မွေးရပ်မြေသို့ အပြန်
Wednesday, April 21, 2010
အားလုံးဘဲ မင်္ဂလာပါနော်….
ခရီးထွက်ရာက ပြန်ရောက်ပါပြီရှင်.. ခရီးထွက်ပြီး ပြန်လာတာဖြစ်လို့ ခုတလော တင်ဖြစ်မဲ့ အကြောင်းအရာတွေက ခရီးသွား အတွေ့အကြုံ တစ်ချို့နဲ့ ကျွန်မဇာတိ မွေးရပ်ဌာနေ အကြောင်း တစ်စေ့တစ်စောင်းလေးတွေ ဖြစ်ဖို့ များပါတယ်.. ကျွန်မရဲ့ ဇာတိမွေးရပ်ဒေသ ဆိုတာကလဲ ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရာဒေသ ဖြစ်တာကြောင့် မရောက်ဖူးသေးသူများရော ရောက်ဖူးသူများပါ ဗဟုသုတ အနေနဲ့ မြင်တွေ့ခွင့်ရအောင် နောက်ပိုစ့်တွေမှာ ကျောက်စိမ်းတွင်းဒေသရဲ့ ကျောက်တူးဖော်နေကြတဲ့ လုပ်ကွက်တွေကို ပုံလေးတွေပါ ဖော်ပြပြီး တင်ပေးဖို့ ရည်ရွယ်မိပါတယ်.. ကျွန်မရဲ့ ဇာတိဒေသလေးကို ချစ်ခင်တဲ့စိတ်၊ မရောက်ဖူးသူများ ဗဟုသုတ အနေနဲ့ သိကြစေဖို့ ရည်ရွယ်ချက်တွေနဲ့သာ ရေးမှာဖြစ်ပါတယ်..
ကျွန်မရဲ့ ဇာတိမွေးရပ်မြေ ဖားကန့်၊ လုံးခင်းဒေသဟာ ကချင်ပြည်နယ်တွင်းမှာ တည်ရှိပါတယ်.. မြစ်ကြီးနားမြို့ကနေ မိုင်တစ်ရာနီးပါး ဝေးကွာပါတယ်.. ကျောက်စိမ်းထွက်ရာ ဒေသမို့ မှော်နယ်မြေရယ်လို့ လူသိများပါတယ်.. မြစ်ကြီးနားမြို့ကနေ သွားလို့ရသလို မိုးကောင်းမြို့ကနေလည်း သွားလို့ရပါတယ်.. ကျွန်မအလုပ်လုပ်တဲ့ နေရာကနေ မြစ်ကြီးနားမြို့ကို အရင်ဆုံး ရောက်တာဖြစ်လို့ မြစ်ကြီးနားမြို့မှာ ညအိပ်ပြီး မနက်စောစောမှာ ဗင်ကားနဲ့ ကျောက်စိမ်းတွင်းရှိရာ မွေးရပ်မြေကို ခရီးဆက်ရပါတယ်.. မြစ်ကြီးနားမြို့ကတော့ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်.. ကျွန်မနှစ်သစ်မိတဲ့ မြို့ထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့ မြို့လဲဖြစ်ပါတယ်.. ရာသီဥတု မပူပြင်းလှသလို သစ်ပင်ကြီးတွေနဲ့ စိမ်းစိမ်းစိုစို လှလှပပ ရှိတဲ့မြို့ ဖြစ်တဲ့အပြင် သစ်သီးဝလံ ပန်းမာန် ပေါများလှပါတယ်… ဧရာဝတီမြစ်ကြီးရဲ့ အလှအပကြောင့် ပိုပြီး နေချင့်စဖွယ် သာသာယာယာ ရှိတာကြောင့်လဲ မြစ်ကြီးနားမြို့ဟာ နံမည်ကျော်ပါတယ်.. မြစ်ကြီးနားကနေ မှော်နယ်မြေကို ပြေးဆွဲတဲ့ ကားတွေက ဟိုင်းလပ်၊ ဖိုးဝီး၊ မီနီဘတ်စ် စသဖြင့် အစုံရှိတဲ့အတွက် နှစ်သစ်ရာကားကို ရွေးချယ်စီးလို့ရပါတယ်.. ကျွန်မကတော့ မြန်ဆန်ပြီး လူနည်းနည်းသာစီးတဲ့ ဗင်ကားကို ရွေးချယ်စီးပါတယ်
မြစ်ကြီးနားမြို့တွင်း သစ်ပင်များဖြင့်ဝေဆာနေသောလမ်းမ
မြစ်ကြီးနားမြို့တွင်း တစ်နေရာ
ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတား
တံတားပေါ်မှ မြင်တွေ့ရသော မြစ်ဧရာအလှနှင့် တောင်တန်းတစ်ချို့
ကားပေါ်ကနေ အမြန်ရိုက်လိုက်မိတဲ့ မြစ်ကြီးနား တက္ကသိုလ်ရဲ့မြင်ကွင်းပါ..
