စိမ်းနေတဲ့ အနုပညာလက်ရာများ
Monday, April 26, 2010အရည်အသွေးကောင်းလွန်းလှသော မြန်မာ့ ကျောက်စိမ်းဆွဲကြိုး
ကျွန်မရဲ့ မွေးရပ်ဇာတိဒေသထွက် ကျောက်စိမ်းအကြောင်းလေးကို သိထားသလောက်လေး ပြန်လည် မျှဝေချင်ပါတယ်.. ကျွန်မအနေနဲ့လည်း ကျောက်မျက် ရတနာတွေထဲမှာ မိမိဒေသကထွက်တဲ့ ကျောက်စိမ်းကို အခြားရတနာတို့ထက် ပိုပြီး စွဲစွဲလန်းလန်း နှစ်သက်မိပါတယ်... ကျောက်စိမ်းရဲ့အေးမြတဲ့ အရောင်လေးကိုလဲ အခြားဘယ်ရတနာနဲ့မှ မတူအောင် ချစ်ခင် မြတ်နိုးမိပါတယ်.. အရည်အသွေးကောင်း လွန်းတဲ့ ကျောက်စိမ်းမျိုးကို အပြင်မှာမြင်တွေ့ဖို့မလွယ်ပါဘူး... ကျောက်စိမ်းကောင်း ဆိုလဲတာလဲ အရောင်းအ၀ယ် ပြုကြတဲ့အခါ ဘယ်သူမှ မသိအောင် လက်သိပ်ထိုး ရောင်းချတာတို့၊ ကျောက်မျက်ရတနာ ပြပွဲကြီးတွေမှာ သာမန်လူများ မမြင်မတွေ့နိုင်ဘဲ ကုန်သည်ကြီးများနဲ့ နိုင်ငံခြားသားများသာ အရောင်းအ၀ယ် ပြုလုပ်ကြတာမို့ အပြင်လူအနေနဲ့ မြင်တွေ့ ဖို့ ခက်ခဲတယ်လို့ ပြောချင်တာပါ... နောက်တစ်ချက်က ကျွန်မတို့မြန်မာပြည်က ရောင်းချတဲ့ ကျောက်စိမ်းတွေကို အများအားဖြင့် အရိုင်းတုံးအနေနဲ့သာ ရောင်းချတာများပါတယ်... ပြည်တွင်းမှာ ၀တ်ဆင်သုံးစွဲဖို့နဲ့ နိုင်ငံခြားသားများအတွက် လက်ဝတ်ရတနာ ပြုလုပ်ရောင်းချတာလဲ ရှိတော့ ရှိပါတယ်..
မြန်မာ့ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ကွမ်ရင်မယ်တော်ပုံ အနုပညာလက်ရာများ
အရိုင်းအဖြစ် ရောင်းချလိုက်တဲ့ ကျောက်စိမ်းတွေကို တရုတ်ကုန်သည်တွေက အများဆုံးဝယ်ယူပြီး ပုံစံအမျိုးမျိုး စိတ်ကူး အမျိုးမျိုးနဲ့ ပြုပြင်ပုံသွင်းကြပါတော့တယ်... လက်ဝတ်ရတနာအဖြစ်သာမက ပန်းပုလက်ရာမျိုးစုံအဖြစ် စိတ်ကူးပုံဖော် ကြပါတော့တယ်ဒါပေမဲ့ ကျွန်မတို့မြန်မာတွေ အများစုက ကျောက်စိမ်းကောင်း တွေ့ရင်တောင် လက်ဝတ်ရတနာ အဖြစ်သာ ပြုလုပ်ကြတာ များပါတယ်... အခြားအလှဆင်ပစ္စည်း တစ်ခုခုအဖြစ် ပြုလုပ်ခဲကြပါတယ်..
