မီးတူးနေတဲ့ ဘီစကစ်လေးများ
Sunday, May 16, 2010photo from Here
ကျွန်မရဲ့ဘ၀မှာ ဘယ်တော့မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို သတိတရလေး ပြောပြချင်မိပါတယ်.. ကျွန်မငယ်စဉ် မူလတန်းကျောင်းသူဘ၀ရဲ့ တစ်ခုသော ရက်တစ်ရက်မှာပေါ့.. ကျွန်မတို့မေမေက အလုပ်ကနေပြန်ရောက်ပြီးရင် မိသားစု ညစာစားဖို့အတွက် အမြဲတမ်း ပြင်ဆင် ချက်ပြုတ်ရပါတယ်... အဲဒီနေ့ကလည်း ခါတိုင်းလိုပါဘဲ.. မေမေဟာ အလုပ်ကနေ ပြန်ရောက်တာနဲ့ ကျွန်မတို့အားလုံးအတွက် ညစာ ပြင်နေပါတယ်.
မေမေပြင်ဆင်နေတဲ့ ညစာက ကြက်ဥကြော်၊ ၀က်အူချောင်းနဲ့၊ တော်တော်လေးကို မီးတူးနေတဲ့ ဘီစကစ်လေးတွေပါဘဲ.. အဲဒီဘီစကစ်တွေဟာ မေမေကိုယ်တိုင် လုပ်ထားတဲ့ ဘီစကစ်တွေလည်း ဖြစ်ပါတယ်.. ညစာစားတဲ့ စားပွဲမှာ ဆေးရုံကနေ တာဝန်ပြီးလို့ ပြန်ရောက်နေတဲ့ ကျွန်မရဲ့ ဖေဖေလည်း ထိုင်နေပါတယ်.. မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို ကြည့်ပြီး ကျွန်မစိတ်ထဲ တွေးနေမိတာက ဒီ မီးတူးနေတဲ့ မုန့်တွေအကြောင်း ဖေဖေဘယ်တော့များ သတိပြုမိပြီး မေမေ့ကို ပြောတော့မလဲ ဆိုတာပါဘဲ…
ဒါပေမဲ့ ဖေဖေဟာ သူ့လက်က ဘီစကစ်တွေဆီ ရောက်သွားခဲ့ပေမဲ့ ဘာမှ သတိမပြုမိတဲ့ ပုံစံနဲ့ ပါးစပ်ထဲ ကောက်ဝါးလိုက်ရင်း ကျွန်မကိုသာ ဒီနေ့ကျောင်းမှာ အဆင်ပြေရဲ့လား ဘာတွေထူးသေးလဲလို့ မေးလာပါတယ်. အဲဒီချိန်မှာ ကျွန်မက ဘီစကစ်ချပ်လေးတွေပေါ်ကို ထောပတ်တွေသုပ်လိမ်းပြီး ယိုတစ်ထပ် ပြန်သုပ်ကာ ၀ါး စားနေခဲ့ပါတယ်.. ဖေဖေ့မေးခွန်းကို အဆင်ပြေကြောင်းသာ ပြန်ပြီး ဖြေဖြစ်ခဲ့ပါတယ်..
အဲဒီနေ့က ညစာ စားပြီးချိန်ထိအောင် ဖေဖေဟာ မီးတူးနေတဲ့ ဘီစကစ်ကိစ္စကို မေမေ့ကို ပြောဖို့ဆိုဖို့ မပြောနဲ့ သတိထားလိုက်မိဟန်တောင် မတူပါဘူး… ကျွန်မက ညစာစားတဲ့ စားပွဲကနေ ထဖို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာဘဲ မေမေ့ဆီက “ ဒီနေ့တော့ ဘီစကစ်လုပ်တာ မီးတူးသွားတဲ့အတွက် တောင်းပန်ပါတယ်” ဆိုတဲ့အသံ ထွက်လာပါတယ်.. ဒီမှာတင်ဘဲ မေမေ့ကို ပြန်ပြောလိုက်တဲ့ ဖေဖေရဲ့ စကားကို ကျွန်မ ဘယ်တော့မှ မေ့လို့မရခဲ့တာပါ။
“ကိစ္စမရှိပါဘူး မိန်းမရယ်.. ကိုယ်က မီးတူးနေတဲ့ ဘီစကစ်တွေကို စားရတာ သဘောကျပါတယ်” တဲ့
အဲဒီညမှာ ကျွန်မဟာ ညအိပ်ရာဝင်ဖို့ ဖေဖေ့ကို နှုတ်ဆက်တဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ အောင့်မထားနိုင်ဘဲ ဖေဖေ့ကို မေးလိုက်မိတာက “ ဖေဖေ.. မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို တကယ်ကြိုက်တာ ဟုတ်ရဲ့လား ဟင်” ဆိုတာပါဘဲ… ဒီတော့ ကျွန်မဖေဖေဟာ သဘောထား ကြီးမားသူတစ်ယောက်ရဲ့ အပြုံးကလေးကို ပြုံးလိုက်ရင်း ကျွန်မကို ပွေ့ဖက်လိုက်ပြီး
