မရခဲ့ဖူးတဲ့ လက်ဆောင်
Friday, April 23, 2010photo from Here
အဖွားမေရီသည် စိတ်သဘောပြည့်ဝပြီး အေးချမ်းသိမ်မွေ့ကာ အဖိုးအပေါ်မှာလည်း အစွမ်းကုန် ချစ်ခင်ပြုစု ယုယတတ်သူ တစ်ယောက် ဖြစ်ပါသည်။ အဖိုးကတော့ တစ်ချိန်တုန်းခါက စိတ်မြန်လက်မြန်နှင့် တက်ကြွလှုပ်ရှားသူ၊ မိသားစု စီးပွားရေး၊ လူမှုရေးတို့ကို အစစ ဦးဆောင်သူ ဖြစ်ခဲ့သော်လည်း ၂ကြိမ်လောက် လေဖြတ်ခံရပြီး နောက်ပိုင်းတွင် အိမ်တွင်း အိမ်ပြင် လမ်းလျှောက်ဖို့တောင် အနိုင်နိုင်၊ စကားပြောဖို့လဲ နှုတ်က မသွက်တော့ဘဲ လေးလံထိုင်းမှိုင်း ဖြစ်နေရပါပြီ။ ဘုရားကျောင်းလည်း မသွားနိုင်၊ အိမ်နီးနားချင်း အိမ်တွေကိုလည်း မလည်ပတ်နိုင်ခဲ့တာ တစ်နှစ် နီးပါး ရှိခဲ့ပြီ ဖြစ်ပါသည်။ အဖိုးသည် သူ၏ အချိန်တော်တော်များများအား တီဗီရှေ့တွင် ထိုင်ပြီး အချိန်ဖြုန်းနေ ရသည်သာ များလေသည်။ အဖိုးတစ်ယောက် အဖွား အလုပ်လုပ်နေချိန်တွေတွင် တီဗီမှ လာသော သတင်း အစီအစဉ်နှင့် အခြား အစီအစဉ်များကို ထိုင်ကြည့်ရင်း နေခဲ့ရသည်။ သူမ အားလပ်သည့်အခါတွင်တော့ ၂ယောက်သား စကားပြောရင်း၊ တီဗီကြည့်ရင်း စာဖတ်ကြရင်း အချိန်ကုန်ရတော့သည်။ အဖိုးအတွက်မှာ အဖွား၏ အကူ အညီသာ မပါလျှင် ထိုင်ခုံကနေ နေရာရွေ့ဖို့၊ အိပ်ရာဆီ သွားဖို့တောင် ခက်ခဲလွန်းလှပါသည်။
အဖွားသည် နေ့စဉ် အဖိုးကို အိပ်ရာမှ ထစေပြီး နံနက်စာ စားရန် ထမင်းစားခန်းကို သွားနိုင်ဖို့ ကူညီပေးလေ့ရှိသည်.. နံနက်စာ စားသောက်ပြီးချိန်မှာတော့ သူမပန်းကန်တွေ ဆေးကြော သန့်စင်နေတုန်း အဖိုးခေတ္တအနားယူစေဖို့ ဧည့်ခန်းထဲက အဖိုးထိုင်နေကျ ပက်လက်ကုလားထိုင်လေးမှာ ထိုင်ခိုင်းထားကာ တီဗီကြည့်စေပါသည်။ ပန်းကန်ဆေးကြော သန့်စင်နေရင်းနှင့်လည်း အဖွားသည် အဖိုးတစ်ခုခု လိုအပ်သလား၊ ဘာလုပ်ပေးဖို့ လိုဦးမလဲ ဆိုတာကို မကြာခန လှမ်းလှမ်းကြည့်ပြီး မေးလေ့ရှိသည်. ဒီလို အဖြစ် အပျက် တွေသည် အဖိုးနှင့်အဖွားတို့၏ နေ့စဉ် အဖြစ်အပျက်ကလေးတွေသာ ဖြစ်ပါသည်။ အဖိုးအပေါ်တွင် အဖွားမေရီ တစ်ယောက် မငြီးမငြူ ဂရုတစိုက် ပြုစုယုယကာ အိမ်ထောင်သက် နှစ်၅၀ ကြာလာသည့်တိုင် အဖိုးအပေါ် သူမ၏ ချစ်ခင်မြတ်နိုးမှုက လန်းဆန်း တောက်ပနေတုန်း၊ အိမ်ထောင်ဦးကာလက ကဲ့သို့ နုနယ် ပျိုမြစ်နေတုန်းသာ။
