နောက်မကျတဲ့ အိပ်မက်

Thursday, April 29, 2010

 


 



 


ယနေ့သည် ဆေးရုံရဲ့ ခြောက်ထပ်တွင် ပုံမှန်မဟုတ်အောင် အလုပ်များလွန်းနေသည်။ ရောက်လာသော လူနာအသစ် ၁၀ယောက် အတွက် သူနာပြု ရိုစီတစ်ယောက်လည်း  တစ်မနက်ခင်းလုံးနှင့် နေ့လည်တစ်နေ့လည်လုံး အလုပ်များနေသည်။ သူမနှင့် တစ်ထပ်တည်း အတူတူ အလုပ်လုပ်ကြသော ဆေးရုံအကူ ရှာရွန်နှင့် သူ့သူငယ်ချင်းတို့ ၂ယောက်လုံးကလည်း  ထိုလူနာ၁၀ယောက် နေသားတကျ ဖြစ်စေဖို့နှင့် သူတို့တွေ သက်သောက်သက်သာရှိမရှိ သေချာအောင် လိုက်လံစစ်ဆေး ကြည့်ရှုနေသည်။ အလုပ်များအားလုံး ပြီးစီးသွားသောအခါတွင်  ထမင်းစားချိန်ပင် ကျော်လွန်နေပြီ။ သူနာပြု ရိုစီသည် ရှာရွန်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း “ကဲ ငါတို့ အနားယူဖို့ အချိန်တန်ပြီ။ နေ့လည်စာ စားကြစို့”


 


ဆူညံနေသော ကင်တင်န်းတွင် ထမင်းစားကြဖို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြရင်း ရှာရွန်မှာ သူမ၏ မျက်မှန်တွင် အစိုပြန် နေသည်ကိုပင် မသုတ်နိုင်ဖြစ်နေသည်ကို ရိုစီက သတိထားလိုက်မိသည်။ ရှာရွန့် မျက်နှာပြင်တွင် စိတ်ရှုပ်ထွေးပင်ပန်းနေခြင်း အရိပ်အယောင်မှာ အလုပ်များခြင်းသက်သက်ကြောင့် မဟုတ်မှန်းကိုလည်း ရိုစီက ထပ်မံ သတိထား လိုက်မိသည်။ “ငြိမ်လှချည်လား ရှာရွန်.. အရမ်းပင်ပန်းနေလို့လား။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေသလား ” ဟူ၍ မေးလိုက်ပါသည်။


 


ရှာရွန့်အနေနှင့် တစ်စုံတစ်ခုကို ဖွင့်ပြောတော့မလိုလိုနှင့် နှုတ်ခမ်းများ တစ်လှုပ်လှုပ် တရွရွ ဖြစ်နေသော်လည်း  ချက်ခြင်း စကားသံ ထွက်ပေါ်မလာနိုင်ဘဲ ဖြစ်လေသည်။ သို့သော် ရိုစီ၏ ဖော်ရွေရင်းနှီးသော လေသံနှင့် သူမအပေါ်ထားရှိသော ကြင်နာခြင်းတို့ကို သတိရသွားဟန် ရှိလေသည်။ သူမနှုတ်ဖျားမှ စကားသံတစ်ချို့ ထွက်ပေါ်လာလေသည်။ “ စိတ်မကောင်းဘူး ရိုစီရယ်….  ဒီ ဆေးရုံအကူ အလုပ်ကို ကျွန်မ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး… ကျွန်မရဲ့လက်ရှိ အခြေအနေအရ မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် ဒီထက် လစာကောင်းတဲ့ အလုပ်တစ်ခုခုကို လုပ်မှဖြစ်တော့မယ်.. ကျွန်မမိဘတွေကသာ ကျွန်မရဲ့ ကလေးကို ကြည့်ရှုမထားခဲ့ရင် ကျွန်မလက်ရှိ ဒီအလုပ်ကို လုပ်နိုင်ဖို့တောင် မလွယ်ဘူး.. ခုအတိုင်းဆို ကျွန်မအတွက် အရမ်းခက်ခဲနေပြီ. ဒီလစာနဲ့ ဘယ်လိုမှကို မလောက်ငှဘူး ဖြစ်နေတယ်..”  ရှာရွန်၏ အပေါ်ဝတ် အင်္ကျီအောက်မှ ထွက်ပေါ်နေသော လက်ကောက်ဝတ်တွင် ပွန်းပဲ့ရာတစ်ချို့ကို ရိုစီက အမှတ်မထင် မြင်လိုက်ရလေသည်။


 


“မင်းယောက်ျားကရော အလုပ်မလုပ်ဘူးလား ” ရိုစီက မေးလိုက်သည်တွင်


 