မြစ်ကြီးနားမြို့အထွက် မုဒ်ဦး
မြစ်ကြီးနား မိုးကောင်း ကားလမ်းမ
မြစ်ကြီးနားမြို့ကအထွက်မှာ ကားလမ်းမဟာ ကတ္တရာခင်းလမ်းဖြစ်ပါတယ်… ဒါပေမဲ့ နမ္မတီးမြို့ကို ကျော်လွန်ပြီးတဲ့ ချိန်မှာတော့ မြေသားကျောက်စရစ်လမ်းဖြစ်သွားပါပြီ.. နွေအခါ ဖုန်တစ်ထောင်းထောင်းနဲ့ မိုးအခါ ဗွက်ဟောင်းလောင်းနဲ့ လမ်းများဘဲဖြစ်ပါတယ်.. တစ်ခေတ်တစ်ခါကတော့ ကျောက်စိမ်းတွင်း အသွားလမ်းဟာ ဆိုးလွန်းအားကြီးလို့ လူတောင် ဗွက်နစ်ပြီး သေတယ်လို့ နံမည်ကျော်ခဲ့တဲ့ လမ်းဖြစ်ပါတယ်.. ကျွန်မတို့ ငယ်စဉ်က ဒီလမ်းတွေဟာ တစ်နှစ်တစ်ခေါက် မြို့ကို ကျောင်းတက်ဖို့ သွားရာမှာ ကျောင်းသားအင်အား များများစုစည်းပြီး အုပ်ထိန်းသူက လိုက်ပါကာ ကားနဲ့ သွားဖို့မဖြစ်နိုင်တဲ့ ဒီလမ်းတွေပေါ်မှာ ခက်ခဲပင်ပန်းစွာ ဗွက်တွေနွံတွေကြားမှာ တစ်ရက်ကို မိုင်၂၀နှုန်းထားနဲ့ မိုးကောင်းမြို့ကို ခြေလျှင် ၃ရက် လျှောက်ခဲ့ရပါတယ်.. စီးရတဲ့ ဖိနပ်က ပွိုင့်ဖိနပ်လို့ခေါ်တဲ့ တောစီးဖိနပ်တစ်မျိုးပါ.. ဖိနပ်ထဲမှာ ဗွက်တွေ၊ ရေတွေဝင်ပြီး လမ်းလျှောက်ရ ခက်လွန်းပေမဲ့ ရွံ့နွံထဲမှာ ဘယ်လိုဖိနပ်မျိုးနဲ့မှ လျှောက်မရဘဲ လျှောလွန်းတာကြောင့် လူတိုင်းက ဒီဖိနပ်ကိုသာ စီးကြရပါတယ်.. ၃ရက်ခရီးအပြီးမှာတော့ ခြေသည်းတစ်ချို့ ကျွတ်ထွက်ကုန်တဲ့အထိ ဖြစ်ခဲ့ရဖူးပါတယ်..
ကျောက်ကြမ်းလမ်းမ
တောတောင်ကြားက လမ်းကြမ်းကြမ်း
ဒီလိုတံတားမျိုးတွေလဲ ဖြတ်ရပါတယ်..
လမ်းက အမိုးအကာ သိပ်မလုံခြုံလှတဲ့ စခန်းလေးတွေမှာ ဖြုတ်တွေ ခြင်တွေကြား၊ မိုးတွေလေတွေကြား အကြိမ်ကြိမ် အိပ်စက်ခဲ့ရဖူးပါတယ်.. တစ်ခါတစ်ရံမှာ ကိုယ့်အဖွဲ့ ညအိပ်စခန်းချမဲ့နေရာမှာ တဲတစ်လုံး တစ်လေမှ မရှိလို့ လူကြီးတွေက သစ်ခုတ်၊ ၀ါးခုတ်ပြီး တဲထိုးကြရပါတယ်.. တောတောင် ထူထပ်တာမို့ သစ်ဝါးတော့ အင်မတန်ပေါပါတယ်.. ပြီးတော့ ကျွန်မတို့ဒေသမှာ ရုန်းလို့ခေါ်တဲ့ အရွက်တစ်မျိုးကို အိမ်မိုးအဖြစ် အသုံးပြုကြပါတယ်.. ပင်လယ်ကမ်းစပ်မှာသုံးကြတဲ့ ဓနိရွက်နဲ့ ဆင်ဆင်တူပါတယ်.. ခုချိန်မှာတော့ အရင်တုန်းကလို လမ်းမှာ အိပ်ရတဲ့အဖြစ်က အိပ်မက်တစ်ခုလို ဖြစ်သွားခဲ့ပါပြီ.. လမ်းတွေမှာလဲ ရွာတွေ အိမ်ခြေတွေ အများအပြား ရှိလာပြီဖြစ်ပါတယ်… ပြီးတော့လဲ လမ်းတွေဟာ ယခင်ကလို ရွံ့ဗွက်အတိနဲ့ မဟုတ်တော့ဘဲ ကျောက်မျက်ကုမ္ပဏီအချို့ရဲ့ ပြုပြင်မှုကြောင့် ကျောက်ကြမ်းခင်းတဲ့ အဆင့်ထိ တိုးတက်လာပြီဖြစ်ပါတယ်...