အဖွားသည် အဖိုးအပေါ်တွင် အလွန်တရာ ချစ်ခင်မြတ်နိုးစွာရှိခဲ့သော်လည်း အဖိုးကတော့ အိမ်ထောင်တစ်ခုကို တာဝန်ကျေအောင် ထမ်းဆောင်ပြီး ဇနီးမယားအပေါ် ယုယုယယ မနေတတ်ခဲ့သူ ဖြစ်ပါသည်။ သူ့ရင်ထဲက အချစ်ဆိုတာကိုလည်း အဖွားသိအောင် ဘယ်ခါမှ ထုတ်ပြောတတ်သူ ၊ ပြောခဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါ။ အိမ်ထောင် သက်တမ်းကာလ တစ်လျှောက်မှာ အဖိုးက အဖွားအတွက် အမှတ်တရ လက်ဆောင် ဆိုတာ ဘယ်သောခါမှ ၀ယ်ပေးခဲ့သည်ဆိုတာ မရှိခဲ့ပါ။ အဖိုး၏ ခံယူချက်မှာ ငွေကြေးဥစ္စာ လုံလောက်အောင် ရှာဖွေပေးပြီး ဖြစ်သဖြင့် အဖွားလိုအပ်တာမှန်သမျှ စိတ်တိုင်းကျ ၀ယ်ယူခွင့် ရှိနေပြီဖြစ်၍ သူမ ကြိုက်နှစ်သစ်ရာ ၀ယ်ယူပါစေ၊ သူကိုယ်တိုင် ၀ယ်ပေးဖို့ မလိုအပ် ဟူသော အတွေးမျိုးရှိသူဖြစ်သည်။
အဖိုး၏ ထိုအကျင့်စရိုက်သည် အိမ်ထောင်ဦးကာလတွင် အဖွားအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်ခဲ့ရသည်။ အဖိုးသည် သူမအား တကယ် ချစ်မှ ချစ်ခဲ့ပါရဲ့လား ဟူသော သံသယသည် အဖွားမေရီ စိတ်ထဲတွင် အမြဲတမ်း ဖိစီးခဲ့သော်လည်း အိမ်ထောင်သက်တမ်း ကြာလာသည်နှင့် အမျှ အဖွားဖြစ်သူမှာ အဖိုးကို သဘောပေါက်နားလည်နိုင်အောင် ကြိုးစားရတော့သည်။ အဖိုးသည် အိမ်ထောင် တစ်ခုလုံးအတွက်ရော သူမအတွက်ပါ အလွန်ကောင်းမွန်သော အိမ်ထောင်ဦးစီး ကောင်းတစ်ဦး ဖြစ်သည်မှာ သူမ အသိဆုံးဖြစ်သည်။ မိသားစုအတွက် လိုလေသေး မရှိရအောင် လိုအပ်သော ငွေကြေးကို ရှာဖွေပေးခဲ့သည်။ အဖွား လိုချင်သော ပစ္စည်းဟူသမျှ စိတ်တိုင်းကျ ၀ယ်ယူခွင့်ပေးထားသဖြင့် အဖိုး ကိုယ်တိုင် ၀ယ်မပေးတတ်သော လက်ဆောင်နှင့် ထုတ်မပြတတ်သော အဖိုး၏ အကြင်နာတို့အတွက် သူမ လိုချင်တပ်မက်စိတ် ၊ မက်မောစိတ် ဖြစ်မနေတော့ အောင် သူမကိုယ်ကို ကြိုးစား၍ စိတ်ကို ဖြေသိမ့်တတ်လာပြီ ဖြစ်သည်။ အဖိုး၏ ချစ်ခင်ယုယမှု၊ အသိအမှတ်ပြုမှုတို့ကိုလည်း ရရှိသည်ဖြစ်စေ မရသည်ဖြစ်စေ အဖိုးအပေါ်ထားသော သူမ၏ ချစ်ခင်မြတ်နိုးစိတ်၊ ကြင်နာသဒ္ဓါစိတ် တို့ကို ယခင်အတိုင်း ထားမြဲထားနိုင်ခဲ့ပါသည်။
တစ်နေ့... ဖေဖော်ဝါရီလ၏ အေးမြသော မနက်ခင်းတစ်ခုတွင် အဖွားသည် တီဗီကြည့်နေသာ အဖိုးထံသို့ လျှောက်လာကာ “ကျွန်မ နေ့လည်စာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” .. ဟု တီဗီ ကွန်ထရိုလ်းကို အဖိုးလက်ထဲ ထည့်ပေးလိုက်ရင်း ပြောလိုက်ပါသည်။ “တစ်ခုခု လုပ်ချင်ရင် လိုချင်ရင် ကျွန်မ အပြင်ထွက်လာတဲ့အထိ ခနလောက်စောင့်နော်.. တစ်ယောက်တည်း မနိုင်မနင်း လျှောက်မလုပ်နဲ့ ”.. ဟု စိတ်မချစွာ ထပ်ပြောကာ မီးဖိုခန်းထဲသို့ အဖွား ၀င်ရောက်သွားပါသည်။ အချိန်အနည်းငယ် ကြာသော် စားသောက်စရာများ ချက်ပြုတ်ပြီး၍ အိမ်ရှေ့သို့ ပြန်ထွက်အလာတွင် အဖိုးကို ကုလားထိုင်တွင် မတွေ့ရတော့ပေ..