“သူ့ကိုတော့ ထည့်တွက်လို့ မရပါဘူး… သူဟာ အလုပ်တစ်ခုခု ရနိုင်ခြေ ရှိတဲ့လူလဲမဟုတ်ဘူး.. သောက်စား မူးရူးပြီး အမြဲတမ်း ပြဿနာရှာနေတတ်တဲ့သူ.. ”


 


“အိုး”  ရိုစီ စိတ်မကောင်းဖြစ်သွားမိကာ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်သွားမိသည်။ သူမ လက်ကောက်ဝတ်က ဒဏ်ရာက သူ့ယောက်ျားကြောင့်များလား… အတန်ကြာမှ သူက ရှာရွန့်ကို ပြောလိုက်သည်။  “ရှာရွန်.. မင်းက လူနာတွေမှာ အပေါ်သိပ်ကောင်းတယ်ဆိုတာ တို့သိတယ်.. ပြီးတော့ ဒီအလုပ်ကို မင်းသဘောကျတယ် နှစ်သက်တယ်ဆိုတာလဲ တို့သိတယ်.. ဒီတော့ သူနာပြုတစ်ယောက် ဖြစ်လာဖို့အတွက် ဘာဖြစ်လို့ သူနာပြု သင်တန်းကျောင်းကို မတက်တာလဲ.. သူနာပြုသာ ဖြစ်လာခဲ့ရင် အခု လုပ်နေတဲ့ ဆေးရုံအကူအလုပ်ထက် လစာကောင်းမှာမို့ မင်းအတွက် အများကြီး ပြေလည်လာဖို့ ရှိတယ်လေ”


 


“ကျောင်းတက်ဖို့ဆိုတာ ကျွန်မအတွက် နောက်ကျလွန်းသွားပါပြီ ရိုစီရယ်.. သူနာပြုတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဟိုးအရင်တည်းက ကျွန်မအမြဲမက်ခဲ့ရတဲ့ အိပ်မက်တစ်ခုပါ.. ဒါကြောင့်လဲ ဒီဆေးရုံအကူ အလုပ်ကို ကျွန်မလုပ်ခဲ့တာပါ.. အနည်းဆုံးတော့ ဒီအလုပ်နဲ့ လူနာတွေကို ပြုစုခွင့်ရတာမို့ ကျွန်မ၀မ်းသာပါတယ်.. ခုတော့ မလွဲမရှောင်သာလွန်းလို့ ဒီအလုပ်ကို စွန့်လွတ်ရမှာပါ။ ” ရှာရွန်ရဲ့ အသံမှာ နာကျင်ခြင်းတစ်ချို့ ပျော်ဝင်နေလေရဲ့။


 


“မင်းအသက်ဘယ်လောက်ရှိပြီလဲ ရှာရွန်..”  ရိုစီကမေးတော့ ရှာရွန်က ၃၀ကျော်ဟု ပြန်ဖြေသည်။ ရိုစီက ရှာရွန်ရဲ့ လက်ကောက်ဝတ်က ဒဏ်ရာကို လက်ညိုးညွှန်လိုက်ရင်း “အခုလိုပြဿနာမျိုး တို့ကိုယ်တိုင် ကြုံခဲ့ဖူးတယ် ဆိုရင် မင်းယုံမလား ရှာရွန်.. ဒီမှာ ရှာရွန် မင်း သိပ်ကိုဖြစ်ချင်ပါတဲ့ ဆိုတဲ့ အိပ်မက်တစ်ခု တကယ်တမ်း လက်တွေ့ဖြစ်လာဖို့ရာမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး ယုံလိုက်စမ်းပါ..  ဒါကို ဘာကြောင့် တို့က အခိုင်အမာပြောနိုင်တယ်ဆိုတာ မင်းကို ပြောပြမယ်.. ”


 


ရိုစီက သူ့ဘ၀ဇာတ်ကြောင်းကို စတင်ပြောပြတော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူ့အကြောင်းကို ဘယ်သူ့ကိုမှ ပြောပြလေ့မရှိပါ။ သို့သော်လည်း သူ့ဘ၀အကြောင်း ပြောပြခြင်းအားဖြင့် တစ်စုံတစ်ယောက်အတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဟု သူယူဆလျှင်တော့ ပြောလေ့ရှိပါသည်။


 


