ကောင်းကင်ထက်က နှင်းဆီတစ်ပွင့်
Sunday, May 9, 2010
ဒီတစ်ခေါက် အိမ်အပြန်မှာ အမေရဲ့ မှတ်စုစာအုပ်လေးကို အမှတ်မထင်ဘဲ ဖတ်မိပါတယ်.. အဲဒီလို ဖတ်မိတဲ့အချိန်မှာ အရင်က အမေဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို မှတ်စုလေးထဲမှာ ရေးထားတာ ကျွန်မတွေ့လိုက်မိတဲ့အတွက် ပြောမပြတတ်တဲ့ ခံစားချက်များနဲ့ ရင်ထဲမှာ တစ်မျိုးလေး ဖြစ်မိပါတယ်.. ပြီးတော့လည်း ဒီစာစုလေးကို ကျွန်မအနေနဲ့ သိမ်းထားလိုတဲ့စိတ်လည်း ဖြစ်မိတာကြောင့် အိမ်ကနေ ပြန်လာတော့ ယူလာခဲ့မိပါတယ်.. ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် အမေများနေ့ဖြစ်တာကြောင့် အနည်းငယ်လေးသာ ပြင်ဆင်ပြီး ဒီနေ့ မတ်လ ၉ရက် အမေများနေ့မှာ ကမ္ဘာပေါ်က အမေတွေအားလုံးကို ဂုဏ်ပြုကာ ကျွန်မမိခင်ရဲ့ သားသမီးတွေအပေါ် သံယောဇဉ်ကြီးတတ်ပုံ မေတ္တာတရားကြီးမားပုံတို့ကို လေးစားလှိုက်လှဲစွာ ကျေးဇူးတင် ဂါရ၀ပြုရင်း ဒီဘလောဂ့် စာမျက်နှာပေါ် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်..
---------------------------------------------------------------------------။
မန္တလေး မဟာစည် ရိပ်သာမှာ အေးအေးဆေးဆေး တရားရိပ်ကို ခိုလှုံနေတဲ့ ကျွန်မဟာ ၀ါဆိုလဆုတ် ၁ရက်နေ့မှာ ရိပ်သာကထွက်ပြီး ဖြူးမြို့မှာရှိတဲ့ မဟာစည်ရိပ်သာကို ဆက်ဝင်ဖို့ စီစဉ်နေစဉ်မှာဘဲ ၁၀တန်းအောင်ထားပြီးဖြစ်တဲ့ ကျွန်မရဲ့ သမီး၂ယောက်က တက္ကသိုလ် ကျောင်းတက်ဖို့ လျှောက်လွှာတွေ တင်ရမယ်လို့ ဆိုလာပါတယ်.. ဒါနဲ့ မန္တလေးမှာ ရောက်နေတဲ့ သမီးအငယ်က ရွာမှာ ကျန်နေတဲ့ သမီးတစ်ယောက်ကို အမြန်လာရောက်ဖို့ ဖုန်းဆက် ခေါ်လိုက်ပါတယ်.. ဒီမှာတင်ဘဲ သမီးအကြီးမလေးဟာ ဖျားပြီး ရောက်လာတဲ့အတွက် မန္တလေးမှာဘဲ သူလေးကို ၅ရက်လောက် ဆေးကုလိုက်ရပါတယ်..
သူနေပြန်ကောင်းလာကာစမှာဘဲ သမီး ၂ယောက် ၁၀တန်းဖြေဆိုအောင်မြင်ခဲ့တဲ့ ဟားခါးမြို့ကို လျှောက်လွှာတင်ဖို့ သွားကြမယ်ဆိုတော့ စိုးရိမ်ပူပန်တတ်တဲ့ ကျွန်မဟာ သမီးတွေကို စိတ်မချတဲ့ စိတ်ကြောင့် ဖြူးမဟာစည်ရိပ်သာကို ဆက်မသွားဖြစ်တော့ဘဲ သူတို့၂ယောက်ကို ဟားခါးမြို့ကို လိုက်ပို့ဖို့ ဟားခါးမန်းကို စီးပြီး လိုက်သွားခဲ့မိပါတယ်.. ဒီနေရာမှာ တရားစခန်းဆက်ဝင်ရန်အတွက် ရိပ်သာသွားဖို့ စီစဉ်ထားတဲ့ ကျွန်မဟာ ရိပ်သာကို မသွားဖြစ်တော့ဘဲ သမီးတွေနဲ့ လိုက်ပါသွားဖြစ်တာဟာ သူများတွေက ကဲ့ရဲ့ကောင်း ကဲ့ရဲ့ကြပါလိမ့်မယ်.. ဒါပေမဲ့ ကျွန်မဟာ ပုထုဇဉ်သာ ဖြစ်နေသေးတဲ့အတွက် သားသမီးကို စိတ်ပူပန် စိုးရိမ်တတ်တဲ့ မိခင်တို့ရဲ့ သာဘာဝအရ နေမကောင်းတဲ့သမီးအပါအ၀င် သူတို့၂ယောက်တည်းကို မလွတ်ရက်တဲ့ မိခင်မေတ္တာစိတ်ကြောင့် လိုက်သွားခဲ့ရခြင်းသာ ဖြစ်ပါတယ်..