အဖွားမှာ ရုတ်တရက် ပြာဝေသော စိတ်ဖြင့် အဖိုးကိုင်နေကျ တောင်ဝှေးထားရာ နေရာကို ကြည့်လိုက်သည့် အခါတွင်လည်း တောင်ဝှေးမှာ နေရာတွင် မရှိတော့ပေ။ အ၀တ်ဘီရိုမှာ ပွင့်လျှက်ရှိပြီး အဖိုး၏ အပေါ်ဝတ် ကုတ်အင်္ကျီနှင့် ဦးထုပ်မှာ ပျောက်ဆုံးနေခဲ့ပြီ။ အဖိုးသည် တစ်နေရာရာသို့ ထွက်ခွာသွားပေပြီ။ သွေးရူး သွေးတန်းဖြင့် ဘီရိုတွင်းမှ ကုတ်အင်္ကျီတစ်ထည်ကို အမြန်ကောက်ဝတ်ကာ အဖွားသည် အိမ်တွင်းမှ အပြေးတစ်ပိုင်း ထွက်ကာ ဟိုဟိုဒီဒီ မျှော်ကြည့်မိလေသည်။ အဖိုးသည် ခပ်ဝေးဝေးတော့ ရောက်လိမ့်ဦးမယ်ဟု သူမ မထင်ပေ။ သူတစ်ယောက်တည်း လမ်းလျှောက်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ရမည်မှာ သေချာသည်လေ။ လမ်းမပေါ်တွင်မူ အဆက်မပြတ် ကျဆင်းလာနေသော ဖြူလွလွ နှင်းပွင့်လေးများပင် ဖုံးလွှမ်းစ ပြုနေပြီဖြစ်သည်။
ယခုလိုအချိန်တွင် လူကောင်းတစ်ယောက်ပင် လမ်းလျှောက်ဖို့ ခက်ခဲနေပြီဖြစ်ရာ အဖိုးလို တစ်ယောက်ယောက် အကူအညီနှင့်မှ လမ်းလျှောက်နေရသူ တစ်ဦးအတွက် ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့ပေ။ “သူဘယ်ရောက်နေပြီလဲ .. ဘာကြောင့် အိမ်ကနေ မပြောမဆို တစ်ယောက်တည်း ထွက်သွားရတာလဲ ” သူမအတွေးတွေတွင် ပူပန်ခြင်း နားမလည်နိုင်ခြင်းများစွာ ရောထွေးလျှက်။ လက်နှစ်ဖက်ကို ဆုပ်နှယ်နေမိရင်း လမ်းမပေါ် ဂဏှာမငြိမ်စွာ ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်ဖြင့် အရူးတစ်ယောက်နှယ်။ ကျဆင်း လာနေသော နှင်းဖွဲများကိုလည်း ဂရုမထားမိ၊ ရက်စက်လွန်းစွာ အေးလှသော ဆောင်းဒဏ်ကိုလည်း သတိမပြု မိလောက်အောင် သူမ၏ စိတ်အစဉ် တစ်ခုလုံး အဖိုးအတွက် ပူပန်ရခြင်းများဖြင့်သာ ရင်မှာ လောင်မြိုက်လို့ နေခဲ့သည်။
ထိုစဉ် လမ်းထောင့် တစ်နေရာမှ တစ်လှုပ်လှုပ် လျှောက်လာသော တစ်စုံတစ်ယောက်၏ ပုံရိပ်ကို သူမ တွေ့လိုက်ရလေသည်။ စူးစူးစိုက်စိုက် ကြည့်လိုက်သောအခါ အဖိုးဖြစ်မှန်း သေချာသွားလေသည်။ “အိုး သူပြန်လာပြီ” အဖိုး ဘယ်ကိုသွားပြီး ပြန်လာသည်ဖြစ်စေ သူမမျက်စိရှေ့တွင် ဘေးမသီ ရန်မခ မြင်လိုက်ရသည်ကပင် ၀မ်းသာလွန်းလှပြီ။ သူမကျေနပ်ရပါပြီ.. အဖိုး၏ ကုတ်အင်္ကျီသည် ပုခုံးထက်မှ လျှောကျလို့ နေပြီး အဖိုး၏ လက်တစ်ဖက်တွင် တောင်ဝှေးနှင့် အတူ အထုပ်တစ်ထုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ အဖိုးရောက်အလာကို စောင့်ဆိုင်းဖို့ စိတ်မရှည်နိုင်ဘဲ သူ့ဆီသို့ အရောက်ပြေးသွားမိတော့သည်။ အဖိုး အခြေအနေကောင်းမွန်နေသည်ကို မြင်တွေ့ရသဖြင့် စိတ်သက်သက်ရာ ရပြီးနောက်တွင် သူမပါးစပ်မှ စကားလုံးများ အဆက်မပြတ် ထွက်လာမိတော့သည်။
