မြေလှန်ရှာကြရာဝယ်
Thursday, May 13, 2010
စိမ်းစိုလှပတဲ့ ကချင်ဒေသတစ်နေရာ
ရာဘာစိုက်ခင်းတစ်ချို့
ကျွန်မတို့ ကချင်ပြည်နယ်ဆိုတာ တကယ်တမ်းတော့ တောင်တွေတောင်တွေ အများကြီးတည်ရှိတဲ့ စိမ်းလန်းစိုပြေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်.. ဒါပေမဲ့ ကျောက်စိမ်းတွေ၊ ရွှေတွေ တူးဖွေရှာကြတဲ့ ဖားကန့် ဒေသတစ်ဝိုက်မှာတော့ တောတောင်တွေကို ထွင်းဖောက်ပြီး မြေအောက်ကို လှန်လှော ရှာဖွေကြရတာ ဖြစ်လို့ တောတောင် တစ်ချို့တော့ တစ်ဖြေးဖြေး ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်.. ဒီတစ်ခေါက်ပြန်သွားတော့ ညအချိန်ဆိုရင် တောင်တန်းတစ်လျှောက် လုပ်ကွက်အသီးသီးရဲ့လျှပ်စစ်မီးရောင်တွေဟာ မျက်စိတစ်ဆုံး ထိန်ထိန်လင်းလင်းရှိနေပြီး မီးထွန်းပွဲတော် ကျင်းပနေသည့်အလား ထင်မှတ်မှားရပါတယ်... ဒီတော့မှ ဒီနှစ်တွေထဲမှာ လုပ်ကွက်အသစ်တွေ ဘယ်လောက်တောင် များပြားလာပြီး တောင်တွေ ဘယ်နှတောင်လောက် ကုန်သွားပြီလဲ ဆိုတာ တွေးမိပါတော့တယ်.. နောက်နေ့တော့ မှော်တွေအနှံ့ လျှောက်ကြည့်ဦးမှပါဘဲ လို့ စိတ်ကူးရမိပါတယ်.. စိတ်ကူးမိတဲ့အတိုင်း နေပူကျဲကျဲအောက်မှာ ၂ရက်တိတိအချိန်ယူပြီး မှော်အနှံ့ ဆိုင်ကယ်နဲ့ လျှောက်သွားလို့ ဓာတ်ပုံတွေကို ရိုက်ယူလာခဲ့ပါတယ်..
အရင်ခေတ်က ကျောက်တူးတာ သံတိုင်တွေနဲ့ လူတွေက တူးတယ်.. ခုခေတ်မှာ ဒီလို စက်ကြီးတွေနဲ့ပဲ တူးတော့တယ်..
စက်ယန္တရားများနဲ့ ကျောက်စိမ်းတူးဖော်နေပုံ
မြေကြီးတူးလို့ ထွက်လာတဲ့ မြေစာတွေကို ကျောက်ပါမပါ စေ့စေ့စပ်စပ် စောင့်ကြည့် စစ်ဆေးနေသူများ
ဖားကန့် ကျောက်စိမ်းနယ်မြေအကြောင်း တစ်စိတ်တစ်ဒေသ ပြောပြရရင် ကျောက်စိမ်းတွင်းနယ်မြေမှာ ခေါ်ကြတဲ့ ရေမဆေးကျောက်လို့ ခေါ်ကြတဲ့ ကျောက်အကြောင်း ကြားဖူးကြမလား မသိဘူးနော်.. အဲဒီ ရေမဆေးကျောက် ဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး.. မြေကြီးတွေကို တူးဖော်ပြီး ထွက်ပေါ်လာတဲ့ ကျောက်စရစ်ခဲ အရောရောနဲ့ မြေကြီးတွေကို ကုမ္ပဏီတွေ၊ လုပ်ကွက်တွေက တာဝန် ရှိသူတွေ၊ ငှားရမ်းထားသူတွေက ကျောက်စိမ်းပါမပါ စေ့စေ့စပ်စပ် လိုက်လံစစ်ဆေး ရှာဖွေပါတယ်.. စိတ်တိုင်းကျ ရှာဖွေပြီးလို့ ကျောက်မရှိတော့ဘူး၊ မပါတော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့ မြေကြီးတွေကို အခြားသင့်တော်ရာ နေရာတွေမှာ ကားတွေနဲ့ သယ်ပြီး စွန့်ပစ်ကြပါတော့တယ်.. အဲဒီမြေကြီးတွေကို အပြင်က ပြန်ပြီး ရှာဖွေကြတဲ့ အခါ ကံကောင်းပြီး ကျောက်ကောင်းတွေရော၊ မကောင်းတကောင်းရော ရသွားတတ်ကြပါတယ်.. အဲဒီလို စွန့်ပစ်မြေစာပုံကနေ ရတဲ့ ကျောက်ကို ရေမဆေးကျောက်လို့ ခေါ်ကြပါတယ်. ဒီပုံတွေမှာ လူတစ်ချို့က မြေကြီးထဲကနေ ကျောက်စိမ်းကို ရွေးပြီးရှာဖွေနေတဲ့ ပုံပါ..