ကိုင်းတောကြားက မြေသားလမ်း
လမ်းဘေးတစ်လျှောက် တောတောင်များ
ဒီလိုကားနဲ့ သွားကြမလား
ဒီကားနဲ့ဆိုရင်လည်း ရောက်ပါတယ်...
မြစ်ကြီးနားက ထွက်လာပြီး လမ်းတစ်ဝက်လောက်မှာ လ၀ါး လို့ခေါ်တဲ့ ကချင်ရွာကလေးမှာ နေ့လည်စာ စားဖို့ ကားရပ်နားပါတယ်.. ယခင်က ဖြတ်သန်းနေကျ မိုးကောင်း၊ကားမိုင်း စတဲ့ မြို့တွေကို ဖြတ်စရာမလိုတော့ဘဲ အသစ်ဖောက်ထားတဲ့ လမ်းကနေ မောင်းလို့ရနေပါပြီ.. ကျွန်မတို့ကား ရပ်တဲ့ဆိုင်ကလေးက ကချင်ရိုးရာ ထမင်းဆိုင်လေးဖြစ်လို့ ထမင်းကို ဖက်ကလေးနဲ့ ထုပ်ထားတာလေးက မြင်တာနဲ့စားချင်စိတ်ဖြစ်မိတာမို့ နွားနို့သာသောက်မယ်လို့ ရည်ရွယ်မိပေမဲ့ ထမင်းစားဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဒီရွာကလေးက နွားနို့စစ်စစ်ကြောင့်လဲ နာမည်ကြီးပါတယ်.. မှာစားဖြစ်တဲ့ ဟင်းတွေက ၀က်သားနဲ့ မျှစ်ချဉ်၊ ငါးကလေးအိုးကပ်၊ ရုံးပင်က ရတဲ့ အူတိုင်ဖြစ်တဲ့ ရုံးအူနဲ့ ကံဇင်းလို့ခေါ်တဲ့ အရွက်တစ်မျိုးဟင်း အရည်သောက်ပါ.. ကချင်ငရုပ်သီးထောင်းလေးပါ အဆစ်ပါပါတယ်.. ကံဇင်းဆိုတဲ့အရွက်ကိုတော့ ကချင်ပြည်နယ် ရောက်ဖူးသူတွေမှသာ ကြားဖူး၊တွေ့ဖူးမဲ့ အရွက်ပါ.. အရွက်နဲ့အရိုးမှာ ဆူးကလေးတွေပါပြီး မကြိုက်သူတွေအတွက်တော့ အနံ့နံလို့ စားရတာခက်တယ်လို့ ပြောတတ်ကြပါတယ်.. ကချင် တိုင်းရင်းသားတွေ အကြိုက် ဟင်းခတ်အမွှေးအကြိုင် အရွက်တစ်မျိုးလဲ ဖြစ်ပါတယ်.. ကချင်ပြည်နယ်က လူတွေ တော်တော်များများတော့ ကြိုက်ကြတာ များပါတယ်.. .. ထမင်းလေးကတော့ ဖက်နဲ့ထုပ်ထားတာမို့ ငှက်ပျောဖက်နံ့ သင်းသင်းလေးနဲ့ စားရတာ အတော် ခံတွင်းမြိန်စေပါတယ်..