“ကျွန်မ ရှင့်ကို ခနလေး ထားပြီး နေ့လည်စာ သွားပြင်ဆင်ချိန်လေးမှာ ကျွန်မ ပြန်အလာကိုတောင် မစောင့်နိုင်ဘဲ တစ်ယောက်တည်း ထွက်သွားရအောင်က ရှင်ဘာကိုများ ဒီလောက်အရေးတကြီး လိုအပ်နေလို့လဲ… ရှင့်ကို ကျွန်မ ဘယ်လောက်တောင် စိတ်ပူရတယ်ဆိုတာ ရှင်မသိဘူးလား… ဒီကမ္ဘာကြီးမှာ ဘယ်အရာကများ ရှင့်ကို အရေးတကြီး အပြင်ထွက်သွားရအောင် စွမ်းဆောင်နိုင်ခဲ့သလဲ.. ” ဟု ပြောပြောဆိုဆိုဖြင့် သိချင်စိတ်ကို ထိမ်းချုပ်မရတော့ဟန်နှင့် အဖိုးလက်ထဲမှာ ကိုင်ထားသော အထုပ်ကလေးကို အမောတကော ဆွဲယူလိုက်လေသည်။ အဖိုးထံမှ ထွက်ပေါ်လာမည့် ရှင်းပြစကားကိုပင် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပါ။ အထုပ်ကလေးကို လျှင်မြန်လွန်းလှသော စိတ်ဇောဖြင့် စက္ကူများကို ဆွဲဖြည်မိတော့သည်။ အထုပ်တွင်းမှာတော့ ဘူးကလေးတစ်ခု၊ ဘူးကလေးကို တုန်ယင်တဲ့ အဖွားရဲ့ လက်အစုံနဲ့ ဖွင့်ကြည့်လိုက်သည်တွင်
ပုလဲ ဆွဲကြိုးလေးတစ်ကုံး…
အံ့သြခြင်းကြီးစွာဖြင့် အဖိုးမျက်နှာကို အဖွားက စောင်းငဲ့၍ ကြည့်လိုက်သည်တွင် “ဒီနေ့ဟာ ငါတို့ရဲ့ နှစ်၅၀ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့လေ. ငါ့ဘ၀မှာ မင်းကို လက်ဆောင်ဆိုတာ ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူးနော်.. ဒီတစ်ခေါက်တော့ ငါ့ရင်ထဲမှာ မင်းကို လက်ဆောင်ပေးချင်စိတ် ပြင်းပြင်းပြပြကို ဖြစ်မိတယ်.. မင်းဟာ ငါ့အပေါ် အမြဲတမ်း ကောင်းနိုင်ခဲ့၊ ချစ်နိုင်ခဲ့တယ်။ ခုလို ငါမသန်မစွမ်း ဖြစ်တော့လဲ အနစ်နာခံပြီး မငြိုမငြင် ပြုစုခဲ့တယ်.. ဒါပေမဲ့ ငါ့ဘက်က မင်းအပေါ်မှာ ဘာမှ တာဝန် မကျေခဲ့သလို ခံစားမိတယ်.. မင်းရဲ့ ဂရုစိုက်မှု၊ ချစ်ခင် မြတ်နိုးမှုတွေကို အသိအမှတ် မပြုသလို နေခဲ့မိတယ်.. ဒါကြောင့် မင်း ချက်ပြုတ်နေတုန်း ခန အပြင်ထွက်သွားပြီး ဒါလေးကို သွားဝယ်တာပါ… ဒီ လက်ဆောင် လေးဟာ ငါ့တစ်သက်မှာ မင်းကိုပေးဖူးတဲ့ ပထမဆုံး လက်ဆောင်လဲ ဖြစ်လိမ့်မယ်နော်.. ဒါလေးကို ငါတို့ရဲ့ နှစ်၅၀ပြည့် မင်္ဂလာ လက်ဆောင်အဖြစ်ရော၊ ငါ့ရဲ့ ချစ်လက်ဆောင် အဖြစ်ပါ အသိအမှတ်ပြုပြီး မင်းလက်ခံပေးပါနော်.. ” အဖိုးထံမှ သူမဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့ နုညံ့ချိုသာသော အသံကို တိုးညှင်းစွာ၊ ဖြေးလေးစွာ၊ တုန်ယင်စွာနှင့် မသဲမကွဲ ကြားလိုက်ရတော့သည်။ သို့သော် မသဲကွဲပေမဲ့ အဖိုးပြောသမျှကို သူမ လုံးစေ့ပတ်စေ့ နားလည်နိုင်ပါသည်။ ဒီလူနှင့် နေခဲ့သည်မှာ နှစ် ၅၀ပင် ရှိခဲ့ပြီ မဟုတ်ပါလားလေ။
အဖွားမျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံ အိုင်ထွန်း လာပါတော့သည်။ အဖိုး၏ လက်ကလေးကို အသာအယာ ဆွဲကိုင်ကာ သူမ ပါးပြင်နှစ်ဘက်ပေါ် အပ်ထားမိလိုက်တော့ အဖွား၏ မျက်ရည်များက အဖိုး၏ လက်ပေါ်သို့ တစ်သွင်သွင် စီးကျလာ တော့သည်။ ထို့နောက်တွင် အဖိုးရဲ့ လက်ကို ခိုင်မြဲစွာ တွဲကာ အိမ်ဆီသို့ ၂ယောက်သား ပြန်လာခဲ့ကြတော့သည်။ အဖွား၏ မျက်နှာပေါ်တွင် မျက်ရည်စများနှင့် သို့သော် ကြည်နူးမှု အပြုံးလေးတစ်စက တွဲခိုလျှက်။ အဖိုး၏ မျက်နှာပေါ်တွင်လည်း ကြည်နူးမှု အပြုံးလေးက မပီဝိုးဝါး ခပ်ရေးရေးလေး။ သို့သော် အဖိုး၏ ကြည်နူးမှုအပြုံးကို အဖွားတစ်ယောက် ကောင်းစွာ ခံစားသိရှိပါလိမ့်မည်။ ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးတဲ့ အဖိုး၏ အချစ်တို့သည် ယခုအချိန်ရောက်မှ အဖွားတစ်ယောက် သိခွင့် ရလိုက်သော်လည်း သူမစိတ်ထဲ တွေးနေမိသည်က “အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”.. ဟူ၍သာ..။ ထို့နောက်တော့ “ကျွန်မကို လက်ဆောင်မပေးလဲ ရှင့်ကို အမြဲချစ်နေမှာ၊ ဂရုစိုက်နေမှာပါ အဖိုးကြီးရယ်” ဟု ရှက်ပြုံး၊ ကြည်နူးသည့် အပြုံးလေးနှင့် အဖိုးကို ပြောလိုက်ပါတော့သည်။
-------------------------------------------------------------------------------------------------------------------------
ကျွန်မတို့တွေလဲ ကိုယ့်ရဲ့ဘ၀မှာ ကိုယ် ချစ်ခင်ရသူများကို ချစ်ခင်မြတ်နိုးတဲ့ အကြောင်းကို သိအောင် ပြောပြဖို့ နှောင့်နှေးခဲ့ကြ ဖူးမလား မသိဘူးနော်.. ဒီလိုဆိုရင်ဖြင့် နောက်မကျသေးခင်မှာ ကိုယ်ချစ်ခင်တဲ့ အကြောင်းကို ၀န်မလေးဘဲ ပြောထွက်ကြဖို့ ကြိုးစား ကြပါဦးစို့လားနော်.... ချစ်ခြင်းမေတ္တာ ဆိုတာ ဘယ်လိုလူတိုင်း အတွက်မဆို လိုအပ်တဲ့ ဆေးတစ်ခွက်၊ ခွန်အားတစ်လက်ဘဲ မဟုတ်ပါလားရှင်.......
Chicken Soup for the Bride's Soul မှ Danise Jacoby ရဲ့ A Change of Heart ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။ အားလုံးဘဲ ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ အေးချမ်းကြပါစေရှင်..
ချော(အစိမ်းရောင်လွင်ပြင်)
31 comments:
- အေးမျက်သော် said...
-
ပထမဆုံး comment ဟ ဟ..
- April 23, 2010 at 7:52 AM
- panpan said...
-
မမ အရမ်းဖတ်လို့ကောင်းပါတယ်..ကိုယ်ချစ်တဲ့သူဆီကနေ လက်ဆောင်တစ်ခုလောက် ရချင်ပါတယ် ဒါပေမဲ့ အမှတ်တရဆိုပြီး တစ်ခုမှ မရဘူးပါဘူး ..
- April 23, 2010 at 7:55 AM
- အဖြူရောင်နတ်သမီး said...
-
ချစ်သူဆီက ရတဲ့လက်ဆောင်ဟာ အဖိုးတန်ပစ္စည်းမှ မဟုတ်ပါဘူး ...
ပန်းလေးတပွင့်(သို့မဟုတ်)စာကြောင်းလေးတစ်ကြောင်းပဲဖြစ်နေပါစေ
မိန်းခလေးတိုင်း လိုချင်တောင်းတ စောင့်စားခဲ့ရတဲ့လက်ဆောင် ဆိုတာ
ချစ်သူ ယောက်ျားလေးတိုင်း သိမြင်နားလည်နိုင်ပါစေ.... - April 23, 2010 at 9:05 AM
- ဒဏ္ဍာရီ said...