ကျောက်ရှာသူတွေ ဆိုင်ကယ်နဲ့လာသူလဲရှိ.. ပွဲတစ်မျှ စည်ကားနေပေရဲ့..
လုပ်ကွက်တွေက လာစွန့်ပစ်တဲ့မြေကြီးတွေထဲမှာ ရေမဆေးကျောက်ရှာဖွေကြသူများ
သူတို့လက်ထဲမှာ စိန်တူလို့ ခေါ်တဲ့ တစ်ဘက်ချွန်တူအမျိုးအစားကို ကိုင်ထားပါတယ်.. မြေစာပုံထဲက ကျောက်ခဲတွေကို အဲဒီစိန်တူလေးနဲ့ လိုက်ခေါက်ပြီး ကျောက်စိမ်းဟုတ်မဟုတ် ရွေးချယ်ကြရပါတယ်.. ကျောက်ခဲတစ်လုံးကို တူကလေးနဲ့ခေါက်လိုက်ပြီး ထွက်ပေါ်လာတဲ့ အသံလေးကို နားထောင်လိုက်တာနဲ့ ကျောက်စိမ်းလား ရိုးရိုးသာမန် ကျောက်ခဲလားဆိုတာ ခွဲခြားလို့ရပါတယ်.. ဘာလို့ဆို သာမန်ကျောက်ခဲတစ်လုံးနဲ့ ကျောက်စိမ်းတစ်လုံးဟာ သိပ်သည်းပုံခြင်း မတူတဲ့အတွက် ထွက်လာတဲ့ အသံလေးတွေက ကွဲပြားပါတယ်.. .. ဥပမာ ဆိုဒ်တူ အရွယ်တူ ကျောက်၂လုံးကို ချိန်တွယ်ကြည့်မယ်ဆိုရင် ကျောက်စိမ်းဖြစ်တဲ့ကျောက်က အလေးချိန်ပိုစီးပြီး သာမန် ရိုးရိုးကျောက်က အလေးချိန်ပေါ့ပါတယ်.. ဒီလို ခွဲခြားတတ်အောင်လည်း အတွေ့အကြုံက သင်သွားမဲ့ကိစ္စပဲ ဖြစ်ပါတယ်.. မှော်နယ်မြေမှာတော့ ကလေးတွေကအစ ကျောက်ခဲတစ်လုံးနဲ့ ကျောက်ကို ခွဲခြားတတ်ကြပါတယ်..
လမ်းဘေးဝဲယာက မြေစာပုံများ
ဒီလို မြေစာပုံတွေမှာ ကျောက်ရှာကြတာပါ.. ဓာတ်ပုံရိုက်တဲ့နေ့က နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာကြောင့် ကျောက်ရှာသူအားလုံး နားကြပါတယ်..