“တို့ အိမ်ထောင်ကျတဲ့အချိန်ဟာ ၁၆နှစ်ဘဲရှိသေးတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာမှနားမလည်၊  ပညာလဲ မပြည့်မစုံချိန်မှာ အိမ်ထောင်ကျသွားတော့ အလုပ်ကလဲ မရှိဘူးပေါ့။ အဲဒီချိန်မှာ တို့ယောက်ျားက ၂၂နှစ်..  တို့ရဲ့ အိမ်ထောင်သက် ၄နှစ်မှာ ကလေးက ၂ယောက်ဖြစ်လာတယ်.. ၄နှစ်အတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ တို့ယောက်ျားရဲ့ ရိုက်နှက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတယ်.. သူဟာ ဒီလို ရိုက်နှက်တတ်မှန်း မယူခင်က တို့လုံးဝ မသိခဲ့ဘူး.. တကယ်ကို စရိုက်ကြမ်းတမ်းတဲ့သူ၊  တစ်ညမှာ သူက ထုံးစံအတိုင်းတို့ကို အပြစ်ရှာပြီး ရိုက်နှက်တယ်. အဲဒီမှာပဲ တို့ရဲ့ ရှေ့သွားတွေအားလုံးဟာ သူ့ရဲ့ အပြင်းအထန် ရိုက်နှက်မှုကြောင့် ကျွတ်ထွက်ကုန်တဲ့အထိ ဖြစ်ခဲ့ရတယ်.. တို့လဲ ဒီတစ်ကြိမ်တော့ ဘယ်လိုမှ သီးခံဖို့ မဖြစ်နိုင်တော့တာနဲ့ ကလေး၂ယောက်ကို လက်ဆွဲပြီး အိမ်က ဆင်းလာခဲ့တော့တယ်


 


သူနဲ့ တရားရုံးမှာ တရားဝင်ကွာရှင်းပြတ်စဲတော့ တို့ရဲ့သားလေး၂ယောက်ကို သူ့အဖေနဲ့သာ နေဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်.. ဘာလို့လဲသိလား.. တို့က အဲဒီချိန်မှာ အသက်က ၂၀ဘဲ ရှိသေးတယ်.. အလုပ်ကလဲမရှိ ဆိုတော့ တရားသူကြီးက တို့အနေနဲ့ ကလေးတွေကို ကျွေးမွေး စောက်ရှောက်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ တွက်ဆတယ်လေ.. ပြီးတော့ ကလေး၂ယောက်ဟာ တို့အတွက် အခက်အခဲ ဖြစ်စေလိမ့်မယ်လို့ သူက ယူဆတယ်.. ဒါနဲ့ကလေးတွေဟာ သူ့အဖေနဲ့ ပါသွားခဲ့တယ်.. ဒီနောက်တော့ ပိုပြီး ဆိုးတာက တို့ယောက်ျားက ကလေး၂ယောက်လုံးကို ခေါ်ပြီး တို့နေတဲ့ မြို့ကနေ ပြောင်းရွေ့သွားခဲ့တယ်.. ဘယ်လိုပြောင်းသွားတယ် ဆိုတာလဲ မသိရဘူး.. တို့က ကလေးတွေကို တွေ့ချင်လွန်းလို့ အသည်းအသန် လိုက်စုံစမ်းတယ်.. ဒါပေမဲ့ ဘယ်မှာမှ လိုက်ပြီးရှာလဲ မတွေ့ရတော့ဘူး..


 


တရားသူကြီး ခန့်မှန်းတာလဲ မှန်ပါတယ်လေ၊ တို့ဟာ ဘ၀ကို တော်တော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်ရတယ်..  စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ကို လစာလုံးဝမရဘဲ စားသောက်သူတွေဆီက ရမဲ့ တစ်ပ်မန်းနီး လေးကို မျှော်ကိုးပြီး လုပ်ခဲ့ရတယ်.. တစ်ချို့ရက်တွေမှာ ပိုက်ဆံမရလို့ စားစရာသောက်စရာ ကောင်းကောင်း မ၀ယ်နိုင်ပဲ နွားနို့လေးတစ်ခွက်၊ ဘီစကစ်လေး ၃ချပ်၎ချပ်နဲ့ ပြီးလိုက်ရတယ်.. အဆိုးဆုံးက ဘ၀မှာ ဘာမျှော်လင့်မှ မရှိဘဲ တစ်ယောက်တည်း အထီးကျန်စွာနဲ့ အသက်ရှင်သန်နေရတဲ့ အဖြစ်ဘဲ.. တွယ်တာစရာ သားသမီးတွေကလဲ ဘယ်ဆီဘယ်ဝယ်မှာ မသိ၊ ဘယ်အချိန်မှာမှ ပြန်ဆုံမယ်မသိ၊ နေရတဲ့ အခန်းကျဉ်းကျဉ်း လေးထဲမှာ အမြဲတမ်း ခြုံလွှမ်းနေတာက ကြောက်စရာကောင်းတဲ့ အထီးကျန်မှုပါဘဲ.. အဲဒီအချိန်မှာ အပြင်းပြဆုံးဆန္ဒက တို့ရဲ့ ကလေးတွေနဲ့ အတူတူရှိနေချင်တဲ့စိတ်ဘဲ။ သူတို့ရဲ့ ရယ်မောသံလေးတွေကြားချင်တယ်.. သူတို့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ရှိနေချင်တယ်.. ဒါပေမဲ့ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး.. အဲဒီချိန်ဟာ တို့အတွက် စားစရာတောင် နပ်မှန်အောင် မစားနိုင်တဲ့ အချိန် ”  ပြောနေရင်းက ရိုစီ့အသံက ဆို့နင့်ပြီး ပျောက်သွားသည်။ သူမမျက်ဝန်းတွင်တော့ မျက်ရည်စများ။ ဆယ်စုနှစ် ၃စု လောက် ကြာခဲ့တာတောင် ဒီအဖြစ်တွေကို ပြန်တွေးလိုက်တိုင်း နာကျင်နေဆဲ ပါဘဲလား။


