စိတ်တွေ၊ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေဟာ ပြန်လည်လန်းဆန်း တက်ကြွလာပြီး စာကျက်ချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့ စိတ်တွေ ပြန်ဖြစ်ခဲ့ရပါတယ်.. ဒါကို မှတ်မှတ်ထင်ထင် သတိထားမိတဲ့အခါ လူတွေဟာ တစ်စုံတစ်ယောက်ဆီကနေ ကိုယ့်ရဲု့စိတ်ဓာတ်ကို အင်အားဖြည့်ပေးမဲ့ စကားလုံးတွေ လိုကိုလိုအပ်ပါလား ဆိုတာ တွေးတောမိတတ်လာပါတယ်.. ဘ၀မှာ အခက်အခဲ အကြပ်အတည်းများနဲ့ ကြုံလာတဲ့ အခါမှာလည်း တစ်ခြားသူတွေဆီက အားပေးနှစ်သိမ့်မှုတွေ၊ စာနာ နားလည်မှုတွေ ရရှိလိုက်တဲ့အခါမှာ ကိုယ်တွေရဲ့ စိတ်ဟာ သိသိသာသာ ရွှင်လန်း လာတယ်.. တက်ကြွလာတတ်ခဲ့ပါတယ်.. ဒီအဖြစ်တွေကို ပြန်တွေးမိတဲ့အခါ ကျွန်မရေးတဲ့ ဘလောဂ့်လေးမှာ စာဖတ်သူတွေအတွက် စိတ်ဓာတ် ခွန်အားလေးဘဲဖြစ်ဖြစ်၊ အားပေးနှစ်သိမ့်မှု လေးဘဲဖြစ်ဖြစ် ရယ်မောရွှင်ပျစရာ တစ်ခုလေးဘဲဖြစ်ဖြစ်၊ သတိထားမိစရာ တစ်ခုခုဘဲ ဖြစ်ဖြစ်ပေါ့နော်. တတ်နိုင်သလောက် ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီဘလောဂ့်ကို ရေးဖို့ ကြိုးစားမိပါတယ်.. ကျွန်မရေးတဲ့ စာတွေသည် ကိုယ့်ဘ၀ တစ်လျှောက်လုံး ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက ရတဲ့ ဗဟုသုတတွေရယ်... ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးက ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိတရားတွေရယ်၊ လက်ရှိဖတ်နေတဲ့ စာတွေရယ် ပေါင်းစပ်ပြီး ရေးမိတာ ဖြစ်ပါတယ်..
ကျွန်မရဲ့ စာတွေကို ဖတ်မိတဲ့အခါ စာဖတ်သူများအတွက် တစ်စုံတစ်ရာ အဆိပ်အတောက် မဖြစ်ရလေအောင် အမြဲ သတိထားပါတယ်.. ကျွန်မဖတ်ပြီးတဲ့ စာတစ်ပုဒ်ကို မူရင်းစာရဲ့ ရသနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အတွေးများနဲ့ ပေါင်းစပ်လို့ စာထဲမှာ ပေးချင်တဲ့ အတုယူစရာ၊ သင်ခန်းစာ ယူစရာလေးများကို ရှာဖွေ ကောက်နှုတ်ပြီး ဖော်ပြလေ့ရှိပါတယ်.. ကျွန်မဟာ ၀ါသနာကြောင့် စာရေးတာ ဖြစ်ပါတယ်… ဘလောဂ့်စရေးတဲ့ သက်တမ်းသည် ယနေ့မှ ၃လသာ ရှိသေးပြီး ကျွမ်းကျင်သော စာရေးသူ တစ်ယောက် မဟုတ်တဲ့အတွက်လည်း စာရေးတဲ့နေရာမှာ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ဖို့ စာဖတ်သူများနဲ့ သူငယ်ချင်းများကို ညွှတ်နူးစွာ တောင်းပန်အပ်ပါတယ်..
