နှင်းဆီတစ်ပွင့်ရဲ့ အိပ်မက်
Monday, February 22, 2010
photo from http://www.reuniting.info/images/lolady.jpg
ကျွန်တော့် အသက် ၁၉နှစ်အရွယ် ပထမဆုံး ကောလိပ်ကျောင်း စတက်တဲ့ ရက်မှာ ကျွန်တော်တို့ရဲ့ ပါမောက္ခကြီးက သူ့ကိုယ်သူ မိတ်ဆက်ပါတယ်. ပြီးတော့ ကျွန်တော်တို့ကိုလဲ ယခု အတန်းထဲမှာ ရောက်နေကြသူချင်း တစ်ခါမှမသိခဲ့ဖူး၊ မတွေ့ခဲ့ဖူးတဲ့သူ အချင်းချင်း မိတ်ဆွေ ဖွဲ့ကြဖို့ သူက ပြောပါတယ်.. ဒီတော့ ကျွန်တော်လဲ မတ်တပ်ရပ်ပြီး ဘယ်သူနဲ့ မိတ်ဆွေဖွဲ့ရင် ကောင်းမလဲ ဆိုတာ အတန်းထဲ လှည့်ပတ်ကြည့်နေမိတယ်.. ဒီစဉ်မှာ ကျွန်တော့ပုခုံးကို တစ်စုံ တစ်ယောက်က လာပုတ်တဲ့အတွက် လှည့်ကြည့်လိုက်တော့ အသားအရေတွေ တွန့်နေပြီး ပြုံးရွှင်တဲ့ မျက်နှာပေးလေးနဲ့ တော်တော်လေးကို အသက်ကြီးနေတဲ့ အဖွားအို တစ်ဦးကို တွေ့လိုက်ရပါတယ်..
သူက ကျွန်တော့်ကို မိတ်ဆက်စကား စပြောပါတယ်.. “ ဟိုင်း ကောင်လေးရေ.. တို့နံမည်က ရိုစ့်ပါ.. အသက်က ၈၇ နှစ် ရှိပါပြီ.. ငါတို့တွေ မိတ်ဆွေ ဖြစ်ကြရအောင်လား …. တို့ကို ပြန်နှုတ်ဆက် ပါလားကွယ် ”
ကျွန်တော်လဲ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်မိရင်းက အဖွားကို စိတ်လိုလက်ရ လက်ဆွဲနှုတ်ဆက် လိုက်ပြီး “ ဘာလို့ ဒီလောက် ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ဒီကောလိပ်ကို လာတက်နေတာလဲဗျ” လို့ ကျွန်တော် သူ့ကို စနောက် ချင်စိတ်နဲ့ ရင်းရင်းနှီးနှီး ဟာသ ထုတ်ကာ မေးလိုက်ပါတယ်…
အဖွားရိုးစ့်က “ အော် တို့က ဒီကောလိပ်မှာ ချမ်းသာတဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ တွေ့ပြီး လက်ထပ်ခွင့်များ ရမလားလို့ပေါ့.. ရလာခဲ့ရင် ကလေး တစ်ဒါဇင်လောက် ယူမယ်.. ပြီးတော့ အနားယူပြီးရင် ခရီးတွေ အများကြီး ထွက်မယ်လေ” လို့ ရယ်ရယ်မောမော ပြန်ပြီး ဟာသ လုပ်ပါတယ်..
“ အိုး သိပ်ကောင်းတဲ့ ရည်ရွယ်ချက်ဘဲ ” လို့ပြန်ပြောရင်းက သူ့အကြောင်းကို စိတ်ဝင်တစား စပ်စုကြည့် မိပါတယ်… ဟုတ်တယ်လေ အသက် ၈၇ နှစ် ဆိုတဲ့ အရွယ်ဟာ ကျောင်းတက်ပြီး စာသင်ဖို့ သိပ်ကို ခဲယဉ်းတဲ့ အရွယ်ပါ.. ဒီအဖွားအို ရိုစ့်ဟာ ဘယ်လို တွန်းအားတွေ၊ ဘယ်လို စိတ်ကူးတွေနဲ့ ဒီကျောင်းကို လာတက်တယ် ဆိုတာ ကျွန်တော့်အတွက် တော်တော်လေးကို ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်..