 


ရှာရွန့်ကို နှစ်သိမ့်ဖို့ သူမအကြောင်းကို ပြောနေသော ရိုစီကိုယ်တိုင်က အတိတ်ရဲ့ နာကျင်ခြင်းတွေကို ပြန်လည် ခံစားနေရပြန်ပါပြီ။  နောက်တော့ ရိုစ်ီက ဆက်ပြောသည်။ “ဒီလိုနဲ့ တို့ သိလာတာတစ်ခုက နာကျင်ဆွေးမြေ့ပြီး၊ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့ဆို စားသောက်သူတွေ ဆီကနေ ဘယ်လို တစ်ပ်မန်းနီးကိုမှ ရမှာ မဟုတ်ဘူးဆိုတာပါဘဲ.. ဒီတော့ မျက်နှာကို အပြုံးဆိုတဲ့ မျက်နှာဖုံးလေး စွပ်ပြီးတော့ ချိုသာတဲ့ စကားလုံးလေးတွေသုံးပြီး စားပွဲထိုးတစ်ယောက်ရဲ့ ဘ၀ကို ဆက်ပြီး ရုန်းကန်ရတော့တယ်.. တစ်ဖြေးဖြေးနဲ့ နည်းနည်းတော့ အဆင်ပြေစ ပြုလာတယ်.  မကြာခင်မှာ အခု အိမ်ထောင်ဘက် ဖြစ်လာမဲ့ သူနဲ့ ဆုံဆည်းရပြီး နောက်အိမ်ထောင် ထပ်ပြုဖြစ်တယ်.. သမီးလေးတစ်ယောက် ရလာတော့မှ ဒီသမီးလေးအတွက် အသက်ရှင်သန်ရခြင်း ဖြစ်လာသလိုမို့ ဘ၀ဟာ အဓိပ္ပါယ်ရှိလာတယ်.. ခွန်အားတွေ ရှိလာရတယ်..  နေပျော်လာတယ်.. အဲဒီအပျော်ဟာ သမီးလေးတက္ကသိုလ်တက်ဖို့ အိမ်ကနေ မထွက်ခွာခင်အထိပါဘဲ.. တို့ရဲ့သမီးလေး တက္ကသိုလ်တက်ဖို့ အိမ်ကနေလဲ ထွက်သွားရော အိမ်မှာ နေရတဲ့ဘ၀ဟာ ဟိုအရင်တုန်းကလို အထီးကျန်ခံစားမှုမျိုး ပြန်ဖြစ်လာတယ်.. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.. စိတ်တွေ ကယောင်ခြောက်ခြားနဲ့ ဖြစ်နေခဲ့ရတယ်… ”


 


