စတိုင်ကျမဲ့ ခြေလှမ်းတစ်စုံ
Thursday, March 4, 2010
မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ စတိုင်ကျနတဲ့ ခြေလှမ်းလေး လှမ်းနိုင်ဖို့ရာမှာ ၀တ်ဆင်ရာတွင် အဆင်ပြေ ချောမွေ့ပြီး အ၀တ်အစားနဲ့လည်း လိုက်ဖက်မှုရှိမဲ့ ဖိနပ်တစ်ရံဟာ အရေးပါလှပါတယ်... မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲ၊ မင်္ဂလာပွဲလို ပွဲတစ်ခုခုကို တက်တော့မယ်ဆိုရင် အ၀တ်အစား၊ လက်ဝတ်တန်ဆာ၊ မိတ်ကပ်တို့နဲ့ လှလှပပ ပြင်ဆင်ထားသော်လည်း သင့်တော် တဲ့ ဖိနပ် မဟုတ်ခဲ့ရင် ကိုယ်တိုင်က စိတ်ချမ်းသာမှာ မဟုတ်သလို အများ အမြင်မှာလည်း ဆွဲဆောင်မှု ရှိမှာ မဟုတ်ပါဘူး..
မသပ်မရပ်ခြေသည်းနဲ့ ကွဲအက်နေတဲ့ ခြေဖနှောင့်ကို ပိုင်ဆိုင်ထားခဲ့ရင်လည်း ဖိနပ်လှလှ စီးထားပေမဲ့ ဘယ်လိုမှ ကြည့်လို့အဆင်မပြေနိုင်ပါဘူး.... ဖိနပ်လှလှလေးနဲ့ သန့်ရှင်းသပ်ရပ်တဲ့ခြေအစုံက ခြေသည်းလေးတွေကို အခုခေတ်စားနေတဲ့ ဒီဇိုင်းလှလှများနဲ့ ပုံဖော်ထားခဲ့မယ်ဆိုရင် လူတွေကြားမှာ ထူးထူးခြားခြား ဆွဲဆောင်မှု ကောင်းနေတော့မှာပါ.. သို့သော် မိမိရွေးချယ်မဲ့ ဒီဇိုင်းဟာ စူးစူးရဲရဲနဲ့ ကြောင်ကြောင်ကျားကျား အရောင်ကိုတော့ ရှောင်သင့်ပါတယ်... ၀တ်ဆင်မဲ့ အ၀တ်အစားနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းလေး ဖြစ်ဖို့လဲ အရေးကြီးပါသေးတယ်..
ဆောင်းရာသီမျိုးမှာ အရမ်းအေးတဲ့ အရပ်တွေမှာ နေထိုင်တဲ့ သူတွေဟာ ခြေဆီ အထွက်နည်းပြီး ခြေဖ၀ါးနဲ့ ခြေဖနောင့်တွေ ကွဲတတ်ပါတယ်... ဒီလို ကွဲတတ်တဲ့သူများ အနေနဲ့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ကုစားပေးနိုင်တဲ့ ဆေးကတော့ အလှကုန်ဆိုင်တွေမှာ ဈေးပေါပေါနဲ့ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ (Glycerine)လို့ခေါ်တဲ့ အလှဆီရည်ဘဲ ဖြစ်ပါတယ်.. အလှဆီဟာ စေးကပ်ကပ်နိုင်လှတာကြောင့် အချို့သူတွေက လိမ်းရခက်တယ်ဆိုပြီး မကြိုက်ကြပါဘူး.. (Glycerine) အလှဆီကို ရေရောပြီး လိမ်းမယ်ဆိုရင်တော့ စေးကပ်ကပ်နိုင်မှုက နဲနဲသက်သာမှာပါ....
သို့သော်လည်း ကွဲအက်ခြောက်သွေ့နေတဲ့ ခြေတစ်စုံကို အချိန်တိုတိုနဲ့ လှလှပပ စိုစိုပြေပြေလေး ဖြစ်နိုင်ပါတယ်ဆိုရင် စေးကပ်တာလေးကို သီးခံပြီးတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် သုံးစွဲသင့် ပါတယ်လို့ အကြံပေးလိုက်ပါရစေ... အခြားသော နိုင်ငံခြားဖြစ် အသားလှဆီများ ဘယ်လောက်ကောင်းကောင်း ကျွန်မတို့ မြန်မာပြည်က ထုတ်လုပ်တဲ့ အလှဆီ လောက် မြန်မြန်ဆန်ဆန် ပျောက်အောင်တော့ ထိရောက်မှုမရှိလှဘူး ဆိုတာ သေချာပါတယ်..
