သစ်တစ်ပင်ရဲ့ လေးရာသီ
Tuesday, May 11, 2010picture from Here
ဒီနေ့တော့ စာဖတ်သူတို့ကို ပုံပြင်လေး တစ်ပုဒ်ပြောပြချင်ပါတယ်..
တစ်ခါတုန်းက လူကြီးတစ်ယောက်မှာ သားလေးယောက် ရှိပါတယ်တဲ့.. သူက သူ့သားတွေကို ဘယ်အကြောင်း အရာ၊ ဘယ်ကိစ္စမှာဘဲ ဖြစ်ဖြစ် အချက်အလက် တစ်ခုတစ်လေကို ကြည့်ရုံ၊ သိရုံမျှနဲ့ အလျှင်စလို မဆုံးဖြတ်တတ်အောင် သင်ကြားပေးဖို့ စိတ်ကူးရပါတယ်.. ဒါနဲ့ သားတစ်ယောက်စီကို သူတို့နေတဲ့ နေရာနဲ့ အနည်းငယ် ဝေးကွာတဲ့ ဒေသမှာရှိတဲ့ သစ်တော့ပင်ကြီးကို သွားကြည့်ပြီး အခြေအနေကို ပြန်ပြောဖို့ စေလွတ်လိုက်ပါတယ်..
ပထမဆုံး သားကို ဆောင်းရာသီမှာ သစ်တော့ပင်ကြီးကို သွားကြည့်စေပြီးတော့ ဒုတိယ သားကိုတော့ နွေဦးပေါက်ရာသီမှာ စေလွတ်ပါတယ်.. တတိယ သားကိုတော့ နွေရာသီမှာ စေလွတ်ပြီးတော့ စတုတ္ထသားကိုတော့ ဆောင်းဦးပေါက်ချိန်မှာ စေလွတ်လိုက်ပါတယ်..
သူတို့တွေအားလုံး သတ်မှတ်ထားတဲ့ ရာသီချိန်ခါရောက်တဲ့ အခါ သစ်ပင်ကြီးကို အသီးသီး သွားရောက် ကြည့်ရှု လေ့လာကြပါတယ်.. လေးယောက်လုံး ကြည့်ပြီးတော့ ပြန်ရောက်လာတဲ့အခါ ဖခင်ဖြစ်သူက သားတွေကို သစ်ပင်ကြီးအကြောင်း မြင်တွေ့လာသမျှကို ပြန်လည်ရှင်းပြဖို့ ပြောလိုက်ပါတယ်..
ဒီတော့ ဆောင်းရာသီမှာ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့ သားဖြစ်သူက သစ်ပင်ကြီးဟာ အလွန်ရုပ်ဆိုးပြီး၊ သစ်ကိုင်းတွေဟာ အရွက်တစ်ရွက်တစ်လေမှ မရှိဘဲ ကွေးကောက် ခြောက်သွေ့နေကြောင်း ပြောပါတယ်.. နွေဦးပေါက်မှ သွားကြည့်ခဲ့တဲ့ ဒုတိယသားကတော့ မဟုတ်တဲ့အကြောင်း ငြင်းဆိုပြီး .. သူတွေ့ခဲ့ချိန်မှာ သစ်ပင်ကြီး တစ်ခုလုံးဟာ စိမ်းစို လှပတဲ့ ပွင့်သစ်စ ပုရစ်ဖူးနုနုလေးတွေ ဖုံးလွှမ်းနေတဲ့ ကျက်သရေ ရှိလှတဲ့ သစ်ပင်ကြီး တစ်ပင်ဖြစ်ကြောင်း ပြောပါတယ်..
ဒီလိုပြောတာကို တတိယမြောက် သားဖြစ်သူက သဘောမတူပါဘူး.. ဘာလို့ဆို သူက နွေရာသီမှာမှ သစ်ပင်ကြီးကို သွားကြည့်ခဲ့တဲ့သူ ဖြစ်တာကိုး.. သူသွားကြည့်တဲ့ အချိန်မှာတော့ သစ်ပင်ကြီးဟာ တစ်ပင်လုံး အပွင့်တွေ ပွင့်ဝေနေလို့ အလွန်ကို လှပနေပြီး ထုံရီမွှေးမြတဲ့ ပန်းရနံ့တွေက သင်းပျံ့မွှေးကြိုင်နေတဲ့ အချိန် ဖြစ်တာကြောင့် အဲဒီအကြောင်းကို သူက ရှင်းပြပါတယ်..