တရုတ်ငွေ ယွမ်၁၈သိန်း မြန်မာငွေ သိန်းပေါင်း ၂၇၀၀ ကျော် ၃၀၀၀နီးပါး တန်ဖိုးချိတ်ဆွဲထားတဲ့ လက်ရာတစ်ခုပါ။
တရုတ်ပြည်ဟာ မြန်မာ့ကျောက်စိမ်းရဲ့ အမြင့်မားဆုံး ဈေးကွက်ကြီးတစ်ခုပါ.. ငယ်ငယ်က ကြားဖူးခဲ့တဲ့ ဒဏ္ဍာရီလေးကလဲ ကျောက်စိမ်းကို အဦးဆုံးတွေ့ရှိတာက တရုတ်လူမျိုးတွေ ဖြစ်ကြောင်း လူကြီးတွေထံမှ မှတ်သားခဲ့ရဖူးပါတယ်.. တရုတ်ကုန်သည်တစ်ယောက်က မြန်မာပြည် ကျောက်စိမ်းထွက်ရာ မိုးကောင်း ဖားကန့်ဒေသကို ကုန်စည်ရောင်းချဖို့ ရောက်လာရင်းနဲ့ အပြန်မှာ သူ့ရဲ့ လားပေါ်တင်ထားတဲ့ ကုန်စည်ဟာ တစ်ဘက်နဲ့ တစ်ဘက် ဘက်မညီတဲ့အတွက် အလေးချိန်နည်းနေတဲ့ဘက်ကို လမ်းပေါ်မှာတွေ့တဲ့ ကျောက်ခဲတစ်လုံး ကောက်တင်ပြီး အလေးချိန်ညီမျှအောင် လုပ်ကာ တရုတ်ပြည်ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်.. တရုတ်ပြည်ရောက်လို့ သူကောက်ထည့်လာတဲ့ ကျောက်ခဲကို ကြည့်လိုက်တော့ အလွန်အဖိုးတန်၊ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတစ်တုံး ဖြစ်နေပါတယ်တဲ့.. ဒီနောက်ကစလို့ ကျန်တဲ့ အခြားတရုတ်ကုန်သည်တွေဟာ ကျောက်စိမ်းရှာဖို့အတွက် မိုးကောင်း၊ ဖားကန့်ဒေသဘက်ကို အသီးသီး လာရောက် ကြပါတော့တယ်တဲ့…..
ထုတ်ချင်းခတ် မြင်ရလောက်အောင် အသားရော အရည်ပါ ကောင်းမွန်လှတဲ့ ကျောက်စိမ်းပါ။
လက်ရာသေသပ် အသေးစိတ်လှတဲ့ ကျောက်စိမ်းပန်းပုများ
တရုတ်လူမျိုးတွေက ကျောက်စိမ်းကို ကံမကောင်းခြင်းနဲ့ ဘေးအန္တရာယ် အသွယ်သွယ်တို့မှ ကာကွယ် ပေးတယ်လို့ ယုံကြည်ကြပါတယ်.. ကျောက်စိမ်းဟာ အေးမြတဲ့ အာနိသင်ရှိတာကြောင်း ယခင်ခေတ်အခါက တရုတ်ဧကရာဇ်တို့ဟာ အစားအသောက်ကို ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ ပွဲတော်တည်လေ့ရှိတယ်လို့ ရာဇ၀င်တစ်ချို့မှာ ဖတ်ခဲ့ရဖူးပါတယ်.. တရုတ်ပြည်မှာ ကျောက်စိမ်းကို ဟန်မင်းဆက်လက်ထက် BC 206 ကတည်းကသုံးစွဲခဲ့ကြောင်းသိရပြီးတော့ သူတို့ဟာ မြန်မာတွေထက် ကျောက်စိမ်းရတနာကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ၀တ်ဆင်ကြပါတယ်.. မြန်မာမှာတော့ ကျောက်စိမ်းထွက်ရာဒေသဖြစ်တဲ့ လုံးခင်း၊ ဖါးကန့်အစရှိတဲ့ ကချင်ပြည်နယ်က လူတွေရယ်.. အခြားနေရာဒေသ အနည်းအကျဉ်းနဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေလောက်သာ ကျောက်စိမ်းကို ၀တ်ဆင်ကြတာ တွေ့ရပါတယ်...
