ကျောက်တို့၏ မာယာ
Saturday, May 1, 2010
မြန်မာ့ကျောက်စိမ်းများ
မြန်မာ့ကျောက်မျက်ရတနာပြပွဲတင် အရည်အသွေးကောင်း ကျောက်စိမ်းများ
Photo from Here
ကျောက်စိမ်းအကြောင်း အနည်းငယ် ပြောရမယ်ဆိုရင် ကျောက်တစ်လုံး ကောင်းမကောင်းကို ကျောက်အသား၊ ကျောက်မှာ အနာအဆာ ကင်းမကင်း၊ အရည် လှမလှကိုကြည့်ပြီး ဆုံးဖြတ်ကြလေ့ရှိပါတယ်.. အစိမ်းရောင်ကို အရည်ရယ်လို့ ခေါ်ဝေါ် သုံးနှုန်းကြပါပြီး စိမ်းနေတဲ့ အရောင်ရှိတဲ့ ကျောက်ကို အရည်ကျောက်လို့ ခေါ်ပါတယ်.. ကျောက်တစ်လုံးလုံးမှာ အစိမ်းရောင်နည်းနေပြီး ကျောက်သားကောင်းနေရင်တော့ အသားကျောက်လို့ ခေါ်ကြပါတယ်.. ကျောက်ရဲ့ အပြင်ဘက်က သစ်သီးများတွင်ပါသော အခွံကဲ့သို့ အပေါ်ယံဖုံးလွှမ်းထားသော အရာကို အခွံလို့ဘဲ သုံးနှုန်းကြပါတယ်.. ကျောက်ကောင်းမကောင်း သာမာန်အမြင်နဲ့တင် ဆုံးဖြတ်ရခက်ခဲပါတယ်.. ကျောက်ကို စစ်ဆေးဖို့ ကျောက်စိမ်း မှော်နယ်မြေမှာ အသုံးပြုကြတဲ့ ဓာတ်မီးတစ်မျိုးရှိပါတယ်.. အဲဒါကို ကျောက်ကြည့်ဓာတ်မီး လို့ခေါ်ပါတယ်..
ကျောက်စိမ်းများကို ကျောက်ကြည့်မီးနှင့်ကြည့်ကာ အကဲဖြတ်နေစဉ် ( photo source Here)
ကျောက်ကြည့်ဓာတ်မီး
ကျောက်ကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တဲ့အခါ လေဆာမီးရဲ့ အလင်းရောင်အောက်မှာ အစိမ်းရည် ရှိမရှိ၊ အရည်ကောင်းမကောင်း အကဲခတ်လို့ရပါတယ်.. မှော်ထဲမှာတော့ ကျောက်သမားတိုင်းမှာ ကျောက်ကြည့်ဓာတ်မီး ကိုယ်စီရှိကြပါတယ်.. ကျောက်ကို အပြင်ဘန်းကြည့်ပြီး ခန့်မှန်းကြပေမဲ့ တကယ်တမ်း ကိုယ်ထင်တာ၊ ကိုယ်မှန်းတာနဲ့ လွဲတတ်တာမျိုးတွေ အများကြီးပါ။ ကျောက်တွေမှာလည်း အပြင်မှာ တစ်မျိုး၊ အတွင်းမှာ တစ်မျိုးနဲ့ မာယာ များတတ်ပါတယ်.. ခန့်မှန်းတာလွဲပြီး မွဲသွားတတ်သလို၊ ခန့်မှန်းတာမှန်ပြီး ချမ်းသာသွားတာလဲ အများကြီးပါ။
အကြမ်းသွေးထားသော ကျောက်စိမ်းတစ်ပွင့်
ကျောက်တစ်ပွင့်ရဲ့ တန်ဖိုးသည် သေးတာ ကြီးတာနှင့်မဆိုင်ဘဲ အရည်နှင့် အသားကိုသာ အဓိက ဆုံးဖြတ်ပါတယ်.. အပေါ်က ပုံမှာ လက်သည်းခွံအရွယ် ကျောက်တစ်ပွင့်ဟာ အကြမ်းသွေးထားတဲ့ ကျောက်တစ်ပွင့်ပါ။ အချောအဖြစ် အရောင်တင်ခြင်း၊ အရွယ်ညှိခြင်း မပြုလုပ်ရသေးပါဘူး.. ဒီအတိုင်းတင် ကျောက်ပိုင်ရှင်က မြန်မာငွေ ၁၀သိန်း ဈေးခေါ်နေပြီဖြစ်ပါတယ်..