ဒါကိုလည်း နောက်ဆုံး သားဖြစ်သူက သဘောမတူပါဘူး.. သူသွားကြည့်ခဲ့တဲ့အချိန်ဟာ ဆောင်းဦးပေါက် ရာသီဖြစ်လေတော့ အဲဒီချိန်မှာ သစ်ပင်ကြီးဟာ အသီးတွေ ပြွတ်ခဲနေပြီးတော့ ပင်ခြေအောက်မှာလည်း သစ်သီးကြွေတွေဟာ ကောက်ယူလို့ မကုန်နိုင်အောင် ရှိနေခဲ့ပါတယ်.. ဒီအကြောင်းကို သူက အားလုံးကို ပြောပြပါတယ်..
ဒီတော့မှ ဖခင်ဖြစ်သူက သားတွေကို သူတို့အားလုံးမှန်ကြောင်းနဲ့ သူတို့သွားရောက်ခဲ့ချိန်တွေ မတူညီတဲ့အတွက် တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေဟာလည်း ကွဲပြားသွားရကြောင်း၊ ရာသီတစ်ခုစီမှာ အခြေအနေ တစ်မျိုးစီ ကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်းကို ရှင်းပြပါတယ်..
ပြီးတော့ သူ့သားတွေကို ဆက်ပြီး ပြောပြတာက သစ်ပင်တစ်ပင်ကို ဖြစ်စေ၊ လူတစ်ယောက်ကို ဖြစ်စေ၊ အခြေအနေ အချိန်အခါ တစ်ခုတည်း၊ ကြုံတွေ့လိုက်ရတဲ့ အကြောင်းအရာတစ်ခုတည်းပေါ်ကို ကြည့်ပြီး မဆုံးဖြတ်သင့်ကြောင်းနဲ့ ဆုံးဖြတ်ချက်စောပြီး ချမိတဲ့အခါ အမြင်တစ်ခုတည်း အပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်လို့ မှားတတ်ကြောင်းကို ရှင်းပြပါတယ်..
ဆောင်းရာသီမှာ မြင်တွေ့ခဲ့တဲ့ အမြင်တစ်ခုတည်းနဲ့ ဒီသစ်ပင်ဟာ အရွက်မရှိတဲ့ သစ်ပင်ရုပ်ဆိုးသာ ဖြစ်တယ်လို့ ဆုံးဖြတ်မိတဲ့အခါ နောင် နွေဦးရာသီ၊ ဆောင်းဦးရာသီ တို့တွေမှာ ကြုံတွေ့ရမဲ့ သစ်ပင်ကြီးရဲ့ စိမ်းလန်းစိုပြေတဲ့ အလှအပ၊ အပွင့်လေးတွေရဲ့ မွှေးရနံ့နဲ့ ချိုမြိန်တဲ့ သစ်သီးတို့ရဲ့ အရသာတို့ကို လွဲချော်သွားနိုင်ပါတယ်လို့ ဖခင်ဖြစ်သူက သားလေးယောက်ကို သင်ခန်းစာလေး ပေးလိုက်ပါတယ်..
ပုံပြင်လေးက ဒီမှာဆုံးပါပြီ။
----------------------------------------------------------------@@@@@-----------------------------------------------------
ဒီပုံပြင်လေးကို ဖတ်ပြီး တွေးမိတာလေးက ကျွန်မတို့တွေရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ်သိလိုက်တဲ့၊ မြင်လိုက်တဲ့ အချက်ကလေး တစ်ခုတစ်လေ မျှလောက်နဲ့ ဒီလူဟာ ဘယ်လို လူစားပါ၊ ဘယ်လို အကျင့်စရိုက် ရှိသူရယ်ပါ ဆိုပြီး ဆုံးဖြတ်ချက် မှားပြီး ချမိတတ်ခဲ့တာ ဘယ်လောက်များပါပြီလဲ.. လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သေချာ ဂဏ သိဖို့ရန်မှာ လူတစ်ယောက်ကို လတ်တလောအမြင်၊ သူ့ရဲ့ လတ်တလော အပြုအမူတို့နဲ့ မဆုံးဖြတ်ဘဲ ရေရှည် ပေါင်းသင်းဆက်ဆံကြည့်ပြီးမှ ဆုံးဖြတ်တာက အမှန်ဆုံး ဖြစ်ပါလိမ့်မယ်နော်.. တဒင်္ဂ မြင်လိုက်၊ တွေ့လိုက်တဲ့ ကိုယ့်အမြင်လေးတစ်ခု၊ ဆုံးဖြတ်ချက်လေး တစ်ခုကြောင့် ဘယ်သူ့ကိုမှ ထိခိုက် နာကျင်စေတာမျိုး မဖြစ်သင့်ကြပါဘူးလို့ ထင်ပါတယ်.. ဒါလေးကတော့ ပုံပြင်လေးကို ဖတ်မိရင်း ရလိုက်မိတဲ့ အတွေးလေးပါ… ကိုယ့်ကိုယ်ကိုယ်လဲ ပြန်သတိပေးတဲ့အနေနဲ့ရော အားလုံးလဲ ဖတ်ရအောင် ဒီပုံပြင်လေးကို ဖော်ပြပေးလိုက်ပါတယ်ရှင်..