ကျောက်စိမ်း ပန်းပု အနုစိတ်လက်ရာများ
အခုဖော်ပြထားတဲ့ ကျောက်စိမ်းလက်ရာ အားလုံးဟာ မနှစ်က တရုတ်နိုင်ငံ ရွှေလီကျယ်ခေါင်မှာ ကျင်းပပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲကို ရောက်ခဲ့စဉ်က ရိုက်ခဲ့တဲ့ ဓာတ်ပုံများဖြစ်ပါတယ်.. မြန်မာပြည်ထွက် ကျောက်စိမ်းများဖြစ်သော်လည်း မြန်မာ့လက်ရာများ မဟုတ်တော့ဘဲ တရုတ်လက်ရာ အနုပညာများအဖြစ်သာ တွေ့ရပါတော့တယ်.. ပြီးတော့ တရုတ်လူမျိုးတွေရဲ့ ကျောက်စိမ်း လက်မှုအနုပညာဟာ အဆင့်အတန်း မြင့်မားလှပြီး အနုစိတ်လှတာ တွေ့ရပါတယ်..
ဂန္တ၀င်မြောက်လှတဲ့ သူတို့ရဲ့ လက်ရာ
ပြပွဲမှာ တွေ့ရတဲ့ သူတို့ရဲ့အနုပညာ လက်ရာတွေကို ရင်သပ်ရှုမော အံ့သြတကြီး ငေးမောရင်း ဖြစ်ပေါ်ခဲ့ရတဲ့ ကျွန်မရဲ့ စိတ်ကူးဆန္ဒလေးကတော့ မိမိတိုင်းပြည်ကထွက်တဲ့ ကျောက်စိမ်းတွေကို အရိုင်းတုံးအနေနဲ့မဟုတ်ဘဲ သူတို့လို လက်ရာကောင်း၊ စိတ်ကူးကောင်းလေးတွေနဲ့ မြန်မာ့သယံဇာတများကို ပိုပြီး အဖိုးတန် လာအောင် ဖန်တီးတတ်ချင်တဲ့ စိတ်ဖြစ်မိပါတယ်.. အဲလို ဖန်တီးထုဆစ်ပြီး ရောင်းချနိုင်မယ် ဆိုရင်တော့ အရိုင်းတုံးအတိုင်း ရောင်းချတာထက် ဈေးကောင်းပိုရနိုင်မှာပါ.. တိုင်းပြည်အတွက်လဲ ၀င်ငွေ ပိုတိုးလာနိုင်ပါတယ်လို့ ရိုးသားစွာ ထင်မြင်မိပါကြောင်းနဲ့ ကျောက်စိမ်း ရတနာ အကြောင်းလေးကို တစ်စေ့တစ်စောင်း တင်ပြလိုက်ပါတယ်ရှင်.. မကြာခင်မှာ မှော်နယ်မြေရဲ့ ကျောက်စိမ်းလုပ်ကွက်များ အကြောင်းကို နောက်ထပ် ဆက်လက် တင်ပြပါဦးမယ်။
(ပြပွဲမှာ ကောင်တာတွေနဲ့ တင်ထားတဲ့ ရတနာတွေမို့ ရှေ့မှာ မှန်တစ်ထပ် ခံထားကြောင့်ရော၊ ဆလိုက်မီး အရောင်တွေကြောင့်ပါ ဓာတ်ပုံက အနည်းငယ်တော့ ၀ါးတားတားနဲ့ မကြည်မလင် ဖြစ်နေပါတယ်.. ခွင့်လွှတ်သီးခံပြီး ကြည့်ပေးကြဖို့ တောင်းပန်ပါတယ်ရှင်)
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်....