သူက “ တို့ဘ၀မှာ ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခု အမြဲတမ်း ရှိခဲ့တယ်… အဲဒါက ကောလိပ်မှာ ပညာသင်ကြားခွင့်ရဖို့ ဆိုတဲ့ အိပ်မက် ကလေးပါဘဲ… တို့က အဲဒီ အိပ်မက်ကို တစ်နေ့မှာ မဖြစ် ဖြစ်အောင် အကောင်အထည်ဖော်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် အမြဲတမ်း ထားရှိခဲ့တယ်.. ဘယ်တော့မှ စိတ်အား မလျှော့ခဲ့ဘူး.. နောက်ဆုံးတော့ ဒီအသက်အရွယ် ရောက်မှဘဲ အဲဒီအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တယ်.. ” လို့ သူ အိပ်မက်အကြောင်းကို ပြောပြပါတယ်..
အတန်းပြီးတဲ့အချိန်မှာတော့ သူနဲ့ကျွန်တော် ကန်တဲန်း သွားပြီး ချောကလက် မေ့ခ်ရှိတ် အတူတူ သောက်ကြပါတယ်.. အဖွားရိုစ့်နဲ့ ကျွန်တော်ဟာ တကယ့်ကို သူငယ်ချင်း အရင်းအချာတွေ ဖြစ်သွားကြ ပါတယ်.. နောက်ပိုင်းတွေမှာလည်း သူနဲ့ကျွန်တော် အမြဲတမ်း စကားဖောင်ဖွဲ့ဖြစ်တယ်.. ကျွန်တော်ဟာ သူ့ဆီကနေ ဗဟုသုတတွေ အများကြီးကို ရခဲ့ပါတယ်.. အသက်အရွယ် ကြီးသူတွေဆီမှာ တန်ဖိုးဖြတ်မရနိုင်တဲ့ အတွေ့အကြုံတွေ၊ ပညာဥာဏ် ဗဟုသုတတွေ ရှိနေတတ်တယ် မဟုတ်ပါလား…
အဖွားဟာ ကျွန်တော်တို့ ကောလိပ်ကြီးတစ်ခုလုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပါတယ်. သူဟာ ဘယ်သူနဲ့မဆို ခင်မင် ရင်းနှီးလွယ်ပြီး လူတိုင်းကလည်း သူ့ကို ချစ်ခင်နှစ်သက်ကြတယ်.. အ၀တ်အစားကို အမြဲတမ်း သေသပ်ကျနစွာ ၀တ်ဆင်တတ်ပြီး.. အမြဲတမ်းလည်း ရယ်မော ရွှင်ပြနေလေ့ရှိတော့ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်.. သူဟာ အသက်အရွယ် ကြီးရင့်နေတဲ့ အဖွားအိုတစ်ယောက်နဲ့ မတူဘဲ နုပျိုလန်းဆန်းနေဆဲ မိန်းမငယ်လေး တစ်ယောက်နဲ့သာ တူတဲ့အတွက် ဇရာကို ဥပက္ခာ ပြုထားနိုင်တဲ့ တကယ့် အာဂအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်..