အချို့သောခြေထောက်တွေဟာ ကြမ်းတမ်းတဲ့ အသားမာများ တက်နေပြီး လူရှေ့မှာ မပြရဲလောက်အောင်ကို ရုပ်ဆိုးနေတာ တွေ့ရတတ်ပါတယ်. နူးညံ့ပျော့ပြောင်းတဲ့ ခြေထောက် လေးတစ်စုံကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မိမိခြေထောက်တွေကို တစ်ပါတ် တစ်ခါလောက်တော့ ရေနွေးနွေးနဲ့ ၁၅မိနစ်ခန့် စိမ်သင့်ကြောင်း မှတ်သားဖူးပါတယ်...အချို့ကတော့ ဆေးဘက်ဝင် အပင်များနဲ့ စိမ်ကြသလို၊ အချို့ကတော့ အမွှေးနံ့သာ၊ အဆီများနဲ့ စိမ်တတ်ကြပါတယ်.. ခြေထောက်ကို ရေနွေးနွေးနဲ့ စိမ်ခြင်းအားဖြင့် ညောင်းညာမှုတွေကို သက်သာနိုင်သလို အသားအရေလဲ နူးညံ့ ချောမွေ့လာနိုင်ပါတယ်လို့ ဆိုပါတယ်... ရေနွေးစိမ်ခြင်းဟာ အလှအပတွက်သာမက ကျန်းမာရေးအတွက်ပါ ထိရောက် ကောင်းမွန်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်...
ရေနွေးစိမ်ခြင်းကို ဆိုင်မှာတင်မဟုတ်ဘဲ ကိုယ့်အိမ်တွင်လည်း အလွယ်တကူ ပြုလုပ် နိုင်ပါတယ်.. ရေခပ်နွေးနွေး ထဲကို သံလွင်ဆီ၊ အလှဆီ တစ်စက်နှစ်စက်ခန့်ထည့်၊ အမွှေး နံ့လေး တစ်ခုခု ထည့်ပြီး ခြေထောက်ကို ထည့်စိမ်ရင်း နှိပ်နှယ်ပေးပါက သင့်ခြေဖနှောင့်လေးနဲ့ ခြေဖ၀ါးလေးများဟာ ပျော့ပျောင်းလာမှာပါ... ရေနွေးစိမ်ပြီးပါက ရေစင်အောင်သုတ်ပြီး အလှဆီ၊ သို့မဟုတ် body lotion၊ သံလွင်ဆီ စသည်တစ်ခုခုကို လိမ်းပေးနိုင်ပါတယ်... သန့်ရှင်းလှပတဲ့ ခြေတစ်စုံမှာ မိမိနှစ်သက်တဲ့ ဖိနပ်လေးကို ရွေးချယ်လို့ စိတ်အနှောက် အယှက် ကင်းကင်းနဲ့ ဆင်မြန်းနိုင်ပါပြီ..
ဖိနပ်ကိုရွေးချယ်ရာမှာလည်း ကိုယ်သွားမဲ့နေရာနဲ့ လိုက်ဖက်တဲ့ ဖိနပ်မျိုးကို စဉ်းစား ရွေးချယ်ရမှာပါ... နေ့စဉ် ရုံးတက်ရုံးဆင်းစီးမဲ့ ဖိနပ်ဟာ.. ဧည့်ခံပွဲတက်မဲ့ ဖိနပ်မျိုးနဲ့တော့ မတူနိုင်ပါဘူး... မိန်းခလေး တော်တော်များများအနေနဲ့ ဒေါက်မြှင့်ဖိနပ်ကို နှစ်သက်ကြပါတယ်.. ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါ ဖိနပ်အပါးစီးပြီး လျှောက်တာနဲ့ မတူဘဲ စတိုင်ကျကျလေးနဲ့ ပိုပြီး ကြည့်လို့ကောင်းပါတယ်. မိမိကိုယ်ကိုယ်လဲ ဒီလိုဘဲ ထင်တတ်ကြပါတယ်.. ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း တစ်မျိုးဘဲ ဖြစ်ပါတယ်.. သို့သော်လည်း အရပ်ရှည် လွန်းသူ မိန်းခလေးများအနေနဲ့ သော်လည်းကောင်း၊ လမ်းများများ လျှောက်ရမဲ့ နေရာကို သွားမဲ့အခါမျိုး မှာသော်လည်းကောင်း၊ အလွန်မြှင့်တဲ့ ဖိနပ်ကို မရွေးချယ် သင့်ပါဘူး..