လ၀ါး ကျေးရွာလေးက ကချင်တိုင်းရင်သား စားသောက်ဆိုင်ကလေး
ငှက်ပျောဖက်ထုပ် ထမင်းနဲ့ ကချင်ဟင်းတစ်ချို့
ကံဇင်းဟင်းရည်နဲ့ ငရုပ်သီးထောင်း
ကျွန်မတို့ဒေသမှာ ကံဇင်းရွက်နဲ့ ပတ်သက်ပြီး ဆိုရိုးလေးတစ်ခုတောင် ရှိပါသေးတယ်… အောက်ပြည်အောက်ရွာကလာတဲ့ တစ်ရွာသားနဲ့ လက်ထပ် ပေါင်းသင်းထားတဲ့ သမီးကို မကြာခင်မှာ အမေလုပ်သူက သမီး ညည်းယောက်ျား ကံဇင်းရွက် စားတတ်ပြီလားလို့ မေးပါတယ်.. သမီးက မစားတတ်သေးဘူးအမေ လို့ ပြန်ဖြေတယ်.. အမေက စားတတ်အောင် လုပ်ထားလို့ ပြန်ပြောပါတယ်… နောက် အချိန်အတန်ကြာတော့ ပြန်မေးပါတယ်.. သမီး ညည်းယောက်ျား ကံဇင်းစားတတ်ပြီလားတဲ့ သမီးက စားတတ်ပြီ အမေလို့ ပြန်ဖြေတော့ ဒါဆို စိတ်ချရပြီ.. ညည်းယောက်ျား အိမ်ပေါ်က ကန်ချရင်တောင် မဆင်းတော့ဘူးလို့ ပြန်ပြောလိုက်ပါတယ်တဲ့.. ကံဇင်းဆိုတဲ့အရွက်က ကချင်ပြည်နယ်မှာသာ ရှိတာမို့ ဒီအရွက်ကြိုက်သွားရင် ဘယ်မှာမှ မရနိုင်တဲ့အတွက်ကြောင့် သမက်လုပ်သူက အိမ်ပေါ်ကနေ ဘယ်လိုနည်းနဲ့မှ ဆင်းတော့မှာ မဟုတ်လို့ သမီးအတွက် စိတ်ချရပြီဖြစ်ကြောင်း ပိုပိုသာသာ ချဲ့ကားပြီး ပြောကြတဲ့ ဆိုရိုးစကားလေး ဖြစ်မှာပါ… အတိအကျ မှန်မမှန်တော့ မပြောတတ်ပါဘူးရှင်.. ကြားဖူးတာလေးကို ပြန်ဖောက်သည်ချတာပါ..
ကံဇင်းရွက်ရဲ့ ပုံပါ
ဆက်ပြီးတော့ ခရီးထွက်လာကြရာမှာ လမ်းတစ်လျှောက်ရဲ့ ရှုခင်းတစ်ချို့နဲ့ မှော်နယ်မြေရဲ့ မြို့ အချို့ကို ဓာတ်ပုံလေးများနဲ့ ဖော်ပြပေးထားပါတယ်.. မြစ်ကြီးနားမြို့ကနေ ၅နာရီ သာသာ ကားမောင်းပြီးချိန်မှာတော့ ကျွန်မရဲ့ မွေးရပ်မြေ ကျောက်စိမ်းတွင်းဒေသကို ရောက်ရှိပြီ ဖြစ်ပါတယ်.. ယခင်ကတော့ ခြေလျှင်ခရီးနဲ့ ၃ရက်တာ လျှောက်ခဲ့ရတဲ့လမ်းဟာ ခုချိန်မှာတော့ နေ့တစ်ဝက်နဲ့တင် သွားရောက်နိုင်ပြီ ဖြစ်ပါတယ်..
ဖားကန့်မြို့အ၀င်ဆိုင်းဘုဒ်
ဖားကန့်မြို့ရဲ့ တစ်စိတ်တစ်ဒေသ
ဖားကန့်မြို့
ဖားကန့်မြို့အ၀င်လမ်းမ
ဖားကန့်မြို့ မရှီကထောင် ဘေလီတံတား
ဆိုင်းတောင် မြို့တွင်းလမ်းမ
ဆိုင်းတောင် (ခ) ဆိပ်မူ
ကျောက်စိမ်းရော ရွှေပါ ထွက်တယ်လို့ နံမည်ကျော်တဲ့ ဥရုချောင်းပါ... ပြောရင်ယုံနိုင်ပါ့မလား.. ကျွန်မတို့ငယ်စဉ်ကတော့ ဒီဥရုချောင်းရေဟာ စိမ်းမြကြည်လင်နေပြီး ၀ါးတစ်ပြန်မက အနက်ရှိခဲ့ပါတယ်.. ဟိုစဉ်ကတော့ ချောင်းရေကိုသာသောက်သုံးပြီး ချောင်းထဲမှာသာ ရေချိုးအ၀တ်လျှော်ခဲ့ကြပေမဲ့ ခုချိန်မှာတော့ သုံးစွဲလို့ မဖြစ်တော့အောင် ရာသီမရွေး ခုလို နောက်ကျိနေတဲ့ အ၀ါရောင်ရွံ့ရေများသာ ဖြစ်နေပြီး မှော်ဒေသအသီးသီးက မြေကြီးစွန့်ပစ်မှုကြောင့် ချောင်းရေရဲ့ အတိမ်အနက်ကတော့ ဒူးခေါင်းသာသာလောက်သာ ရှိပါတော့တယ်.. ချောင်းကမ်းပါးမှာ စွန့်ပစ်ပုံထားတတ်တဲ့ မြေစာများကြောင့် ချောင်းအကျယ်ကလဲ တစ်ဖြေးဖြေး ကျဉ်းမြောင်းလာပြီ ဖြစ်ပါတယ်.. ဒါကြောင့်လဲ မိုးရာသီတွေမှာ မကြုံစဖူး မြို့ရွာတွင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနေပါပြီ.