ရေမဆေးကျောက် ရှာကြသူတွေထဲမှာ အနယ်နယ်အရပ်ရပ်က လူစုံ အရွယ်စုံတွေ ပါဝင်ကြသလို့ ကျောင်းသားအရွယ် ကလေးတွေပါ ရှိတတ်ပါတယ်. နွေရာသီ ကျောင်းပိတ်ချိန်ဘဲဖြစ်ဖြစ် အချို့လဲ ကျောင်းဆက်မတက်တော့ဘဲ ၀မ်းတစ်ထွာအတွက် ရုန်းကန်ကြတာဘဲဖြစ်ဖြစ် ရေမဆေးကျောက်ရှာကြတဲ့ လူအုပ်ကြီးတွေထဲမှာတော့ ကလေးငယ်တွေ ပါဝင်နေတာကို ၀မ်းနည်းစွာ တွေ့မြင်ရပါတယ်.. သူတို့လေးတွေဟာ ဒီလိုအလုပ်မျိုးတွေလုပ်ဖို့ ငယ်ရွယ်လွန်းသေးပြီး မိဘအုပ်ထိန်းမှုအောက်နဲ့ ကျောင်းစာသင်ခန်းတွေမှာ ကျင်လည်ရမဲ့ အရွယ်တွေသာ ဖြစ်ပါတယ်.. သို့သော်လည်း ပေါ့နော်………
ဥရုချောင်းတွင်း ကျောက်ရှာဖွေနေပုံ
အရင်ပိုစ့်မှာ ပြောခဲ့သလို ကျွန်မတို့ငယ်စဉ်က စိမ်းလဲ့လဲ့ကြည်နေတဲ့ ဥရုချောင်းရေပြင်ဟာ ခုချိန်မှာတော့ ရွံ့နှစ်ရည်တွေနဲ့ နောက်ကျိလို့ နေပါပြီ… ချောင်းကြီးကိုလဲ ပိတ်ဆို့တားဆီးပြီး မူလစီးဆင်းရာ နေရာကနေ အခြားနေရာကို လွဲဖယ်စီးဆင်းစေပြီးတော့ မူလချောင်းစီးဆင်းတဲ့ အောက်ခြေမြေသားကို စက်ယန္တယားများနဲ့ တူးကာဆွကာ ရွှေနဲ့ကျောက်ကို လှန်လှော ရှာဖွေကြပါတယ်.. ကျောက်တူးကြတဲ့ ကုမ္ပဏီကြီးများအနေနဲ့ လုပ်ငန်းပြီးဆုံးချိန်မှာ မြေလှန်ရှာဖွေ ထားသမျှတွေကို ပစ်စလက်ခတ် မထားခဲ့ကြဘဲ တူးဆွထားတဲ့ မြေတွေကို စံနစ်တကျလေး ပြန်ဖို့မယ်.. ချောင်းကိုလဲ သင့်တင့်တဲ့ အကျယ်ပမာဏ၊ ရှိသင့်တဲ့ အနက် အတိုင်းထားမယ် ဆိုရင် မိုးတွင်းအခါ မြစ်ရေ၊ ချောင်းရေ လျှံခြင်း တို့ကနေ ထိမ်းသိမ်းပြီးသား ဖြစ်နိုင်ပါတယ်.. မဟုတ်ခဲ့ရင်တော့ သဘာဝ ပါတ်ဝန်းကျင် ပျက်စီးပြီး ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံခြင်းကို ရပ်ရွာနေ ပြည်သူအများ ခံစားကြရမှာ ဖြစ်ပါတယ်.. ယခုလဲ ခံစားနေကြရပါပြီ..
တိမ်ကောနေတဲ့ ဥရုချောင်း
လူအားနဲ့ဆို ဒီလိုဖြစ်နိုင်ပါ့မလား.. စက်တွေနဲ့မို့ ဒီလောက်တောင်တွေကို မြန်မြန်ဖြိုနိုင်တာပေါ့..
ကုဋေမှော်လုပ်ကွက်တစ်ခုမှ ကျင်းတစ်ခု
ဆန်ခါမှော်ရဲ့ မြေစာပုံများ
မြေစာပုံတို့ကြားမှ ကုဋေမှော်ရွာအသွားလမ်း
မြေစာတွေ ကြားက မှော်စီစာရွာကလေး
သစ်ပင်လား? ဟင့်အင်း.. ဒီတောင်တွေပေါ်မှာ ဘာသစ်ပင်မှ မရှိဘူး..