၁၀သိန်းတန် ကျောက်စိမ်းတစ်ပွင့်
ကျောက်စိမ်းတစ်တုံး၏ ပြင်ပ ပုံသဏ္ဍာန်
ကျောက်ကြည့်ဓာတ်မီးနှင့် ထိုးကြည့်ကာ ကျောက်ကဲခတ်စဉ်
နေ့အလင်းရောင်အောက်မှာ ကျောက်ကြည့်မီးနှင့် ကြည့်သော အခြေအနေ
အတွင်းထဲမှာတော့ စိမ်းနေတာပါဘဲ
ညအချိန် ကျောက်ကြည့်မီးနှင့် ကြည့်သော အနေအထား
အခု ဒီပုံတွေမှာ ဖော်ပြထားတဲ့ ကျောက်စိမ်းတစ်လုံးကို ကျောက်ကြည့်မီးနဲ့ ကြည့်ပြီး အကဲခတ်ကြည့်တဲ့အခါ အတွင်းထဲမှ အစိမ်းရောင် အရည်ကို အပြင်သားကို ဖောက်ထွင်းပြီး မြင်နေရပါတယ်.. ဒီတော့ ဒီကျောက်ဟာ ပြင်ပ အသားလဲကောင်းတယ်ဆိုရင် အတွင်းမှာ အရည်လဲရှိနေပြီဆိုတော့ ကျောက်ကောင်းတစ်လုံး ဖြစ်နေပြီလို့ ယေဘုယျအားဖြင့် ခန့်မှန်းလို့ ရပါတယ်..
ဒီလိုလေး ထိပ်နားကို ဖြတ်လိုက်ပါတယ်..
ကျောက်ကို ဖြတ်လိုက်ပြီးတဲ့ပုံပါ အခြမ်း၂ခြမ်းဖြစ်နေပါပြီ
ကျောက်ကို ဒီအတိုင်းရောင်းတာထက် ဖြတ်လိုက်ပြီး အတွင်းက အရည်ပြချက် ကောင်းကောင်းမြင်ရပြီးဆိုရင် ဈေးပိုရနိုင်တာကြောင့် ကျောက်သမားများဟာ ကျောက်ကို ဖြတ်လေ့ရှိပါတယ်.. ဒါကြောင့်လည်း အခုကျောက်ကို အပေါ်က ပြထားတဲ့ပုံအတိုင်း ၂ခြမ်း ဖြတ်လိုက်ပါတယ်.. အဲဒီမှာဘဲ မမျှော်လင့်ထားတဲ့ အဖြစ်က ဒီကျောက်ဟာ ပြင်ပကနေကြည့်ရင် အတွင်းပိုင်းထဲမှာ အရည်ကောင်းလှပါပြီလို့ မျှော်လင့်ထားပေမဲ့ တကယ်တမ်းတော့ မသမာမှုနဲ့ ပြုပြင်ထားတဲ့ အလိမ်အညာ ကျောက်တစ်လုံးသာ ဖြစ်နေကြောင်းကို ကျောက်ကို ဖြတ်လိုက်တဲ့ အခါမှသာ သိရပါတယ်..