အချို့သောမိန်းခလေးများ ဒေါက်မြှင့်ဖိနပ်စီးပြီး လှမ်းလျှောက်ရာမှာ ကြော့ရှင်း လှပသလောက် အချို့မှာ သက်တောင့်သက်သာမဖြစ်ဘဲ စီးထားသောဖိနပ်က ၀န်ထုပ်ဝန်ပိုး တစ်ခုလိုဖြစ်ပြီး လှမ်းလျှောက်မလှတဲ့သူတွေ ရှိတတ်ကြပါတယ်. စတိုင်ကျချင်လို့ ဒေါက်ဖိနပ်စီးကာမှ စတိုင်မကျဘဲ မလှမပ မဖြစ်ရအောင် မိမိစီးမဲ့ဖိနပ်ကို စနစ်တကျ ရွေးချယ်သင့်ပါတယ်ရှင်.. အချို့ဖိနပ်တွေက အမြင်လှသော်လည်း စီးရအဆင်မပြေ ၊ သက်တောင့်သက်သာ မရှိပါဘူး... ဒါကြောင့်လဲ.. ဖိနပ်ကို ၀ယ်ယူတဲ့အခါမှာ အလျှင်စလို မရွေးချယ်ဘဲ အချိန်ပေးပြီး ရွေးချယ်ကာ သေချာစီးကြည့်ပြီး မိမိစိတ်ကြိုက်ဖြစ်ပြီဆိုမှ ၀ယ်ယူသင့်ပါတယ်.. အရောင်နဲ့ဒီဇိုင်းကိုသာ ဦးစားပေးရွေးချယ်တာမျိုးလဲ မဖြစ်သင့်ပါဘူး... စီးရအဆင်ပြေမှု ရှိမရှိ၊ လမ်းလျှောက်ရာတွင် သက်တောင့် သက်သာရှိမရှိ တို့ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်... ကိုယ်သဘောကျနှစ်သက်လို့ ၀ယ်ယူတဲ့ ဖိနပ်တစ်ရံဟာ. ကိုယ့်ကို စိတ်အနှောက် အယှက်ပေးမဲ့ အရာတော့ မဖြစ်သင့်ပါဘူးနော်... သင်ရွေးချယ်လိုက်တဲ့ ဖိနပ်တစ်ရံဟာ သင့်ရဲ့အလှကို ပိုပြီးဝင့်ထည်လာအောင်၊ စမတ်ကျကျဖြစ်အောင် ပံ့ပိုးပေးမဲ့ ချစ်စရာ ဖိနပ်တစ်ရံသာ ဖြစ်သင့်ပါတယ်...
စတိုင်ကျတဲ့ ခြေလှမ်းများနဲ့ ဘ၀ကို အဆင်ပြေ ချောမွေ့စွာ လျှောက်လှမ်း နိုင်ကြပါစေရှင်...
မေတ္တာဖြင့်
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- mg han said...
-
မမ
သားတို.ဖို.ရောဟင်။ - March 4, 2010 at 4:26 AM
- ဒဏ္ဍာရီ said...
-
ချောရေ. .. ပုံလေးထဲက ခြေ အစုံလေးက လှလိုက်တာနော်။ ရေနွေးတော့ ငယ်ငယ်က သိပ်လှချင်တဲ့ အချိန်က စိမ်ဘူးတယ်။ အခုတော့ .... ဘာမှကို မလုပ်ဖြစ်တော့ဘူး။ ကျေးဇူးပဲ အခုပြန်သတိရပြီး ပြန်လှချင်သွားပြီ။း)
မအိပ်ခင် ရေနွေးစိမ်လိုက်အုံးမယ်။
ခင်မင်လေးစားလျှက် - March 4, 2010 at 4:52 AM
- သိင်္ဂါကျော် said...
-
အပေါ်က ဖိနပ်လေး ကြိုက်လိုက်တာ.. တို့လည်း ဖိနပ်မြင့်မြင့် လှလှလေးတွေ သဘောကျတယ်.. ဒါပေမယ့် အဲလောက် အမြင့် စီးဖို့တော့ အခြေအနေမပေးပါဘူး.. ဘဝသမားတွေလေ..
- March 4, 2010 at 6:13 AM
- အဖြူရောင်နတ်သမီး said...
-
ဒီဇိုင်းက ရှင်းရှင်းလေးနော်...
အဲလိုမျိုးလေးတွေကြိုက်တယ်...