အသွားမတော် တစ်လှမ်းလို့ ပြောရမှာပါဘဲ.. တောင်တက်လမ်းကြမ်းကြမ်းမှာ ဟားခါးမြို့ကနေ ဆင်းလာတဲ့ကားနဲ့ ဆုံတော့ သူတို့ ၂စီးဟာ ကားခနရပ်ပြီး စကားပြောကြပါတယ်.. စကားပြောပြီးလို့ ကားလဲပြန်ထွက်ရော အတက်ခရီးဖြစ်တဲ့ ကျွန်မတို့စီးလာတဲ့ကားဟာ ဘရိတ်မမိတော့ဘဲ နောက်ပြန်ဆုတ်ပြီး ကျလာပါတော့တယ်.. ပရိတ်တရားတော်ကို ရွတ်ဖတ်ပြီး လိုက်လာတဲ့ ကျွန်မဟာ ဖြစ်ဖြစ်ချင်းမှာဘဲ သတိအနေအထားနဲ့ အခြေအနေကိုသိလိုက်ပါတယ်.. ကျန်တဲ့သူ တော်တော်များများဟာ အိပ်ပျော်နေကြပြီးတော့ ကျွန်မရဲ့သမီးလေး ၂ယောက်ဟာလည်း အိပ်ပျော်နေခဲ့ကြပါတယ်..
ကျွန်မစီးလာတဲ့နေရာက ကားခေါင်းပိုင်းမှာ ဖြစ်တဲ့အတွက် ကားနောက်ပြန်ဆုတ်ကျလာတာနဲ့ တစ်ပြိုင်တည်း ထိုင်ရာကထပြီးတော့ ကားတံခါးပေါက်နားကို ဆင်းလိုက်မိပါတယ်.. ကျွန်မ ကားပေါ်ကနေ ခုန်ချလိုက်တော့မလို့ပါဘဲ.. ဒီအချိန်မှာ ကားက ဖြေးဖြေးလေး ကျနေတာမို့ ခုန်ချလိုက်ရင် ကျွန်မဟာ သေချာပေါက် လွတ်သွားမှာပါဘဲ.. ဒါပေမဲ့ ကျွန်မ ခုန်မချဖြစ်လိုက်တော့ပါဘူး.. ဘာကြောင့်လဲဆိုတော့ ကျွန်မ နောက်ပြန်လှည့်ကြည့်လိုက်မိချိန်မှာ သမီး၂ယောက်ကို မြင်လိုက်ပြီးတော့ ခုန်မချဖြစ်တော့တာပါ.. ငါခုန်ချလိုက်ရင် ငါကတော့ လွတ်သွားမယ်. ဒါပေမဲ့ သမီး၂ယောက်က ကားပေါ်ကျန်ခဲ့မယ်.. သူတို့၂ယောက် ကားပေါ်ပါသွားပြီး ဘယ်လိုများဖြစ်သွားမလဲ ဆိုတဲ့ စိတ်အတွေးကြောင့် နောက်ဆံတင်းသွားပြီး ခုန်မချဖြစ်တော့ဘဲ ကားတံခါးနားမှာသာ ရပ်နေမိပါတော့တယ်.. .
