ကျွန်မရဲ့ အမြင်လေးတစ်ခု...
Monday, April 12, 2010
ကျွန်မအလည်ရောက်နေတဲ့ မြို့ကလေးတစ်မြို့မှာ မြင်တွေ့ခဲ့ရတာလေးကို ဒီနေရာလေး ကနေ စာဖတ်သူများကို ပြောပြချင်ပါတယ်..
အဲဒီမြို့ကလေးဟာ သာယာလှပပြီး ချစ်စရာကောင်းပါတယ်.. ရာသီဥတုကလဲ မပူတဲ့ ခပ်အေးအေး တောင်ပေါ် ဒေသ ရာသီဥတုလေးပါ။ မြို့ကို တောင်စဉ်တောင်တန်းတွေက ၀ိုင်းပတ် ကာရံထားတာမို့ ဘယ်နေရာကို ကြည့်ကြည့် မြင့်မြင့်မားမား တောင်တန်းတွေကို ပြာပြာလွင်လွင်လေး လှမ်းမြင်နေရတတ်ပါတယ်.. မြူခြေဆိုင်းတဲ့အခါမျိုး ဆိုရင်တော့ တောင်တန်းတွေကို ခပ်မှိုင်းမှိုင်းလေးသာ လှမ်းမြင်နေရပါတယ်.. မြို့ကလေးရဲ့ နောက်ထပ် ချစ်စရာကောင်းတဲ့ အချက်က ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် သစ်ပင်တွေရှိနေတဲ့ အချက်ကလေးပါဘဲ.. လမ်းတိုင်းမှာဆိုရင် လမ်းဘေးဝဲယာ ဘေး၂ဘက် လုံးမှာ သစ်ပင်တွေ တန်းစီ စိုက်ထားပါတယ်.. သစ်ပင်မရှိတဲ့ လမ်းရယ်လို့ မတွေ့မိသလောက်ပါဘဲ… တစ်ချို့လမ်းတွေများဆို မွှေးမွှေးပျံ့ပျံ့ ပန်းတွေပွင့်တဲ့ အပင်တွေ တစ်လမ်းလုံး တစ်ပုံစံတည်း ဒီအပင်မျိုးချည်း စိုက်ထားတော့ အဲဒီလမ်းထဲ ၀င်လိုက်တာနဲ့ သင်းသင်းလေး မွှေးနေတဲ့ ပန်းနံ့လေးကို စိတ်ချမ်းမြေ့စရာ ခံစားမိတော့တာပါဘဲ..
လမ်းဘေးဝဲယာက အရိပ်ရ အပင်များ
တစ်ချို့လမ်းကျတော့လည်း အရွက်စိမ်းစိမ်းဖားဖားနဲ့ ဘာပင်ရယ်လို့ နံမည်မသိတတ်တဲ့ အပင်လှလှတွေ စိုက်ထားတော့ တစ်လမ်းလုံးဟာ သစ်ပင်ရိပ်နဲ့ အေးစိမ့် နေတတ်ပါတယ်.. အချို့လမ်းမကြီးတွေမှာတော့ လမ်းအလယ်ကျွန်းဆိုတာ ရှိပါတယ်.. အဲဒီလမ်းလယ်ကျွန်းဟာ မြက်ခင်းစိမ်းစိမ်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှိပြီးတော့ သစ်ပင်ကြီးတွေ ခပ်ကျဲကျဲ ရှိနေတတ်ပါတယ်… မြက်ခင်းလေးတွေက တယုတယ စိုက်ပျိုးထားတာဖြစ်လို့ အိအိမွမွလေးနဲ့ လှဲအိပ်ချင်စရာ ကောင်းအောင် စိမ်းလန်းစိုမြလို့ ထွေးအိနေတတ်ပါတယ်.. သစ်ပင်ရိပ်အောက်က အဲဒီမြက်ခင်းပြင်ပေါ်မှာ လှဲအိပ်သူကအိပ်၊ စာဖတ်သူကဖတ်၊ အချို့လဲ အုပ်စုလိုက် ဆော့ကစားလို့ နေတတ်ကြပါတယ်..