၂ခြမ်း ဖြစ်သွားတဲ့ အခြေအနေ
ကျောက်ထဲမှာ ဘာတွေရှိနေလဲ
လုပ်ထားပုံလေးက ကျောက်ရဲ့ ထိပ်တစ်နေရာကို ဖြတ်ပြီး အတွင်းထဲက ကျောက်အသားတစ်ချို့ကို ဂန်းနဲ့ ဖောက်ထုပ်ထားလိုက်ပါတယ်.. ဖယ်ထုပ်လိုက်တဲ့ ကျောက်သားတွေနေရာမှာ အစိမ်းရောင် သွားတိုက်ဆေး၊ ဖယောင်းနဲ့ ၊ ပလပ်စတစ် တစ်ချို့တို့ကို ထည့်သွင်းလိုက်ပါတယ်.. ပြီးတာနဲ့ ကျောက်ကို ကျောက်ကပ်ကော်နဲ့ ပြန်ဆက်ပြီး ဆက်ရာကို မမြင်ရအောင် အပေါ်ကနေ အခွံအတု ပြုလုပ်ပြီး ဖုံးအုပ်လိုက်ပါတယ်.. တော်ရုံမျက်စိနဲ့ ကြည့်လို့ မမြင်ရအောင် ပိရိသေသပ်စွာနဲ့ ပညာသားပါပါ ပြုပြင်ပြီး လိမ်ညာ ရောင်းချတဲ့ ကျောက်တစ်လုံးသာ ဖြစ်နေပါတယ်.. လူတိုင်း လုပ်နိုင်ဖို့ မလွယ်ပါဘူး.. ကျွမ်းကျင်သူ တစ်ဦးဦးက ပိပိရိရိ သပ်သပ်ရပ်ရပ် လုပ်ထားခြင်းသာ ဖြစ်ပါတယ်..
သွားတိုက်ဆေးအစိမ်းရောင်တွေ ထည့်ထားတဲ့အတွက် အပြင်ကနေကြည့်ရင်ဘဲဖြစ်ဖြစ်၊ ဓာတ်မီးနဲ့ ကြည့်တဲ့အခါဘဲဖြစ်ဖြစ် အတွင်းထဲက သွားတိုက်ဆေးရောင်ကြောင့် စိမ်းနေတာကို တွေ့မြင်ရခြင်းဖြစ်ပါတယ်.. သေသေချာချာ စစ်ကြည့်တော့မှ ဒီလိုထိပ်ပိုင်းလေးကို ဖြတ်ပြီး ပြန်ဆက်ထားတာဘဲ ဖြစ်ပါတယ်.. ဒါဟာ ကျောက်တစ်လုံးရဲ့ မာယာပါ။ ဒါပေမဲ့ ဒီမာယာကတော့ ပင်ကိုယ်ကျောက်ရဲ့ လှည့်စားချက်မဟုတ်ဘဲ လူတွေရဲ့ ဖန်တီးချက်ကြောင့် မာယာများတဲ့ ကျောက် ဖြစ်သွားရခြင်းပါ။ ကျောက်လောကမှာ ဒီလို လိမ်ညာမှုများလည်း ရှိတတ်ပါတယ်ဆိုတာ ဗဟုသုတအနေနဲ့ရော၊ ကျောက်လောကထဲ ၀င်မယ်လို့များ ရည်မှန်းထားသူတွေ ရှိရင် တွေ့ကြုံရတတ် တာလေးကို သိရအောင် တင်ပေးတဲ့သဘောပါ။
(ဒီပိုစ့်လေးကတော့ ဘလော့လောကနေ အနားယူပြီး ဖားကန့်တက် ကျောက်အရောင်း အ၀ယ် လုပ်တော့မယ်ဆိုတဲ့ ကိုဇော်၊ ကိုမြစ်ကျိုးအင်း၊ ကိုဏီလင်းညို တို့ အတွက် အထောက်အကူ အဖြစ် အသုံးဝင် မယ်လို့ မျှော်လင့်ပါတယ်. ဒီနည်းကိုသုံးပြီး သူများကိုတော့ သွားမရောင်းနဲ့ပေါ့နော်. :) :) )
သိထားသမျှ အချက်အလက်တွေကို ပြန်လည်ဝေမျှတာ ဖြစ်တဲ့အတွက် အမှားအယွင်း တစ်စုံတစ်ရာပါခဲ့ရင် ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်ရှင်..