ရှေ့ဆက်ပြီးလည်း ကျွန်မရဲ့ အားလပ်ချိန်တွေမှာ စာတွေဖတ်ရင်း ကိုယ်ဖတ်မိတာတွေထဲက ကောင်းမွန်တဲ့ စာများကို ဒီအစိမ်းရောင်လွင်ပြင် စာမျက်နှာပေါ်ကနေ ပြန်လည် မျှဝေနိုင်ဖို့ ကြိုးစားနေဦးမှာပါ… စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ကျွန်မရဲ့ဝါသနာပါရာ စိတ်ထွက်ပေါက်၊ စိတ်အပန်းဖြေရာဖြစ်သလို စာလာဖတ်သူများ အတွက်လည်း အကျိုးတစ်ခုခု၊ ရသတစ်ခုခု ပေးနိုင်ဖို့ကို အတတ်နိုင်ဆုံး ကြိုးစားမိပါတယ်.. ဒါဟာ ကိုယ်တတ်နိုင် သလောက် ဝေမျှခြင်းလည်း ဖြစ်ပါတယ်.. ဒီလို စာတွေကို ဝေမျှနိုင်ဖို့ ကျွန်မကိုယ်တိုင်လည်း စာများစွာကို ဖတ်ခဲ့ရပါတယ်. ဖတ်နေဆဲလည်း ဖြစ်ပါတယ်.. စာဖတ်ခြင်းဟာ ကျွန်မဘ၀ရဲ့ အချိန်အများဆုံးကို သိမ်းပိုက်ထားတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်..
ကျွန်မရဲ့ အတွေးထဲမှာ ကျွန်မရေးတဲ့စာတွေသည် စာဖတ်သူများအတွက် အသိတစ်စုံတစ်ရာ ရရှိစေဖို့ အမြဲတမ်း ရည်ရွယ်ချက် ထားရှိပါတယ်... အစိမ်းရောင်လွင်ပြင် ဘလောဂ့်သက်တမ်း ၃လပြည့် အမှတ်တရနဲ့ တိုက်ဆိုင်တဲ့အတွက် အခု ကျွန်မရေးနေတဲ့ အကြောင်းအရာနဲ့ ကျွန်မရဲ့ အတွေးများသည် ဘလောဂ်ရေးမိခြင်းနဲ့ ပတ်သက်တဲ့ အတွေးများသာ ဖြစ်ပါတယ်.. လူတိုင်းလူတိုင်းမှာ လွတ်လပ်ကျယ်ပြန့်တဲ့ အတွေးများ ကိုယ်စီရှိကြသလို ကိုယ်ယုံကြည်ရာ၊ ကိုယ်တန်ဖိုးထားရာ တို့ကို ဆုပ်ကိုင်ရင်း ကိုယ့်ရဲ့ အတွေးဘောင်တွေကို စိတ်ကူးရှိသလောက် ချဲ့ထုတ်ပစ်လို့လဲ ရပါတယ်.. ဒါကြောင့် ကျွန်မရဲ့ ခင်မင်ရပါသော စာရေးဖော်များဖြစ်ကြတဲ့ ( လင်းကြယ်ဖြူ၊ ကိုဇော်၊ မြစ်ကျိုးအင်း၊ ဏီလင်းညို၊ ကိုကိုမောင်၊ မချစ်ကြည်အေး၊ မရွှေစင်ဦး၊ မမြသွေးနီ ၊ မကေ၊ မဒဏ္ဍာရီ၊ သဒ္ဓါလှိုင်း၊ ပန်းရင့်ရောင်၊ အဖြူရောင်နတ်သမီး၊ အင်ကြင်းသန့်၊ သိင်္ဂါကျော် ) တို့ကို “ရင်ထဲက အတွေးစများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ရင်ထဲမှာ ရှိတဲ့ အတွေးများကို ဘယ်လိုသော အကြောင်းအရာများဘဲ ဖြစ်စေ လွတ်လပ်စွာ ဖော်ထုတ်ပေးပါလို့ တောင်းဆိုရင် Tag လိုက်ပါတယ်.. ကျန်တဲ့သူတွေကို