ဒီလိုနဲ့ ကားက အရှိန်နဲ့ အကျမြန်လာပြီး ကားကို ဂျမ်းတုံးလိုက်ခုနေတဲ့ ကားစပါယ်ယာ ကောင်လေးဟာ မှောက်ရက်လဲကျသွားပါတော့တယ်.. သူလဲကျသွားတော့ ကားဘီးကို မခုနိုင်တော့တဲ့အတွက် ကားက ထိန်းမနိုင်လောက်အောင် အရှိန်မြန်မြန်နဲ့ နောက်ပြန်ကျနေတော့တယ်.. သတိရှိနေတဲ့ ကားဆရာက ကားနောက်ပိုင်းကို ကမ်းပါးစောင်းနဲ့ တိုက်လိုက်ပြီး ကားကို ရပ်အောင် လုပ်လိုက်ရတယ်.. ဒီမှာတင်ဘဲ ကားက ဘေးကို စောင်းသွားပြီး လဲကျသွားခဲ့တယ်.. ကျွန်မကတော့ ကားအတက်အဆင်းနေရာမှာ ဖင်ထိုင်ရက်ဆောင့်ကျသွားပြီး ကားတံခါးက ကျွန်မရဲ့ ပေါင်နှစ်ဖက်ကို ဖိမိသွားတော့တယ်.. ကျွန်မရဲ့ သမီး၂ယောက်လုံးဟာလည်း ကျွန်မရဲ့ ကိုယ်ပေါ်ကို လွင့်စင်ဖိကျလာကြပါတယ်..
သူတို့၂ယောက်လုံးရဲ့ ပြင်းထန်တဲ့ဖိအားကြောင့် ကျွန်မ အသက်တောင်ရှုမရအောင် ဖြစ်သွားခဲ့မိပါတယ်.. ကျွန်မကိုယ် ကျွန်မလဲ အသက်ထွက်သွားခဲ့ပြီလို့တောင် အောက်မေ့လိုက်မိပါတော့တယ်..
တကယ်လို့များ ကျွန်မသာ အောက်ကခံမထားခဲ့ဖူးဆိုရင်၊ ကျွန်မအပေါ်ကို သူတို့သာ လွင့်ကျ မလာခဲ့ဘူးဆိုရင် ကျွန်မသမီး ၂ယောက်လုံးဟာ ခေါင်းဘဲ ကွဲမလား၊ ခြေလေက်တွေဘဲ ကျိုးကြမလားဆိုတာ ကျွန်မ မတွေးဝံ့ပါဘူး.. အခုတော့ သူတို့ကံကောင်းသွားကြပါတယ်.. အောက်မှာ ကျွန်မတစ်ယောက်လုံး ရှိနေခဲ့တဲ့အတွက် သူတို့ ဘာမှ မဖြစ်တော့ဘဲ အန္တရာယ် ကင်းရှင်းခဲ့ကြပါတယ်.. ဒါပေမဲ့ ကျွန်မကတော့ ခြေထောက်တစ်ခုလုံး လှုပ်လို့မရအောင် ဖြစ်သွားခဲ့ရပြီး နေရာကနေလည်း မထနိုင်တော့သလို ခြေသလုံးမှာလည်း တစ်ခုခုနဲ့ ထိုးဖောက်ခံလိုက်ရပါတယ်. ကားပေါ်ကနေ လူတွေအားလုံးဟာ ပြူတင်းပေါက်ကနေ ဖောက်ထွက်ကြပေမဲ့ ကျွန်မကတော့ ဘာဆိုဘာမှ မလုပ်နိုင်ဘဲ ကားပေါ်မှာ ကျန်ရစ်ခဲ့ပါတယ်.. လူတွေအားလုံး ကုန်တော့ပြီး နောက်ဆုံးမှာ ကျွန်မကို လူလေးယောက် ငါးယောက်လောက်က မ ပြီး ကားပေါ်ကနေ ခက်ခက်ခဲခဲ သယ်ထုတ်ကြရပြီး လမ်းဘေးမှာ စောင်လေးတစ်ခု ခင်းကာ ချထားလိုက်ကြပါတော့တယ်..
