မင်္ဂလာနှစ်ဆန်းတစ်ရက်နေ့
Saturday, April 17, 2010
အားလုံးဘဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်…
မင်္ဂလာရှိတဲ့ ဒီနေ့ နှစ်သစ်ကူးရက်ကလေးမှာ ကျွန်မက မွေးဖွားရာဇာတိဒေသမှာ မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံနေပြီ ဖြစ်ပါတယ်.. စာလာဖတ်သူများကိုတော့ ဒီပိုစ့်လေး ရေးခဲ့ပြီး ဒီနေ့မှာ ဖတ်လို့ရအောင် Schedule နဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်.. ဒီနေ့လေးမှာ ကျွန်မတို့ ဒေသ၊ ကျွန်မတို့မိသားစုတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ လူကြီးမိဘများကို ဂါဝရပြုတဲ့ အလေ့အထလေး တစ်ခုကို ပြောပြချင်ပါတယ်..
ကျွန်မတို့ မိသားစုဟာ ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့အတွက် နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မိဘဆရာသမားနဲ့ သက်ကြီးရွယ်အိုများကို ကန်တော့လေ့ရှိပါတယ်. နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်မတို့ မိသားစုဝင်တွေကြားမှာ ပြုလုပ်လေ့ရှိတာက မိဘ၂ပါးကို ရေကန်တော့ခြင်းဖြစ်ပါတယ်.. ဒီရေကန်တော့ခြင်း အလေ့အထကို ကျွန်မတို့ငယ်စဉ်က မေမေက ဦးဆောင်လမ်းပြကာ အဖိုးအဖွား အဖေအမေတို့ကို နှစ်စဉ် ကန်တော့တတ်အောင် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်.. ယခုချိန်ထိလည်း ကျွန်မတို့မိသားစုနဲ့ ကျွန်မတို့ဒေသက အခြားသော အိမ်ထောင်စုများကြားမှာ ဒီအလေ့အထလေး ရှိနေဆဲဖြစ်ပါတယ်..
ရေကန်တော့ဖို့အတွက် ပထမဆုံးက ရေဖလား သန့်သန့်လေးတစ်ခုကို ရေ သင့်တင့်ရုံထည့်ပါတယ်.. ပြီးတော့ နံသာဖြူတုံးတစ်ခုကို ယူပါတယ်.. အိမ်မှာတော့ နံ့သာဖြူက အချိန်မရွေးရှိပါတယ်.. သနပ်ခါးသွေးလေ့ရှိတဲ့ ကျောက်ပြင်ကို စင်အောင် ဆေးကြောပါတယ်.. စင်အောင်ဆေးကြောထားတဲ့ ကျောက်ပြင်ပေါ်မှာ နံ့သာဖြူကို အနှစ်ကလေးတွေ ရလာအောင် သွေးယူပါတယ်.. ရလာတဲ့ အနှစ်ကလေးတွေကို လက်ကလေးနဲ့ သပ်သိမ်းပြီး ရေဖလားလေးထဲကို ထည့်ပါတယ်.. ဒီလိုနဲ့ ဖလားလေးထဲမှာ နံ့သာတုံးကို သွေးထားတဲ့အနှစ်ကလေးတွေ များလာပြီဆိုရင် နံ့သာနံ့ သင်းသင်းလေး မွှေးနေတဲ့ နံ့သာရည်ကိုရပါပြီ.. အဲဒီရေထဲကို ရေမွှေးအနည်းငယ် ထပ်ရောပါတယ်..
ပြီးသွားပြီဆိုရင် ရေကန်တော့ခံမဲ့ မိဘ သို့မဟုတ် လူကြီးကို အိမ်ရဲ့ ဦးခန်းမှာ ထိုင်ခိုင်းပြီး အောက်မှာ ဇလုံတစ်ခုချကာ ကန်တော့ခံတဲ့သူရဲ့ လက်ကို ခုနက သွေးထားတဲ့ နံ့သာရေနဲ့ လောင်းချပါတယ်.. ပြီးရင် အ၀တ်သန့်သန့်တစ်ခုနဲ့ လက်ကို သုတ်ပေးရပါတယ်.. ထို့နောက်တော့ မိသားစုဝင်တွေအားလုံးက ရိုသေစွာ ထိုင်ကန်တော့ကြပါတယ်.. အဲဒါကို ရေကန်တော့တယ် လို့ ခေါ်ပါတယ်… ဒီရေကန်တော့တာကို နှစ်ဆန်းတစ်ရက်နေ့တိုင်း ကျွန်မတို့ဒေသမှာ ကိုယ့်မိဘ လူကြီးသူမများကို ကန်တော့ကြပါတယ်..