အားလုံးဘဲအဆင်ပြေ ပျော်ရွှင်ကြပါစေရှင်
ချော(အစိမ်းရောင်လွင်ပြင်)
27 comments:
- မြစ်ကျိုးအင်း said...
-
ကျောက်တို့ရဲ့ မာယာဆိုတော့ ကိုကြီးကျောက်တော့ ပြေးလာမယ်နဲ့ တူတယ်း)
- May 1, 2010 at 4:01 PM
- မြစ်ကျိုးအင်း said...
-
နေရာတိုင်းမှာ မာယာ များတယ်နော်
ဗဟုသုတ အနေနဲ့ သိခွင့်ရတာနဲ့တင် ကျေးဇူးတင်ပါတယ်။
သေးတာကြီးတာထက် အရည်အသွေး ပြည့်တဲ့ ကျောက်အောင်ရင် ဘဝအခြေအနေ
ပြောင်းသွားနိင်တာမို့ ကျောက်သမားတွေရဲ့ မျှော်လင့်ချက်ကလည်း
တော်တော်ကြီးမှာပါပဲ - May 1, 2010 at 4:01 PM
- အကြမ်းထည် said...
-
ကျုပ်တို့တတိုင်းပြည် လုံး ပျော်ရွှင်စွာဖြင့် ရတနာစိန်ကျောက် ဇယ်တောက်ကစား နိုင်ကြပါစေဗျား။
carry on!!
with rep; - May 1, 2010 at 4:53 PM
- ကိုဇော် said...
-
အေးလေ. . .ကိုကြီးကျောက်ကိုတော့ ပြောပြီ မှတ်နေတာ. .
ဟိဟိ. . .တကယ်ကို ကျောက်သွားတူးချင်နေတာ . .
ကျောက်လည်း တူးရင်း ကချင်မလေးတွေလည်း ငမ်းရင်းပေါ့လေ။
ဒီလို အဖြစ်အပျက်လေး တစ်ခု ကြားဖူးထားတယ်ဗျာ. .
ကျောက်ထဲကို သွားပွတ်တံရိုး အစိမ်းထည့်ပြီး ကျောက်သမား သူဌေးကြီးဆီကို လာပြီး ရောင်းသွားတဲ့ အကြောင်းလေး. . .အခုလို သွားတိုက်ဆေး ထည့်တာတော့ မသိဘူး။
ကျေးဗူး.. - May 1, 2010 at 4:55 PM
- ကျောက်မာယာ said...
-
ရင်တောင်တုန်သွားတာပဲ...ဒို့မာယာတွေကိုသိကုန်ပြီလားလို့
- May 2, 2010 at 1:35 AM
- ခေါ်န် said...
-
ကျောက်တွေ ကို ဒီလိုနည်းနဲ့  လိမ်လို့ ရတယ်ဆိုတာ
အခုမှ ကြားဖူးတာ အမ ...........
ကျောက်တူးချင်တဲ့ ဦးလေး တွေကို မျှဝေဦးမှ.........
ကျေးဇူးပဲအမ .......... - May 2, 2010 at 1:58 AM
- ချစ်ကြည်အေး said...
-
ဒီလိုလည်း အင်ထုလို့ ရတယ်လား....အတော် ဆိုးတဲ့လူတွေ....(နေရာတိုင်းမှာ ရှိတတ်ပါတယ်လေ....)
- May 2, 2010 at 3:32 AM
- kotunygn said...
-
Very Good Post ........ Thanks so much.
Pls, share some knowledge from that place.
Have a Nice Day. Take Care. - May 2, 2010 at 4:05 AM
- မိုးစက်ပွင့် said...
-
ထီပေါက်လို့ ကျောက်စိမ်းဝယ်ခါနီးကျရင် ချောကို အကူအညီတောင်းဦးမှပါပဲ :)
- May 2, 2010 at 4:35 AM
- ဒဏ္ဍာရီ said...