skywriting.net မှ Four Seasons of a Tree ကို ဘာသာပြန်ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
27 comments:
- မြသွေးနီ said...
-
ချောရေ..
အရာရာဟာ မမြဲပါဘူး..
အချိန်နဲ့ အမျှပြောင်းလဲနေပါတယ်...
ဒါကြောင့် ဆန္ဒစောပြီး ကောက်ချက်ချတာတွေ မချလိုက်ဖို့
ဒီပို့စ်လေးက သတိပေးထားတာပါလားနော်..။ - May 11, 2010 at 5:18 AM
- meengelay said...
-
Thanks for this nice post. :)
- May 11, 2010 at 5:21 AM
- zawtk said...
-
ချော ရေ..ဒီပုံပြင်လေးက ကျွန်တော်တို့ ကို သတိပေးလိုက်တဲ့.. သဘောနဲ့ မှတ်သားစရာ ပုံပြင်လေးပါ။ လူတစ်ယောက်ရဲ့ စရိုက်ကို တစ်ခါနှစ်ခါပဲ တွေ့ဖူးကြုံဖူးတာနဲ့ သူ့ရဲ့ စရိုက်အမှန် ဖြစ်နိုင်မယ် မဟုတ်ဘူး ဆိုတာကို စဥ်းစားစရာရစေပါတယ်..
....
ကော်နက်ရှင် က ဆိုဒ်တွေဝင်ရတာ အရမ်းလေးနေတာ နဲ့ စာတွေ ကို လာမဖတ်ဖြစ်ဘူး ဖြစ်နေတာဗျ.. အခုတောင် တခြားဆိုင်က နေ ၀င်လာလို့..ဒီလို ရေးလို့ ရသွားတာ..
ကျေးဇူးပဲ နော်..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ - May 11, 2010 at 5:55 AM
- အဖြူရောင်နတ်သမီး said...
-
ဟုတ်တယ်နော်...
လူတစ်ယောက်ကို လတ်တလောအမြင်၊ သူ့ရဲ့ လတ်တလော အပြုအမူတို့နဲ့ မဆုံးဖြတ်ဘဲ ရေရှည် ပေါင်းသင်းဆက်ဆံကြည့်ပြီးမှ ဆုံးဖြတ်တာက အမှန်ဆုံး ...ဆိုတာကို ထောက်ခံသွားပါတယ် မချောရေ...။
ို - May 11, 2010 at 5:57 AM
- မြတ်မွန် said...
-
လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပေါင်းကြည့်မှ သိနိုင်တယ်ဆို သလိုပေါ့ နော် မမ..
ခင်မင်လေးစားလျှက်။:) - May 11, 2010 at 7:32 AM
- ခိုင်နုငယ် said...
-
မမn N ကိုင်ရာ ...အဲလေ ..မမချောရေ
တကယ်ကောင်းတဲ့ပုံပြင်လေးပါပဲဗျာ....
ဟုတ်တယ်နှော်လောကမှာ အသံနဲ့ဆုံးဖြတ်လို့မရတာတွေရှိသလို
အမြင်နဲ့လည်းဆုံးဖြတ်မရနိုင်ပေဘူး...
အသေအချာမှတ်သားသွားပါတယ်။
ပျော်ရွှင်ပါစေ............ - May 11, 2010 at 8:09 AM
- KiKi said...