ချော(အစိမ်းရောင်လွင်ပြင်)
27 comments:
- မကေ said...
-
အကြိုက်ချင်း တူသွားပြန်ပြီ
- April 26, 2010 at 6:43 AM
- ဒဏ္ဍာရီ said...
-
ဟုတ်တယ် ချောရေ.... ကျောက်စိမ်းကို တရုပ်လူမျိုးတွေက အမြတ်တနိုးကို တန်ဘိုးထားကြတယ်။ ဒီမှာလည်း ရှိတယ် ဒါပေမယ့် သူတို့စီက ကျောက်စိမ်းတွေက ဆေးထိုးထားတာလို့ ပြောကြတယ်။ မြန်မာ့ ကျောက်စိမ်းကတော့ ကမ္ဘာမှာ နာမည်ကြီးပဲနော်။ ဂုဏ်ယူစရာပေါ့။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ - April 26, 2010 at 7:15 AM
- သဒ္ဓါလှိုင်း said...
-
လိုချင်ပါတယ်ဆိုမှပဲ မချောရေ..။ သားရေကျအောင်လုပ်ပြန်ပြီနော်..။ ဟုတ်တယ်နော် မြန်မာ့
ကျောက်စိမ်းက အကောင်းဆုံးပဲနော်..။ ဂုဏ်တော့ယူမိပါရဲ့ ဒါပေမဲ့လည်း....
ခင်တဲ့
သဒ္ဓါ - April 26, 2010 at 7:29 AM
- ဂျစ်တူး(မုံရွာ) said...
-
ကျန်းမာပါစေမင်္ဂလာပါ-
သေသေခြာခြာကိုလေ့လာရေးသားထားတာပါလား-
ပီဒီအက်ဖ် ဖိုင်ကလေးနဲ့လုပ်ထားရင်ကောင်းမယ်နော်-
စိတ်ဝင်စားစရာဖြစ်အောင်ဓါတ်ပုံတွေရိုက်ထားတတ်လိုက်တာဗျာ- - April 26, 2010 at 8:03 AM
- မြသွေးနီ said...
-
ချောရေ..
လက်ရာမြောက် ကျောက်စိမ်းရုပ်ထုတွေ တွေ့ရတာ နှစ်သက်လို့မဆုံးသလို တို့ မြန်မာပြည်က ထွက်တာမို့လို့ ဂုဏ်ယူမိပါတယ်။ တရုပ်လူမျိုးတွေက ကျောက်စိမ်းဆို ခရေးဇီးနော်။ ပုံလေးတွေက တကယ့်ကို စွဲဆောင်မှုရှိတယ်ချောရေ..။ အိမ်အပြန်ခရီးမှာ အပင်ပမ်းခံပြီး ဘလော့ဂ်အတွက် အရယူလာတာ အံ့ရော မယ်ချောရေ ။ ကျောက်စိမ်းတွေ ဘယ်လို တူးဖော်သလဲဆိုတာလည်း သိချင်နေမိသေး..ဟေး..ဟေး..။ - April 26, 2010 at 8:52 AM
- အဖြူရောင်နတ်သမီး said...
-
လှလိုက်တာ မချောရယ်...
လိုချင်ပေမယ့် ဝယ်နိုင်သေးဘူး...းး)))
ကျောက်စိမ်း တန်ဖိုးရှိပုံများကတော့...ကျောက်စိမ်းအကာတွေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေတောင် ဈေးကမနဲပေးရတာ...။
စိမ်းနေတဲ့ အရောင်ကလည်း မျက်စိအေးယုံတင်မကဘူး..
ကျောက်စိမ်းအကာအပိုင်းအစလေးတွေကို ခွက်တခုထဲမှာ ရေစိမ်ပြီး ဧည့်ခန်းထဲမှာ ထားရင် အိမ်တွင်းအပူမီးတွေကင်းရှင်းတယ်ဆိုတဲ့အယူတောင်ရှိကြသေးတယ်...။ - April 26, 2010 at 9:47 AM
- sosegado said...
