အမျိုးသားတို့ စတိုင်ကျနဖို့
Sunday, February 21, 2010
ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်..
၁။ အ၀တ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အ၀တ်အစားများကို သွားမဲ့ရက် မတိုင်မီကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့အခါ အင်္ကျီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..
၂။ မိမိနဲ့ လိုက်ဖက်မှုရှိမဲ့ အ၀တ်အစားကို ရွေးချယ်တတ်ပါစေ.. စူးရဲတောက်ပလွန်းသော အရောင်များ၊ ကြောင်ကြောင်ကြားကြားဒီဇိုင်းများ၊ တို့လို့တန်းလန်း အ၀တ်အစားများသည် သင်၏ စတိုင်ကျနမှုကို ဖျက်ဆီးစေသော အဆိုးဝါးဆုံး အချက်များပင်ဖြစ်ပါတယ်.. အ၀တ်နဲ့ လိုက်ဖက်သော ဖိနပ်၊ ရှူး၊ လည်စည်း၊ ခါးပတ် စသည်များကို ဆောင်ထားပါ။ သင့်တော်သည့် နေရာ၊ ပွဲလမ်းများတွင် ၀တ်ဆင်နိုင်ရန် ဖြစ်ပါတယ်.. ဖိနပ်များကို သပ်ရပ် သန့်ရှင်းနေရန် ဂရုစိုက်ပါ… ရှူးဖိနပ်ကို ပေါလစ် တိုက်ရန် မမေ့ပါနဲ့…
၃။ သင့်တော်တဲ့ ဘော်ဒီစပရေး၊ ရေမွှေး၊ Roll On ကို ရွေးချယ်သုံးစွဲပါ။ ယောက်ျားလေးမို့ အမွှေးနံ့သာ မသုံးစွဲရဘူး ဆိုတဲ့ အယူအဆဟာ နှစ်တစ်ထောင် အကွာအဝေးမှာ ကျန်ခဲ့ပါပြီ.. ခေတ်မှီသူတိုင်း၊ မိမိကိုယ်ကို စတိုင်ကျချင်သူတိုင်း ကိုယ်နဲ့ လိုက်ဖက်မဲ့ မွှေးရနံ့ တစ်ခုခုကို သုံးစွဲတတ်ကြပါတယ်.. မွှေးရနံ့ တစ်ခုကို သုံးစွဲခြင်းဟာ လူတွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်.. ယောက်ျားလေးများနဲ့ လိုက်ဖက်တဲ့ ရေမွှေးရနံ့မှာ အများအားဖြင့် သစ်သားရနံ့၊ သစ်သီးနံ့၊ ပရုပ်နံ့၊ အရှေ့တိုင်း အမွှေးအကြိုင်များ စသည်တို့နဲ့ ဖော်စပ်ထားတဲ့ မွှေးရနံ့များနဲ့ ပိုမို သင့်တော်ပါတယ်.. တရားလွန် မွှေးကြိုင်နေသော အမွှေးရနံ့ မျိုးကိုတော့ ရှောင်ကျဉ် သင့်ပါတယ်.. စတိုင်ကျခြင်းထက် ကျော်လွန်ပြီး လူတကာ နှာခေါင်းရှုံ့စရာဖြစ်နိုင်လို့ပါ….
၎။ မိမိသွားလာမဲ့ ပွဲလမ်းသဘင်နဲ့ သင့်တော်လျှောက်ပတ်သော ၊ မိမိအသက်အရွယ်နှင့် လိုက်ဖက်သော အ၀တ် အစားကို ရွေးချယ်တတ်ပါစေ.. ဂုဏ်သရေရှိ ဧည့်သည်အများအပြား ဖိတ်ကြားထားသောဧည့်ခံပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားမျိုး တက်ရောက်ရန်အတွက် ရပ်ပ်ပါစတိုင်၊ ပန့်စတိုင် စသည်ဖြင့် ၀တ်စားဆင်ယင် သွားမည်ဆိုလျှင် စတိုင်ကျသူတစ်ယောက်ထက် လူရယ်ဖို့သာ ဖြစ်နိုင်သဖြင့် လိုက်ဖက်သော ၀တ်စား ဆင်ယင်မှုကို ဂရုတစိုက် ရွေးချယ်ပါ..
၅။ ယောက်ျားတစ်ယောက်ကို စတိုင်ကျနစေဖို့ အကြောင်းအချက်တွေထဲမှာ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ရွေးချယ်မှုဟာလည်း အရေးပါပါတယ်.. ဆံပင်ပုံစံကြောင့် ရုပ်ရည်ပါ ပြောင်းလဲ သွားနိုင်ပါတယ်.. ဒါကြောင့် ကြုံရာ ဆိုင်မှာ ဆံပင်ကို ညှပ်ခြင်းထက် မိမိ ညှပ်နေကျ၊ မိမိနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံကို မှန်ကန်စွာ ရွေးချယ်ပေးမဲ့ ဆိုင်မျိုးမှာသာ ဆံပင်ကို ပုံမှန် ညှပ်သင့်ပါတယ်..