-
ဟုတ်ပ ဟုတ်ပ ..ဒါက လူ နဲ့ တူတဲ့ လူတိုင်း မှာ ရှိတဲ့ သဘောတရားလေးတွေ ပဲ နော် ။
ရေရှည်ဆက်ဆံ ကြည့်မှ သူ့ ရဲ့  စိတ်သဘောထားအစစ်အမှန်ကို သိရမှာ ။
ဒါပေမဲ့ ဟိုလူကြီးတွေကတော့ လေးရာသီ မပြောနဲ့ ရာသီ ၄၀၀ ပြောင်းသွားလည်း ပြည်သူ့ သဘောထား အစစ်အမှန်ကို မသိတတ်ကြသေးဘူး ....း))) အံ့ ရော ပဲ .. ( မဆိုင်ပေမဲ့  လိုရာ ဆွဲ တွေး မိသွားပါတယ် .. ) - May 11, 2010 at 8:53 AM
- မြစ်ကျိုးအင်း said...
-
ပို့စ်လေး ကောင်းတယ်
ကျနော့် အစ်မ တစ်ယောက်ကို ပေးဖတ်အုံးမှ
သူက သူထင်တာကိုပဲ ကောက်ချက်ဆွဲ တတ်လွန်းလို့။ - May 11, 2010 at 11:01 AM
- လေးရာသီကျောက် said...
-
ဟုတ်ပ့ါ...မယ်ချောရာ...တရာသီတမျိုးပြောင်းပေမဲ့လဲ...အားတူတူပါပဲကွယ်..
- May 11, 2010 at 11:26 AM
- နှင်းမိုးမိုး said...
-
မချော..
အရမ်းကောင်းတဲ့ ပုံပြင်လေးပါ...
ကျွန်မလဲ တစ်ရာသီ ထဲကိုပဲ ကြည့်နေမိလားဆိုပြီး တွေးနေမိတယ်... - May 11, 2010 at 12:48 PM
- ကေသရီ said...
-
မှန်တယ်အစ်မရေ။ လူတစ်ယောက်အကြောင်းကို ရေရှည်ပေါင်းကြည့်ပြီး မှ ဆုံးဖြတ်သင့်တာပါ။ ကိုယ့်ကိုကိုယ် လည်း ဒီစာလေးဖတ်ပြီး ပြန်သတိပေးဖြစ်ပါတယ်။
- May 11, 2010 at 1:22 PM
- မောင်ဘကြိုင် said...
-
အကောင်းမြင်တတ်ဖို့ပြောတာပေါ့နော်
ဒီပို့စ်လေး က ပြောနေတယ်း) - May 11, 2010 at 1:29 PM
- ချိုကျ said...
-
အခြေနေအကြောင်းအရာတစ်ခုတည်းကိုပဲ ပုံမှန်ကိုင်စွဲထားလို့မရတဲ့ အကြောင်းလေးကို ဖတ်ပြီးတွေးတော ဆင်ခြင်သွားပါ၏။ ခင်မင်လေးစားစွာဖြင့် (ချိုကျ)
- May 11, 2010 at 1:42 PM
- အကြမ်းထည် said...
-
ကိုယ့်ကိုယ် ကို ပြု ပြင် ဖို့ သေချာ မှတ် သွား ပါတယ်ဗျာ။
သတိပြု စရာ ပို့စ် ကောင်းပါ။
carry on
with reps; - May 11, 2010 at 2:32 PM
- သိင်္ဂါကျော် said...
-
ဟုတ်ပါတယ်.. လူတစ်ယောက်ကို ဆုံးဖြတ်ဖို့ဆိုတာ.. လတ်တလော အပြုအမူတစ်ခုတည်းနဲ့ မကြည့်သင့်ပါဘူး..
- May 11, 2010 at 3:16 PM
- jr said...
-
ဟုတ်ပါတယ်။ လူတိုင်းသိပြီးလိုက်နာဖို့ခက်တဲ့ အရာတခုပါ။
စာကောင်းပေမွန်တွေကို လာဖတ်သွားပါတယ် ချောရေ။
ခင်မင်လျှက်
မဂျူနီယာ - May 11, 2010 at 3:19 PM
- ကိုဇော် said...
-
အချိန်ကာလ နဲ့ ဗဟုသုတ လိုသွားတာပါ။
အရာ တစ်ခုကို သေချာ မြင်ရဖို့ ဆို ဘယ်လောက်များ အချိန်ယူ စောင့်ကြည့်ရမလဲ။ - May 11, 2010 at 3:51 PM
- သဒ္ဓါလှိုင်း said...