“သမီး မေမေဟာ တစ်နေ့လုံးလဲ သူ့အလုပ်မှာ ပင်ပင်ပန်းပန်း လုပ်လာခဲ့ရတယ်.. အိမ်ပြန်ရောက်တော့လဲ မနားရဘဲ ဖေဖေတို့အတွက် ညစာ ချက်ပြုတ် ပြင်ဆင်ရသေးတယ်.. ဘီစကစ်လေး မီးတူးတဲ့ကိစ္စဟာ ဘယ်သူ့ကိုမှ ထိခိုက်စေတာ မဟုတ်လို့ အဲဒီကိစ္စကို အပြစ်တင်ခြင်းအားဖြင့် သမီးမေမေရဲ့စိတ်ကို ထပ်ပြီး မပင်ပန်းစေချင်ပါဘူးကွယ်.. ပြီးတော့ ဒီဘာမဟုတ်တဲ့ ဘီစကစ်လေး မီးတူးတာကို အပြစ်တင်လိုက်ရင် သမီးမေမေလဲ စိတ်အနှောက်အယှက် ဖြစ်သွားမယ်.. ဖေဖေခုလို သဘောကျကြောင်း ပြန်ပြောလိုက်တော့ သူလဲ စိတ်မသက်မသာ မဖြစ်တော့ဘဲ အရာရာအားလုံးဟာ ပြေပြေလည်လည် ပြီးမသွားခဲ့ဖူးလား.. တစ်ယောက်ရဲ့အမှားကို အပြစ်တင်နေတာထက်စာရင် ခွင့်လွှတ်လိုက်တာက ပိုပြီး ပျော်စရာကောင်းပါတယ်..သမီးရယ် ” လို့ ပြန်ပြောပါတယ်..
အိုး.. ကောင်းလိုက်တဲ့ ဖေဖေရဲ့ စကားလေးပါဘဲနော်.. ကျွန်မတို့တွေဟာ ဘာမဟုတ်တဲ့ ကိစ္စရပ်ကလေးတွေ၊ လူတစ်ယောက်ယောက်ရဲ့ အပြစ်အသေးအမွှားတွေကို ပုံကြီးချဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ပြောဆိုနေခဲ့ကြဖူးမယ်ထင်ပါတယ်.. ဘ၀မှာ ဘယ်အရာမှ ပြည့်စုံတယ် ဆိုတာမရှိသလို၊ လူတိုင်းဟာလည်း မကင်းနိုင်တဲ့ အမှားကလေးတွေ ရှိကြမှာပါနော်….. တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်ကြမယ်ဆိုရင် မီးတူးနေတဲ့ဘီစကစ်လေးတွေဟာလည်း ကောင်းမွန် ချိုမြိန်နေတတ်သလို မိသားစုဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး တွေမှာလည်း တစ်ဦးအပြစ်ကို တစ်ဦးက ခွင့်လွှတ်လို့ တစ်ယောက်ရဲ့အမှားကလေးတွေကို တစ်ယောက်က သီးခံကြရင်း နေပျော်စရာ လူမှုဝန်းကျင်လေးတွေကို ဖန်တီးလို့ သာယာလှပတဲ့ ရေရှည်ဆက်ဆံရေးကို မျှော်ကိုးကာ မိမိချစ်သူ ခင်သူများနဲ့ ရာသက်ပန် အဆင်ပြေ ပျော်ရွှင်နိုင်ကြမှာပါနော်..
ကျွန်မလဲ မီးတူးနေတဲ့ ဘီစကစ်လေးတွေတွေ့ရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါဦးမယ်ရှင်...
Bill Rayborn ရဲ့Burned Biscuits ကို နှစ်သက်မိသဖြင့် ဘာသာပြန် မျှဝေပါသည်။
အားလုံးဘဲ သာယာပျော်ရွှင်အဆင်ပြေသော လူမှုဝန်းကျင်ကို ဖန်တီးနိုင်ကြပါစေရှင်...
ချော(အစိမ်းရောင်လွင်ပြင်)
18 comments:
- အကြမ်းထည် said...
-
နှစ်ဖက်မြင် အလှ(မွန်မြတ်တဲ့)စိတ်ဓါတ်မျိုး ထားတတ်စေရန် ကြိုးပမ်းနေဆဲပါ။
carry on!!
with reps; - May 16, 2010 at 8:19 AM
- crystal said...
