လှအိုးကွဲ

Saturday, April 10, 2010

 



Photo from Here


 


ပြောရဦးမယ်ဗျာ ကျွန်တော်တို့ရွာက ကောင်မလေး တစ်ယောက်အကြောင်း…..


 


သူ့နံမည်က လှအုန်းမယ် တဲ့.. ကျွန်တော်တို့ရွာမှာတော့ သိပ်ချောတဲ့ ကောင်မလေးပေါ့ဗျာ..  ကွမ်းတောင်ကိုင်လေး ဆိုပါတော့..  ရွာက ကာလသားတွေများ သည်းသည်းကိုလှုပ်လို့.. အင်း ကျွန်တော်လည်းပါသလား ဆိုတော့ ဟဲဟဲ ဒါတော့ ဘယ်ပြောလို့ဖြစ်မလဲ..ပါတာပေါ့ဗျ.. ဘယ်နေလိမ့်မတုန်း.. ဒါနဲ့ လှအုန်းမယ်လေးက ဘယ်သူနဲ့တူသလဲဆိုတော့ ရွာက ဗွီဒီယိုရုံမှာ ခနခန ပြတတ်တဲ့ ဟို ရုပ်ရှင်မင်းသမီးလေ.. ဘယ်သူပါလိမ့်.. နံမည်က ခပ်မေ့မေ့..  အော် သိပြီ.. ခိုင်သင်းကြည်ရယ်လေဗျာ .. ဟုတ်တယ် လှအုန်းမယ်က ခိုင်သင်းကြည်နဲ့ တူတယ်ဗျ.. နောက်တူတာတစ်ခုက ဇာတ်ကားတွေမှာ ခိုင်သင်းကြည်က သိပ်စွာတယ်.. လှအုန်းမယ်ကလဲ အပြင်မှာ စွာကျယ်မ.. ဆတ်ဆတ်ကြဲ.. ရွာက ကာလသားတွေ သူ့ကို ကြိုက်ပေမဲ့ သူ့ပါးစပ်ကိုလန့်တယ် ဘယ်သူကမှ အနား မကပ်ရဲဘူး..  လှအုန်းမယ်ကလည်း သူ့ကိုယ်သူ ခိုင်သင်းကြည်နဲ့တူတယ် ဆိုတာသိတော့ ဘ၀င်က မြှင့်တယ်ဗျ.. သူနဲ့ တူတယ် တန်တယ်ဆိုတဲ့သူ ရွာမှာ မရှိတော့ဘူးမှတ်တာ..


 


ဒီလိုနဲ့ ရွာမှာ စုပေါင်းရှင်ပြုပွဲ ရှိတယ်ဆိုပါတော့ဗျာ.. စုပေါင်းရှင်ပြုပွဲဆိုတဲ့အတိုင်း ရှင်လောင်းပေါင်းများစွာ စုပေါင်းပြီး ပြုကြမှာဆိုတော့ ခြိမ့်ခြိမ့်သည်းပေါ့.. ဇာတ်တောင်မှ နံမည်ကြီး ဖိုးချစ်ဇာတ်ကို ငှားတာ… တစ်ရွာလုံးလဲ တက်တက်ကြွကြွ၊ ကာလသားတွေကလဲ ရှင်ပြုမဏ္ဍပ်တွေဆောက်၊ ရွာလူကြီးတွေကလဲ အလှူအတွက် လိုအပ်တာတွေ မြို့ကို ဈေးဝယ်ထွက်ကြ၊ အပျိုအုပ်စုကလဲ အလှူမှာ ချက်ပြုတ်ကျွေးမွေးမဲ့ အသင်းတွေ ဖွဲ့ကြ တာဝန်တွေ ခွဲကြနဲ့ တစ်ရွာလုံး ဘယ်သူမှ မကျန်ပါဘူး.. အလှူအတွက် ၀ိုင်းဝန်းနေကြတာ.. ကျွန်တော်တို့ ရွာမှာ ထုံးစံက အလှူလှည့်တဲ့နေ့မှာ အချောဆုံး အပျို ၂၄ယောက်ကို ပရိတ်အိုး ကိုင်ခိုင်းရတယ်.. ပရိတ်အိုးတစ်လုံးစီမှာ ဟေတုပစ္စယော၊ အရမဏပစ္စယော စသဖြင့် ၂၄ ပစ္စယောကို တစ်အိုးတစ်လုံးစီ ရေးထားတယ်ဗျာ... ၂၄ပစ္စယောဆိုတော့ အိုး၂၄လုံးပေါ့.. အိုးထဲမှာ ချည်လုံးတစ်လုံးရယ် သပြေခက်၊ အုန်းရွက်၊ ဒန်းရွက် စတာတွေ ပါတယ်.. အဲလို အလှူလှည့်တဲ့နေ့မှာ ပရိတ်အိုးကိုင် ရှေ့ဆုံးကောင်မလေးက လှအုန်းမယ်ပေါ့ဗျာ... သူက အချောဆုံးဆိုတော့ ရှေ့ဆုံးပေါ့…