ဒါတွေကို ကျွန်မအားလုံး သိနေခဲ့ပါတယ်.. သတိလဲမလစ်သွားခဲ့ပါဘူး.. ခေါင်းတစ်ခုလုံးတော့ မူးနောက်လို့ ခါးကလည်း မခံမရပ်နိုင်အောင် နာကျင်လွန်းလှပါတယ်.. ခြေထောက်တွေကတော့ လှုပ်လို့တောင် မရခဲ့ပါဘူး.. ဒီအချိန်မှာ ကျွန်မကိုကြည့်ပြီး သမီးတွေက ငိုကြွေးကြပါတယ်.. ဒါပေမဲ့ ကျွန်မအနေနဲ့ ဆောက်တည်ရာ မရအောင် ဟစ်အော်ခြင်း၊ ညီးငြူခြင်းဆိုတာ တစ်ချက်လေးတောင် မလုပ်ခဲ့ပါဘူး.. သမီးတွေကိုတောင် မငိုနဲ့သမီး အမေဘာမှ မဖြစ်ဘူး.. စိတ်မပူကြပါနဲ့ လို့တောင် ပြန်ပြီး အားပေးခဲ့ပါတယ်..
နောက်တော့ကားတစ်စီးနဲ့ ဂန့်ဂေါဆေးရုံကို ပို့ပေးကြပါတယ်.. ည၁နာရီကျော်လောက်မှာ ဂန့်ဂေါဆေးရုံကို ရောက်ခဲ့ကြပါတယ်.. သွေးပေါင်ချိန်ကြည့်တော့ သွေးပေါင်က အရမ်းကျနေခဲ့ပြီ၊ ဆရာဝန်က ညကြီး သွေးနှစ်ပုလင်း ရအောင် ရှာဖို့ ပြောပါတယ်.. ကိုယ်မသိတဲ့ တစ်စိမ်းပြင်ပြင် အရပ်တစ်ခုမှာ သွေးနှစ်ပုလင်းကို ဘယ်လိုများ ရှာလို့ ရနိုင်ပါ့မလဲ.. ဒီနေရာဟာ ကျွန်မအတွက်လည်း တစ်ခေါက်မှ မရောက်ဖူးတဲ့ အရပ်ဖြစ်သလို သမီး၂ယောက်အတွက်လည်း စာမေးပွဲ လာဖြေစဉ် ခနလေးသာ ရောက်လာဖူးတဲ့ အရပ်ဖြစ်ပါတယ်.. အသိမိတ်ဆွေဆိုတာလည်း တစ်ယောက်မှ မရှိပါဘူး…
ဒါနဲ့ မနက်မိုးလင်းမှ သမီးတွေက မြို့ထဲကို သွားလို့ စုံစမ်းရှာဖွေကြရာမှာ ကံကောင်းထောက်မစွာနဲ့ သူတို့ကျောင်းနေဖက် သူငယ်ချင်းတွေကို တွေ့လာကြပြီး လိုအပ်တဲ့သွေးတွေကို စေတနာနဲ့ ဖောက်ထုတ် လှူဒါန်းပေးကြပါလို့ ဒီအလှူရှင်၊ စေတနာရှင်ရဲ့ သွေးတွေနဲ့ အသက်မသေဘဲ ချမ်းသာရာ ရခဲ့ရပါတယ်.. သွေးအလှူရှင်ဟာ ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်တွေ ဖြစ်ကြပါတယ်.. သူတို့ရဲ့ ကျေးဇူးတွေကို ယနေ့အထိ ကျွန်မ မမေ့ပါဘူး.. သေကံမရောက်လို့ အသက်မပျောက်ခဲ့ဘဲ ကျွန်မ အသက်ဆက်ရှင်ခဲ့ပါတယ်.
ဂန့်ဂေါဆေးရုံမှာ ဓာတ်မှန်ရိုက်ကြည့်ပေမဲ့ ကျွန်မရဲ့ ခြေထောက်အနေအထားကို အတိအကျ မသိခဲ့ရပါဘူး.. ဓာတ်မှန်က မသေချာတာကြောင့်ပါ။ ခြေထောက်တွေကတော့ ထိမရ၊ လှုပ်မရအောင် နာကျင်နေခဲ့ပါတယ်. မန္တလေးက ကျွန်မရဲ့ မောင်ဆီကို အကြောင်းကြားတော့ မောင်ဖြစ်သူက ဂန့်ဂေါကို ကားလွတ်ပြီး အကြိုခိုင်းလိုက်ပါတယ်.. ဂန့်ဂေါဆေးရုံမှာ ၂ညနဲ့ တစ်ရက် နေခဲ့ရပြီး မန္တလေးကို ပြန်ခဲ့ပါတယ်. မန္တလေးရောက်တော့ တော်ဝင်ဆေးရုံမှာ ဓာတ်မှန်ပြန်ရိုက်ကြည့်တော့မှ ကျွန်မရဲ့ ညာဘက်ပေါင်ဟာ အရင်းကနေ ကျိုးသွားမှန်း သိခဲ့ရပါတယ်..