စာသင်နှစ်ဝက် အဆုံးမှာကျင်းပတဲ့ ကျွန်တော်တို့ ဘောလုံး အသင်းရဲ့ ဂုဏ်ပြု ညစာစားပွဲမှာ အဖွားရိုးစ့်ကို စကားပြောဖို့ ဖိတ်ကြားလိုက်ပါတယ်.. အဲဒီညမှာ သူ ကျွန်တော်တို့ကို ပေးလိုက်တဲ့ စကားလက်ဆောင်ကို ကျွန်တော့ တစ်သက် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး… သူဟာ စကားပြောစင်မြင့်မှာ သူ့ကိုယ်သူ မိတ်ဆက် ပါတယ်.. ပြီးတော့ သူဆက်ပြောတာက
“ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဆိုပြီး ကိုယ်လုပ်စရာ ရှိတာတွေကို ရပ်မပစ်သင့်ပါဘူး… လုပ်စရာရှိတာတွေကို ဘာမှ မလုပ်တော့ဘဲ ရပ်လိုက်ပြီဆိုမှသာ အသက်ကြီးသွားတာ ဖြစ်ပါတယ်… ကိုယ်လုပ်ချင်တာတွေ လုပ်နေသေးသရွေ့တော့ ငယ်ရွယ် နုပျိုနေဆဲ ဖြစ်ပါတယ်.. ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နဲ့ နေထိုင်ဖို့ဆိုတာ လျှို့ဝှက်ချက် ၄ခု ရှိပါတယ်… အဲဒါတွေက
ရယ်စရာ အကြောင်းအရာလေးတွေကို ရှာဖွေပြီး အမြဲတမ်း ရယ်မောရွှင်ပျ နေရမယ်.. ကိုယ့်ပါတ်ဝန်းကျင်မှာလဲ ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ပျော်ရွှင် ကြည်နူးစေနိုင်ရမယ်…
ဘ၀အတွက် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခု ရှိကိုရှိရမယ်.. ကိုယ့်အိပ်မက်ကို ဆုံးရှုံးပြီဆိုရင် သေတာနဲ့ အတူတူဘဲ.. မင်းတို့ ပတ်ဝန်းကျင်မှာ လူတွေအများကြီးကို တွေ့ရပါလိမ့်မယ်.. အဲဒီထဲကမှ တစ်ချို့လူတွေဟာ သူတို့ကိုယ်သူတို့တောင် မသိကြဘဲ ရှင်ရက်နဲ့ သေနေကြတယ်.. ဘာလို့လဲဆိုတော့ သူတို့မှာ ဘ၀အတွက် ဘာရည်မှန်းချက်မှ မရှိကြဘဲ အသက်ရှင်နေကြတယ်.. ဒီလို ရည်မှန်းချက်မရှိတဲ့ လူတွေဟာ သေတာနဲ့ အတူတူပါဘဲ…
အသက်ကြီးလာတာနဲ့ ရင့်ကျက်လာတာဟာ အများကြီး ကွဲပြားခြားနားပါတယ်… တကယ်လို့ မင်းဟာ အသက် ၁၉နှစ်ဆိုပါတော့ .. အဲဒီမှာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ လှဲလျောင်းရင်း တစ်နှစ်လုံး အချိန်ကုန်ဆုံးသွားခဲ့ရင် ဘာမှ အဓိပ္ပယ်မရှိဘဲ မင်းအသက်ဟာ ၂၀နှစ်ပြည့်သွားမယ်.. ဒီလိုပါဘဲ အဘွားဟာ အသက်၈၇နှစ်ရှိပြီ. ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အချိန် ကုန်ဆုံးသွားခဲ့မယ်ဆိုရင် တစ်နှစ်ကုန်တဲ့ခါ အသက် ၈၈နှစ်သာ ပြည့်သွားမယ်.. ဒါပေမဲ့ ဘာမှ တိုးတက်မှု ရှိမလာဘူး.. အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်သန်ခြင်း ဖြစ်မလာဘူး… လူတိုင်းလူတိုင်းဟာ တစ်နှစ်ပြီးတစ်နှစ် အလွယ်တကူ အသက်ကြီး လာတယ်.. အဓိပ္ပာယ်ရှိတဲ့ ရှင်သန်ခြင်းဖြစ်ဖို့အတွက် ကိုယ့်ရည်မှန်းချက်ဘာလဲ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ ရှာဖွေပြီး ဖြစ်အောင်လုပ်နေရမယ်.. ကိုယ့်အစွမ်းအစကို ဖော်ထုတ်နေရမယ်.. ဒါမှလဲ ကိုယ်ဟာ အသက်ကြီးတာ သက်သက် မဟုတ်ဘဲ အသက်နဲ့အတူ ရင့်ကျက်လာမယ်..