-
ကျောက်ကတော့ မာယာ မများပါဘူး။ သူ့သဘာဝနဲ့သူကို လူတွေက လုပ်ယူကြတာလေ။ နေရာတိုင်းမှာ ကိုယ်မသိ မကျွမ်းကျင်ရင် ဒီလိုပဲ မာယာထဲမှာ ခံရမှာပဲနော်။ ဗဟုသုတ ရစရာ ပိုစ့်လေးပါ ချောရေ..။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ - May 2, 2010 at 6:36 AM
- sosegado said...
-
ကမ္ဘာပေါ်မှာ၊ အဆိုးဆုံး အယုတ်ညံ့ဆုံးက လူတွေကို ဘဝပျက်အောင် ကိုယ်ကျိုးအတွက် လိမ်ညာခြင်းပါပဲ၊
မန္တလေးမှာ အဖွဲ့နှင့် အဲဒီလိုလုပ်တဲ့သူတွေရှိပါတယ်။ - May 2, 2010 at 6:46 AM
- seeseinshin said...
-
အားလုံး သက်ရှိလူသားတွေ လိမ်လည် လှည့်ဖျားခြင်း ကင်းဝေးကြပါစေ
မေတ္တာပို့ခဲ့ပါသည် နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ
အကောင်းဆုံးများကို ကောင်းသထက်ကောင်းအောင် လုပ်နိုင်ပါစေ
ခင်မင်စွာဖြင့်
seesein - May 2, 2010 at 1:33 PM
- blackcoffee said...
-
တကယ်ဗဟုသုတ ရခဲ့ပါတယ်။အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါပဲအစ်မ....
- May 2, 2010 at 4:44 PM
- သိင်္ဂါကျော် said...
-
စိတ်ဝင်စားစရာပဲနော်..
- May 2, 2010 at 4:50 PM
- ကေသရီ said...
-
အစ်မချောရေ ကျောက်လိမ်တာကြားဖူးပေမယ့် တစ်ခါမှ မမြင်ဖူးဘူး။ အခုမှ ဓါတ်ပုံနဲ့အတူ မြင်လိုက်ရတော့တာပဲ။ ဗဟုသုတအများကြီးယူသွားပါတယ်ရှင်။
- May 2, 2010 at 7:25 PM
- Grace said...
-
ကျောက်တို့ရဲ့ မာယာဆိုတော့ uncleကျောက် မာယာများ လားလို့း)
- May 3, 2010 at 1:03 AM
- မြသွေးနီ said...
-
ချောရေ.. စိတ်ဝင်စားဖို့ ကောင်းလိုက်တာနော်။ တကယ့်ကို ဗဟုသုတရတယ်။ လိမ်မယ့်သူ ဆိုတာကတော့ ပိပိရိရိ ဘယ်လိုပုံစံနဲ့ လိမ်ရမယ်ဆိုတာမျိုးနဲ့ အသားကျ ယဉ်ပါးနေပြီးသားပဲနော်။ ဒါပေမယ့် လိမ်ဆင်ကြီးဆိုတာ တစ်နေ့တော့ ပေါ်ရတာပဲနော်။
အခွင့်သင့်ရင် မှော်မှာ ကျောက်စိမ်း ဘယ်လိုတူးဖော်တယ်ဆိုတာကိုလည်း သိခွင့်ရချင်ပါသေးတယ်။ - May 3, 2010 at 3:15 AM
- အင်ကြင်းသန့် said...
-
ကျောက်တို့၏ မာယာပြီးရင် ဘာတို့၏မာယာလာဦးမှာလဲ ဟင်င်င်င်င်င်င်င်င် :)
တော်ပြီ ကျောက်စိမ်းတော့ မ၀ယ်တော့ဘူး (ပိုက်ပိုက်မရှိလို့လေ...ဟီးးးးးးးးးးးးး) - May 3, 2010 at 4:08 AM
- သဒ္ဓါလှိုင်း said...
-
အခုမှကြားဖူးတာမချောရေ...။တော်ပြီ...မ၀ယ်တော့ဘူး... မာယာထဲမိနေမှာစိုးလို့..........
ခင်တဲ့
သဒ္ဓါ - May 3, 2010 at 4:17 AM
- SM said...
-
Thanks for sharing knowledge, Ma Chaw Su
SM - May 3, 2010 at 5:23 AM
- ချိုကျ said...