 


လှအုန်းမယ်က ဒီတစ်ခေါက် ထူးထူးခြားခြား ဒေါက်မြှင့်ဖိနပ်လေးနဲ့ဗျ.. သိပ်မကြာခင်က ဗွီဒီယိုတစ်ကားမှာ ခိုင်သင်းကြည် စီးသွားတဲ့ ဖိနပ်ဆိုလား..  အလှူအတွက် မြို့တက်ပြီး ဈေးသွားဝယ်တဲ့ အဖွဲ့ကို မှာလိုက်တာလို့ ကြားမိတယ်..  ဒေါက်ဖိနပ်နဲ့ဆိုတော့ ကြည့်ရတာ ပိုတောင်လှနေတယ်လို့ ထင်မိသေး.. ဒါပေမဲ့ ခက်တာက ဒေါက်ဖိနပ်ကို သူက စီးကျင့်မရှိဘူး.. ပြီးတော့ ကျွန်တော်တို့ရွာက လမ်းတွေကလဲ မြို့မှာလို ကတ္တရာလို့ခေါ်တဲ့ မဲမဲကြီးတွေ ခင်းထားတဲ့လမ်းတွေမဟုတ်ဘူးဗျာ.. မြေလမ်းကြမ်းကြမ်းပေါ်မှာ ကျောက်ခဲနဲ့ သလဲတွေနဲ့.. စီးကျင့်မရှိတဲ့ ဒေါက်ဖိနပ်နဲ့ ကျောက်ခဲတွေရှိနေတဲ့ မြေလမ်းခပ်ကြမ်းကြမ်းနဲ့ ဆိုတော့ သူလမ်းလျှောက်တာက ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်နဲ့.. ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူးဗျာ. အလှူလှည့်တာကို ၀ိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေ ကလည်း လှအုန်းမယ်အဖြစ်ကို ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့.. ဒါပေမဲ့ ဘယ်သူကမှတော့ အသံထွက်အောင် မရယ်ရဲဘူး.. သူ့ပါးစပ်ကို ကြောက်ကြတယ်လေ..


 


ဒီလိုနဲ့ ရွာလည်ပိုင်း လူစည်ကားတဲ့နေရာရောက်လာလေ လှအုန်းမယ်ရဲ့ဒေါက်ဖိနပ်က အခြေအနေ ဆိုးလေ.. ကြည့်ရတာ တစ်ခါမှ မစီးဖူးလို့ လမ်းလျှောက်ခက်တာအပြင် ဖိနပ်ပေါက်တဲ့ ဒဏ်ပါ ခံရပြီထင်ပါရဲ့.. ယိုင်နဲ့နဲ့ လျှောက်နေရာကနေ လူပေါင်းများစွာကလဲ ၀ိုင်းကြည့်နေတော့ ရှက်ကိုးရှက်ကန်းပေါ့.. ဒီချိန်မှာဘဲ လမ်းပေါ်မှာ ပြန့်ကြဲနေတဲ့ ကျောက်စရစ်ခဲလေးတစ်တုံးကို နင်းမိပြီးသကာလ လှအုန်းမယ်ရဲ့ ခြေထောက်က ခေါက်ခနဲဖြစ်ပြီး မြေကြီးပေါ် ခြေချော်ပြီး လဲကျသွားပါတော့တယ်… လဲကျသွားတော့ လှအုန်းမယ် လက်နဲ့ပိုက်ထားတဲ့ ပရိတ်အိုးက မြေပြင်ပေါ် ပြုတ်ကျပြီး ခွမ်းခနဲဆို နှစ်ခြမ်း ကွဲပါလေရော.. နဂိုက သူလှမ်းလျှောက်ပုံကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြတဲ့ ရွာလူထုနဲ့ အလှူလှည့်ရာမှာ ပါဝင်ကြတဲ့သူ အားလုံးဟာ ဘယ်လိုမှ အိနြေ္ဒမဆည်နိုင်တော့ဘဲ  မပြုံးဘဲ ၀ါးလုံးကွဲ ၀ိုင်းရယ်ကြပါတော့တယ်.. ဒီမှာတင် လှအုန်းမယ်လေး ချော်လဲတော့ သူ့ကို ကြိုက်နေတဲ့ ရွာက ကာလသား ကိုလူအေးက မနှေးကလေး အပြေးသွားပြီး သွားဆွဲထူရာမှာ ရှက်စိတ်လဲမွန်၊ ဒေါသတွေလဲ ဝေနေတဲ့ လှအုန်းမယ်က ရှက်ရှက်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာက လာဆွဲထူတဲ့ ကိုလူအေးကို သူ့ရှေ့က အိုးခြမ်းကွဲနဲ့ ကောက်ထုလိုက်တာမှာ ကိုလူအေး ခေါင်းကွဲပါလေရော… လှအုန်းမယ်ရဲ့ ဒေါသကို ထည့်မတွက်မိဘဲ  စေတနာပိုမိတဲ့ ကိုလူအေးရဲ့အဖြစ်က ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရရှာပါတယ်.. စေတနာဆိုတာလည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ထားတတ်ဖို့လဲ လိုသေးတာကိုးဗျ... 