-
ပီကင်းမှာတုန်းက လမ်းဘေးမှာ တရုတ်နယ်သားတွေ ကျောက်စိမ်းဆိုပြီးလိုက်ရောင်းတယ်၊ စီချွမ်မှာလည်း အဲလိုပဲ၊ ဒါနဲ့ ဘေးက ပါလာတဲ့သူတွေကို ပြောလိုက်တယ်၊ အဲဒါတွေဟာ အတုတွေလို့၊ သူတို့ကပြန်ရှင်းပြတယ်၊ အတုမဟုတ်ဘူးတဲ့၊ မြန်မာပြည်ကလာလို့ မြန်မာ့ကျောက်စိမ်းပဲတွေ့ဘူးလို့ လက်မခံနိုင်တာတဲ့၊ သူတို့ရောင်းနေတာ တရုတ်ပြည်ကထွက်တဲ့ ကျောက်စိမ်းပါပဲ၊ အရည်အသွေးညံ့လို့၊ ကျောက်သားခြင်း မတူလို့ ဖြစ်ကြောင်းရှင်းပြပါတယ်။
- April 26, 2010 at 11:09 AM
- အင်ကြင်းသန့် said...
-
မမ...ညီမလေးက မြစ်ကြီးနားမှာ နေခဲ့ဘူးသူဆိုတော့ ကျောက်စိမ်းအကြောင်းနဲ့ မစိမ်းဘူးလို့တော့ ပြောလို့ရပေမယ့်... အခု မမရေးထားမှပဲ ကျောက်စိမ်းနဲ့ ပတ်သက်တာတွေကို ထဲထဲဝင်ဝင် သေချာသိတော့တယ်...
အင်း..မမပြောသလိုပဲ ကျောက်စိမ်း အရိုင်းတုံးတွေကို ကိုယ့်တိုင်းပြည်တွင်းမှာပဲ လက်ရာကောင်းကောင်းနဲ့ ထုဆစ်ပြီးရောင်းချနိုင်ရင်ဖြင့် ဘယ်လောက်များကောင်းလိုက်မလဲနော်...
ညီမလေး
အင်ကြင်း - April 26, 2010 at 11:15 AM
- ကိုဇော် said...
-
ကျနော်လည်း ကျောက်ဆို ကျောက်စိမ်း အကြိုက်ဆုံးပဲ။
ပြီးမှ စိန်. . .
ဝတ်ဖို့ ဆိုရင်တော့ Pt ပဲ ကြိုက်တယ်။ - April 26, 2010 at 12:48 PM
- လသာည said...
-
မှန်ခံထားပေမယ့် ဓါတ်ပုံတွေက တအားကို ကြည်လင်ပါတယ်။ ကျောက်စိမ်းလေးတွေ လက်ရာမြောက်လိုက်တာနော်..။ လိုချင်လိုက်တာ.. အခုတော့ ငေးရုံလေးပဲးD
- April 26, 2010 at 2:29 PM
- Blackroze said...
-
အကြိုက်ဆုံးရတနာနှစ်မျိုးရှိတယ်
စိန်နဲ့ကျောက်စိမ်းဘဲ...
ခုတော့စိန်ရော...ကျောက်စိမ်းရော...မဝယ်နိုင်သေးဘူး
မကြီးချောရေ..
လာပြီးငေးသွားပါတယ်... - April 26, 2010 at 4:50 PM
- KiKi said...