“တစ်နေတော့ တို့ရဲ့အမေဟာ အရေးပေါ်ခွဲစိတ်မှုတစ်ခု ပြုလုပ်ဖို့ ဆေးရုံတက်ရတယ်.. အဲဒီမှာ ငှားထားတဲ့ သူနာပြုလေးက အမေ့ကို ပြုစုစောင့်ရှောက်နေတာကို စောင့်ကြည့်ရင်း စိတ်ထဲမှာ အတွေးတစ်ခု ဖြစ်လာတယ်.. ဒီသူနာပြုအလုပ်ကို လုပ်ချင်စိတ် ပေါ်လာတယ်.. လုပ်မယ်ဆိုရင် တို့အနေနဲ့ မဖြစ်နိုင်စရာ အကြောင်းလဲ မရှိဘူးလို့ တွေးမိတယ်.. ဒါပေမဲ့ ခက်တာက တို့က အတန်းပညာဆိုတာ ၉တန်းလောက်သာ သင်ယူခဲ့တာမို့ ဒီသူနာပြုအလုပ်ကို လုပ်မယ်ဆိုရင် အထက်တန်းပညာကို ပြန်သင်ဖို့ လိုနေပြီ. တို့အသက်က အဲဒီချိန်မှာ ၄၀ ကျော်နေပြီဆိုတော့ ကျောင်းတက်ပြီး စာပြန်ကျက်ဖို့ဆိုတာ အလွန်မြင့်မားတဲ့ တောင်ကြီး တစ်လုံးကို တက်ရတာထက်တောင် ခက်ခဲမယ်ဆိုတာ တို့နားလည��ပါတယ်.. ဒါပေမဲ့ တို့ကတော့ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်.. အထက်တန်းပညာကို ပြန်ပြီး သင်ယူတယ်.. နေ့အချိန်မှာ ကျောင်းတက်တယ်.. ညအချိန်တွေမှာ စာကျက်တယ်..  မသိတာတွေကို သူများကို မေးဖို့လဲ ၀န်မလေးဘူး.. သင်ယူချင်စိတ်အပြည့်အ၀နဲ့ လေ့လာ သင်ယူတယ်.. ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့်လဲ အသက်ကြီးလို့ ကျောင်းတက်ရတာ ရှက်တဲ့စိတ်ကို ဘေးဖယ်ထားနိုင်ခဲ့တယ်.. ” ရိုစီက စကားကို ခနရပ်နားလိုက်ပြန်ရင်း ရှာရွန်ရဲ့ မျက်ဝန်းထဲသို့ လှမ်းကြည့်လိုက်ပြီး “တို့ရဲ့ အသက် ၄၆နှစ်မှာမှ အထက်တန်းအောင် ခဲ့တယ်” ဟု လှမ်းပြောလိုက်လေသည်။


 


မျက်ရည်စများက ရှာရွန် မျက်ဝန်းထဲမှ တစ်လိမ့်လိမ့် ကျဆင်းလာသည်။ သူမရင်ထဲ လင်းကနဲ ပွင့်သွားတော့သည်။ အသက်၄၀ ကျော်နေတဲ့သူတောင် ဖြစ်အောင် လုပ်နိုင်ခဲ့သေးသားဘဲ.. သူမက ခုမှ ၃၀ကျော်သာ ရှိသေးသည် မဟုတ်လား… ဘာဖြစ်လို့ မဖြစ်နိုင်ရမည်လဲလေ… အော်....  တစ်စုံတစ်ယောက်ဟာ သူမရဲ့ မဲမှောင်နေတဲ့ ဘ၀ထဲက ပိတ်ထားတဲ့ တံခါးချပ်တွေကို ဖွင့်လှစ်ဖို့ သော့လေးတစ်ချောင်း ကမ်းပေးလိုက်သလို ပါဘဲလား။


 


ရိုစီက သူမရဲ့ စကားတွေကို ပြန်ဆက်ပြန်သည်။ “နောက်တစ်ဆင့်အနေနဲ့ သူနာပြုကျောင်းကို ဆက်တက်ဖို့ စာရင်းပေးသွင်းလိုက်တယ်.. ၂နှစ်ကြာအောင် စာတွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လေ့လာကျက်မှတ် ရပြန်တယ်.. ပင်ပန်းလွန်းအားကြီးလို့ ကျောင်းကနေထွက်ဖို့ ထိတောင် အကြိမ်ကြိမ် စဉ်းစားမိတယ်.. ဒါပေမဲ့ တို့ရဲ့ မိသားစုက အထွက်မခံဘူး… သမီးလေးကလဲ ဘေးကနေ တို့ကို ကူပြီးစာကျက်ပေးတယ်.. အားပေးတယ်.. ဒီတော့ စိတ်အားတွေ ပြန်တက်ကြွလာရပြန်တယ်..  စဉ်းစားကြည့်ပါ ရှာရွန်. လူတစ်ကိုယ်လုံးမှာ အရိုးတွေ ဘယ်နှချောင်း ရှိတယ်ဆိုတာ.. ပြီးရင် ဒီလောက်များပြားလှတဲ့ အရိုးတွေကို နံမည်မှတ်မိအောင် လုပ်ရတာကိုက တို့အသက်အရွယ်နဲ့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ.. ဒါပေမဲ့ တို့ ရအောင်ကြိုးစားပြီး မှတ်တယ်.. မှတ်နိုင်မဲ့ နည်းတွေကို  နည်းလမ်းပေါင်းစုံနဲ့ ရှာကြံခဲ့တယ်..  နောက်ဆုံးတော့ သူနာပြုသင်တန်းကို အောင်မြင်သွားခဲ့တယ်.. မလုပ်နိုင်ဘူး  မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အလုပ်ကို အသက်၄၈နှစ်အရွယ်မှာ အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်.. ခုတော့ တို့ဟာ ဖြစ်ချင်တဲ့ သူနာပြုတစ်ယောက် ဖြစ်လာခဲ့တယ်..  ခုချိန်မှာတော့ ဒီအလုပ်မှာ အဆင်ပြေပျော်ရွှင်စွာနဲ့ မင်းတို့နဲ့အတူတူ လုပ်လာတာ အသိဘဲမဟုတ်လား ရှာရွန်၊ တို့ပြောချင်တာက တို့ဘ၀မှာလဲ ကိုယ်ဖြစ်ချင်တာကို လွယ်လွယ်ကူကူ သက်တောင့်သက်သာနဲ့ ဖြစ်ခဲ့ရတာ မဟုတ်ဘူး ဆိုတာပါဘဲ”