ခုတစ်လော အဲဒီမြို့ကလေးမှာ စီမံချက်လေးတစ်ခုအနေနဲ့ သစ်ပင်တွေ ထပ်ထပ်ပြီး စိုက်နေတာကို တွေ့ရပါတယ်.. သစ်ပင်ခပ်ကျဲကျဲလေး ရှိနေရာကနေ ခပ်စိပ်စိပ်ဖြစ်အောင် ထပ်ပြီး စိုက်နေပါတယ်.. မြက်ခင်းစိမ်းစိမ်းတွေ နေရာမှာတော့ ပန်းလေးတွေပွင့်မဲ့ အပင်မျိုးကို ပြောင်းစိုက်နေပါတယ်.. ဒီနေရာမှာ ကျွန်မမြင်တွေ့ခဲ့ရတဲ့ သစ်ပင်စိုက်တဲ့ နည်းကလေးကို သဘောကျမိတာကြောင့် ပြန်လည်ဝေမျှမိပါတယ်.. သစ်ပင်တွေကို အပင်ပေါက်ကိုစိုက်တာ၊ အခက်ကနေ စိုက်တာမျိုး မဟုတ်ပဲ ရွေ့ပြောင်းစိုက်တဲ့ နည်းနဲ့ စိုက်ပျိုးတာ ဖြစ်ပါတယ်.. သစ်ပင်အကြီးတွေကို သစ်တောတွေထဲကနေ အပင်ရဲ့ ပင်မအမြစ်ကြီး ပါလာအောင် မြေကြီးနဲ့တကွ တူးယူလာပါတယ်.. ပင်စည်ကြီးနဲ့ အကိုင်းခက်ကြီး အချို့ကိုသာ ချန်ထားပြီး ကျန်တဲ့ အကိုင်းအခက်တွေ အရွက်တွေ အားလုံးကို ဖြောက်တောက် ပစ်ပါတယ်..
အမြစ်ပါအောင် တူးယူလာသော အပင်ကြီးများ
စိုက်မဲ့နေရာအထိ သယ်ယူလာပြီး အဆင်သင့် ချထားပါတယ်. ပြီးရင် မြေကြီးကို ခပ်နက်နက်ကလေး တူးပါတယ်.. စိုက်မဲ့သစ်ပင်ကြီးကို ကရိန်းတွေနဲ့ မပြီး မြေတွင်းကြီးထဲကို ချပါတယ်.. လူအင်အားလဲ အများကြီး မလိုပါဘူး.. ဒီနည်းနဲ့ သစ်ပင်တွေဟာ အချိန်ကိုစောင့်စရာမလိုဘဲ နေ့ချင်းညချင်း မြို့ကလေးကို စိုပြေအောင် လုပ်ပေးပါတော့တယ်..
ကရိန်းနဲ့ ချိတ်ပြီး သစ်ပင်ကို နေရာချနေစဉ်
နေ့ချင်းညချင်း တောအုပ်ကလေး တစ်ခုအသွင် မြင်ရတဲ့ မြို့လယ်ခေါင်မြင်ကွင်း
အခု စိုက်ပျိုးတဲ့ သစ်ပင်တွေဟာ နောက်နှစ်ဆိုရင်ဘဲ စိမ်းလန်းစိုပြေစွာ တင့်တယ်လှပ နေလောက်ပြီ ဖြစ်ပါတယ်.. မနှစ်က စိုက်ပျိုးထားခဲ့တဲ့ သစ်ပင်တွေဟာလည်း ဒီနှစ်မှာတော့ အားလုံး ရွက်စိမ်းလေးတွေ ဝေေ၀ဖြာပြီး တကယ့်နှစ်ရှည်စွာ စိုက်ပျိုးထားသကဲ့သို့ မြို့ကလေးကို အလှဆင်နေပြီဖြစ်ပါတယ်..