တောင်းဆိုချင်ပေမဲ့ အချိန်မရမှာ စိုးတာရော၊ မအားမှာစိုးတာကြောင့်ပါ မတောင်းဆို တော့တာပါ.... အခု ကျွန်မTag ထားသူများလည်း အားလပ်တဲ့အချိန် တစ်ခုခုမှသာ ရေးပေးကြပါလို့ လေးစားစွာ တောင်းဆိုလိုက်ပါတယ်.. ကျွန်မရဲ့ အတွေးစများကို ရေးသားပေးဖို့ တောင်းဆိုတဲ့ အစ်မ Cube ကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်းနဲ့ ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင် ၃လပြည့်မှသည် နောင်အခွင့်အရေးရနေတဲ့ အချိန်ထိ ကြိုးစားပြီး စာတွေရေးနေပါဦးမယ်လို့…
စာဖတ်သူများနှင့် စာရေးဖော် သူငယ်ချင်းများအားလုံးကို ချစ်ခင်လေးစားလျှက်
ချော (အစိမ်းရောင်လွင်ပြင်)
25 comments:
- ဏီလင်းညို said...
-
ချောရေ.....
စာအုပ်တွေဖတ်တာ၊ စာရေးတာကတော့ ကျွန်တော်တို့နဲ့ အကြိုက်ခြင်းတူပါ့ဗျားးးးးးးး
(အသစ်တွေ့လို့ပြေးလာတယ်....။ တက်ဂ်နဲ့ တိုးနေပေတော့သကိုးးးးးး....၊ ရေးပေးပါ့မည်။ မကြာမီလာမည် မျှော်..... ဟော်...ဟော်......း))
ခင်မင်တဲ့
ဏီလင်းညို - March 13, 2010 at 1:40 AM
- မြသွေးနီ said...
-
ချောရေ..
ချောစာရေးတဲ့ သက်တမ်းက ၃လပေမယ့် ချောရေးသမျှပို့စ်လေးတွေဟာ စာဖတ်သူတွေရော မိတ်ဆွေ ဘလော့ဂ်ဂါများကိုပါ ကောင်းမွန်တဲ့ တစ်စုံတစ်ရာတွေ အကြိမ်ကြိမ်ပေးခဲ့တာတော့ အသေအချာပါပဲ။ အထူးသဖြင့် ခင်မင်ဘို့ကောင်းတဲ့ ချော၊ ကူညီမှုတွေပေးတတ်တဲ့ချော ၊ စာကောင်းပေမွန်တွေကို ဒီထက်မက အများကြီး ဆက်ရေးသားသွားနိုင်ပါစေလို့ ၃လပြည့်မှာ ဆုမွန်ချွေလိုက်ပါတယ် ။
Tag ထားတာလေးကိုတော့ ကိုဏီပြောသလို မျှော်..... :P - March 13, 2010 at 1:58 AM
- စိတ်ကူးသစ် said...
-
စာရေးတာရော၊ဘာသာပြန်တာရော အရမ်းတော်ပါတယ်။
လေးစားခင်မင်တဲ့
စိတ်ကူးသစ် - March 13, 2010 at 2:15 AM
- Kotunygn said...
-
I like ur posts so much and I will support u to carry on the good job.
But, TAKE CARE UR HEALTH FIRST.
Have a Sweet Time.
:) - March 13, 2010 at 2:20 AM
- သဒ္ဓါလှိုင်း said...
-
မချောရေ..