 


ရှာရွန်ရဲ့ နေ့လည်စာသည် အေးစက်ကုန်ပြီးတော့ အအေးခွက်ထဲမှ ရေခဲတွေသည်လည်း အရည်ပျော်ကုန်တဲ့ အချိန်တွင်မှ ရိုစီ၏ စကားတွေသည် ပြီးဆုံးသွားတော့သည်။.. ရှာရွန်က မျက်ရည်များကို အသာတို့သုတ် လိုက်ရင်း ရိုစီကို ပြောလိုက်သည်။ “ကျွန်မကြောင့် ရှင့်အတိတ်အကြောင်းတွေ ပြန်ပြောဖြစ်တော့ အသစ်ပြန်ဖြစ်ပြီး နာကျင်ရတယ်နော်… စိတ်မကောင်းပါဘူးရှင်…” ရိုစီကလဲ မျက်ရည်များကြားမှ ပြုံးလိုက်ရင်း “တို့ရဲ့ အတိတ်အကြောင်းကို ပြောလို့ မင်းအတွက် အထောက်အကူ ဖြစ်ရတယ်ဆိုရင် နာကျင်ရပေမဲ့ အကျိုးရှိတယ် မဟုတ်လား..  ဒီမှာ ရှာရွန် ဖြစ်ချင်တဲ့ဆန္ဒ ရှိနေခဲ့ရင် မဖြစ်နိုင်ပါဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့ ဖြစ်အောင်လုပ်ဖို့သာ လိုပါတယ်.. အခုလဲ မင်းဟာ သူနာပြုတစ်ယောက် ဖြစ်ချင်စိတ်ရှိနေတယ် မဟုတ်လား.. ဒီတော့ ဖြစ်အောင်သာ ကြိုးစားပါ.. တို့ ယုံကြည်ပါတယ်.. မင်းဟာ တကယ်ထူးချွန်တဲ့ သူနာပြုတစ်ယောက် ဖြစ်ကိုဖြစ်လာမှာပါ။ သူနာပြု သင်တန်းကျောင်းကို တက်ဖြစ်အောင် တက်မယ်လို့ တို့ကို ကတိပေးပါရှာရွန်… မင်း သူနာပြုတစ်ယောက် ဖြစ်လာခဲ့ရင်လဲ အခုလိုဘဲ စိတ်ပျက် အားငယ်နေသူတွေကို မင်းအတွေ့အကြုံတွေ ပြန်လည်မျှဝေပြီးတော့ သူတို့ကို စိတ်အားတက်အောင် လုပ်ပေးပါ. ကူညီပေးလိုက်ပါ.. ယုံကြည်ချက်ပန်းတိုင်ကို ခိုင်ခိုင်မာမာ ဇွဲနဲ့ လှော်ခတ်ဖို့ တွန်းအားတွေ ပေးပါ” ဟု ရှာရွန့်ကို ရိုစီက ပြောသောအခါတွင် ရှာရွန်က ခိုင်မာသော ကတိကို သူမအား လှိုက်လှဲစွာ ပေးလိုက်ပါသည်။


 


နှစ်အနည်းငယ် ကြာပြီးနောက်မှတော့ ရှာရွန်ဟာ သူနာပြုတစ်ယောက် ဖြစ်လာပါတော့သည်။ သူနာပြု ဖြစ်လာသောအခါ သူ့ကို လမ်းညွှန် အားပေးခဲ့သော ရိုစီ အငြိမ်းစားမယူခင်ချိန်ထိ ဆေးရုံတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ခဲ့ပြီး. ခုချိန်မှာတော့ ရှာရွန်ဟာ စားပွဲတစ်ခုမှာထိုင်ရင်း တစ်ချိန်က သူခံစားခဲ့ရသလို ကိုယ်ရောစိတ်ပါ နာကျင်ခံစား နေရသူများ၊ အကူအညီလိုအပ်နေသူများကို သူ့ဘ၀ရဲ့ အတွေ့အကြုံတွေ ပြန်လည်ဝေမျှရင်း တစ်ခါက သူ့ကို ရိုစီ အားပေးခဲ့ဖူးသော စကားဖြစ်သည့် “ဘ၀မှာ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး” ဆိုတဲ့ စကားနဲ့အတူ အားပေးနှစ်သိမ့်လို့ နေတတ်ပါပြီ။


 


Chicken Soup for the Working Woman's Soul မှ  Linda Apple ရဲ့ Never Too Late ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


 


စိတ်ကူးအိပ်မက်များအားလုံး လက်တွေ့ဖြစ်လာနိုင်ကြပါစေရှင်..