စုံလင်တဲ့ စက်ကိရိယာများနဲ့ ကျောက်စိမ်းလုပ်ကွက် တစ်နေရာ
မြေလွှာကိုခွင်း၍ ထွင်းဖောက်မည်
ကျောက်စိမ်းလုပ်ကွက်တစ်ခု
အဝေးကမြင်ရတဲ့ ဆိုင်းတောင်ခေါ် ဆိပ်မူရွာ
ဒီရွာမှာပေါ့.. တစ်ချို့အိမ်တွေ အောက်ထပ်တစ်ထပ်လုံး မြေကြီးတွေထဲ နှစ်မြုပ်နေတုန်းရှိသေးတယ်.. ဆိုးဆိုးဝါးဝါး ရေကြီးခြင်းဒဏ်ကို ခံရတဲ့ နေရာ တစ်ခုပါ...
အဝေးကကြည့်ရင် ပြတ်နေတဲ့ တောင်တွေကို မြင်ရပါတယ်..
အာဇာနည်ဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်.. တောင်တွေအပိုင်းပိုင်း ပြတ်စေသားတဲ့.. မဖြစ်နိုင်ဘူးထင်ခဲ့ပေမဲ့ ခုကျတော့ တောင်တွေတကယ်ကို အပိုင်းပိုင်း ပြတ်ကုန်ပါရောလား ..
ဥရုချောင်းတွင်း လုပ်ကွက်တစ်နေရာ
အခုချိန်မှာတော့ ကချင်ပြည်နယ် ဖားကန့်နယ်မြေရဲ့ ကျောက်စိမ်းမှော်ဟာ များပြားလှတဲ့ လုပ်ကွက်တွေ၊ ကုမ္ပဏီတွေကြောင့် ယခင်က စိမ်းစိမ်းစိုစို တောင်တန်း တောအုပ်တို့ဟာ တစ်ဖြေးဖြေး ပျောက်ကွယ်လာရပြီ ဖြစ်ပါတယ်.. လူတိုင်းမှာ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းရမဲ့ အသိတရားလေးတွေကိုယ်စီ နှလုံးသွင်းပြီး မိမိရဲ့ စီးပွားရေးလဲ လုပ်ကြရင်း တောတောင်တို့ကိုလည်း စံနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သင့်ကြပါတယ်... ဒီလိုမှ မထိန်းသိမ်းကြရင် စက်ကိရိယာ စုံလင်စွာ အရှိန်အဟုန်ကောင်းကောင်းနဲ့ မြေဆီမြေလွှာတို့ရဲ့ အောက်မှာ ဖော်ထုတ် ရှာဖွေနေကြတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ဟာ အမြန်ဆုံး ပျက်စီးနေဦးမှာ ဖြစ်ပါတယ်.. အသိသာဆုံး အကျိုးဆက်ရလာဒ်က နှစ်စဉ်နှစ်တိုင်း မိုးရာသီတွေမှာ ဘယ်ချိန်ကမှ မဖြစ်ခဲ့ဖူးတဲ့နေရာဒေသတွေမှာ ဆိုးဆိုးဝါးဝါး ရေကြီး ရေလျှံခြင်းတွေ ဖြစ်ပေါ်နေတာကို ကြည့်ရင် သိနိုင်ပါတယ်.. ရွာတွေ မြို့တွေမှာ မိမိတို့အိမ်တွေကို ရေနစ်တဲ့အခြေအနေမှ ကာကွယ်ရန် မြို့လည်ခေါင်က အိမ်များပင် လမ်းမထက် အနည်းဆုံး ၄ပေ ၅ပေခန့် မြှင့်အောင် ဆောက်လုပ်လာနေကြရပါပြီ။ ဒီနေရာတွေဟာ ယခင်ခေတ်အခါက ရေနစ်တယ်ဆိုတာ ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်..
တောင်တွေ ကုန်တော့မယ်နော်...
