လင်းယုန်တစ်ကောင်ရဲ့ ပုံပြင်
Saturday, January 23, 2010
photo from http://osl.cs.uiuc.edu/~ksen/eagle/
ရှေးအခါက တောင်စောင်းကြီးရဲ့ တစ်နေရာမှာ လင်းယုန်ငှက် အသိုက်တစ်ခု ရှိခဲ့ဖူးပါတယ်.. အဲဒီလင်းယုန်ငှက်အသိုက်ထဲမှာ ကြီးမားတဲ့ ဥကြီး လေးဥ ရှိနေပါတယ်.. တစ်နေ့မှာ ပြင်းအားကြီးတဲ့ ငလျှင်ရဲ့ လှုပ်ခတ်မှုကြောင့် လင်းယုန် အသိုက်ထဲက ဥတစ်လုံးဟာ တောင်စောင်းကနေ တစ်လိမ့်လိမ့် ဆင်းသွားပြီး တောင်ခြေမှာရှိတဲ့ ရွာလေးတစ်ရွာက ကြက်ခြံထဲကို ရောက်လို့ သွားပါတယ်.. ကြက်တွေဟာ အသိတရားရဲ့ စေ့ဆော်မှုကြောင့် ဒီဥကို သူတို့ စောက်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတာ အလိုလို နားလည်ကြပါတယ်.. ဒါကြောင့် အသက်ကြီးတဲ့ ကြက်မကြီးက တာဝန်ယူပြီး လင်းယုန်ငှက်ဥကို ကာကွယ် စောင့်ရှောက်ပါတယ်..
ဒီလိုနဲ့ တစ်နေ့မှာတော့ လင်းယုန်ငှက်ဥဟာ ကွဲအက်ပြီးတော့ အထဲကနေ လှပတဲ့ လင်းယုန်ငှက်ကလေး ပေါက်ဖွားလာပါတယ် ၀မ်းနည်းစရာ ကောင်းတာက လင်းယုန်ငှက်ကလေးဟာ ကြက်ပေါက်ကလေး အဖြစ်နဲ့သာ သင်ကြား လေ့ကျင့် ပေးခြင်း ခံရပါတယ်.. ပင်ကိုယ်ဇာတိ အရ လင်းယုန်ငှက် ဖြစ်သော်လည်း ကြီးပြင်းရာ နေရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် မိမိကိုယ်ကိုယ်လဲ ကြက် တစ်ကောင် အဖြစ်သာ ထင်မှတ်လို့ နေပါတယ်.. လင်းယုန်ကလေးဟာ သူအခု နေတဲ့ သူ့အသိုက်အမြုံနဲ့ သူနဲ့ အတူတူ နေထိုင်ကြီးပြင်းခဲ့တဲ့ ကြက်မိသားစုကို အလွန်ဘဲ ချစ်ခင် တွယ်တာပါတယ်.. သို့သော်လည်း သူရဲ့ ပင်ကိုယ်မူလ လင်းယုန် ဇာတိမာန်ရဲ့ စေ့ဆော်မှုလေးတော့ သူ့မှာ ရှိနေခဲ့ပါတယ်…
တစ်နေ့ ကွင်းပြင်ကြီးထဲမှာ ကြက်ကလေးတွေနဲ့ အတူ လင်းယုန်ငှက်ကလေးဟာ ဆော့ကစားနေခဲ့ပါတယ်.. အဲဒီအချိန်မှာ ကောင်းကင် အမြင့်မှာ ၀ဲပျံနေတဲ့ လင်းယုန်အုပ်စုကြီးကို လင်းယုန်ကလေးက မြေပြင်ကနေ မြင်တွေ့လိုက်ပါတယ်.. ဒီတော့ သူက "အိုး.. သူတို့လို ငါလဲ ပျံတတ် ချင်လိုက်တာ၊ ငါ့စိတ်ထဲမှာ အရမ်းကို ပျံကြည့်ချင်တယ်" လို့ပြောလိုက်ပါတယ်.. သူ့စကားကို ကြားတော့ အတူတူဆော့နေတဲ့ ကြက်ကလေးတွေက ၀ိုင်းပြီး လှောင်ရယ် ကြ ပါတယ်.. "ဘယ်လိုလုပ်ပြီး သူတို့လို ပျံနိုင်မှာလဲ.. မင်းက ကြက်လေ… ကြက်ဆိုတာ ပျံနိုင်တဲ့ အမျိုးမှ မဟုတ်တာ" လို့ သူ့ကို ၀ိုင်း ပြော ကြပါတယ်..