-
မှန်တယ် အပြည့်အဝ ထောက်ခံတယ်နော့။
- May 16, 2010 at 8:23 AM
- မြတ်နိုး said...
-
ကျနော်..ချောရေးတာတွေကို တကယ်သဘောကျတယ်။ တွေးစရာတွေပေးတယ်။
ငယ်ငယ်က ဖတ်နေကျစာအုပ်တွေကို ပြန်ဖတ်နေရသလိုပဲ
တကယ်ကျေးဇူးတင်ပါတယ်။ - May 16, 2010 at 9:07 AM
- လသာည said...
-
ဖတ်ရတာ အရမ်းကောင်းတာပဲ..
ဟုတ်တယ်နော်..
မီးတူးနေလည်း စေတနာက မီးမတူးဘူးလေ..
အကောင်းမြင်စိတ်လေးကို လေးစားစွာ မှတ်သားသွားပါတယ်..
ဒီပိုစ်လေးအတွက် ကျေးဇူးနော်။ - May 16, 2010 at 9:44 AM
- ပုံမှန် said...
-
မီးကျွမ်းလို့ကတော့ မလွယ်ဘူးမှတ်...တော်တယ်ဆိုပြီးတုတ်နဲ့ရိုက်မယ်။ ဟဲ..ဟဲ စတာနော် အရေးအသားတွေကတော့ အတုယူလောက်ပါတယ် လေးစားပါတယ်..
- May 16, 2010 at 9:52 AM
- shwezinu said...
-
ရွှေစင်ဦး လေး မှားတာရှိရင် ညီမချော ခွင့်လွှတ်နော်
မီးတူး
ရွှေစင်ဦး - May 16, 2010 at 10:39 AM
- မီးတူးကျောက် said...
-
စာထဲမှာတူးရင်..ခွင့်လွှတ်ပါတယ်...အပြင်မှာတူးရင်တော့..ဆိုင်သွားစားတော့မယ်..း)))
မယ်ချောရဲ့ဘာသာပြန်လေးတွေ..အရမ်းကောင်းကောင်းလာလို့ ဘော်ဒါတွေကိုညွှန်းညွှန်းနေရတယ်ဟေ့... - May 16, 2010 at 10:52 AM
- KiKi said...
-
ဟုတ်ပေသားပဲ နော် ၊ စေတနာ အမှားလေးတွေ အတွက် ခွင့်လွှတ်တတ်ဖို့  ကြိုးစား ရ အုံးမယ် ချော ရေ ....
( မီးတူး တာ က တခါတရံ လောက်ဆိုရင်တော့ ထားလိုက်ပါတော့ ။ နေ့ တိုင်းသာ ဒီလို တူးနေရင် မလွယ်ဘူး ..း)) ..
ခု တလော မှာ တော့ ဘာအကြောင်းတွေ ဖတ်ရ ဖတ်ရ ..ခွင့်လွှတ်ဖို့  ဖြည့်တွေးလို့ တောင် မရသေးတော့ ခက် နေ ပါ ရော့လား.... - May 16, 2010 at 12:01 PM
- ကိုကြည်သာ said...
-
ဘ၀မှာ ဘယ်အရာမှ ပြည့်စုံတယ် ဆိုတာမရှိသလို၊ လူတိုင်းဟာလည်း မကင်းနိုင်တဲ့ အမှားကလေးတွေ ရှိကြမှာပါနော်….. တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်ကြမယ်ဆိုရင် မီးတူးနေတဲ့ဘီစကစ်လေးတွေဟာလည်း ကောင်းမွန် ချိုမြိန်နေတတ်သလို မိသားစုဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး တွေမှာလည်း တစ်ဦးအပြစ်ကို တစ်ဦးက ခွင့်လွှတ်လို့ တစ်ယောက်ရဲ့အမှားကလေးတွေကို တစ်ယောက်က သီးခံကြရင်း နေပျော်စရာ လူမှုဝန်းကျင်လေးတွေကို ဖန်တီးလို့ သာယာလှပတဲ့ ရေရှည်ဆက်ဆံရေးကို မျှော်ကိုးကာ မိမိချစ်သူ ခင်သူများနဲ့ ရာသက်ပန် အဆင်ပြေ ပျော်ရွှင်နိုင်ကြမှာပါ..........ဒီစကားလေးကတင်ဘာမှဆက်ရေးစရာစကားလုံးရှာမတွေ့အောင်ပီးပြည့်စုံနေပါပီ။နောက်ဒီလိုလူတစ်ဖက်သားကိုနားလည်ပေးရတာကကိုယ်တိုင်လည်းနားလည်ခံဘူးမှပိုသိမယ်တူတယ်နော်။
- May 16, 2010 at 12:30 PM
- MaBayDar said...