ကိုယ်လုပ်ခဲ့တာတွေအတွက် ဘယ်တော့မှ နောင်တ ပြန်မရပါနဲ့.. အဲလို နောင်တ ပြန်မရဖို့အတွက်လဲ လုပ်သင့်လုပ်ထိုက်တာကို အချိန်ရတုန်းမှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါ.. ကိုယ်မလုပ်ခဲ့မိတဲ့ အရာတွေအတွက် အသက်ကြီးလာမှ နောင်တ ပြန်မရအောင် ခုချိန်ကတည်းက ကိုယ့်ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဖြစ်အောင်လုပ်ခဲ့ရပါမယ်.. နောင်တရတတ်တဲ့ လူစားတွေဟာ သေရမှာကိုလဲ ကြောက်တတ်ကြတယ်.. ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်၊ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်အောင် ကြိုးစားနေတဲ့ လူမျိုးတွေဟာ နောင်တလဲမရှိသလို သေခြင်းကိုလဲ မကြောက်ရွံ့တဲ့ လူတွေသာဖြစ်တယ်… ”
အဖွားရိုးစ့်ဟာ သူ့ရဲ့ အဓိပ္ပာယ်ပြည့်ဝလှတဲ့ စကားတွေအပြီးမှာ နှင်းဆီပန်းရဲ့ အိပ်မက် သီချင်းလေးကို သီဆိုရင်း သူ့စကားပြောကို အဆုံးသတ်လိုက်ပါတယ်.. သူဟာ ကျွန်တော်တို့လူငယ်ကျောင်းသားတွေ အားလုံးအတွက် အကောင်းဆုံး၊ အဓိပ္ပါယ်ရှိဆုံး ဘ၀နေနည်းကို လက်ဆောင်ပေးခဲ့သူပါ..
စာသင်နှစ်ပြီးဆုံးတဲ့အခါမှာ အဖွားရိုစ့်ဟာလည်း ကျွန်တော်တို့နဲ့အတူတူ ကောလိပ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်.. ဘွဲ့နှင်းသဘင်မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ သူကိုယ်တိုင် တက်ရောက်ပြီး ဘွဲ့လက်ခံ ယူခဲ့ပါတယ်.. ဘွဲ့နှင်းသဘင်အပြီး တစ်ပတ်ပြည့်တဲ့ နေ့မှာတော့ အဖွားရိုစ့်ဟာ သူရဲ့ အိပ်ယာထက်မှာဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန် သွားခဲ့ပါတယ်… ကျွန်တော်တို့ကို ဘ၀မှာ နောင်တမရအောင် နေထိုင်ဖို့ အသိတရားတွေ သင်ကြား ပြသပေးခဲ့တဲ့ အဖွားရဲ့ ဈာပနကို ကျွန်တော်တို့ ကောလိပ်က ကျောင်းသား အားလုံးပေါင်း ၂၀၀၀ကျော်ဟာ လေးစားချီးကျူးခြင်း များစွာနဲ့ တက်ရောက်ခဲ့ကြပါတယ်.. ဘာဘဲဖြစ်ဖြစ် အဖွားရိုစ့်ဟာ ကျွန်တော်တို့ လူငယ်လေးတွေအတွက် အကောင်းဆုံး စံနမူနာ ယူစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်…
--------------------------------------------------------------------------------------------------------------------------------------
ဒီဇာတ်လမ်းလေးကတော့ အသက် ၈၇နှစ် ရှိတာတောင် အသက်ကြီးပြီ ဘာမှ မလုပ်တော့ပါဘူးလို့ မစဉ်းစားဘဲ အသက်ဘယ်လောက်ဘဲ ကြီးကြီး သူဖြစ်ချင်တဲ့ အိပ်မက်ကို မဖြစ်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖော်သွားတဲ့ အဖွားအို တစ်ဦးရဲ့ အကြောင်းလေးဘဲ ဖြစ်ပါတယ်.. သူဟာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် ဘယ်တော့မှ နောက်ကျတယ်၊ အသက်ကြီးတယ် ဆိုတာ မရှိကြောင်းကို သက်သေပြသွားပြီး အဓိပ္ပါယ်ရှိစွာ အသက်ရှင် နေထိုင်သွားခဲ့ပါတယ်.. ကျွန်မတို့လဲ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်လေးတွေကို ဖြစ်မြောက်အောင် လုပ်ဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူးဆိုတဲ့ အသိလေးကို နှလုံးသွင်းပြီး အဖွားအိုဆီက ခွန်အားတွေကို ဝေမျှလို့ ကြိုးစား ကြပါဦးစို့လားရှင်...
CHICKEN SOUP FOR THE COLLEGE SOUL မှ Dan Clark ရဲ့ Never Too Old To Live Your Dream ကို ဘာသာပြန်ပါသည်.. ဒီစာအုပ်လေးကို မိုင်ပေါင်းများစွာ အကွာအဝေးမှ တကူးတက ပေးပို့လာတဲ့ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကို ကျေးဇူးအထူး တင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ပါတယ်ရှင်..