ရွှေလုပ်ကွက်တစ်နေရာ
ဒီစာကို အပြုသဘောဆောင်ပြီး ရိုးသားစွာ ရေးသားခြင်းသာဖြစ်ပါတယ်.. ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေလိုသော တစ်စုံတစ်ရာကြောင့် ရေးခြင်းမဟုတ်ပါ။ ကျွန်မရင်ထဲမှာ ဖြစ်ပေါ်နေတဲ့စိတ်ဆန္ဒက စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ စီးပွားရေး လုပ်ဆောင်ကြတဲ့နေရာမှာ မိမိအကျိုးကို လုပ်ဆောင်ရင်း ဒေသခံ ပြည်သူလူထု အတွက်ပါ ထည့်သွင်း စဉ်းစားစေချင်တာပါ.. သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး မပျက်စီးအောင် နည်းလမ်းများ ရှာကြံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တို့ကို တွက်ချက်ကာ စံနစ်တကျ တူးဖော်ရှာဖွေ သင့်ကြပါတယ်.. ဒါမှသာ ကိုယ်လဲအကျိုးရှိ၊ ကျန်တဲ့သူတွေလည်း မထိခိုက်ဘဲ ကိုယ်ပိုင်ဆိုင်ရာ ကိုယ့်မြေပေါ်မှာ လူသားအားလုံး သဟဇာတ မျှတစွာဖြင့် စိတ်လက်ချမ်းသာ ကြည်သာမွေ့လျှော်စွာ နေနိုင်ကြမှာ ဖြစ်ပါတယ်.. ကျွန်မချစ်တဲ့ ကိုယ့်မြေ ကိုယ့်ဒေသကို ကောင်းစေချင်တဲ့စိတ်၊ မပျက်စီးစေချင်တဲ့ စိတ်ကြောင့် ဒီစာကို ရေးဖြစ်ပါတယ်... ဒီထက်အများကြီးတော့ ရေးချင်ပါသေးတယ်.. ဒါပေမဲ့ရင်ထဲက ကျန်ရှိနေသေးတဲ့စကားလုံးတွေကို သိမ်းဆည်းလို့ ဒီလောက်နဲ့ဘဲ ရပ်တန့်ပါပြီ ... စာဖတ်သူများ အမြင်မတူတာတွေ ရှိခဲ့ရင် ခွင့်လွှတ်သီးခံ ဖတ်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်ရှင်....
စာဖတ်သူများကို လေးစားချစ်ခင်စွာဖြင့်
ချော(အစိမ်းရောင်လွင်ပြင်)
23 comments:
- သဒ္ဓါလှိုင်း said...
-
မချော...
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကတကမ္ဘာလုံးကိုထိရောက်မဲ့ရလာဒ်ကြီးပါပဲ..။ အသိပညာ၊အတတ်
ပညာရှိတဲ့သူတွေကပတ်ဝန်းကျင်ထိန်းသိမ်းဖို့တာဝန်ရှိပါတယ်။အဲလိုမှမဟုတ်ရင်တော့ နာဂစ်လိုမျိုးတွေ
ထပ်ပြီးဖြစ်ပေါ်လာနိုင်တာပေါ့။ ကိုယ့်အကျိုးစီးပွားအတွက်ပဲကြည့်တတ်ကြတဲ့သူတွေအမြန်ဆုံးနောင်တ
ရပြီး အများအကျိုးကိုမြင်လာနိုင်ကြပါစေလို့ ဆုတောင်းရင်းသာ....
ခင်တဲ့
သဒ္ဓါ - May 13, 2010 at 3:55 AM
- အကြမ်းထည် said...
-
အင်း...နဲ့ ဟင်း ကြား က လေပူ တချက် တိုးလ် လ် လေး မှုတ် ထုတ်ရင်း...
ရတနာ ပုံ....၊ရ တနာ ပုံ....၊သုံးမကုန် ဖြုန်းမကုန်...ဥုံ...ဥုံ...ပုံ..
carry on!!!
with reps; - May 13, 2010 at 5:28 AM
- Angel Shaper said...
-
ကျောက်စိမ်းတူးဖော်တာတွေ အခုမှပဲတွေ့ဖူးတော့တယ်
ဗဟုသုတအများကြီး ရရှိစေပါတယ်။ ကျေးဇူးးပါ။
စိမ်းလန်းနေတဲ့ သစ်ပင်တွေကလည်း ဘယ်နေရာမဆို တော်တော်လေးကို
ပြုန်းတီးနေပါပြီ။ - May 13, 2010 at 6:17 AM
- ခိုင်နုငယ် said...