ဒီလို အပင်တွေ အားတက်သရော စိုက်နေတာမြင်ရတော့ ကျွန်မရဲ့စိတ်ထဲမှာ နာဂစ်တုန်းက လဲပြိုကျသွားခဲ့တဲ့ ရန်ကုန်မြို့ကြီးရဲ့ နေရာ အနှံ့အပြားက သစ်ပင်ကြီးများကို ပြန်လည် မြင်ယောင်လာမိပါတယ်.. လဲပြိုသွားတဲ့ သစ်ပင်ကြီးတွေနေရာမှာ ခုလို အမြန်ဆုံးနည်းနဲ့ ပြန်လည်စိမ်းလန်း စိုပြေလာစေဖို့ အနီးနားက သစ်တောတစ်ချို့ဆီကနေ သစ်ပင်တွေကို ဒီနည်းနဲ့များ ရွေ့ပြောင်းစိုက်ပျိုးမယ်ဆိုရင် ရန်ကုန်မြို့ကြီးဟာ နှစ်ပေါင်းများစွာ စောင့်စရာမလိုတော့ဘဲ တစ်နှစ် ၂နှစ် အတွင်းမှာတင် သစ်ပင်ကြီးများနဲ့ ပြန်လည် စိုပြေလာနိုင်လိမ့်မယ်လို့ ကျွန်မစိတ်ထဲ ထင်မြင်မိတာလေးကို ဒီနေရာကနေ ရိုးသားစွာ ရေးပြခြင်းသာဖြစ်ပါတယ်..
ဒီပိုစ့်လေးကို ကျွန်မရဲ့ အမြင်ဆိုတဲ့ခေါင်းစဉ်လေး ပေးလိုက်ပြီး ကျွန်မ မြင်တာလေးတွေကို ချရေးပါတယ်.. ရေးပေးပါလို့ တဂ်ထားတဲ့ ကိုဇော် လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်..
ချော(အစိမ်းရောင်လွင်ပြင်)
16 comments:
- shwezinu said...
-
ညီမ ရဲ့ အမြင်လေးကို လာဖတ်သွားတယ်နော်
မြန်မာပြည် မှာလည်း အဲဒီလိုစိုက်ကြပါတယ် ဝန်ကြီးများအိမ်တို့ ဗိုလ်ချုပ်ကြီးများ အိမ်တို့မှာပါ
အများပြည်သူ နဲ့ ဆိုင်တဲ့ နေရာတွေမှာတော့ စိုက်တာ မတွေ့ဘူးသေးဘူး (တခါ တလေ အရေးပေါ် ပန်းခြံလုပ်တဲ့ စီမှာလား မသိဘူး စိုက်တာတွေ့ဘူးတယ်)စရိပ်ကြီးတယ်ထင်တယ်.. သူဌေးအိမ်တွေမှာ လည်း စိုက်ကြတယ်
ခင်တဲ့ ရွှေစင် - April 12, 2010 at 5:38 AM
- ကေသရီ said...
-
ရန်ကုန်မြို့မှာလည်း စီမံချက်နဲ့ ဒီလိုစိုက်လိုက်ရင် ချက်ချင်းစိမ်းလန်းသွားမှာပဲနော်။ ကျွန်မအခုနေတဲ့ မြို့လေးမှာလည်း သစ်ပင်တွေကို သိပ်တန်ဖိုးထားကြတယ်။ အမြဲစိမ်းစိုနေအောင်ဂရုတစိုက်လုပ်တယ်။ ကျွန်မ တို့နိုင်ငံကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်ပါတယ် အစ်မရေ။
- April 12, 2010 at 8:10 AM
- အဖြူရောင်နတ်သမီး said...