ချော (အစိမ်းရောင်လွင်ပြင်)
15 comments:
- kokomaung said...
-
စိတ်ဓါတ်ခွန်အားတွေကို အရမ်းဖြစ်စေတဲ့ ပို့စ်လေးတစ်ခုပါဘဲ။
အသက်ကြီးပေမဲ့ ရည်မှန်းချက်ရှိနေသရွေ့ ဘယ်တော့မှ မပျက်စီးဘူးဆိုတာ ဒီပို့စ်လေးက သက်သေထူနေပါတယ်။
တကယ့်ကို စိတ်ဓါတ်တက်ကြွမှုကို ဖြစ်စေပါတယ်။
အဆင်ပြေပါစေ အမ။ - February 22, 2010 at 7:25 AM
- အပြုံးပန်း said...
-
ဟုတ်ပါတယ်၊
အသက်ကြီးပြီ၊ အချိန်လွန်သွားပြီဆိုပြီး ရပ်မနေသင့်ပါဘူး၊
အသက်ကြီးလာတာနဲ့အမျှ အချိန်ကုန်လာတာနဲ့အမျှ တန်ဖိုးရှိအောင် နေသင့် အသုံးချသင့်ပါတယ်။
ဒီနေ့ပဲ ဒါတွေ တွေးမိနေတာမို့ ဒီပိုစ့်လေးက အားဖြည့်အစာလေးပါ ညီမ ချော။ - February 22, 2010 at 7:26 AM
- ကိုဖြိုး said...
-
အမရေ... ကျေးဇူးတင်ပါတယ်ဗျာ။
ဗဟုသုတလဲရပါတယ်။ အားကျစရာလဲကောင်း.. အားတက်ဖွယ်ရာလဲဖြစ်.. လောက်အောင်ကောင်းပါတယ်။
အမလဲ... အသက် ရာကျော်တိုင် အစိမ်းရောင်လွင်ပြင်ကလေးမှာ နေ့ စဉ်မပြတ်ဘလော့ ရေးနိုင်ပါစေလို့ .. ဆုတောင်းရင်း.......။
စကားမစပ်။ ။ အဲ့တာ တကယ်လား ဟင်။ - February 22, 2010 at 10:15 AM
- ဏီလင်းညို said...
-
ချောရေ...
ဒီပို့စ်လေးလည်း...ကောင်းဗျား...
အင်္ဂလိပ် ဖွားဖွားကျည်ပွေ့ပေါ့နော့်....။
စိတ်ကူး အိပ်မက်တွေရှိတဲ့သူတွေအတွက်တော့ ဘ၀ဟာ... အချိန်နဲ့အမျှ တက်ကြွနေကြမှာပဲလေ...။
(စကားမစပ်... ဘလော့ဂ်မှာလင့်ခ်ထားတဲ့နေရာက လာမရပြန်ဘူး...။ တစ်ခြားနေရာကလာရတာဗျ....ဟီးးး)
ငိုတာနော်....း))
ခင်မင်တဲ့
ဏီလင်းညို - February 22, 2010 at 8:12 PM
- Kotunygn said...
-
Goooooood !!
- February 23, 2010 at 3:18 AM
- ညရဲ့ကောင်းကင် said...
-
အားတွေတအားဖြစ်သွားတယ်...
ဒီစာစုလေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ... - February 23, 2010 at 5:02 AM
- မြစ်ကျိုးအင်း said...
-
ကျနော့်ခံယူချက်ကတော့ နောင်တရရင် ၂ ခါ ရှုံးတယ်ဆိုတာပါပဲ။
ကြိုးစားနေသူအတွက် အမြဲတမ်း အခွင့်အရေး ရှိတာပဲ မဟုတ်လား။
စိတ်ဓါတ်ခွန်အားပေးတဲ့ စာတွေကို စေတနာအပြည့်နဲ့ ဖော်ပြပေးနေတာ မြင်ရပါတယ်အမရေ။ စာလုံးပေါင်း သတ်ပုံက အစ ဂရုတစိုက်ရှိတာ လေးစားဖွယ်ရာပါပဲ။ - February 23, 2010 at 7:48 AM
- ရန်နိုင် said...