လင်းယုန်ငှက်ကလေးဟာ သူ့အမျိုး အဆွေတွေ ပျံသန်းသွားရာကို တိမ်လွှာပြင်ထက်ကို မျှော်ငေးကြည့်ရင်း သူတို့နဲ့အတူတူ ပျံသန်း လိုက်ပါ သွားလိုတဲ့ စိတ်ကူးအိပ်မက်တွေ မက်ပြီး ကျန်ရစ်ခဲ့ပါတယ်.. နောက်ပိုင်းမှာ ပျံသန်းလိုတဲ့ဆန္ဒတွေ အကြိမ်ကြိမ် ဖြစ်ပေါ် လာတိုင်းလဲ ဘေးက ကြက်တွေ ၀ိုင်းပြောကြတဲ့ မဖြစ်နိုင်ပါဘူးကွာ စိတ်ကူးမယဉ်ပါနဲ့ ဆိုတဲ့ စကားကို အမြဲ ကြားရပါတယ်.. ဒီလိုနဲ့ ကြားရဖန် များလာတော့ တကယ် ပျံသန်း နိုင်တဲ့ ငှက်မျိုးဖြစ်ပါရက်နဲ့ လင်းယုန်ကလေးဟာ သူ့စိတ်ကူး အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ ဆက်လက် မကြိုးစား တော့ဘဲ ရပ်တန့်ပစ်လိုက် ပါတယ်.. နောက်ဆုံးတော့ သူရဲ့ ဘ၀ အချိန်တွေကို ကြက်တစ်ကောင်ရဲ့ အနေအထိုင် အလေ့ စရိုက်အတိုင်း နေထိုင် သွားခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ သေဆုံး သွားပါတော့တယ်…
သင့်ကိုယ်သင် လင်းယုန်ငှက်လို အမြင့်ကို ပျံနိုင်မယ်လို့ ယုံကြည်ရင် ဖြစ်အောင်ကြိုးစားပါ .. ကြက်တွေလို ဘေးကလူတွေပြောတဲ့ စကားကို ဘယ်တော့မှ နားမယောင်ပါနဲ့….
----------------------------------------------------------------------------------------------------------------------------------
ဒီ story လေးထဲက လင်းယုန်ငှက်လို လူတွေ လောကမှာ ဘယ်လောက်များများ ရှိနေမလဲနော်..မိမိကိုယ်တိုင်မှာ ပင်ကိုယ် အရည်အချင်း အစွမ်းအစတွေ ရှိနေပါရက်နဲ့ ဖော်ထုတ်ခွင့်မရကြဘဲ ဘ၀ရဲ့ အချိန်တွေကို ကုန်ဆုံးနေကြတဲ့ သူတွေ အများကြီး ရှိနေကြမှာပါ.. ပတ်ဝန်းကျင်စကားကို နားယောင်ရင်း မိမိရဲ့ အိပ်မက် တွေကို စွန့်လွှတ်လိုက်ကြတဲ့ သူတွေလဲ ရှိကြမှာပါနော်.. မိမိကိုယ်ကို ယုံကြည်စိတ် ရှိသူ တွေဟာ တစ်ပါးသူစကားကို နားယောင် တတ်လေ့ မရှိပါဘူး.. ကိုယ်ရဲ့ အိပ်မက်တွေ ဖူးပွင့်လာဖို့အတွက်သာ တစ်စိုက်မတ်မတ် ကြိုးစား တတ်ကြပါတယ်.. ဘေးပတ်ဝန်းကျင် စကားဟာ ကိုယ့်ကို အကြောက်တရားနဲ့ ယုံကြည်ကင်းမဲ့ စိတ်ကို တိုးပွားစေပါတယ် အကြောက်တရားနဲ့ ယုံကြည်မှု ကင်းမဲ့စိတ်ဟာ လူငယ်တွေအတွက် လမ်းကြောင်းသစ်ကို ဖောက်ထွက်ဖို့ အကြီးဆုံး အဟန့်အတားလဲ ဖြစ်ပါတယ်. မိမိကိုယ်ကိုမှ မယုံကြည်ရင် အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ဝေးသွားပါပြီ..