ဒီနေ့နှစ်ဆန်းတစ်ရက်မှာ ကျွန်မဟာ မွေးရပ်ဇာတိမြေကို ပြန်ရောက်နေပြီဖြစ်တဲ့အတွက် ခုချိန်မှာ ကျွန်မရဲ့ မိဘ၂ပါးတို့ကို ရေကန်တော့နေပြီ ဖြစ်ပါတယ်.. နှစ်သက်စရာ ဓလေ့တစ်ခုမို့ ကျွန်မတို့ဘိုးဘွားလက်ထက်မှသည် ကျွန်မတို့ခေတ် ရောက်ချိန်ထိ ဆက်လက်ကျင့်သုံးနေတဲ့ အလေ့အထလေးဖြစ်ပါတယ်.. ဒီအလေ့အထလေးကို စာဖတ်သူများကို ဒီနေ့နှစ်ဆန်း တစ်ရက်မှာ ပြန်လည်ဝေငှ လိုက်ရပါတယ်ရှင်.. သွားခါနီးမှ ကမန်းကတန်း ရေးသွားတာ ဖြစ်လို့ အမှားအယွင်းနဲ့ မပြည့်မစုံဖြစ်ခဲ့ရင် ခွင့်လွှတ်ကြဖို့ တောင်းပန်လိုက်ပါတယ်..
အားလုံးဘဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊ လိုရာဆန္ဒအားလုံး ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်…
ပျော်ရွှင်ကြပါစေ
ချော(အစိမ်းရောင်လွင်ပြင်)
20 comments:
- KiKiငုင said...
-
ရှမ်းရိုးရာ ဓလေ့ နှစ်သစ်ကူးပုံတွေ၊ ရေကန်တော့ တာတွေ မမြင်ရတာ ကြာပြီ မချောရေ ။။
အတိတ်ကို သတိရအောင်းမေ့ ဘွယ်ရာလေးတွေ ပြန်ဖတ်လိုက်ရတာ ကျေးဇူးပါပဲ ။
ရှမ်းပြည် နဲ့  ကင်းကွာ နေတာ ၁၀ နှစ်ကျော်ခဲ့ပြီပဲ ..ငယ်ငယ်က နှစ်ဆန်းတစ်ရက်နေ့ မှာ ရှမ်းပြည်က အဖွားတွေ နဲ့  ဘုန်းကြီးကျောင်း သွားခဲ့ဖူးတာ ပျော်စရာတွေပဲ။ အစုံ စားရတာကိုး.... - April 17, 2010 at 5:21 AM
- အဖြူရောင်နတ်သမီး said...
-
မင်္ဂလာရှိသော နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ....မချောရေ...
- April 17, 2010 at 5:24 AM
- ကေသရီ said...
-
မင်္ဂလာရှိတဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မင်္ဂလာရှိတဲ့ ပိုစ့်လေးကို လာဖတ်သွားပါတယ်ရှင်။ ညီမတော့ သင်္ကြန်တွင်းမှာနေမကောင်းဖြစ်နေတာနဲ့ ပိုစ့်အသစ်မတင်ဖြစ်ဖူးအစ်မရေ။
- April 17, 2010 at 10:51 AM
- shwezinu said...
-
မင်္ဂလာနှစ်သစ်ပါ ချောရေ
ရိုးရာတွေကို သိချင်ပါတယ် ရေးအုန်းနော်
ရွှေစင် - April 17, 2010 at 10:53 AM
- ဏီလင်းညို said...
-
အံတွီချောရေ.......
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ......
ခင်မင်တဲ့
ဏီလင်းညို - April 17, 2010 at 12:15 PM
- အောင်မော် said...
-
ကောင်းသောနေ့များစွာကိုပိုင်ဆိုင်ပါစေဗျာ။
- April 17, 2010 at 1:55 PM
- ညလင်းအိမ် said...
-
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ခင်ဗျာ ...
- April 17, 2010 at 2:23 PM
- ကိုကိုမောင် said...