ကဲ.. ခုတော့ ကံတရားရဲ့ ဆန်းကြယ်မှုကြောင့် အကောင်းကနေ အကျိုးဖြစ်ခဲ့ရပါပြီ.. ဘယ်တတ်နိုင်မလဲနော်.. ဘုရားရှင်နဲ့ ရဟန္တာ အရှင်မြတ်တို့တောင် ၀ိပါတ် ကြမ္မာကြောင့် ခံကြရသေးတာဘဲ.. ကျွန်မတို့ကရော ဘာမို့လို့ လွတ်နိုင်မှာလဲလေ.. အရင်ဘ၀တွေတုန်းက ကိုယ်ပြုခဲ့တဲ့ ကိုယ့်ကံကြောင့် ခုဘ၀မှာ ပြန်ခံစားရတာ ဖြစ်တယ်လို့ ကျွန်မ နှလုံးသွင်းလိုက်ပါတယ်.. မန္တလေးမှာ ၆လ ကျော်ကျော်လောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်. ဒဏ်ရာတွေ ပျောက်ကင်းသွားခဲ့ပေမဲ့ ကျွန်မရဲ့ ခြေထောက်တွေက အကောင်းအတိုင်းတော့ ပြန်မဖြစ်တော့ပါဘူး.. ချိုင်းထောက်နဲ့ သွားလာရတဲ့ သူတစ်ယောက် ဖြစ်သွားခဲ့ရပါပြီ။
ဒီခရီးကြောင့် ခြေထောက်ကျိုးသွားခဲ့ရတဲ့ ကျွန်မကို အဲဒီချိန်တုန်းက ကားပေါ်က ခုန်မချခဲ့တဲ့ အတွက် နောင်တမရဘူးလားလို့ ခုချိန်မှာ မေးလာကြရင် ဘယ်တော့မှ မရဘူးလို့ ဖြေမှာပါဘဲ.. ဘာလို့လဲဆိုရင် တကယ်လို့သာ အဲဒီချိန်က မိခင်စိတ်မရှိဘဲ ကားပေါ်ကသာ ကိုယ်လွတ်ရုန်းပြီး ကျွန်မခုန်ဆင်းနေခဲ့ရင် ကျွန်မသမီးလေး ၂ယောက်ဟာ တစ်ခုခုဖြစ်ကြမှာ သေချာလို့ပါဘဲ.. ကျွန်မ ကားပေါ်က မဆင်းဖြစ်တာကြောင့် ကားမှောက်ချိန်မှာ ကျွန်မက အောက်ကနေ ခံထားတဲ့အတွက် သူတို့လေးတွေ သက်သာရာ ရသွားကြတာကို တွေးမိတိုင်း ကျွန်မ ခြေထောက်ကျိုးခဲ့ရပေမဲ့ စိတ်ဖြေသာခဲ့ပါတယ်.. ဒါတောင် သမီးအကြီးက ခေါင်းမှာ ဖူးရောင်သွားခဲ့ပြီး သမီး အငယ်ကတော့ လက်တွေခြေတွေမှာ ပွန်းပဲ့ကုန်ပါသေးတယ်.. ကျွန်မသာ ဘာမှ မဖြစ်ဘဲ သမီးတွေသာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်မခြေထောက် ကျိုးတာထက် ပိုပြီး ထိခိုက်နာကျင်ခံစားရမှာ သေချာပါတယ်.. ခုတော့ သမီးလေးတွေ အန္တရာယ်ကင်းကင်းနဲ့ ကျန်းကျန်းမာမာ ကောင်းကောင်း မွန်မွန် ရှိနေတာကို ကြည့်ပြီး မိခင်တစ်ယောက်ရဲ့ မေတ္တာအပြည့်နဲ့ ကျေနပ်ပီတိဖြစ်ရပါတယ်..