-
ဒီဝက်ဆိုဒ်လေးကိုဒီနေ့မှသိတာပါ......သိတာနောက်ကြသွားတယ်ဗျာ......ကျွန်တော်ဒီလိုစာလေးတွေဖတ်ရတာအရမ်းသဘောကြပါတယ်.......အခုလိုရေးပေးတဲ့အစ်မချောကိုလဲအရမ်းကိုကျေးဇူးတင်ပါတယ်......ပျော်ရွှင်ချမ်းမြေ့သောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေ......
- February 23, 2010 at 3:08 PM
- ဇော်သိင်္ခ said...
-
အဖွားရိုစ့် ရဲ့ စိတ်ဓာတ်မျိုး စိတ်ထား မျိုးကို လူတိုင်း လူတိုင်း အတုယူ ကျင့်သုံးသင့် တယ်လို့ ထင်ပါတယ်ဗျာ။ ဒီပို့စ် လေး ကို ဖတ်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဒီ .. ဆိုဒ်တွေက အဲရာတွေ တက်နေလို့ ဘယ်မှကိုသိပ်မရောက်ဖြစ်ဘူးဗျ.. ဘာကြောင့်လဲ မသိဘူးနော်.. - February 26, 2010 at 10:28 PM
- hkwan said...
-
အမ
အများကြီးကျေးဇူးတင်တယ်
ညီမလေး မှာလဲ ဒီအဖွါးလိုပဲ အရမ်းဖြစ်ချင်တဲ့  အိပ်မက်တွေရှိတယ်
ဒါပေမဲ့ အခုချိန်ထိ ဖြစ်မလာသေးလို့ ညီမလေးအရမ်းစိုးရိမ်နေတယ် ..ညီမလေး အသက်ကြီးလာမှာကိုလဲအရမ်းကြောက်လာတယ်
ဘာကြောင့်လဲဆိုတော့ ညီမလေးရဲ့ အိမ်မက်တွေကိုအကောင်အထည်မဖေါ်နိုင်သေးပဲ အသက်ကြီးသွားမှာကိုကြောက်လို့ ပါ..ဒါပေမဲ့ အခုဒီပိုစ်းကိုဖတ်ခွင့်ရလိုက်တဲ့အချိန်မှာတော့ အသက်ကြီးလဲဘာမှမဖြစ်ဘူး ငါ့ရဲ့အိပ်မက်ဖြစ်လာဖို့ အရေးကြီးတယ်ဆိုတာကို သိလိုက်ရတယ်..
ကျေးဇူးပဲအမ ရေ........... - February 27, 2010 at 12:35 AM
- အင်ကြင်းသန့် said...
-
မမရေ....ဒီပိုစ့်လေးကို တကယ်ကြိုက်တယ်....ကျေးဇူးစ် : ))
- February 27, 2010 at 12:37 AM
- အဖြူရောင်နတ်သမီး said...
-
ကျေးဇူးပါ..မချောရေ...
ချစ်သူထက် အသက်ကြီးတဲ့ ညီမအတွက် အမြဲတန်းလိုလို...
“ငါ အသက်ကြီးလာလို့ မလှတော့ရင် သူ..ငါ့ကိုပြစ်သွားရင်ဒုက္ခ ” ဆိုတဲ့
အမြဲတန်းခြောက်လှန့်နေတဲ့ အိပ်မကဆိုးက နိုးထခဲ့ရပြီ... - February 27, 2010 at 12:37 AM
- missyoya said...
-
ဒီပိုစ့်လေးအတွက်တကယ်ကျေးဇူးပါရှင့်...ညီမတို့လိုလူငယ်တွေအတွက်အလွန်တန်ဖိုးရှိတဲ့စကားတေလးတွေမှတ်သားလိုက်ရပါတယ်..အားပေးလျှက်ပါ..:D
- February 27, 2010 at 8:01 AM
- ပြည့်စုံ said...
-
အရမ်းကောင်းတဲ့ပို့စ်လေးတခုပါဗျာ.....ကျေးဇူးတင်ပါတယ် မချော..
ေ - February 27, 2010 at 10:29 PM
- မြသွေးနီ said...
-
ကြိုးစားနေသူအတွက် ဘယ်တော့မှ အချိန်မနှောင်းသေးဘူးဆိုတာ ဒီပို့စ်လေးက သက်သေပါဘဲ။ ကောင်းတယ်ချောရေ..။
- March 1, 2010 at 1:31 AM