-
မိသားစုကြား ချစ်သူကြားမှာ ခုလို နားလည်မှုလေးတွေနဲ့ တစ်ဦးရဲ့အပြစ်ကို နောက်တစ်ဦးက ဗွေမယူရင် အားလုံး သာယာလှပတဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်တာပဲ... ဒါဟာ ကိုယ့်အတွက်တင်မကဘူး ကိုယ့်သားသမီး နောင် မျိုးဆက်တွေအတွက်ပါ အကျိုးသက်ရောက်မှုပြုပါတယ်... မိသားစုတွေတင်မကဘူး မိတ်ဆွေအပေါင်းသင်း အသိုင်းအဝိုင်းကြားမှာလဲ ခုလို ခွင့်လွှတ်မယ်.. အမှားလေးတွေကို ဖြေဖျောက်ပေးနိုင်မယ် (forgive and forget) ဆိုရင် အားလုံး အေးချမ်းသွားမှာပဲ... အစ်မလဲ လုံးလုံးမလုပ်နိုင်သေးပင်မဲ့ တတ်နိုင်သလောက်တော့ ကြိုးစားနေပါတယ်... တပါတည်း... မဗေဒါကို မဗေဒါလေးဆိုပြီး ရင်းရင်းနှီးနှီးနဲ့ ခေါ်ဝေါ်အကြံပြုသွားတဲ့အတွက်ရော... မဗေဒါနေရာမှာ ဝင်ရောက်နားလည်ပြီး ၂ဘက်လုံးကို ပြေပြေလည်လည်ပြောပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်လို့....
- May 16, 2010 at 12:31 PM
- ဂျစ်တူး(မုံရွာ) said...
-
အေးဗျာ-ခွင့်လွတ်တယ်ဆိုတာမင်္ဂလာတပါးပါဘဲလေ-အဲဒီလိုနားလည်တဲ့စိတ်ဓါတ်-ကိုယ်ချင်းစာသနားတတ်
တဲ့စိတ်ဓါတ်ကလေးတွေလူတိုင်းလူတိုင်းမှာခိုအောင်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ်ဗျာ-ဒီပို့ စ်အတွက်
လေးစားမိပါတယ်ဗျာ- - May 16, 2010 at 1:11 PM
- ကိုဇော် said...
-
အင်း. . .
ဒါ Understanding Level ကို ခေါ်တာလို့ ထင်တာပဲဗျ။ - May 16, 2010 at 2:20 PM
- မြစ်ကျိုးအင်း said...
-
ခဏခဏတော့ မတူးစေနဲ့ပေါ့း)
ခွင့်လွှတ်တယ် နားလည်မှုပေးတယ်ဆိုတာ အေးချမ်းတဲ့ အရာပေါ့။
လိုက်လုပ်နိင်ရင် သိပ်ကောင်းမှာပါ - May 16, 2010 at 2:30 PM
- ဆောင်းနှင်းရွက် said...
-
အဲ့လို အမြဲစိတ်လေး ထားနိုင်ဖို့ တော်တော်လိုတယ်နော် ..
ကောင်းတဲ့ ပို့စ်လေး တစ်ပုဒ်ပါပဲ ... - May 16, 2010 at 3:51 PM
- အင်ကြင်းသန့် said...
-
အင်း...မမရဲ့ပိုစ့်လေးကို ဖတ်ပြီး ဖေဖေနဲ့ မေမေ့ကို သတိရသွားတယ် ဖေဖေဆိုလည်း မေမေချက်သမျှကို ခါးခါးတူးတူး ချဉ်ချဉ်ငံငံ တစ်ခါမှ အပြစ်မပြောဘဲ တပြုံးပြုံးနဲ့ အားပေးတတ်တာဆိုတော့လေ...အခုဒီပိုစ့်လေးကို ဖတ်မိမှပဲ စိတ်ကို ဘယ်လိုထားတတ်ရမယ်ဆိုတာ နားလည်သွားတယ်
- May 17, 2010 at 1:59 AM
- ကေသရီ said...
-
နားလည်ဖေးမမှုနဲ့ တည်ဆောက်ထားတဲ့ ဘ၀လေးက နေလို့ကောင်းမှာပါ။
- May 17, 2010 at 4:42 PM
- Dr.Min said...
-
တကယ်ကိုကောင်းမွန်တဲ့ စိတ်ထားလေးပါပဲဗျာ....လူသားတိုင်း တစ်ဦးကိုတစ်ဦး ခွင့်လွှတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း....
- May 20, 2010 at 12:34 PM
- THIHA said...
-
အဲဒီလိုနားလည်တဲ့စိတ်ဓါတ်ကို လေးစားမိပါတယ်ဗျာ-
- May 20, 2010 at 3:40 PM