အရမ်းမြင့်လွန်းရင်တော့ မစီးရဲဘူး... - March 4, 2010 at 9:53 AM
- မြစ်ကျိုးအင်း said...
-
အပြုသဘောဆောင်တဲ့ ဆောင်းပါးလေးတွေ ဗဟုသုတ ရစရာလေးတွေကို အလွယ်တကူ ဖတ်ရဖို့အတွက် အမ မှာ စာအုပ်တွေ အများကြီး ရှာဖတ်ရမယ်ဆိုတာ သတိထားမိတယ်။ စေတနာကိုလည်း မြင်ရပါတယ်ဗျာ။
- March 4, 2010 at 10:23 AM
- ကိုဇော် said...
-
အနော့် ခြေထောက်လေးကို ကြည့်ပြီး ရေးတာ ထင်တယ်နော်..မချောက..
သားသားက ရေနွေးတော့ အခု မစိမ်ဖြစ်တော့ဘူးဗျ...
အရင်ကတော့ တကယ် စိမ်ဖြစ်တယ်...ဟိဟိ.
လှချင်တာကိုး...။ - March 4, 2010 at 10:57 AM
- ကိုလူထွေး said...
-
ကိုယ်တို့နဲ့ မဆိုင်ဘူးလို့ ပြောရမလား...
တိုက်ရိုက် သက်ဆိုင်နေပါသည်လို့ပဲ ဆိုရမလားမသိဘူး...
အိမ်က မဟေသီကို စာလာဖတ်ခိုင်ရအုံးမယ်...
းဝ) - March 4, 2010 at 1:11 PM
- လင်းကြယ်ဖြူ said...
-
မှတ်တော့မှတ်ထားလိုက်တယ်...ပြန်ပြောပြလို့ရအောင်လို့...
နောက်ပြီးရင်
ကျွန်တော်တို့အတွက်လည်း လုပ်ပါဦး....ဘယ်လို လျှောက်ရမလဲလို့..း )
ဗဟုသုတတွေ အများကြီး ရပါတယ်..ရောက်တိုင်းပေါ့နော..
ပျော်ပါစေခင်ဗျာ
*.*.* - March 4, 2010 at 3:21 PM
- မြသွေးနီ said...
-
ဒီပို့စ်လေးတော့ ကြိုက်တယ်ဝေ့..။
ကိုယ်တိုင်လည်း အရပ်သာမြင့်တာ ဖိနပ်အမြင့်တွေကို နှစ်နှစ်ခြိုက်ခြိုက်စီးသူပါ။
သန့်ရှင်းတဲ့ခြေထောက်လေး လှပပြီးစတိုင်ကျတဲ့ဖိနပ်အမြင့်လေးစီးလိုက်ရရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုရှိလာသလို ခံစားရပါတယ်။ - March 4, 2010 at 7:15 PM
- သဒ္ဓါလှိုင်း said...
-
မချောရေ..
ဖိနပ်အမြင့်ကြိုက်ပေမဲ့ မစီးဖြစ်ပါဘူး။ လွယ်လွယ်ကူကူစီးလို့ရတဲ့ဖိနပ်ပဲစီးနေရတယ်။
ခင်တဲ့
သဒ္ဓါ - March 5, 2010 at 12:42 AM
- Kotunygn said...
-
;)
- March 5, 2010 at 8:01 AM
- ဏီလင်းညို said...
-
ချောရေ...
ကိုဏီ့ရဲ့ စတိုင်ကျတဲ့ ခြေလှမ်းအစုံကတော့ safty shoe မဲမဲကြီးဝတ်ထားရတာပါပဲ...း)
အလုပ်ဆင်းရတာ များနေလို့ကိုးးးးးး....
(နေမကောင်းတုန်းက သိုင်းကွက်တောင် နင်းသေးတာ....း))
ခင်မင်တဲ့
ဏီလင်းညို - March 6, 2010 at 10:48 PM
- အင်ကြင်းသန့် said...
-
မမရေ...ရှူးဖိနပ် အပါးကိုပဲ အမြဲစီးဖြစ်နေတော့ ဒေါက်ကိုစီးကို မစီးဖြစ်တော့တာ...ဒေါက်စီးဖြစ်ရင်တော့ မမပြောသလိုလုပ်ပါ့မယ်...ဒါနဲ့ စကားမစပ်...ညီမလေးရဲ့ ခြေထောက်လေးကို ဓါတ်ပုံရိုက်ပြီး အခုလိုလေး ထည့်ထားပေးတာကျေးဇူးပဲနော်...တိန်... :D
- March 7, 2010 at 8:18 AM