-
ဟုတ်ပ ကျောက်စိမ်ဒတူးဖော်တာတွေ
အခုမှပဲတွေ့ဖူးတော့တယ်....
တောင်တွေကိုသာ အပိုင်းပိုင်းပြတ်စေနိုင်ပေမယ့်
ခုချိန်ထိ ဘာမှ..........
ဆက်မပြောတော့ပါဝူး...မချောရေ ဆင်ဆာ
ပျော်ရွှင်ပါစေဗျာ.... - May 13, 2010 at 8:24 AM
- ခိုင်နုငယ် said...
-
ဟုတ်ပ ကျောက်စိမ်းတူးဖော်တာတွေ
အခုမှပဲတွေ့ဖူးတော့တယ်....
တောင်တွေကိုသာ အပိုင်းပိုင်းပြတ်စေနိုင်ပေမယ့်
ခုချိန်ထိ ဘာမှ..........
ဆက်မပြောတော့ပါဝူး...မချောရေ ဆင်ဆာ
ပျော်ရွှင်ပါစေဗျာ.... - May 13, 2010 at 8:25 AM
- ကိုဇော် said...
-
ကိုယ် ရောက်ခဲ့ဖူးတဲ့ နေရာလေး ဆိုတော့ တကယ်ကို မြင်ယောင်မိတယ်။
၂၀၀၀ ခုနှစ်ကတည်းက ရေစီးသန်ပါတယ် ဆိုတဲ့ ဥရုချောင်းလေးက သဗ္ဗန်လေးတွေပဲ ကျန်တော့တာ ၊
ကျန်တာတွေ ဝင်လို့ကို မရတော့တာ. . . ၊ လောဘကြောင့် အရာရာ ပျက်ဆီးသွားတာပါပဲ။
ဗဟုသုတ ပုံလေးတွေကိုတော့ ကျေးဇူးပါ။ - May 13, 2010 at 10:36 AM
- ချိုကျ said...
-
အစ်မရေ...ဝမ်းစာဆိုပေမယ့် အတ္တတွေအများအပြားကပ်ပြီး အလွန်အမင်းလုပ်နေကြရင်တော့ ဟိုဘက်မှာ ဆိုးကြိုးတွေကလည်း စောင့်နေတတ်ပါတယ်။ ထင်တာပြောတာပါ :) ရောက်ဖူးတယ် မြစ်ကြီးနားကို ဘူတာကြီးနားမှာ တည်းခဲ့ဖူးတာပါ။ ဟိုးတော်တော်ဝေးတဲ့ လီဆူးရွာလည်းသွားခဲ့ဖူးတယ်။ တစ်ခုပဲညံ့သွားတယ် မြစ်ဆုံကိုတော့ရောက်ခဲ့ဘူးဗျ ဟီး ချိုကျ တို့ညံ့ချက်ပေါ့..ခင်မင်လေးစားစွာဖြင့်..
(ချိုကျ) - May 13, 2010 at 10:46 AM
- KiKi said...
-
ကိုယ်ကျိုးတခုတည်းသာကြည့်ကြတဲ့ လောဘသားတွေ ရဲ့ မဆင်မခြင် မှုတွေကြောင့် အမိမြေကြီး ပျက်စီးနေရပုံတွေ ကို မချိတင်ကဲ ကြည့်သွားပါတယ် စိမ်းရေ ..
“ဥတု ရာသီ တောကိုမှီ၏ ” ဆိုတဲ့ ဆောင်ပုဒ် ဟာ ဘယ်နေရာ ဘယ်ချောင် ရောက်နေပြီလည်း မသိ ။...
ဖျက်ဆီး တာက တည်ဆောက်တာ ထက် ဆူလွယ် နပ်လွယ် လွန်းလို့  ၊ ဘယ်သူမှ အပြု သဘော ကို မလုပ်ချင်ကြတော့ တာ လား ။ - May 13, 2010 at 10:48 AM
- မင်းထွဋ် said...