ကိုယ်ဟာ ဘယ်ပတ်ဝန်းကျင် ၊ဘယ်အသိုင်းအ၀ိုင်းမှာ ရောက်နေတယ် ဆိုတာ ကို မစဉ်းစားပါနဲ့.. ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်အိပ်မက်က ဘာလဲ ဆိုတာကို သေချာ ဆန်းစစ်ပြီး ဖြစ်ချင်တာကို ပြင်းထန်တဲ့ ရည်ရွှယ် ချက်နဲ့ ကြိုးစားသင့်ပါတယ်.. မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့ ဘေးစကားကို နားထောင် နေမယ်ဆိုရင် သင့်ဘ၀ဟာ ကြက် တစ်ကောင် အဖြစ်နဲ့သာ ဘ၀ကို ကုန်ဆုံးသွားရှာတဲ့ လင်းယုန်တစ်ကောင်ရဲ့ အဖြစ်နဲ့ ထူးမခြားနားသာ ဖြစ်ပါလိမ့်မယ်.. ဒီတော့ ကျွန်မတို့ဟာ မိမိကိုယ်ကို ယုံကြည်စိတ်မွေးပြီး ဘေးပတ်ဝန်းကျင် စကားကို နားမယောင်ကြဘဲ ကိုယ့်စိတ်ကူးအိပ်မက်တွေ မှန်ကန်လာဖို့ လင်းယုန်ငှက်တို့ရဲ့ ပျံသန်းနိုင်တဲ့ ပင်ကိုယ် ဗီဇလိုမျိုး၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ်လို့ မြင့်မြင့်ပျံသန်း ကြပါစို့လားရှင်..
Tezza ရဲ့ The Chicken and the Eagle ကို ဘာသာပြန် ဝေငှပါသည်.... ဒီပုံပြင်လေးကို ရေးသားဖို့ အကြံပေးပြီး နှုတ်တိုက်ပါ ပြောပြသွားတဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲ လူငယ်လေး တစ်ယောက်ကိုလဲ ကျေးဇူးတင်ပါကြောင်း ပြောလိုက်ပါရစေရှင်...
လူငယ်တွေအားလုံး မိမိရဲ့ စိတ်ကူးအိပ်မက်များအတိုင်း မြင့်မြင့်ပျံသန်းနိုင်ကြပါစေရှင်.................
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- သဒ္ဓါလှိုင်း said...
-
မချောရေ...
စာလာဖတ်သွားပါတယ်...။ အသိပညာ မျှဝေပေးတာ အရမ်း ကျေးဇူးတင်ပါတယ်။ အမြဲ အားပေး နေမယ်နော်...
ခင်တဲ့
သဒ္ဓါ - January 23, 2010 at 5:47 AM
- Aung Thura said...
-
အစ်မရေ..
ခွန်အားရှိတဲ့စာစုများအတွက်ကျေးဇူးတင်ပါတယ်ဗျာ.. လေးစားပါတယ်.. - January 23, 2010 at 7:35 AM
- Kotunygn said...
-
Very Very Good Idea and Interesting words .......