ကိုဏီလင်းပြောသလိုပဲ ပိုစ့်အသစ်တွေ့လို့ပြေးလာတာ တက်ဂ်နဲ့တွေ့သွားတယ်။ အမှတ်တရ တက်ဂ်ပေးတဲ့အတွက်ကျေးဇူးပါ။ လာပါမယ်။ မချောရဲ့ဘလော့လည်း(၃)လပြည့်မှ နောက်....နောက်..(...)နှစ်တွေအထိစာပေဝေမျှနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။စာအရေးအသားကောင်းမွန်တဲ့
မချောရဲ့စာပေတွေကိုအမြဲအားပေးနေမှာပါ။
ခင်တဲ့
သဒ္ဓါ - March 13, 2010 at 2:22 AM
- အပြုံးပန်း said...
-
စာမျက်နှာကလည်း ရှင်းသန့်၊
စာတွေကလည်း ရှင်းသန့်လို့ အမြဲရောက်ဖြစ်တယ်၊
သုံးလပဲရှိသေးတယ်ဆိုပေမယ့် စာရေးသူရဲ့ စေတနာက ပေါ်လွင်နေပါတယ်။ - March 13, 2010 at 2:49 AM
- လင်းကြယ်ဖြူ said...
-
၃ လအတွင်း မှာ မှတ်ထားစရာ ကောင်းတဲ့ မှတ်သားစရာ တွေ အများကြီး ပေးခဲ့နိုင်တာ လေးစား
ဂုဏ်ယူပါတယ်...
ရှေ့လာမယ့် ရက်ပေါင်း လပေါင်း နှစ်ပေါင်း များစွာမှာ လည်း စာပေစွမ်းနဲ့ အများအကျိုးကို ဆထက်
တပိုးဆောင် နိုင်ပါစေလို့....
Tag လိုက်တာလား...ဟိုးမနှစ်က Tag ကြွေးတွေတောင် ကောင်းကောင်းမကြေလို့ ဘော်ဒါတစ်ဘွေ
စိတ်ကောက်နေလေရဲ့....အလုပ်တွေရှုပ်ရင်း အရှုပ်တွေလုပ် နေရသူမို့ ...နည်းနည်းသည်းခံပါလို့
နော်...း )
ပျော်ပါစေ
*.*.* - March 13, 2010 at 3:14 AM
- lannlann said...
-
အရမ်းကောင်း ပါတယ်
အမြဲတမ်း အားပေးနေမှာပါ - March 13, 2010 at 4:54 AM
- ဇာဏီ said...
-
သုံးလ ပြည့်အမှတ်တရ ဖတ်သွားပါတယ်
အစ်မက စာရေးနေတဲ့ဦးတည်ချက်လေးကောင်းပါတယ်
ဒီထက့်မက အကျိုးပြုစာပေတွေဆက်လက်ရေးသားနိင်ပါစေအစ်မ - March 13, 2010 at 6:54 AM
- အင်ကြင်းသန့် said...
-
အဲ...အပေါ်မှာကျန်ခဲ့လို့ ...ရေးပေးမယ်နော်..နောင်ခါပေး တွေ့တိုင်းတောင်းပေါ့...ဟီးးးးးးးးးး
- March 13, 2010 at 7:13 AM
- အင်ကြင်းသန့် said...
-
မမ...၃လပြည့်သွားခဲ့ပြီလား...မမရဲ့စာတွေက ဘယ်တုန်းကမှ အဆိပ်အတောက် မဖြစ်ခဲ့ပါဘူး...မမရေးထားတဲ့ စာတွေမှာ မမရဲ့ စေတနာတွေက အထင်းသားပေါ်လွင်နေတာပဲ...စေတနာကောင်းသလို စိတ်ထားလည်းကောင်းတဲ့ ငါ့အစ်မ (ညီမလေး ဆိုးချင်တိုင်းဆိုးလို့ရတယ်လေ...) ဒီ့ထက်မက အကျိုးပြုစာတွေရေးနိုင်ပြီး ဒီ့ထက်မကလည်း အောင်မြင်မှုတွေရပါစေ...
ညီမဆိုးဆိုးလေး
အင်ကြင် - March 13, 2010 at 7:13 AM
- ကိုဇော် said...