ဒီနေရာမှာ ကျွန်မတို့ရဲ့ ကျောက်စိမ်းတွင်းဒေသဟာ အများက ထင်မြင်ထားသလို ခမ်းခမ်းနားနား သပ်သပ်ရပ်ရပ်နဲ့ ရှိနေတတ်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး ဆိုတာ ၀န်ခံချင်ပါတယ်.. ကျောက်စိမ်းထွက်ရာ၊ ကျောက်စိမ်းတူးဖော်ရာ မှော်မြေဒေသမှာ လူတွေနေထိုင်ကြရင်း မြို့ရွာရယ်လို့ ဖြစ်လာတာ ဖြစ်တဲ့အတွက် အခြားမြို့ပြတွေလို စံနစ်တကျ တည်ထောင်ထားတဲ့ မြို့ရွာ မဟုတ်ပါဘူး.. ပြီးတော့ ဒီနေ့ ဒီနေရာမှာ အိမ်ခြေနဲ့ ရွာ ဆိုတာ ရှိနေပေမဲ့ နောက်တစ်နေ့မှာ ကုမ္ပဏီကြီး တစ်ခုခုက လုပ်ကွက်ဆွဲလိုက်လို့ တူးဖော်ခွင့်ရသွားပြီဆိုရင် အိမ်ခြေတွေ မြေယာတွေ ဖယ်ပေးလိုက်ရပြီး နေ့မြင်ညပျောက် အချိန်မရွေးဖြစ်သွားတတ်တဲ့ အနေအထားမျိုးလဲ ဖြစ်ပါတယ်.. နောက်အချိန်ရရင် ကျောက်စိမ်းလုပ်ကွက်များနဲ့ ကျောက်စိမ်း အကြောင်းကို ဗဟုသုတ အနေနဲ့ တစ်စိတ်တစ်ပိုင်းတော့ သိသလောက် ရေးပြပါဦးမယ်ရှင်..
စာဖတ်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်...
ချော(အစိမ်းရောင်လွင်ပြင်)
30 comments:
- phyo said...
-
sis
i miss the places
thanks for ur sharing......
and also miss ya sis
Take care - April 21, 2010 at 6:20 AM
- Vista said...
-
ကျေးဇူးပါ ဖတ်ကောင်းလိုက်တာ
ဒါနဲ့ ကဇင်းဟင်းရည်တော့စားတတ်ပီ တစ်ခြားမိန်းမအိမ်သွားစားရင်ဘယ်လိုလုပ်မလည်း ..ကချင်ပြည်နယ်ထဲမှာပဲလေ ဟိဟိ...ကတ်သီးကတ်သတ်တွေးမိတာပါ - April 21, 2010 at 6:35 AM
- ဒဏ္ဍာရီ said...
-
ကချင်ပြည်နယ်ရဲ့ ရှုခင်းအလှတွေနဲ့ ကံဇင်းရွက် ပုံပြင်လေး နားထောင်သွားတယ်နော်။ ဟုတ်ပ vista ပြောသလို ကံဇင်းဟင်းကြိုက်တာ ကိုယ့်အိမ်အပြင် တခြားအိမ်မှာပါ သွားကြိုက်ရင် ဒုတ်ခေါ....း))
ဥရုချောင်းလေး အကြောင်း ကြားဘူးတယ်.. ဟုတ်ပ့ါနော် ရေတွေတောင် နောက်ကျိလို့ပါလား။ သဘာဝတရားတွေလည်း ပျက်စီးနေပြီနော်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ - April 21, 2010 at 6:58 AM
- ကေသရီ said...
-
အစ်မရေ ကိုယ်မရောက်ဖူးတဲ့ ဒေသလေးရဲ့ အကြောင်းကို ဖတ်ရတာ သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ ညီမလည်း တစ်နေ့နေ့တော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ဖြစ်နိုင်ရင် မြန်မာနိုင်ငံ အနှံ့ကို ခရီးသွားချင်တဲ့ဆန္ဒရှိတယ်။ မရောက်ဖူးသေးပေမယ့် ဒေသရှုခင်းလေးတွေတော့ အစ်မရဲ့ဓါတ်ပုံလေးတွေက တစ်ဆင့်မြင်ခွင့်ရခဲ့ပါပြီ။ အစ်မဆက်ရေးမယ့် ကချင်ပြည်နယ်အကြောင်းလေးတွေကို စောင့်နေမယ်နော်။
- April 21, 2010 at 7:17 AM
- သဒ္ဓါလှိုင်း said...
-
မချောရေ..
ကချင်ပြည်နယ်ရဲ့ချစ်စရာလေးတွေကိုဖတ်ရလို့ကျေးဇူးတင်ပါတယ်။ ဒါနဲ့စကားမစပ် သဒ္ဓါ့အတွက်
ကျောက်စိမ်း ပါလာလား.....။ ကချင်ပြည်နယ်အကြောင်းထပ်ဖတ်ရဖို့ မျှော်လင့်နေမယ်နော်။
မရောက်ဖူးသေးတဲ့နေရာဖြစ်လို့တနေ့တော့ရောက်ဖို့မျှော်လင့်မိတယ်မချောရေ..။
ခင်တဲ့
သဒ္ဓါ - April 21, 2010 at 8:15 AM
- ပြည့်စုံ said...