-
သဘာဝပတ်ဝန်းကျင်ကို မိမိတတ်နိုင်တဲ့နေရာလေးကနေ
တတ်နိုင်သလောက်လေး ဖြစ်ဖြစ် ထိန်းသိမ်းကျရင် ကောင်းမယ်နော်.. - May 13, 2010 at 10:53 AM
- မြသွေးနီ said...
-
ဒီပုံလေးတွေကြည့်ချင်နေတာကြာပြီ။
ခုမှပဲကြည့်ရတော့တယ်..။
ချောရေ.. သဘာပါတ်ဝန်းကျင်တွေ ပျက်သုန်းစေတဲ့ စီးပွားဆန်တဲ့လုပ်ကွက်တွေကြောင့်
တို့လူသားတွေ ဆိုးကျိုးကို လက်တွေ့ခံစားနေကြရပြီလေ..။
အားလုံးပူးပေါင်း ဖြေရှင်းမှသာနော်...။ - May 13, 2010 at 11:46 AM
- မောင်ဘကြိုင် said...
-
မပြောချင်လည်းပြောရအုံးမယ်ဗျို့ ပြောပြန်ရင်လည်းဘူတာကြီးပဲဆိုက်မယ့် မြို့ပတ်ရထားကြီးလိုပါပဲဗျာ
အကျိုးလိုလို့လုပ်တာ အကျိုးကဘယ်မှာလည်းတောမသိဖူး အကျိုးလိုလို့လုပ်ရင်းကရလာတဲ့ ဆိုးကျိုးတော့ လက်တွေ့ခံစားနေရပြီလေ အကျိုးတွေကတော့ ဘယ်မှာရောက်သွားပါလိမ့်နော်း) - May 13, 2010 at 12:53 PM
- ဏီလင်းညို said...
-
မချောရေ.......
ဒီက ပြန်လာမှ အဲ့ဒီမှာ ကျောက်လာတူးဦးမယ်......နေဦး.........း))
သထေးဖြစ်ချင်နေတာ........ကြာဘီ............း))
ခင်မင်တဲ့
ဏီလင်းညို - May 13, 2010 at 12:55 PM
- sosegado said...
-
ပုံတွေကဗဟုသုတရစေပါတယ်၊ အရင်တူးတဲ့စနစ်နဲ့မတူ စက်တွေဟိုဘက်ကရောက်လာပါလား၊ သဘာဝပတ်ဝန်းကျင် မင်းနှင့်ဘာဆိုင်လို့လဲ ဆိုပြီး၊ အင်းလေ သူတို့တိုင်းပြည်မှ မဟုတ်တာ ဒီအတိုင်းထားခဲ့မှာပေါ့။
- May 13, 2010 at 3:25 PM
- ဂျစ်တူး(မုံရွာ) said...
-
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
စာအရေးအသားရော-အဋ္ဌေကာင်းအရာရော-ရည်ရွယ်ချက်ရော-အကုန်ဋ္ဌကိုက်တယ်ဗျို့ -
သတင်းဌာနတွေကိုပို့ ဋ္ဌကည့်ပါလားဗျာ-ဒါမှတော်တော်များများသိသွားမှာ-
ဟုတ်တယ်ဗျို့ -တကယ်တော့ရာသီဥတုသဘာဝတရားတွေကိုလူတွေအကုန်လုံးဝိုင်းထိမ်းသိမ်းကြမှကောင်း
တာပေါ့ဗျာ-သူတို့ တွေကသူ့ တိုင်းပြည်မှမဟုတ်တာကိုးဗျာ-သူတို့ တိုင်းပြည်ကောင်းစားဖို့ အတွက်
ဘယ်သူ့ ကိုဘဲချနင်းနင်းပေါ့-အင်း---အင်းပေါ့ဗျာ- - May 13, 2010 at 11:54 PM
- THIHA said...
-
ဗဟုသုတအများကြီး ရရှိစေပါတယ်။ ကျေးဇူးးတင်ပါတယ်ဗျာ
- May 14, 2010 at 4:10 AM
- ပန်းရင့်ရောင် said...