-
လူတယောက်ကိုအမြင်နဲ့ကြည့်ပြီးချက်ချင်းဆုံးဖြတ်လို့မရသလိုသူ့ရဲ့စိတ်ကိုကြည့်ပြီးချက်ချင်းဆုံးဖြတ်
လို့မရပြန်ဘူး။ရေရှည်ဆက်ဆံကြည့်မှရမယ်ဆိုတာသတိပေးလိုက်သလိုပါပဲ။။
ခင်တဲ့
သဒ္ဓါ - May 12, 2010 at 4:18 AM
- SM said...
-
အရမ်းကောင်းတဲ. ပိုစ်.လေးပါ.. မချောစုရေ..
- May 12, 2010 at 7:01 AM
- လသာည said...
-
very nice post!!! I like this post very much.
- May 12, 2010 at 9:04 AM
- အင်ကြင်းသန့် said...
-
မှန်လိုက်လေခြင်း.... :)))
ညီမလေး - May 12, 2010 at 9:35 AM
- ရနံ့ said...
-
မရေ....
အစိမ်းရောင်လွင်ပြင်ထဲက ပုံပြင်လေးကို ခံစားသွားပါတယ်... လူသားတိုင်း ဒီပုံပြင်လိုအမြင်တွေတူနေရင် သိပ်ပျော်ရွှင်ဖွယ်ကောင်းမယ်လို့ တွေးမိပါတယ်...
စီဘောက်ကနေ အော်ချင်ပေမယ့် သည်ပေ့ခ်ျကန်နော့ဘီဒစ်စ်ပလေးတဲ့.... စီဘောက်တွေမှာအော်ချင်ပေမယ့် အဲဒီလိုတွေပဲ ကြုံနေရတယ် မမရယ်....
အားရင် လှည့်လာပါအုံးနော်...
အခုလို အပြုသဘောဆန်တဲ့ ပုံပြင်လေးတွေ မျှဝေပေးတဲ့ အစိမ်းရောင်လွင်ပြင်ကို ကျေးဇူးပါ...
အစိမ်းရောင်လွင်ပြင်ကိုရောက်တိုင်း စိတ်တွေ စိမ်းလန်းသွားတတ်တာ အစိမ်းရောငလွင်ပြင်ရဲ့ ဝိသေသတစ်ခုလားဟင်! - May 12, 2010 at 10:47 AM
- ညီမလေး said...
-
ချောရဲ့ ကွန်မန့်ကို သဘောကျတယ် .... တခါတခါ ညီမလေးတို့က ကိုယ့်အထင်နဲ့လွဲတတ်ကြတယ်လေ ... ။ သတိထားရမယ် ။
- May 12, 2010 at 1:08 PM
- Blackroze said...
-
ဟုတ်တယ်..မကြီးချောရေ...
လူတယောက်အကြောင်းကိုကိုယ်တိုင်ပေါင်းပြီးမှဆုံးဖြတ်တာအကောင်းဆုံးပါ..
တခါတလေထင်တာတွေနဲ့လွဲတတ်လွန်းလို့လေ.. - May 12, 2010 at 4:12 PM
- ဆောင်းနှင်းရွက် said...
-
အရမ်း ကောင်းတဲ့ စာလေး တစ်ပုဒ်ပါပဲ ...
- May 12, 2010 at 4:49 PM
- ကိုလူထွေး said...
-
မြန်မာပြည်သဘောနဲ့ ပြောရင်တော့ ဆောင်းဥတုမှာ အရွက်ဝေ...
နွေဘက်မှာ အရိုးပြိုင်းပြိုင်းဖြစ်ပြီး...
မိုးရာသီမှာတော့ အမြစ်ကနေ ကျွတ်ထွက်သွားမှာလေ...
ဆိုက်ကလုံးဝင်မွှေသွားလို့...
းဝ) - May 12, 2010 at 7:12 PM
- ဏီလင်းညို said...
-
မချောရေ......
ထောက်ခံတယ်......အပြည့်ပဲဗျာ......။
ဖတ်ရတာလည်း..... ကျေးဇူပါဗျာ......။
ပုံမှန် မြင်တာပဲကောင်းမယ်နော်ဗျ.......
(ပုံမှန်= လဖက်ရည် မဟုတ်ပါကြောင်း...........း))
ခင်မင်တဲ့
ဏီလင်းညို - May 13, 2010 at 1:15 PM