-
ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား အပြင် လေးနက်တဲ့ အမှတ်တရ တခုခု ရရှိခဲ့ဘူးတဲ့ ချစ်သာဟာ လောကမှာ တကယ်ရှားပါးတယ် ချောရယ်..။ အခုလို ချစ်တဲ့ အိမ်ထောင်ဘက်ဆီက အဘွားရခဲ့ အဖိုးဆီက အမှတ်တရဟာ တန်ဘိုး နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သူမအတွက်တော့ အဖိုးဖြတ်မရတဲ့ ချစ်ခြင်းမေတ္တာတွေပဲပေါ့။
ဘာသာပြန်ရော အရေးအသားလေးပါ အရမ်းကောင်းတော့ ရင်ထဲအထိ ရောက်သွားတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ - April 23, 2010 at 9:20 AM
- ahphyulay said...
-
ဖတ်ပြီး နင့် သွားသလို ရင်ထဲ မှာ ဖြစ်မိ ပါတယ် ။
အချစ် က ဘယ်တော့ မှ ဟောင်းနွမ်း အိုမင်းသွား တယ်မရှိ ဘူး ဆိုတာကို
ပြော ချင်တာ လို့ ထင်ပါတယ် လို့  ။ အရွယ် ပြောင်းတော့  အရောင် ပြောင်း
လာပြီး အေးချမ်း တဲ့  အငွေ့  ကို ရ လိုက် သလိုပါပဲ။
ဆီလျော် အောင် ပြန်တယ် ဆိုပေမဲ့  ခံစားပြီးမှ ရေးဖွဲ့  ထားသလိုပါပဲ။ - April 23, 2010 at 10:32 AM
- ဇော်သိင်္ခ said...
-
``ကိုယ့်ရဲ့ဘ၀မှာ ကိုယ် ချစ်ခင်ရသူများကို ချစ်ခင်မြတ်နိုးတဲ့ အကြောင်းကို သိအောင် ပြောပြဖို့ နှောင့်နှေးခဲ့ကြ ဖူးမလား မသိဘူးနော်..``
နှောင့်နှေးခဲ့ ဖူးပါတယ်ခင်ဗျာ..
အခုချိန်မှ ပြောမယ်ဆိုရင်တောင် ပြောဖို့အခွင့်အလမ်းမရှိနိုင်တော့ပါဘူးဗျာ..။ ၁၅၀၀ ပဲဖြစ်ဖြစ် ၅၂၈ ပဲဖြစ်ဖြစ်..... ကိုယ် ချစ်ခင်ရသူများကို ချစ်ခင်မြတ်နိုးတဲ့ အကြောင်း သိအောင် ပြောမပြနိုင် ခဲ့တာကိုက ကျွန်တော့် အပြစ်လို့ ဆိုရမှာလားပဲဗျ... အရမ်းဖတ်လို့ ကောင်းပါတယ်.. အမရေ..
ပျော်ရွှင်ပါစေနော်.. - April 23, 2010 at 10:54 AM
- ဏီလင်းညို said...
-
မချောရေ...
ဖတ်ရတာတစ်ကယ်ကောင်းတယ်ဗျာ....။
တစ်ကယ်တမ်းကျပြန်တော့လည်း အဲ့ဒီလိုအရာလေးတွေက ဘ၀မှာလိုအပ်သေးတာပဲနော်...။ ဟုတ်ပဗျာ...။
ခင်မင်တဲ့
ဏီလင်းညို - April 23, 2010 at 11:23 AM
- အကြမ်းထည် said...
-
very good and nice post.
carry on!!
with rep; - April 23, 2010 at 12:04 PM
- မြစ်ကျိုးအင်း said...
-
နောက်မကျရအောင်လို့ ငယ်ငယ်ထဲက အလေ့အကျင့်လုပ်ထားပါတယ်း)
တန်ဖိုးများတာ မများတာထက် အထိမ်းအမှတ်နေ့လေးတွေမှာ သတိတရနဲ့
လက်ဆောင်လေးတွေ ပေးသင့်ပါတယ်။ ကိုယ့်ဘေးကလူရဲ့ စိတ်နှလုံးသား
အစဉ်အမြဲ နုပျိုနေအောင် လုပ်ပေးမှ အဖော်မွန်ကောင်း ဖြစ်မယ်လေ
ဘာသာပြန်လေး ကောင်းပါ့ဗျာ - April 23, 2010 at 1:25 PM
- ကိုဇော် said...
-
ဘယ်သူနဲ့ ဘယ်သူရယ် မဟုတ်ပါဘူး. . .
အမှတ်တရ လေးတွေ ဆိုတာကတော့ ရှိသင့် ပေးသင့်ပါတယ်။
ဒါမှ ချစ်ခြင်း မေတ္တာ ဆိုတာကို ဆက်ပြီး နုပျိုစေမှာပါ။ - April 23, 2010 at 1:51 PM
- ညလင်းအိမ် said...
-
ဖတ်ရတာ ကြည်နူးစရာလေးဗျာ ....
တကယ်တော့ အချစ်ဆိုတာ တချိန်ချိန်တော့ ရောင်ပြန်ဟပ်တတ်တာပဲနော် ...