 


အဖြစ်ကတော့ အဲဒီလိုပါဘဲဗျာ.. ကျွန်တော်တို့ ရွာအလှူအကြောင်းပြောတိုင်း လှအုန်းမယ်နဲ့ ကိုလူအေးရဲ့ အကြောင်းက မပါမပြီးပေါ့.. စေတနာကောင်းလို့ ခေါင်းကွဲသွားတဲ့ ကိုလူအေးကို အကြောင်းပြုပြီး တစ်ယောက်ယောက်ကို စေတနာပိုနေရင် “ သတိထား ကိုလူအေးလို ဖြစ်မယ်နော် ” လို့ ရွာမှာ ပြောစမှတ် ပြုကြသလို အလှူမှာ လှချင်လွန်းအားကြီးလွန်းလို့ မတန်မရာ ဒေါက်ဖိနပ်စီးပြီး ချော်လဲကာ ပရိတ်အိုး ကျကွဲတဲ့ လှအုန်းမယ်ကို အဲဒီနေ့ကစလို့ တစ်ရွာလုံးက လှအိုးကွဲ  ရယ်လို့ နံမည်ပေးလိုက်ကြတယ်ဗျာ.. လှတပတ ချောချောမောမော ရွာရဲ့ကွမ်းတောင်ကိုင်ကလေးဟာ ဒေါက်မြှင့်ဖိနပ်ကို အကျင့်မရှိဘဲ စီးမိတဲ့ အတွက် လူပုံလယ်မှာ  အရှက်ကွဲရသလို၊ နံမည်ရင်းပျောက်ပြီး လှအိုးကွဲ လို့ အမည်တွင်သွား ရတာသာ ကြည့်တော့ဗျာ.. တစ်ခုခုဆို ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တန်မတန်၊ သင့်မသင့်လဲ ကြည့်ဖို့လိုသေးတာကိုးဗျ..


 


 


ပြုံးပြုံးရယ်ရယ် ဖတ်ဖို့ပါ....


 


အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...


 


ချော(အစိမ်းရောင်လွင်ပြင်)


 

19 comments:

AinChannMyay said...

dar lay kike loon lo comment yayae par mal so ma..
zawgyi font bar pyit lei ma ti taw buu Chawww ..
sorry.. I'll come back later :((

love,
malayy

အပြုံးပန်း said...

ပြုံးပြုံးရယ်ရယ်ဖြစ်ရပါတယ်။

ကေသရီ said...

အစ်မရေ။ သင်္ကြန်မတိုင်မီပျော်စရာလေးပေါ့။ လှအိုးကွဲရဲ့ အဖြစ်က တော်တော်ရယ်ရတယ်။ လှချင်ပေမယ့် အခြေအနေအချိန်အခါ နေရာဒေသ ကြည့်ဖို့လည်းလိုသေးတာပေါ့နော်။ အဟိ

KiKiငုင said...

ဟားဟားဟား ..ရယ်ရတယ်ဗျိုး ။
ပြုံးပြီး ကွဲတဲ့ ထိ ရယ်မိတယ် ..
လှအိုးကွဲ က အိုးပဲ ကွဲလို့  တော်သေးတာပေါ့ နော် ...

မြသွေးနီ said...

လှအိုးကွဲ အဖြစ်မျိုးကြုံဖူးတယ်။ ကိုယ်တိုင်တော့မဟုတ်။ သူများဖြစ်တာ။ ငိုရအခက် ရယ်ရအခက်နော်။
မြန်မာနှစ်သစ်မှာပျော်ရွှင်ပါစေချောရေ..။

ahphyulay said...

အင်း... ရွာ တွေ မှာ အဲ့ ဒီလို လှအိုးကွဲ တွေ အများ ကြီး ရှိနေအုံးမှာပါပဲ။
ဖတ်ပြီးတော့  ကြည်နူး မိပါတယ်။ ရွာဓလေ့ ကို လဲ မြင်မိပါတယ်။
သင်္ကြန် မှာ ပျော်ရွှင် ကြည်နူး နိုင်ပါစေ ဗျား..။

ဒဏ္ဍာရီ said...