-
“သစ်တောတစ်ချို့ဆီကနေ သစ်ပင်တွေကို ဒီနည်းနဲ့များ ရွေ့ပြောင်းစိုက်ပျိုးမယ်ဆိုရင် ရန်ကုန်မြို့ကြီးဟာ နှစ်ပေါင်းများစွာ စောင့်စရာမလိုတော့ဘဲ တစ်နှစ် ၂နှစ် အတွင်းမှာတင် သစ်ပင်ကြီးများနဲ့ ပြန်လည် စိုပြေလာနိုင်လိမ့်မယ်လို့......”
-----------------------------------------------------------------------------
ဟုတ်တယ် မချောရေ....
အဲဒီလိုနည်းတွေကိုသုံးပြီး မဖွင့်ဖြိုးသေးတဲ့ ဒေသတွေက စီးပွားရေး၊ပညာရေး၊လူနေမှုအဆင့်အတန်း တွေကို အုံဖွဆိုပြီး နေ့ခြင်း ညခြင်း မြေလှန် ပြောင်းလဲပြစ်လို့ရရင် သိပ်ကောင်းမှာပဲနော်.....
-------------------------------------------------------------------------------- - April 12, 2010 at 8:29 AM
- ကိုဇော် said...
-
အရမ်းကောင်းတဲ့ အမြင်လေးပါပဲ မချောရေ. . .
လုပ်မယ် ဆိုရင် အရာရာက ဖြစ်နိုင်ပါတယ်ဗျာ . . . .
အဲ. . .မလုပ်ဘူး ဆိုရင်လည်း . . . . .
.
ပျော်ရွှင်ပါစေ
ကိုဇော် - April 12, 2010 at 1:32 PM
- မြစ်ကျိုးအင်း said...
-
သက်ဆိုင်ရာ မြို့တော်ဝန်က စေတနာ ထားမယ် ဘတ်ဂျက်ကို နေရာ တကျ သုံးမယ်ဆိုရင် ဖြစ်လာနိင်ပါတယ်။ ပျက်ယွင်းလာတဲ့ ကမ္ဘာမြေကို ကာကွယ်ရာမှာ အပင်များများ စိုက်ခြင်းကတော်တော်ထိရောက်တဲ့ နည်းပါ။ ပြည်တွင်းက အိမ်တိုင်းမှာ နေရာအလွတ် ရှိနေခဲ့ရင် အကြီးမြန် သစ်ပင်တွေကို ကိုင်းထိုးပြီး စိုက်သင့်ပါတယ်။
ဖတ်တဲ့သူ အကျိုးရှိစေတဲ့ ပို့စ်လေးပါ။ - April 12, 2010 at 1:32 PM
- မြသွေးနီ said...
-
ချောရေ...
အခုဒီမှာတော့ အရိပ်မဲ့.. အပူလွှမ်း..
ဘယ်နေရာကြည့်ကြည့် တံလျှပ်တွေနဲ့..
မီးစက်သံတညံညံ...။
ဟူ... ပူချက်က ကမ်းကုန်ပါပဲချောရေ..။
တကယ်လိုအပ်တဲ့ အခုပို့စ်ထဲကလို အပင်မျိုးတွေ ဒီမှာ စိုက်စေချင်စမ်းပါဘိ။ - April 12, 2010 at 2:10 PM
- Blackroze said...
-
မမရဲ့အမြင်လေးကအရမ်းကိုအေးချမ်းလှပါတယ်နော်...
ခုတော့ရန်ကုန်ဆိုတာကနေ့နေပူ..ညမီးစက်ကအသံညံရင်ညံ
မညံရင်တော့...candle in the house ..ပါဘဲမမရာ...
အဲညသန်းခေါင်မီးလာချိန်မှာတော့..ရေမော်တာသံတညံညံနဲ့ရစ်သမ်မိနေတဲ့
မြို့ဖြစ်နေပါတယ်.. - April 12, 2010 at 6:22 PM
- ဒဏ္ဍာရီ said...