 


 


ချော(အစိမ်းရောင်လွင်ပြင်)

22 comments:

မြသွေးနီ said...

အမှန်ပါပဲချောရေ..။
ပညာလို အိုသည်မရှိပါ။ မ..ရဲ့ အဘွားကြီးတော်သူဆို အသက် ၅၀မှ စာစသင်တာ။ သူက စာဖတ်ရတာဝါသနာပါတယ်။ သူများကိုဖတ်ခိုင်းရတာ၊ သူများဖတ်ပြတာနားထောင်ရတာ အားနာလာ၊ အားမရဖြစ်လာတာနဲ့ ကိုယ်တိုင်စာအရေး အဖတ်သင်တော့တာ။ နောက်.. ကိုယ်တိုင်ဖတ်နိုင်ချိန် ရောက်တော့ ခင်ပွန်းဖြစ်သူ အဘိုးကြီးရဲ့ စာအုပ်တွေကို ၀ါးစားသလိုကိုဖတ်တော့တာတဲ့။ အဖိုးပြောပြခဲ့ လို့ မှတ်သားခဲ့ဘူးပါတယ်။ ကိုယ်ရဲ့ ဘ၀ အတွေ့အကြုံလေးတွေဟာလည်း တပါးသူအတွက် အားဆေးတစ်ခွက်ဖြစ်ခွင့်ရတာ ဘယ်လောက်ကြည်နူးဖို့ ကောင်းလိုက်လဲနော်။

KiKi said...

ဟုတ်တယ်နော် ချောရေ ...“ဘ၀မှာ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး”
“ဇွဲ နဲ့ သတ္တိ ” ရှိဖို့ ပဲ လိုတာပါ ..
ဆောင်းပါး ပုံပြင် လေးက ရည်ရွယ်ချက်နဲ့  ရေးသားပုံ ကောင်းတယ် ။

ခင်တဲ့
မကိ

shwezinu said...

ညီမ ရေးထားတာလေး ဖတ်ပြီး အားတွေ တက်သွားတယ်
အင်း ဒါပေမဲ့ ဘာလုပ်ချင်မှန်းကို မသိတော့ခက်နေတယ်

ချစ်တဲ့
ရွှေစင် ယောက္ခမကြီး (ပေးမဲ့ပေး စစ်စစ် လေး ပေးပါလား)

ကေသရီ said...

အစ်မရဲ့ စာလေးက တကယ်ကို စိတ်ခွန်အားဖြစ်စေပါတယ်။ တစ်ခါတစ်ခါတော့ ဆေးလောကနဲ့ ဝေးနေရတဲ့ အတွက် ကိုယ့်ကိုကိုယ်ဝမ်းနည်းမိတယ်။ ဒါပေမယ့်လည်း ပညာလို အိုသည်မရှိပေါ့ အစ်မရယ်။ အစ်မရဲ့ စာလေးကိုဖတ်ပြီး အားတက်မိပါတယ်။

ခေါ်န် said...

အမ တင်တဲ့ စာအရမ်းကောင်းတယ်အမ
ညီမလေး ကိုသတိပေးနေသလိုပဲ
အမသိပါတယ် ညီမလေး က စာကြည့်ရမှာ အရမ်းပျင်းတယ်လေ
..............ကျေးဇူးပဲအမ................

သိင်္ဂါကျော် said...

ကောင်းလိုက်တဲ့ စာစုလေးပဲ..
“ဘ၀မှာ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး”
အဲဒီစကားလေး က ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖို့ မှတ်သွားပါတယ်..

အဖြူရောင်နတ်သမီး said...

“ဘဝမှာ ကိုယ့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှနောက်ကျတယ် မရှိပါဘူး”...တဲ့

အိပ်မက်ဆိုတာ...တကယ်မဟုတ်ပေမယ့်လည်း အဲဒီအိပ်မက်ကို အမှန်တကယ်ဖြစ်လာအောင် လုပ်ယူလို့ရတာပဲနော်.....

အတွေးလေးတွေထဲကဖြစ်ပေါ်လာတဲ့ အားအင်အသစ်လေးတွေ အတွက် ကျေးဇူးပါ မချောရေ....

sosegado said...