-
သုံးလပြည့်မှသည် ထာဝရဆီသို့ စာကောင်း စာမွန်တွေ ရေးနိုင်ပါစေဗျာ။
“ရင်ထဲက အတွေးစများ” ဆိုတော့လည်း ကျနော် ရင်ထဲက အတွေးတစ်ခုကို တကယ် ဖော်ပြီး ရေးပါ့မယ်။ ဟိုးငယ်စဉ်ကတည်းက အခုထိ ရင်ထဲမှာ ပြင်းပြင်းပြပြ တည်နေတဲ့ အတွေးတစ်ခုပေါ့ဗျာ။ အမြန်ဆုံးရေးနိုင်အောင် ကြိုးစားပါ့မယ်။
ပျော်ရွှင်ပါစေ။ - March 13, 2010 at 7:25 AM
- ဝက်ဝံလေး said...
-
မ နဲ့သမီးနဲ့တူတယ် မ ရေ သမီးလဲ စာအုပ်တွေ သိပ်ဖတ်တာ သမီး စ ဖတ်ဖြစ်တာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဆက်၍ခေါ်မည် ခိုင် ဖတ်ဖြစ်တာ မ ရဲ့အရမ်းသနားတာပဲ မ ရယ်
- March 13, 2010 at 8:22 AM
- ကိုကိုမောင် said...
-
မချောရေ...
ဘလော့သုံးနှစ်ပြည့်မှသည် အခုလို အများအကျိုးပြုစာပေတွေကို များများရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဘလော့ဂ်ရေးတာ သုံးလထဲရှိသေးတယ်ဆိုပေမဲ့ ဘလော့ဂ်ပေါ်ရောက်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်တဲ့ ကျနော့်ထက်တော့ အဆပေါင်းများစွာ အမကသာလွန်ကောင်းမွန်ပါတယ်။ ဒါကြောင့်မို့လဲ မအားတဲ့ကြားထဲက အသစ်တင်တာတွေ့ရင် အပြေးလာဖတ်ဖြစ်တာပါ။
ပျော်ရွှင်ကြည်နူးနိုင်ပါစေ အမ။ တဂ်ထားတာကိုတော့ အချိန်ရတဲ့အခါ ရေးပေးမယ်နော်။ နောက်ကျရင် ခွင့်လွတ်စေချင်ပါတယ်။ - March 13, 2010 at 8:31 AM
- ဘကျောက် said...
-
မယ်ချောတို့ ၃လ ပြည့်ပြီဆိုတော့...ချိုမိုင်မိုင်ကတတ်ပြီပေါ့
- March 13, 2010 at 6:12 PM
- ချစ်ကြည်အေး said...
-
၃လ သမီးလေးက စကားလည်း အလွန်တတ်၊ စာလည်း အလွန် အရေးကောင်းတာမို့ ဘလော့ဂ်လေးက လူလားမြောက်တာ အလွန်မြန်တယ်လို့ပဲ ပြောပါရစေတော့...
ရေးပေးမယ်ချောရေ...မနက်ဖြန် တင်လိုက်မယ်၊ တို့က အဲသလို စိတ်ကြီးတယ်...:) - March 13, 2010 at 7:37 PM
- kom said...
-
တည်တံ့ပါစေ.
- March 13, 2010 at 8:11 PM
- ပန်းရင့်ရောင် said...
-
မချောရေ......လာဖတ်သွားပြီ။ရေးပေးမယ်နော်။နည်းနည်းနောက်ကျရင် ဆောရီးလို့ ကြိုတောင်းပန်ထားမယ်နော်။
ခင်တဲ့ ပန်းရင့်ရောင် - March 13, 2010 at 11:11 PM
- ဒဏ္ဍာရီ said...