- January 23, 2010 at 7:55 AM
- ကိုဇော် said...
-
ဟုတ်ပ...။
ဘယ်ကိုရောက်ရောက်...မျိုးမပျောက်စေနဲ့ပေါ့ဗျာ.။
အမျိုးဂုဏ်ကို မမေ့သင့်ပါဘူး။ - January 23, 2010 at 9:31 AM
- အဖြူရောင်နတ်သမီး said...
-
“ဘယ်ကိုရောက်ရောက်…မျိုးမပျောက်စေနဲ့ပေါ့ဗျာ”...တဲ့..
ကိုဇော်ပြောသလိုပါပဲ... - January 23, 2010 at 10:30 AM
- နွေဆူးလင်္ကာ said...
-
ဘာသာပြန်တွေကတော့ ရှယ်ပဲနော်
- January 23, 2010 at 10:36 AM
- ဇီဝက (ဆေး-၂) said...
-
ကျွန်တော်လည်း ပျံချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာ ၁၀ သိန်းလျော်ဖို့ ပိုက်ပိုက်စုလိုက်အုံးမယ်။ ပျံဖို့ အားပေးတဲ့ အစ်မဆီက ချေးမလားလို့။
- January 23, 2010 at 11:39 AM
- phyo said...
-
mama yay.....
i should also try to fly now ....
Like that eagle, sometimes i also forget what i am. - January 23, 2010 at 3:11 PM
- မြသွေးနီ said...
-
အမေက အမြဲပြောတယ်။
" ဘ၀င်မမြင့်နဲ့။ ဘ၀မမေ့နဲ့တဲ့။ "
ဒီစာလေးဖတ်မိတော့ အမေ့ကို သတိရလိုက်တာ ချောရေ..။
မြသွေးနီ - January 25, 2010 at 3:22 AM
- အင်ကြင်းသန့် said...
-
မရေ...
ဟုတ်တယ် ညီမလေးကတော့ ဒီစာစုလေးကို လုံးဝမှန်တယ်လို့ ထောက်ခံချင်တယ်
ကိုယ်တွေ့မို့လို့လေ
ချစ်တဲ့
ညီမဆိုးဆိုးလေး :) - January 25, 2010 at 11:43 AM
- yinminkhine said...
-
သိတ်မှန်တယ် လူတိုင်းသိသင့်တယ်..
- January 26, 2010 at 2:29 AM
- indawshan said...
-
ဘာသာပြန်လို့တောင်မထင်ရဖူးမချောရေ
ဘာသာပြန်တာလည်းကောင်းတယ်
ရည်ရွယ်ချက်လည်း ကောင်းတယ်ဗျာ
ဒို့ရဲ့ဧရာတီဆိုတဲ့ ခေါင်းစဉ်နဲ့ essay လေးတစ်ပုဒ်လောက်ရေးပါလား အမှတ်တရလေး ။ ကျွန်တော်ကြိုးစားပြီး ရေးကြည့်တယ်ဗျာ စိတ်ကြိုက်မဖြစ်ဖူး သိလား ။ မချောက စာရေးကောင်းတယ် အားကိုပါတယ် ကျွန်တော်ကဗျာလေးတစ်ပုဒ်တော့ ရေးကြည့်ထားတယ် အာရင်တော့လာဖတ်ကြည့်ပါအုံးခင် - January 26, 2010 at 7:52 AM
- ညီညီထွန်း said...
-
အမ၇ဲ့စာစုတွေက ကျွန်တော်အတွက်အားတွေကြီးဘဲ
အသိနောက်ကျလေခြင်းလို့နောင်တတောင်၇မိပါတယ်အမ၇ယ်
မောင်လေးလဲ အမပြောတဲ့ လင်ယုန်ငှက်လို တွေဝေမနေတော့ပါဘူး
လုပ်စ၇ာ၇ှိတာလုပ်ပါတော့မယ်------------- - February 3, 2010 at 6:45 AM