--------------------------------------------------------------------------------------------------------------------------
မိခင်တိုင်းဟာ ကိုယ်က မွေးလာခဲ့တဲ့ ကိုယ့်သားသမီးအတွေ အပေါ်မှာ ရင်မှပေးတဲ့ စေတနာ မေတ္တာတွေနဲ့ အသက်ပေးပြီး ကာကွယ်စောင့်ရှောက်လိုတဲ့ ဆန္ဒ ရှိကြပါတယ်.. ဘယ်မိဘကမှ ကိုယ့်သားသမီး ဒုက္ခရောက်ရင် မျက်နှာလွဲပြီး မနေနိုင်ကြပါဘူး.. ကျွန်မအမေဟာလည်း တစ်ခြားသော မိခင်တွေနည်းတူ သားသမီးတွေ အပေါ် ညှာတာ ငဲ့ညာစိတ်၊ ကြင်နာသနားစိတ် အပြည့် ရှိသူပါ။ ကျွန်မတို့လို သားသမီးတိုင်းဟာလည်း မိခင်ရဲ့ မေတ္တာ၊ စေတနာကို နားလည်နိုင်ပြီး မိဘတွေကို သိတတ်တဲ့၊ နားလည်တတ်တဲ့ သားသမီးတွေ ဖြစ်လာနိုင်ကြဖို့ လိုအပ်ပါတယ်.. အမေ့လို မေတ္တာ စေတနာ ကြီးမားတဲ့ မိခင်တစ်ယောက်ရဲ့ သမီး ဖြစ်ခွင့်ရတဲ့ အတွက်လည်း သမီး ဂုဏ်ယူမိပါတယ်..
အဝေးကအမေ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ရှိပါစေ၊ တရားထူး၊ အသိထူးများ ရရှိနိုင်ပါစေနော်..ရာသက်ပန် သီလရှင် ဆရာလေးဘ၀နဲ့ တရားဓမ္မရဲ့ အရိပ်အောက်မှာ ရွှင်လန်းချမ်းမြေ့စွာ သာသနာ့အကျိုးကို ဆထက်တိုးလို့ သယ်ပိုးနိုင်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်.. သားသမီးတွေအပေါ် စေတနာ၊ မေတ္တာကြီးမားလွန်းတဲ့ အမေ့ကို သမီးက ချစ်ခင်လေးမြတ်စွာနဲ့ နှင်းဆီပန်းကလေး တစ်ပွင့်နဲ့ ခိုင်းနှိုင်းလိုက်ချင်ပါတယ်.. ဒါပေမဲ့ အမေက ရိုးရိုး သာမန် နှင်းဆီပန်းကလေး တစ်ပွင့်တော့ မဟုတ်ပါဘူး… သာသနာတော်မှာ ပျော်ပိုက်ပြီး သာသနာ့အကျိုးကိုလည်း ထမ်းဆောင်နေတာကြောင့် မြင့်မြတ်တဲ့ ကောင်းကင်ထက်က နှင်းဆီ တစ်ပွင့်ဘဲ ဖြစ်ပါတယ်.. ဒါကြောင့်လဲ ဒီစာစုလေးရဲ့ ခေါင်းစဉ်ကို ကောင်းကင်ထက်က နှင်းဆီတစ်ပွင့်လို့ ပေးလိုက်မိပါပြီ.. အမေ ကျေနပ်ခွင့်ပြုမယ်လို့ သမီးမျှော်လင့်ပါတယ်..
ဒီစာစုလေးနဲ့ အမေနှင့်တကွ ကမ္ဘာပေါ်က မိခင်တွေအားလုံးကို ရိုသေလေးစားစွာ ဦးညွှတ်ကန်တော့ပန်း ဆင်လိုက်ပါတယ်ရှင်..
အမေ့ကိုချစ်တဲ့ သမီး
ချော(အစိမ်းရောင်လွင်ပြင်)
မနေ့ညကတည်းက ကျွန်မတို့အိမ်နားတစ်ဝိုက်က ဖုန်းကြိုးတွေအကုန် ပြတ်တောက်ကုန်တဲ့အတွက် အင်တာနက်လည်း သုံးမရ ဖြစ်သွားတာကြောင့် အချိန်နောက်ကျပြီး ဒီနေ့ညမှ ဒီစာလေးကို တင်ဖြစ်ပါတယ်ရှင်..