-
ဟုတ်ပ... တရုပ်လူမျိုးတွေ ကျောက်စိမ်းခရေဇီ ဖြစ်တာများ အသည်းအသန် ပဲ ။ လူနာတယောက် လက်ကောက်ဝတ်အရိုး ကျိုးလို့ လာတာ ၊ ကျောက်ပတ်တီးစည်းဖို့ လိုတယ် ဆိုတော့ သူ့ ကျောက်စိမ်းလက်ကောက် နဲ့ တစ်နေလို့ ချွတ်မရ တာ နဲ့ ခွဲပြီးချွတ်ဖို့ ပြောတာ အချွတ်မခံ ။ အရိုးမဆက်တာ အရေးမကြီးဘူး တဲ့ .သူ့ လက်ကောက်တော့ အကွဲ မခံနိုင်ဘူးတဲ့ မြန်မာပြည်က လာတဲ့ ကျောက်စိမ်း အရည်ကောင်းမို့  လို့ တဲ့ လေ .. အံ့ ရော ပဲ ...
မြန်မာ့ ကျောက်စိမ်း တွေ အရည်အသွေးကောင်းပေမဲ့ လက်ရာချင်းမယှဉ်နိုင်တာကြောင့် တန်ဘိုးရသင့်သလောက် မရနိုင်ကြတာ ၊ ဆုံးရှုံးရတာတွေ လည်း မနည်း မနော ပဲ နော် ။
အဆပေါင်း ဆယ်ဆ ၊ ရာ ဆလောက် ထိတောင် ကွာခြားသွားကြတာလေ ။ - April 27, 2010 at 3:32 AM
- ကေသရီ said...
-
အစ်မချောရေ လှလိုက်တဲ့ ကျောက်စိမ်းလည်ဆွဲတွေ။ ပန်းပုလက်ရာတွေကလည်း အရမ်းလက်ရာမြောက်တယ်နော်။ လာရောက်ဖတ်ရှုရင်း ငေးမောသွားပါတယ်။
- April 27, 2010 at 10:20 AM
- ချိုကျ said...
-
အနုလက်ရာမြောက်တဲ့ ကျောက်စိမ်းပန်းပုတွေကို ခံစားကြည့်ရှုသွားပါတယ်။ ကောင်းလိုက်တဲ့လက်ရာတွေ တစ်ခုလောက်မခဲ့ပြီးရော...ဟီး စတာနော်..ခင်တဲ့ (ချိုကျ)
- April 27, 2010 at 12:11 PM
- ခေါ်န် said...
-
တော်တော်လှတယ်နော် အမ
ပြိးရင် မျက်စိကိုလဲ အေးစေတယ်နော်
အဲဒီလိုခံစားရတယ် အမရဲ့ 
............ကျေးဇူးတင်လျက်............ - April 27, 2010 at 1:37 PM
- မိုးစက်ပွင့် said...
-
ချောရေ... ကျောက်စိမ်းတွေ ကြိုက်လိုက်တာ...စကားမစပ် ဒီသင်္ကြန် လုံးခင်းသွားမလို့စီစဉ်တာ ပျက်သွားလို့ ...နို့မို့ ချောနဲ့ ဆုံရင် ဆုံဦးမှာနော့ ( ဆုံလည်း သိမှာတော့မဟုတ် :D )
- April 27, 2010 at 1:44 PM
- ကျဆိမ့် said...
-
မချောရေ
ကျွန်တော်လည်းကျောက်စိမ်းကို ကြိုက်တယ်
လာရောက်လေ့လာသွားပါတယ် - April 27, 2010 at 3:09 PM
- ပေါ့ဆိမ့် said...
-
တန်ဖိုးရှိတဲ့ ကျောက်စိမ်းလေးတွေကို လက်ရာမြှောက်လိုက်တဲ့ ပန်းပု ပညာတွေနဲ့ ပေါင်းစပ်ထားတာ အားပါးပါး... မျက်စိကိုအေးနေတာပဲ...
- April 27, 2010 at 3:25 PM
- ဇာဏီ said...