-
ကချင်ပြည်နယ်ကိုတော့ရောက်ဖူးသွားပြီ...း)..ကျေးဇူးတင်ပါတယ် အမရေ....
- April 21, 2010 at 11:26 AM
- သစ်သစ် said...
-
ကျောက်စိမ်းလက်ကောက်လိုချင်ပါတယ် မမရေ..
- April 21, 2010 at 12:46 PM
- ahphyulay said...
-
ဟဲဟဲ... ကံဇင်း ရွက် ကို ပို သဘော ကျ မိပါတယ်။
မြစ်ကြီး နား အထိ ရောက်ခဲ့  ပေမဲ့  ဖားကန့်  အထိတော့  မရောက်ခဲ့ ပါ။
ရထားနဲ့  မဲဇာ တော ကို ဖြတ် တက်လာတာလေ။
ဘူတာ နဲ့ လဲ နီးရော ချိုပြုံး ရဲ့ “ ဆွမ်ပရာဘွမ် .. သွေးချင်း တို့ ပျော်ရာ...မြေ ” ဆိုတဲ့ 
သီချင်း ရထား ပေါ် မှာ စဖွင့်  ပေး လို့  ကြည်နူး လိုက်ရတာ ပြန်တွေး မိတိုင်း...။ - April 21, 2010 at 1:03 PM
- ဂျစ်တူး(မုံရွာ) said...
-
ဂျစ်တူးကမုံရွာကဆိုတော့---မြစ်ကြီးနားကိုမရောက်ဖူးပေမဲ့ ဟုမ္မလင်းအထိတော့ရောက်ဖူးတယ်-
ဟုမ္မလင်းအထက်တောင်ပေါ်ရွာကလေးအထိဆိုပါတော့-အဲဒီကရွာသားတွေကအဝတ်မဝတ်ကြဘူးလေ-
အပျိုကလေးတွေဆို အောက်ကလုံချည်ဘဲရှိတယ် အပေါ်ကဆွဲကြိုးတွေနဲ့ဖုံးထားတယ် အအိုတွေကတော့
ထမိန်ကိုရင်လျားဝတ်ထားတယ်-ယောက်ကျားတွေကတော့ မောင်းလိုဟာကလေးတွေဝတ်ထားတယ်-
ရွာအတွင်းထဲအထိသွားချင်ပေမဲ့ လိုက်ပို့တဲ့သူတွေကမသွားရဘူးဆိုလို့ လှည့်ပြန်လာခဲ့ရတယ်ဗျာ-
အဲဒီရွာကကျောက်စိမ်းရိုးရာဆွဲကြိုးကလေး ကိုတော့ဖြင့်သတိရနေပါသေးတယ်ဗျာ တရွာလုံးမှာအဲဒီတကုံး
ထဲဘဲရှိတာတဲ့-စာရေးတာနဲနဲရှည်သွားတယ် ဂျစ်တူးပြောချင်တာကအဲလိုရိုးယာဆွဲကြိုးကလေးများ ချောတို့စီမှာမရနိုင်ဘူးလားလို့ပါ - April 21, 2010 at 1:51 PM
- sosegado said...
-
မြစ်ကြီးနား၊မြစ်ဆုံ၊ ပူတာအို သွားမယ်လို့ ကြံထားတဲ့နေရာတွေပါ၊ ဆည်တွေဆောက်၊ ဗုံးတွေပေါက် ကိုယ်ရောက်သွားရင် လှပါမလား၊ ရူခင်းလေးတွေအတွက် ကြည့်ရတာ ကျေးဇူးပဲ။
- April 21, 2010 at 1:51 PM
- kotunygn said...
-
Thanks so much. I want to know MORE about ur hometown.
- April 21, 2010 at 1:55 PM
- ကိုဇော် said...
-
ကိုယ်ရောက်ဖူးတဲ့ နေရာလေး ဆိုတော့ သတိရတယ်ဗျာ။
အခု မချော ရေုးပြထားတဲ့ နေရာတွေမှာ တစ်ပတ်လောက် နေခဲ့ရတယ်။
ဆိုင်းတောင် လမ်းမ ပုံမှာ ရိုက်ထားတာ အဲဒါ ကျနော့်သူငယ်ချင်း အိမ်ပဲ။
တည်းဖြစ်တာတော့ လုံးခင်းမှာပေါ့. . ။ ဆိုင်ကယ်တွေနဲ့ တော်တော် ရောက်ဖြစ်ပါတယ်။ တော်တော်လည်း ခင်ဖို့ ကောင်းသလို ၊ တော်တော်လည်း ခင်ခဲ့တယ်။ သတိအရဆုံးကတော့ “ ချင်ဆော်ခါး ” ကိုပဲ..အဟဲ..။ - April 21, 2010 at 3:02 PM
- KiKiင said...