-
ကောင်းမွန်သေသပ်လှတဲ့ ဓလေ့ရိုးရာလေးတစ်ခုပါဘဲ။ နှစ်ဆန်းရောက်တိုင်း ကြည်နူးစရာမြင်ကွင်းလေးပေါ့။
မချောလဲ နှစ်သစ်မှာ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေ။. - April 17, 2010 at 5:59 PM
- ကိုဇော် said...
-
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ..
- April 17, 2010 at 6:56 PM
- မြစ်ကျိုးအင်း said...
-
နှစ်သက်ဖွယ် အလေးအမြတ်ပြုအပ်တဲ့ ဓလေ့လေးမို့ မတိမ်ကောအောင်
ဆက်ပြီးထိန်းသိမ်းစေချင်ပါတယ်။ စာဖတ်ရင်း အမေ့ခြေရာ ယူပုံလေးကိုတောင်
သတိရမိသေးတယ်။ ဒီလိုမြင်ကွင်းမျိုးကို ဓါတ်ပုံလေးတွေနဲ့ တင်ပေးနိင်ရင်
ပိုပြီး ကြည်နူးဖွယ်ရာ ဖြစ်မယ်ထင်ပါတယ်။ - April 17, 2010 at 8:25 PM
- အင်ကြင်းသန့် said...
-
ဒီနေ့ သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့ ကုသိုလ်ယူကြတာမို့ ငါ့အစ်မကိုလည်း ညီမလေးက လာပြီး ရေချိုး ဂျီးတွန်း ခေါင်းလျှော် လက်သည်းညှပ် အကုန်လုပ်ပေးသွားပါတယ် :D
- April 18, 2010 at 12:14 PM
- shinehtetmin said...
-
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ...........
နှစ်သက်ဖွယ် အလေးအမြတ်ပြုအပ်တဲ့ ဓလေ့လေးမို့ မတိမ်ကောအောင်
ဆက်ပြီးထိန်းသိမ်းစေချင်ပါတယ်။
ပျော်ရွှင်စရာကောင်တဲ့ ဘ၀ပန်းတိုင်ကို ပိုင်ဆိုင်ပါစေ......
ဆုတောင်ပေးလိုက်ပါတယ်............... - April 18, 2010 at 2:41 PM
- ကိုလူထွေး said...
-
ပျော်ခဲ့တယ်ဟုတ်...
းဝ) - April 18, 2010 at 4:53 PM
- ဘကျောက် said...
-
မ်ု,သုင်.....ပီမ်ု,
- April 19, 2010 at 12:11 AM
- သဒ္ဓါလှိုင်း said...
-
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေလို့...
ကိုယ့်ရဲ့ရိုးရာဓလေ့ကိုလုပ်ခွင့်ရတာကိုကကုသိုလ်ထူးပါတယ်မချောရေ..။ ဟင့်...ဟင့်.....
သဒ္ဓါ - April 19, 2010 at 6:48 AM
- မြသွေးနီ said...
-
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ချောရေ
- April 19, 2010 at 10:46 AM
- ဒဏ္ဍာရီ said...
-
မင်္ဂလာ နှစ်သစ်ပါချောရေ..... လုပ်အားပေး သွားနေလို့ အိမ်မလည်ဖြစ်ဘူး။ မင်္ဂလာရှိတဲ့ နှစ်ဆန်း တစ်ရက်နေ့မှာ မွေးရပ်ဇာတိမြေက ယဉ်ကျေးသိမ်မွေ့လှတဲ့ ရိုးရာဓလေ့လေးကို အခုလို အမြတ်တနိုး လုပ်တာသိရတာ ကြည်နူးစရာပါနော်။ မပျောက်ပျက်အောင် ထိမ်သိန်းပြီး မှတ်သားထားသင့်ပါတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ - April 19, 2010 at 10:53 AM
- sosegado said...
-
ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ
- April 20, 2010 at 12:18 PM
- ဝက်ဝံလေး said...
-
မမ နဲ့ထပ်တူပဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါနော်
မမ ရေ မအားလို့ ခုမှ ရောက်တယ် ဆုတောင်းနောက်ကျတာ ခွင့်လွှတ်နော် အာဘွားးးးးးးးးး - April 20, 2010 at 6:40 PM
- kotunygn said...
-
Very Nice Traditional Culture
- April 21, 2010 at 1:59 PM