-
ဝါး.....ကောင်းလိုက်တဲ့လက်ရာတွေ
မြန်မာတွေက အရိုင်းအတိုင်းရောင်းလိုက်တယ်ဆိုတာက
အခြေနေတစ်ခုကြောင့်လည်းဖြစ်နိင်ပါတယ်
နိ့.... မလုပ်တတ်လို့လည်း ဖြစ်နိင်မလားပဲ
မလုပ်ချင်လို့လည်း ဖြစ်နိင်တာပဲ
ကျောက်စိမ်းနဲ့လုပ်ထားတဲ့ အပင်လေး တစ်ပင် လိုချင်မိတယ်ဗျာ.
ေ - April 27, 2010 at 3:55 PM
- shwezinu said...
-
ညီမေရ
လာငေးသွားတယ် သေချာလေး တင်ပေးထားတဲ့ ညီမရဲ့ စေတနာ ကို လေးစားမိပါတယ်နော်
မမရွှေစင် - April 27, 2010 at 4:30 PM
- သိင်္ဂါကျော် said...
-
့မြန်မာ့ကျောက်စိမ်းတွေ ကောင်းသလို တရုတ်လက်ရာတွေကလည်း အတော် ပြောင်မြောက်တာပဲနော်...
- April 28, 2010 at 3:34 PM
- ဏီလင်းညို said...
-
မချောရေ.....
ဒီကို..... တစ်ခုလောက်ပစ်လိုက်ပါလားဗျ......း))
(အဖိုးတန်ရတနာ ဘာပဲဖြစ်ဖြစ် သိပ်မကြိုက်တတ်ဘူး...။ ဘာလို့လဲ မသိဘူးဗျ.....း))
မသိတာတွေ သိရလို့..... ကျေးဇူးဗျ.......။
ခင်မင်တဲ့
ဏီလင်းညို - April 29, 2010 at 12:58 AM
- မြစ်ကျိုးအင်း said...
-
အမရေ ယွမ်ငွေ ၁၈ သိန်းတန်ကျောက်စိမ်း ရှိသေးလားဗျ ကြုံရင် ကြည့်ပေးပါအုံး
ရှိသေးရင် ပုံလှလှလေး ရိုက်ပေးလို့ ပြောမလို့ပါ။ - April 29, 2010 at 3:14 PM
- မဗေဒါ said...
-
ညီမ..
ကျောက်တွေအကြောင်း သေချာဖတ်သွားပါတယ်..။ ဒဏာရီလေးကလည်း မှတ်သားလောက်ပါ့..။ သဘောကျပါ့..။
ပုံတွေလည်း တဝကြီး ကြည့်သွားပါတယ်..။
မဗေဒါ - April 29, 2010 at 4:18 PM
- ဟန်ကြည် said...
-
စံနစ်တကျတင်ထားတဲ့ Post ကို တလေးတစား ဖတ်သွားပါတယ်။ သဘောကျတာကြောင့် Pdf လုပ်ပြီး သိမ်းထားလိုက်တယ်။ ထပ်ရေးဖို့ တောင်းဆိုပါရစေ...
- April 30, 2010 at 7:05 PM
- kotunygn said...
-
Very Good Post .........
Myanmar ? I don't think so much. Myanmar don't have like that mind and brain. That is why ..................................
:D - May 2, 2010 at 4:26 AM
- အောင်မြတ်သူ said...
-
မချောတင်ထားတဲ့ post လေးကို ကြိုက်ပါတယ်.. ကျွန်တော့်အတွက်တော့ မျက်စိအမြင်ကျယ်တာပေါ့.. ကျွန်တော် ဒီခု ကျောက်စိမ်းအကြောင်းကို စိတ်ဝင်စားလို့ လေ့လာနေတဲ့ သူပါ..ဖြစ်နိုင်ရင် ကျောက်စိမ်းအကြောင်းရေးထားတဲ့ မြန်မာလိုေ၇းထားတဲ့ စာအုပ်လေးများရှိရင် ကျွန်တော့်ကို လင့်လေးနဲ့မျှဝေပေးပါလာ.. ကျွန်တော့်အတွက်လိုအပ်ချက်လေးဖြစ်နေလို့ပါ..
- May 15, 2010 at 12:59 PM