-
မြန်မာပြည်ထဲမှာ ကချင် နဲ့ ချင်း ပြည်နယ်တွေကို မရောက်ဖူးသေးလို့  သွားလိုစိတ်ပြင်းပြနေခဲ့ရတယ် ။ ခုလို ပုံလေးတွေ တွေ့ လိုက်ရတော့ ပိုပြီးသွားကြည့်ချင်လာတယ် ။ ဥရုချောင်းဆိုတာ စာထဲမှာ ပဲ ကြားဖူး နားဝ လေ .. ခုတော့ ချောင်းလဲ တိမ်ကော နေပြီဆိုလို့  စိတ်မချမ်းသာစရာပဲ ။ သဘာဝ အလှတွေ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အရေးကြီး တယ် ဆိုတာ သိသိကြီးနဲ့ ဒီလို ဖြစ်ရတာနော် ... ကချင်ရိုးရာ စားစရာ တွေလည်း စားကြည့်ချင်လိုက်တာ ။
ခုလို ပုံ နဲ့တကွ တင်ပြပေးတာတွေ အတွက် ကျေးဇူးနော် .. နောက်ထပ် အပိုင်းတွေကို ဆက်လက်စောင့်မျှော် နေပါတယ် ။ - April 21, 2010 at 3:31 PM
- မြစ်ကျိုးအင်း said...
-
ပုံတွေက ကြည့်မဝသေးဘူး
မရောက်ဖူးသေးတဲ့ နယ်မြေ ဖြစ်လို့ စိတ်ဝင်စား ပါတယ်။
ဒါနဲ့ စကားမစပ် မချောပြန်လာတော့ ကျောက်တွေ ပါလာတယ်ဆို
ဂျီးတွန်းကျောက် ပြောတား) - April 21, 2010 at 3:37 PM
- လုံလုံ said...
-
မမရေ... အဟင့် အဟင့်
စိတ်ပုပ်တယ်တိလား :P
လုံလုံ့ ကိုတော့မခေါ်ဘူး
လွမ်းလိုက်တာနော်
ချစ်ခင်စွာဖြင့်
လုံလုံ - April 21, 2010 at 9:57 PM
- ဘကျောက် said...
-
မယ်ချောတို့ အတော်ပျော်ခဲ့ရဲ့လား
- April 22, 2010 at 2:26 AM
- မကေ said...
-
မချောရေ ကိုယ်တိုင် သွားလည်ချင်စိတ် ပေါက်လာပြီ။
- April 22, 2010 at 7:00 AM
- shwezinu said...
-
ညီမချောရေ
အိမ်အပြန်လေး ကို လာရောက်နှုတ်ဆက်ပါတယ်.. ညီမ တို့ ဖားကန့်ထိတော့ မရောက်ဘူးသေးဘူး မြစ်ကြီးနားထိဘဲလေ..
ညီမ ရဲ့ မင်္ဂလာဆောင်ကြမှ ကံဇင်းရွက်ချဉ်ရည် နဲ့ ရှယ် အဝလာစားမယ်နော် သေချာဖိတ်ရမယ်
ခင်တဲ့
အမရွှေစင် - April 22, 2010 at 11:25 AM
- အင်ကြင်းသန့် said...
-
မမရေ...ပြောပြီးတဲ့ အတိုင်းပါပဲ...မြစ်ကြီးနားကို အရမ်းလွမ်းသွားပြီ...အဲဒီလမ်းမကျယ်ကြီးတွေပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ နေရာအနှံ့ စက်ဘီးစီးခဲ့ကြဘူးတယ် :(((
- April 22, 2010 at 2:05 PM
- ဏီလင်းညို said...
-
ဘယ်မလဲ....... ကျောက်ဇိမ်းဒုံးးးးးးး
ထုခွဲ ချရောင်းပီးးးးးး မြန်မာပြည် မြန်မြန်ပြန်လာချင်လို့............း)))
ခင်မင်တဲ့
ဏီလင်းညို - April 23, 2010 at 3:18 AM
- အဖြူရောင်နတ်သမီး said...
-
ကံဇင်းရွက် အကြောင်းလေးဖတ်ပြီး ကချင်ပြည်နယ်ကို တကယ်ရောက်သွားသလိုပဲ မချောရေ...
နွယ်လေးပြောသလို...“ကံဇင်းဟင်းကြိုက်တာ ကိုယ့်အိမ်အပြင် တခြားအိမ်မှာပါ သွားကြိုက်ရင် ဒုတ်ခေါ”..းးးး)))) - April 23, 2010 at 7:18 AM
- ညလင်းအိမ် said...
-
ဖားကန့်က ကျောက်စိမ်းမှော်တွေက နာမည်ကြီးတယ်လေ ...