-
တော်သေးတာပေါ့အစ်မရယ်...ကျားတို့၏မာယာ မဟုတ်လို့ ဟီး ဗဟုသုတလေးယူသွားပါတယ်။ အလိမ်မခံရအောင်..
- May 3, 2010 at 11:00 AM
- ကိုကိုမောင် said...
-
အမရေ... မအားလို့ မရောက်ဖြစ်ဖူး။ စက်တင်ဘာကုန်ရင်တော့ နဲနဲအားပြီလို့ ထင်တာဘဲ။
ကျောက်မာယာက စိတ်ဝင်စားစရာတော့အကောင်းသား။ အဲဒီလိုလေး ဗဟုသုတပြောပြပေးတော့ အဲဒီနယ်ပယ်မှာ အခြေချတော့မဲ့ လူတွေအတွက် ပညာရတာပေါ့လေ။
အဆင်ပြေပါစေ။ - May 3, 2010 at 1:57 PM
- KiKi said...
-
လှလိုက်တဲ့ ကျောက်ကလေးတွေ ..ချောရေ
ိခုမှ အနီးကပ် မြင်ဖူးတယ် ....ပညာ တွေ စုံလိုက်ကြတာ နော် ။ ကျေးဇူးပါ ။
ကိုယ်ကတော့ ဒီ ဟာကြီး နဲ့ ခလုတ်တိုက်မိရင်တောင် ကျောက်စိမ်းမှန်းမသိ ဖြစ်နေမှာလေ .ဒီလောက်ထိ အတွေ့  အကြုံ များတာ..
ဒီက တရုပ်တွေလည်း ကျောက်စိမ်းဆို အသည်းစွဲ ..ရူးကြပုံများ၊
မူယာတွေ မာယာတွေ က ..လူတွေ လုပ်ကြတာ ..
ကျောက်ကလေးတွေ ခမျာ ပြောခံရရှာတယ် ။
ဝယ်ဖို့ တော့ မဖြစ်နိုင်တာ..မို့ အလိမ်ခံရဖို့လည်း နည်းသွားတယ် ..း))
ခင်တဲ့ ..
မကိ - May 3, 2010 at 3:21 PM
- acube said...
-
ကျောက်စိမ်းကို ကြိုက်နှစ်သက်တယ်။ ကျောက်တွေ အကြောင်း ပြောပြီးတော့ ကျောက်စိမ်းလက်ကောက်လေးတွေ ၀ယ်ဝတ်ချင်ရင် ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာလေး တင်ပြပေးပါလား.
ကျေးဇူးတင်လျှက်
အေကျု - May 4, 2010 at 5:56 AM
- eizin said...
-
သဘာဝတရားကို အရောင်ဆိုးတော့ အားလုံးဒုက္ခရောက်ကြတာပေါ့
- May 5, 2010 at 6:53 AM
- ရွှေနတ်သား said...
-
ဗဟုသုတရလိုက်တယ်အမရေ.....တော်တော်လည်းရှုပ်ထွေးတဲ့ ကျောက်လောကပါလား
အဆင်ပြေရင်..မှော်ထဲ က ဘ၀အကြောင်းလေးတွေလည်းတင်ပေးပါဥိးနော် - May 8, 2010 at 6:28 AM
- ဏီလင်းညို said...
-
မချောရေ........
အဟုတ်.....ဗဟုသုတပဲဗျို့.....။
ကြားတော့ ကြားဖူးတာ....။
ခုမှပဲ ပုံလေးတွေနဲ့ကြည့်ရတော့တယ်.....။
ကျေးဇူး.......။
ကျောက်လာတူးဖို့ သံတူရွင်းဝယ်ထားလိုက်ဦးမယ်........။
ပြီးရင် မချောကို လာရှာမှာနော်.......ဒါဘဲ.........း))
(ကိုကြီးကျောက် ပြောတာများ.....ရယ်ချင်စရာ....း))
ခင်မင်တဲ့
ဏီလင်းညို - May 15, 2010 at 10:46 AM