ကျွန်တော့်တော့ ကိုမြစ်လိုပဲ အလေ့အကျင့်တော့ လုပ်ခဲ့ပါတယ် ...
အဲဒါလေးတွေက ခုတော့ ပြန်မရနိုင်တော့တဲ့ ကြည်နူးပျော်ရွှင်မှု တခုပဲဆိုတာ ပြန်လည်တွေးရင်းနဲ့ ကျေနပ်နေရပါပြီ ... - April 23, 2010 at 2:58 PM
- bear said...
-
အင်းး အပျိဂျီးးးးးး (ပါးပါးလေသံပေါ့ ဟဟ) ရေးထားတာ ဟက်ထိတယ် ဗျိုးးးးးးး ဟိ
- April 23, 2010 at 5:51 PM
- ဂျစ်တူး(မုံရွာ) said...
-
အင်း ----
အရမ်းဋ္ဌကိုက်တယ်ဗျာ-ဘာဘဲဖြစ်ဖြစ်ချစ်သူကိုပေးသင့်တာပေါ့- - April 23, 2010 at 9:24 PM
- ကိုကိုမောင် said...
-
စံတင်လောက်တဲ့ အချစ်လို့ခေါ်ရမလား မသိဘူး။ သိလိုက်တာ တစ်ခုကတော့ အမျိုးသမီးတွေဟာ သူတို့ချစ်သူတွေဆီက အမှတ်တရ လက်ဆောင်ကို တမ်းတတတ်ကြတယ်ဆိုတာကိုပေါ့။
ပျော်ရွှင်ပါစေ အမ။ - April 24, 2010 at 2:35 AM
- ချိုကျ said...
-
ကောင်းလိုက်တဲ့ဇတ်လမ်းလေးပဲ အစ်မရေ..အသက်တွေကြီးသည့်တိုင် မပျက်ယွင်းတဲ့ မတ္တာကိုမြင်တွေ့ ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးပါနော်။ ခင်တဲ့(ချိုကျ)
- April 24, 2010 at 4:46 AM
- မြသွေးနီ said...
-
အမှတ်တရလက်ဆောင်လေးတွေဟာ..ချစ်ခြင်းမေတ္တာရဲ့ အစိတ်အပိုင်းလေးတွေပါပဲနော်..။ တချို့က ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြဖို့ သူတို့ရဲ့ ပင်ကို သဘာဝအရ တုန့်နှေးနောက်ကျ နေတတ်တယ်။ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသဖို့ ဘယ်အခါမှ နောက်မကျမိစေဖို့ ဒီပို့စ်လေးက မက်ဆေ့ခ်ျပေးလိုက် သလိုပါဘဲ ချောရေ ။
- April 24, 2010 at 5:52 AM
- လန်းလန်း said...
-
အရမ်းကိုဖတ်လို့ ကောင်းပါတယ်
- April 24, 2010 at 6:04 AM
- sosegado said...
-
“ကျွန်မကို လက်ဆောင်မပေးလဲ ရှင့်ကို အမြဲချစ်နေမှာ၊ ဂရုစိုက်နေမှာပါ အဖိုးကြီးရယ်” အကြိုက်ဆုံးပဲ။
အဖိုးကြီးလည်း အဖွားကြီးဆီက လက်ဆောင်လိုချင်မှာပဲ၊ - April 24, 2010 at 6:43 AM
- KiKi said...
-
“အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”..
- April 24, 2010 at 8:35 AM
- KiKi said...
-
ဖတ်လို့ ကောင်းတယ် မချောရေ ။အေးအေးလေး နဲ့  ငြိမ့် ငြိမ့် လေး ဆွဲဆောင်သွား တာကြည်နူး စရာပါပဲ ။
“အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”....
အင်းးးး ဒါဆိုရင် မျှော်လင့်ချက်လေး ရှိနေပါသေးလား လို့  အားတက်သွားတယ် ..
အဖိုးကြီး နဲ့ အဖွားကြီး တို့ လို ကြာလေလေ ခိုင်မြဲ လေလေ အချစ်မျိုး တော့ လိုချင်မိသား ပဲ ..ခုခေတ်မှာတော့ ရှားပါးပစ္စည်း လို ဖြစ်နေပြီနော် ။
ခင်တဲ့ 
မကိ - April 24, 2010 at 8:40 AM
- KiKi said...
-
ဖတ်လို့ ကောင်းတယ် မချောရေ ။
ဖြေးဖြေးလေးနဲ့ ငြိမ့် ငြိမ့်လေး ဆွဲဆောင်သွား တာ ကြည်နူစရာလေး ပဲ .
“အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”..
ဒါဆိုရင်တော့ မျှော်လင့်ချက်လေးတွေ ရှိနေသေးလို့  အားမလျှော့တော့ဘူး ..း))
အဖိုးကြီး နဲ့ အဖွားကြီးလို ကြာလေလေ ခိုင်မြဲလေလေ အချစ်မျိုး . ခုခေတ်မှာ ရှိတော့ ရှိတယ် ရှားတယ် ဆိုရမလောက် အောင်ပဲ နော်..