“ဘ၀မှာ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး”
တကယ်လို့နောက်ကျသွားခဲ့ရင်တောင် အကောင်ဆုံးဖြစ်အောင်နေတတ်ဖို့ပါတယ်၊

မြစ်ကျိုးအင်း said...

ဖြစ်ချင်တာတွေကို ထိုင်စဉ်းစားနေရင်သာ အမြဲနောက်ကျ နေမှာပါပဲ
တခုခုလုပ်လိုက်ရဲ့ နဲ့ မဖြစ်လာရင်တောင် ကြိုးစားခဲ့တာပဲ ဆိုတဲ့
အသိနဲ့ ကျေနပ်ရမှာပေါ့

ကိုဇော် said...

ဟုတ်တာပေါ့. . .
ပညာလို အိုသည်မှ မရှိတာ . .
ဘာမှ မလုပ်တာထက် စာရင် လုပ်နေတာက ကောင်းတယ်။
ထိုင်နေတာထက် စာရင် သွားနေတာက ခရီးရောက်တာပေါ့။

ဘကျောက် said...

မယ်ချောရေ.....ဘာပြန်ပြန်ဖတ်လို့ကောင်းတယ်...

ကိုကြည်သာ said...

အိမ်မက်....
ဘ၀ရဲ့အိမ်မက်ဆိုတာစိတ်ကူးတွေနဲ့ တောက်ပလင်းလက်နေတဲ့အရာကိုခေါ်တာနေမယ်။ ခုတလောစိတ်ဓာတ်တွကျနေတာဘာမှလုပ်ချင်စိတ်မရှိဘူး။ ဒီစာဖတ်လိုက်ရတာကိုယ်ကိုယ်ကိုမှန်ကြည့်နေတုန်း မှန်ထဲကအရိပ်က ပြန်ပြောင်ပြနေသလိုပဲ ခံစားရတယ်။ ဟူးးးးးးးးးးးးးးးးးး ကောင်းတယ်စာလေးကအရမ်းကောင်းတယ်။ ကိုယ်ကတော့အောက်ပြုတ်ကျနေတုန်း။ စိတ်ဓါတ်။ တခါတလေမြောင်းထဲတောင် ပြန်ဆင်းလိုက်ရင် ကောင်းမလား စဉ်းစားနေတယ် မိုက်ကန်းကန်းနဲ့အတွေးက

ကိုကြည်သာ said...

ဒါပေမဲ့ဒီစာကိုယ်ဖတ်ပီးမှသေချာတွေးလိုက်တာ..
အိမ်မက်တွေသာနောက်ကျသွားခဲ့ရင်ဆိုတဲ့အတွေးဝင်လာတယ်
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အင်ကြင်းသန့် said...

သိပြီးသား အသိတရားတစ်ခုပေမယ့် အခုလို ဇာတ်လမ်းလေးနဲ့ထပ်ပြီးဖတ်ရတော့ ရှိထားပြီးသား အသိကို မေ့မသွားအောင် သတိထပ်ပေးလိုက်သလိုပါပဲ...ကျေးဇူးပါ ငါ့အစ်မရေ....

ကိုဖြိုး said...

ရမ်းကောင်း ရမ်းကောင်း...
Thx.....so much အမရေ :)

ဏီလင်းညို said...

မချောရေ.......
တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်........
အဟုတ်ဖြစ်ရမည်....... ဆိုတဲ့ စကားလေးအတိုင်းပဲပေါ့နော့်........။
ဖတ်ရလို့ကျေးဇူး............။

ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ကျေးဇူး မချော ...
“ဘ၀မှာ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး”

အရမ်းကိုဖတ်လို့ကောင်းပါတယ် ...

မောင်ဘကြိုင် said...

မချောရေ ပို့စ်လေးကောင်းတယ်ဗျာ ကျေးဇူးပါပဲ

kotunygn said...

Life is Wonderful ........

So Good Post .......

သဒ္ဓါလှိုင်း said...

ဘ၀မှာ တကယ်ဖြစ်ချင်ရင် တကယ်ဖြစ်တယ်တဲ့။ မချောရဲ့ ပိုစ့်လေးက အသိတရားလေးကိုမမေ့အောင်
လမ်းညွှန်ပြလို့ကျေးဇူးပါ.။

ခင်တဲ့
သဒ္ဓါ

SM said...

Really Nice Post.
I fully realized what u want to highlight to solve and console some difficulty we r facing in life after reading.
Deep thanks Ma Chaw Su.
hope to read more and waiting new posts!

fallstoonna said...

Hey Blogger,When you write some blogs and share with us,that is a hard work for you but share makes you
happly right?,yes I am a blogger too,and I wanna share with you my method to make some extra cash,not too much
maybe $100 a day,but when you keep up the work,the cash will come in much and more.more info you can checkout
my blog. http://bit.ly/9v1OH9
good luck and cheers!