-
ဟိုအရင်က ရှုခင်းတွေနဲ့ အများကြီး ကွာသွားပြီနော်။ဒါနဲ့ စကားမစပ် မရီးကထောင်းဘက်က တောင်ပေါ်က သီလရှင် ကျောင်းလေးကော ရှိသေးလားဟင်။ :)
- May 14, 2010 at 9:21 AM
- ပန်းရင့်ရောင် said...
-
ဖါးကန့်ကိုတောင် ကြည့်ပြီး လွမ်းသွားပြီ။
- May 14, 2010 at 9:23 AM
- အင်ကြင်းသန့် said...
-
အင်း...ဘာပြောရမှန်းတောင် မသိတော့ဘူး...မမ ဖြစ်စေချင်တဲ့ စိတ်ဆန္ဒမျိုး..သူတို့မှာသာ ရှိတတ်ခဲ့မယ်ဆိုရင် ....
ညီမလေး - May 14, 2010 at 9:28 AM
- မိုးငွေ့ said...
-
ဟုတ်တယ်နော်....ချော...ကျမတို့ဆီမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းက သိပ်မတွင်ကျယ်သေးဘူး....။ ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေးက ဗဟုသုတလည်းဖြစ်စေတယ်...။ တနေ့တခြား ဆိုးရွားလာတဲ့ ရာသီဥတုအတွက် ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်သင့်ကြောင်း သတိပေးတဲ့ ပို့စ်လဲဖြစ်တဲ့အတွက် စာဖတ်သူ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်နော်...။
ခင်မင်စွာဖြင့်
မိုးငွေ့ - May 14, 2010 at 9:59 AM
- သိ င်္ဂါ ရ said...
-
အင်းဗျာ ... အဲလို အမြင်ကျယ်ကျယ် မြင်နိုင်ရင်တောင် ...
လူဆိုတာ လောဘ စိတ် နဲ့ မို့ ... ဆင်ခြင်ဥာဏ်ကိုေ၀၀ါးစေတဲ့
အချို့သော ဆုံးဖြတ်ချက်တွေ နဲ့ နစ်သထက် နစ်ကုန်ကြတော့မလား ? - May 14, 2010 at 1:08 PM
- Blackroze said...
-
မကြီးချောရေ...
နောက်ဆိုရင်..ရေတောင်နိုင်ငံခြားကနေဝယ်သုံးရမလားမသိဘူးနော်
ခုပုံစံအတိုင်းသာဆက်သွားလို့ကတော့လေ...စိတ်ညစ်ပါတယ်နော်..
နယ်ကလူတွေသနားပါတယ်.. - May 14, 2010 at 4:35 PM
- မြစ်ကျိုးအင်း said...
-
နောက်လူအလှည့်မရောက်အောင် မြန်မြန်တူးနေရတော့ ဂရုတစိုက် ထိန်းသိမ်းတာတွေ လုပ်ချိန်မရလို့နဲ့တူပါရဲ့။ သူဌေးတွေက အဲဒီမှာ နေမှာမှ မဟုတ်တော့ ရေကြီးလည်း သူတို့နဲ့ မဆိုင်ဘူးပဲ တွေးကြမှာပဲ။ ချမ်းသာတဲ့သူများ ပိုလောဘ တက်တယ်။
ပုံတွေ စုံစုံစေ့စေ့နဲ့ ကိုယ်တိုင်ရောက်သွားသလို ကြည့်ခွင့်ရလိုက်တယ်။
သဘာဝ ပါတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်ပါပြီ။ - May 15, 2010 at 6:46 PM
- ကေသရီ said...
-
အင်း စီးပွါးရှာတာလည်း ရှာတာပေါ့လေ။ ဒါပေမယ့်လည်း ပါတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဂရုစိုက်ပြီး အလေးအနက်ထားလုပ်ဆောင်သင့်ပါတယ်။ အခုတောင် အိမ်တွေရေကြီးနေတယ်ဆိုတော့ နောင်ဆို ဘယ်လိုနေမလဲလို့ စဥ်းစားမိပါတယ်။
- May 17, 2010 at 4:27 PM