-
ချောရေ........ အလိမ္မာ စာမှရှိဆိုတဲ့ စကားလေးအတိုင်း ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေရယ် စာပေတွေထဲက ရရှိခဲ့တဲ့ ဗဟုသုတတွေရယ်ကို စာဖတ်သူ သူငယ်ချင်းတွေအတွက် မျှဝေပေးချင်တဲ့ ဆိုတဲ့ ရည်ရွယ်ချင်လေးကို လေးစားမိပါတယ်။ (၃)လ ဆိုတဲ့ သက်တမ်းနဲ့ မထင်ရလောက်အောင်ကို စာဖတ်သူတွေအတွက် စေတနာ ထားတဲ့ ဘလော့သက်တမ်း (၃) လပြည့်မှစပြီး နောင်နှစ်ပေါင်းများစွာ အောင်မြင်စွာ ရေးသားနိုင်ပါစေနော်။
Tag ပိုစ့်လေးကိုလည်း ရေးပေးမယ်နော်။ အတူတူ မျှဝေကြတာပေါ့ ချောရယ်။
ခင်မင်လေးစားလျှက် - March 13, 2010 at 11:26 PM
- မကေ said...
-
အမရေ ဒီထက်ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ သတိတရနဲ့ တက်ဂ်တဲ့အတွက်ကျေးဇူးပါ။ မကြာမီ လာမည်တော့ မဟုတ်ဘူးနော် ကြာမည် လာမည်ပေါ့ အမရယ် အလုပ်နဲနဲများနေလို့ပါ :P
- March 14, 2010 at 5:17 AM
- aung said...
-
ကျနော်ကတော့myanmar blog တွေကိုအမြဲဖတ်ဖြစ်တဲ့...တယောက်ပါ
ချော၇ဲ့စာတွေလဲ အပါအ၀င်ပေါ့....
စေတနာပါတဲ့စာတွေေ၇းတတ်တဲ့သူဆိုတာတော့သတိပြုမိပါတယ်။
အောင်မြင်ပါစေ ချောေ၇...... - March 14, 2010 at 5:50 AM
- မြစ်ကျိုးအင်း said...
-
ပထမဆုံး ပြောချင်တာကတော့ စေတနာပါပါ ရေးတတ်လို့ ဒီ့ထက် အများကြီး အောင်မြင်အုံးမယ်ဆိုတာ ယုံကြည်နေတယ်။
ဒုတိယပြောချင်တာက ၃ လ ပြည့်မှသည် ၃ နှစ်တိုင်အောင် ရေးနိင်ပါစေ
တတိယ ပြောချင်တာက တဂ်ပို့စ်ကတော့ လာမယ် အဲကြာရင်လည်း ကြာနိင်တယ် ဆိုတဲ့ အကြောင်းပါ။ - March 14, 2010 at 12:17 PM
- acube said...
-
ချောရေ -- အစိမ်းရောင်လွင်ပြင်ရဲ့ ဖွင့်ဆိုချက်လေးတွေကို ဖတ်သွားပါတယ်။ မမြင်ဖူးပေမယ့် Tag လို့ ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရေး ဖော် ရေး ဖက်တွေ ဖြစ်ရတာတော့ ပျော်ပါတယ်။
သုံးလမှသည် --- နှစ်ပေါင်းများစွာတိုင် အကျိုးပြုစာပေများစွာကို ရေးသားနိုင်ပါစေ ----
ခင်တဲ့
Acube - March 14, 2010 at 9:20 PM
- ညရဲ့ကောင်းကင် said...
-
အစ်မ ရေးတဲ့ စာတွေက ဖတ်လို့ တကယ်အကျိုးရှိစေတာပါ
- March 16, 2010 at 6:58 PM
- what is good things said...
-
အတွေးတစ်ချို့ လာဖတ်သွားပါတယ်။ စာအုပ်တွေတန်ဖိုးထားတယ်၊ စာဖတ်တာ၊စာရေးတာကို ၀ါသနာပါတာ သိရလို့ ၀မ်းသာမိပါတယ်။ ဘလော့ဂါအားလုံးက ၀ါသနာပါလို့ချည်းပါပဲလေ။
အဆင်ပြေပျော်ရွှင်ပါစေ ချောရေ။ - March 27, 2010 at 2:28 PM