ပိုစ့်လေးကို ပြုံးပြီး ဖတ်သွားရပါတယ် ချောရေ.. ကွမ်းတောင်ကိုင်ဘ၀ လှအိုးကွဲလေး ဖြစ်ရရှာတယ်။ ရေးလည်း ရေးတတ်ပါ့နော်။

နှစ်သစ်အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ချောရေ...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

sosegado said...

သင်္ကြန်မတိုင်မီပျော်စရာလေး၊ တော်သေးတာပေါ့ အိုးပဲကွဲလို့၊ ဖတ်ပြီး ပြုံးရယ်မိပါသည်၊
ဘယ်နေရာပဲရောက်ရောက်ပေါ့ ပျော်ရွှင်သော သင်္ကြန်ဖြစ်ပါစေ၊

အကြမ်းထည် said...

လှ အိုးကွဲ လေး......ပျော်ရွှင်ပါစေဗျာ
ပြုံးရယ်သွားပါတယ်....
carry on!!
with resp;

ကိုကိုမောင် said...

မချောရေ....
ရယ်ရတယ်။ လှအိုးကွဲက မချောကိုယ်တိုင်တော့ မဟုတ်လောက်ပါဘူးနော်။ ဟဲ ဟဲ။ စတာပါဗျာ။
ဒါနဲ့...ပရိတ်အိုးကို အဲဒီလိုကိုင်ပြီး အလှူလှည့်တာမျိုးက တစ်ခါမှ မကြုံဖူးဘူး။ စိတ်ဝင်စားစရာဘဲ။ အိုးထဲမှာတော့ ပရိတ်ရေအတွက် ရေထည့်ထားပုံမရဘူးနော်။

မြစ်ကျိုးအင်း said...

ဒီစာကို ကျွန်တော့်အမတစ်ယောက်ကို ပေးဖတ်အုံးမှပဲ
သူကလည်း တအားလှချင်တာ သူပြောတာတော့ နဂိုရှိလို့ နဂိုင်းထွက်တယ် ဆိုလားပဲ။

လှချင်လွန်းတော့ အရှက်တကွဲဖြစ်ရတာတွေ များပါ့။ လှတဲ့သူက ပို လှချင်တာပါပဲ။
သတိပေးဖို့တောင် မလွယ်ပါဘူး။

ဘကျောက် said...

လှအုန်းမယ် ပြီးရင် ချောအုန်းမယ် အကြောင်း ဆက်ရေးပါ

ကိုဇော် said...

ဘာကွ. . .အပေါ်က လူ. . .
ဘာချောအုန်းမယ် အကြောင်း ရေးရမှာလဲ. .
ဒါ. . .ချောအုန်းမယ် ပဲလေ. . သူဆိုတာ လူသိမှာ စိုးလို့ သူများ လိုလိုနဲ့ နာမည်ပြောင်းထားတာ. . .ငါနော် ပြောလိုက်ရင် ပေါ်ကုန်တော့မယ်။
မပြောချင်ဘူး . . မပြောဘူးဆို ပြောကို မပြောချင်ဘူး . . .

shwezinu said...

ညီမရေ

လှအိုးကွဲ အကြောင်းလာဖတ်ပြီး ရီသွားပါတယ်

အမ
ရွှေစင်

ဏီလင်းညို said...

မချောရေ......
“ဒေါက်ဖိနပ်ကို စီး....
မှောက်ရက်ကို လဲ.....
သောက်ရှက်ကိုကွဲ”..... ဆိုပြီး ငယ်ငယ်တုန်းက ကျွန်တော်တို့ ပေါက်ကရလျှောက်အော်ဆိုခဲ့တာတောင် သတိရသွားတယ်.......း))
နှစ်သစ်မှာ ပျော်ပါစေဗျိုးးးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

julyzarny said...

ရွာဓလေ့  ကတော့  ချစ်စရာ ပဲ ဗျ ........ ဘာပဲပြောပြောကြည်နူးစရာ ကောင်းတာတော့  အမှန်ပဲ ဗျာ .......

အင်ကြင်းသန့် said...

အော်...လတ်စသတ်တော့ ငါ့အစ်မရဲ့ ငယ်နာမည်က လှအုန်းမယ်ကိုးးးးးးးးးးး (ဟိဟိ...လစ်ပီ)

kotunygn said...

:D

မြင့်မိုး said...

မချောရေ.. သိပ်လှရင် အိုးကွဲတတ်တယ်ဆိုတာဒါကိုကြည့်ပြောကြတာနေမယ်ထင်တယ်နော်...။