ဒီလို ရှားပါးပစ္စည်းလေးတွေ လိုချင်မိတယ် .. ဟိဟိ
ခင်တဲ့
မကိ - April 24, 2010 at 8:44 AM
- လသာည said...
-
ဖတ်လို့ကောင်းလိုက်တာ..။ အဲလို မေတ္တာဘွဲ ဇာတ်လမ်းလေးတွေကို ပီပြင်စွာ ဖွဲသီတတ်တာကို အားကျတယ် တကယ်။
- April 24, 2010 at 12:02 PM
- နှင်းနဲ့မာယာ said...
-
ချောရေ
ဒီပို့စ်လေးဖတ်ပြီး ကြည်ကြည်နူးနူးလေး ခံစားရတယ်...
အချစ်မှာ အိုတယ်ဆိုတာမရှိပါဘူး...
ချစ်တတ်တဲ့သူတွေအတွက်တော့ အချစ်က အမြဲတမ်းနုပျိုနေမှာပါ...
နှင်း - April 24, 2010 at 8:24 PM
- ပုံမှန် said...
-
အင်း ..အရေးအသားနဲ့ ဇာတ်လမ်းလေးကိုကြည့်ရတာ ရိုးရိုးလေးနဲ့ခံစားရတယ်ဗျာ..ကျွန်တော်တောင်အချစ်အကြောင်းရေးချင်စိတ်တွေပေါက်လာပြီ...
- April 25, 2010 at 10:46 AM
- ကေသရီ said...
-
ကိုယ့်ချစ်သူရဲ့လက်ဆောင်ကို ဘယ်မိန်းကလေးပဲဖြစ်ဖြစ်တန်ဖိုးထားလိုချင်မှာပါ။ တစ်ချို့က ထုတ်ဖော်ပြောစရာမလိုဘူးလို့ထင်ပေမယ့် တကယ်တော့ လိုအပ်ပါတယ်။ အစ်မဘာသာပြန်ထားတဲ့ စာလေးကို ဖတ်ပြီးတော့ ကြည်နူးမိသွားတယ်။
- April 25, 2010 at 2:27 PM
- nai said...
-
အစိမ်းရောင်လွင်ပြင်ထဲကမမလေးရေ...
ကျွန်တော်ကလူစိမ်းပါ...
အခုစာလာဖတ်ရင်အစိမ်းရောင်ချင်းရောသွားလို့ကျွန်တော့ကိုပြန်ရှာပေးကြပါ......
အစစအရာရာအဆင်ပြေပါစေ...
အားပေးလျှက်(နိုင်) - April 26, 2010 at 3:27 AM
- အင်ကြင်းသန့် said...
-
အင်း....အချစ်အကြောင်းဆိုတာ ပြောပြမှ သိမှာလား... မပြောပဲနဲ့ ခံစားနားလည် မပေးနိုင်ဘူးလား...
ကြည်နူးစရာ ဇာတ်လမ်းလေးပါပဲ... (ကဲကဲ...အခုဇာတ်လမ်းလေးလိုပဲ ကြည်နူးစရာ ကိုယ်တွေ့ဇာတ်လမ်းလေးလဲ ရေးဦးမှပေါ့...လျှိုမထားပါနဲ့...) - April 26, 2010 at 5:51 AM
- မကေ said...
-
မချောရေးတဲ့စာတင် မဟုတ်ဘူး comment တွေအားလုံးကိုပါ ဖတ်သွားပါတယ်။ :)
ချစ်တဲ့
မကေ - April 26, 2010 at 6:51 AM
- ပြည့်စုံ said...
-
ဟုတ်တယ်ဗျို့ ကိုယ်တွေ့လေးကောဖတ်ချင်ပါတယ် မချောရေ..ဟိးဟိး
- May 7, 2010 at 1:10 PM
- thuyaaung90 said...
-
ဟုတ်တယ်နော် ချစ်သူ က ပေးမယ်ဆိုရင် ကျောက်ခဲလေးတစ်လုံးတောင် အမှတ်တရ အနေနဲ့ ကိမ်းထားချင်ခဲ့တာပါ် ။ တကယ် မယုံလဲမတတ်နိုင်ဘူးနော်။
- May 19, 2010 at 3:42 PM
- Chit said...
-
ချစ်သူက ပေးမရ် ဆိုရင် ကျောက်ခဲလေးတစ်လုံးတောင် အမှတ်တရနဲ့ သိမ်းထားချင်ခဲ့တာပါ တဲ့ ချစ်ကတော့ ပေးချင်ပေး ကျောက်ခဲပေးဘူး သူရ ငါနင့်ကို အနာကပ်ပလာစတာ ပေးမရ် ဟိ ဟိ
- May 19, 2010 at 3:56 PM