-
ချောရဲ့ အမြင်လေးက အကောင်းမြင်ဝါဒ ဘက်ကနေ ကြည့်ပြီး ရေးထားတာ ဖတ်လို့ကောင်းသလို မနွယ်တို့ တိုင်းပြည်လေးကိုလည်း အဲလိုလေး နှစ်တိုကာလအတွင်းမှာ တိုးတက်စေချင်လိုက်တာနော်။
ငွေဖလားလေးနဲ့ ရေလောင်းသွားပါတယ်နော်။း))
ခင်မင်လေးစားလျှက် - April 13, 2010 at 1:08 AM
- KiKiငုင said...
-
စေတနာမှန်တဲ့ အစိုးရ ဆိုတော့ သူ့ နိုင်ငံ အေးချမ်းသာယာဖို့  တကယ့်လိုအပ်ချက်တွေ တခုပြီးတခု ဖြည့်ဆည်းပေးနေမှာပါပဲ လေ ။
တို့ ပြည် တို့ ရွာမှာလည်း စိုက်နေကြတာပဲ မဟုတ်လား ..ကြက်ဆူပင်တွေ လေ ..း)) ၊။
နာဂစ်ကြောင့် မပြိုတဲ့ အပင်တွေ သစ်တောတွေလည်း ပြုတ်ပြုတ်ပြုန်းပါပရော့လား ။
ဥတုရာသီ တောကို မှီ၏ ။။ ခုတော့ မှီစရာတော မရှိ ။တောင်ကတုံး တွေ နဲ့  အလှဆင်ထားလိုက်ကြတာလေ ။ တောရိပ် တောင်ရိပ် ခိုဖို့ တောင် အခက်ပါပဲ ။း(
မရွှေစင် ပြောသလို စိုက်တာမျိုးတွေတော့ ရှိသားရယ် ။ သူ့ မြေတွေ မှာပေါ့ ။
သင်္ကြန်ရေလေး လာဖြန်းပေးသွားပါတယ် ။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပါစေ ချော ရေ ။
ခင်မင်စွာဖြင့်
မကိ - April 13, 2010 at 9:36 AM
- julyzarny said...
-
လာအားပေး သွားတယ် နော် ........ ကျွန်တော်တို့  နိုင်ငံကိုလည်း ဖြစ်စေချင်ပါပြီ ဗျာ ........
- April 13, 2010 at 10:09 AM
- ညလင်းအိမ် said...
-
တကယ့်အမြင်လေးတခုပါပဲ ... အားလုံးကို အဲလိုပဲ မြင်စေချင်ပါတယ် ..
- April 13, 2010 at 2:51 PM
- ကိုကိုမောင် said...
-
ဟုတ်တယ်မချောရေ...
အဲဒီလို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို ဦးစားပေးလုပ်မယ်ဆိုရင် ရေမြေသဘာဝကောင်းမွန်လှတဲ့ မြန်မာနိုင်ငံကြီးလဲ လွန်စွာကျက်သရေရှိလာမှာ သေချာပါတယ်။
...
တဆက်ထဲဘဲ ရေလောင်းထားခဲ့မယ်။ ဗွမ်း။
.. - April 13, 2010 at 3:23 PM
- အင်ကြင်းသန့် said...
-
မမရဲ့ အမြင်လေးလိုပဲ တစ်ချို့တစ်ချို့သောသူတွေ မြင်တတ်ကြရင်ကောင်းမယ်....
- April 15, 2010 at 1:45 PM
- kotunygn said...
-
They used their brains for their people.
- April 21, 2010 at 2:06 PM
- ko ko said...
-
I can not read your site because of font problem, I think. So let me know which font you use and how to get it. Thanks.
- April 23, 2010 at 8:21 AM
- ညီညီထွန်း said...
-
အမ အမြင်လေးက အရမ်းကောင်းပါတယ် ---
- April 25, 2010 at 2:59 AM