ကျွန်တော်တို့ အိမ်က အရင်ကကျောက်စိမ်းလုပ်ငန်းလုပ်တယ် ... ကျောက်စိမ်းအရိုင်းတုံးတွေကို ဖားကန့်က၀ယ်ပြီး ထုခွဲတယ် ... နောက်ပြီး ဥတိပွား ..ကွမ်ရင် .. မြင်း .. ဆင် .. နဂါး ... ပန်းအိုး အစရှိတဲ့ ရုပ်ထုတွေ ထုတယ် .. နောက်ပြပွဲမှာ ရောင်းချတယ် ...
ငယ်ငယ်ကလေးထဲက မြစ်ကြီးနားကို သွားချင်ခဲ့တာပါ .. ကျွန်တော့်အဖေက တခါမှ မခေါ်သွားခဲ့ဘူးပါဘူး ..
ငှက်ဖျားပေါတယ် ဆိုလို့လေ ... ခုတော့ ပုံလေးတွေ မြင်ရတော့ မြစ်ကြီးနားကို သွားချင်စိတ်ပေါက်သွားတယ် ... - April 23, 2010 at 3:05 PM
- မြသွေးနီ said...
-
ချောရေ..
စိတ်ဝင်စားစရာ ဗဟုသုတတွေ တပုံကြီး ရလိုက်တယ်။
အထူးသဖြင့် ကံဇင်းရွက်ချဉ်ရည်ကို စိတ်ဝင်စားတယ်။ စားချင်လိုက်တာ။
ဖားကန့်ရဲ့ ကျောက်စိမ်းမှော် အကြောင်းလည်း သိချင်သေးတယ်။
ရေးပါဦးချောရေ..။
နောက်...ဘယ်မှာလည်း ကျောက်စိမ်းတုံး လက်ဆောင်..။ ဟွန်း...။ - April 24, 2010 at 5:58 AM
- ပုံမှန် said...
-
ကောင်းတယ်ဗျို့ ကိုယ်မရောက်ဖူးသေးတဲ့နေရာကရှူ့ခင်းတွေလည်းကြည့်ရတယ်...နောက်တစ်ခုက ဟင်းတွေမြင်တော့...ဘိုက်ဆာလာတယ်ဗျို့..နောက်လည်းခရီးသွားစာတွေတင်ပါအုံးနော်
- April 25, 2010 at 10:53 AM
- ပူးတေ said...
-
မမချောရေ ပူးတေတို့လဲ မြစ်ကြီးနားဘက်သွားချင်နေကြတာ... ဒီတခေါက်ပြန်ရင်သွားဖို့ စိတ်ကူးထားတယ်... သွားဖြစ်ရင် မမကို ဆက်သွယ်လိုက်မယ်နော်...:D
- April 28, 2010 at 6:03 AM
- စိတ်စမ်းရေ said...
-
စိတ်ဝင်စားစရာပါပဲ....။နောက်ထပ်ကချင်ပြည်နယ်အကြောင်းလေးတွေကို စောင့်မျှော်နေပါတယ်....။
- May 2, 2010 at 11:54 AM
- ssye said...
-
စားတောင် မစားဖူးသေးဘူး ကံဇင်းရွက် ကိုကြိုက်ချင်နေပြီ
- May 3, 2010 at 3:03 AM
- Zet said...
-
ကချင်ဖြစ်နေရဲ့သားနဲ့တောင် အခုထက်ထိ ဖားကန့်ကို တစ်ခါမှ မရောက်ဖူးသေးဘူး.. အခုလို ကချင်ပြည်နယ်အကြောင်းတွေ ဖတ်ရတာ လွမ်းလိုက်တာ.. ကျောက်စိမ်းမြေကြီးလည်း အိုလို့နွမ်းလို့ပေါ့....
ဓါတ်ပုံတွေအတွက်ကျေးဇူးပါ အစ်မရေ... - May 9, 2010 at 8:49 PM
- MonMonTinOo said...
-
Kachin State is my dream land since I was a youth. I read quite a lot about Kachin State. Your blog refresh my memories and my dream. Moreover your articles are good. Thank you.
- May 16, 2010 at 1:54 AM
- cherry said...
-
မချောရေ cherry က ဖားကန့်ကပါ။ဖားကန့်ကိုဘယ်တုန်းကလာလိုက်တာလဲ။သိတောင်မသိလိုက်ဖူး။
ဖားကန့်ကိုလာလည်ချင်တဲ့သူငယ်ချင်းတွေကိုလဲ အားလုံးကိုဖိတ်ခေါ်ပါတယ်။
Ever welcome ပါ။စိမ်းလန်းသာယာတဲ့ ကချင်ပြည်နယ်ကနေ အားလုံး အားလုံးကိုကြိုဆိုလျက်ပါ။ ကျေးဂျူးကဘာဆိုင်းရော်။ - May 22, 2010 at 7:12 AM