၆။ ကျန်းမာရေး လေ့လာလိုက်စားပါ.. မိမိ အားလပ်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်.. များများ အချိန်မပေးနိုင်လျှင်တောင်မှ ရေချိုးခါနီး နာရီဝက်လောက် အချိန်ယူ၍ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန် လေ့ကျင့်ခန်းပြုလုပ်သည့် အကျင့်ကို မွေးမြူပါ…
၇။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ.. သန့်ရှင်းသပ်ရပ်မှုသည်လည်း အမျိုးသားများကို စတိုင်ကျနစေသော အချက်တစ်ချက် ဖြစ်ပါတယ်.. မိမိခြေသည်း၊ လက်သည်းများ ခြေးညှော် ကင်းရှင်းစေရန် အစဉ်သတိပြုပါ.. မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ရိတ်ပြီးတိုင်း after shave ကို သုံးစွဲပါ.. ညအိပ်ရာဝင်တိုင်း မျက်နှာသစ်ပြီး သင့်တော်သော Moisturizer ကို လိမ်းပြီးမှ အိပ်ရာဝင်ပါ...
၈။ ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း အစရှိသော ရှိသမျှ အဆင်တန်ဆာများ ထုတ်၍ ဆင်မြန်းထားခြင်းသည် စတိုင်ရှိခြင်းထက် အများအမြင်တွင် ယောက်ျားမဆန်ဘဲ အကြွားပိုခြင်းဟုသာ အထင်ရောက်စေနိုင်ပါတယ်… နာရီကောင်း တစ်လုံးသည် ယောက်ျားတစ်ယောက်အတွက် မရှိမဖြစ်သော အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်.. အချိန်တန်ဖိုးထားတတ်သူ၊ တိကျသူ စသည့် အင်္ဂါရပ်များကို ပေါ်လွင်စေနိုင်ပါတယ်..
၉။ ကိုယ်နှင့် အဆမတန် သေးငယ်သော၊ သို့မဟုတ် ကြီးလွန်းသော အ၀တ်အစားများကို ရှောင်ပါ.. ခေတ်အလွန်ဆန်လွန်းသော အ၀တ်အစားများကိုလည်း ရှောင်သင့်ပါတယ်.. ခေတ်ဆန်လွန်းသော အ၀တ်အစားများသည် အလျှင်အမြန် ခေတ်ကုန်သွားနိုင်ပါတယ်..
၁၀။ စကားပြော ရည်မွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း၊ လူအများနှင့် သဟဇာတဖြစ်ခြင်း စသည့် အချက်များသည်လည်း ယောက်ျားတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးကို တောက်ပ စတိုင်ကျစေသော အချက်များ ဖြစ်ပါတယ်…
အမျိုးသားတွေ အတွက်လဲ ရေးပါဦးလို့ ဆိုလာတဲ့ သူငယ်ချင်းများအတွက် ဒီ ဆောင်းပါးလေးကို ရေးဖြစ်ပါတယ်ရှင်.... အားလုံး စတိုင်ကျကျနဲ့ လှပနိုင်ကြပါစေနော်..
ချော (အစိမ်းရောင်လွင်ပြင်)
19 comments:
- ကိုဖြိုး said...
-
အမ ချော တစ်ယောက်တော့...
ကျွန်တော့်ကိုများ စောင်းပြော နေလား မသိဘူး.။ :P
အင်းပေါ့လေ.. စံပြပုဂိုလ်နေရာ ထားတော့လဲ မငြင်းတော့ပါဘူး။
ဟဲဟဲ :P - February 21, 2010 at 4:48 AM
- Kotunygn said...
-
Thanks so much ...... How about ladies ?
- February 21, 2010 at 5:42 AM
- kokomaung said...
-
ဒါလေးတွေလဲ သိထားသင့်တာဘဲ။ ကျနော်က အ၀တ်အစားကို အရမ်းဂျီးမများတတ်တော့ စတိုင်လ်ကျဖို့ ခက်နေတယ်။ နောက်တော့ အမရေးတဲ့အတိုင်း စမ်းကြည့်ရဦးမယ်။ ထူးလာမလားလို့။းဝ
- February 21, 2010 at 5:46 AM
- ဏီလင်းညို said...
-
ချောရေ...
အမျိုးသားတွေအတွက် ရည်ရွယ်ပြီးရေးပေးတာကို ဖတ်ရတာ တစ်ကယ်ကျေးဇူးတင်စရာဗျာ....။
ဒါပေမယ့် နဂိုရှိမှ နကိုင်းထွက်တာမို့ ကိုဏီတို့ကတော့ စိတ်ပျက်လက်ပျက် လက်မှိုင်ချနေရပါကြောင်းးးးး...။
(စကားမစပ်... တင်ထားတဲ့ပုံက ကျွန်တော်နဲ့ နည်းနည်းဆင်သလိုလိုပဲ....။ ယောက်ျားချင်းလေ....ဟိဟိ....း))
ခင်မင်တဲ့
ဏီလင်းညို - February 21, 2010 at 6:09 AM
- k.maungkyaw said...
-
အလုပ် လုပ်နေရင်းငြီးငွေ့လာလို့ အွန်လိုင်းတက်လာလိုက်တာ ...
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ဖတ်ချင်နေတာနဲ့ တဲ့တဲ့ တိုးရော ...
နဂိုကတည်းကမှ ကိုရီးယားစတိုင် ဖမ်းချင်နေပါတယ် ဆိုမှ ...
တင်ထားတဲ့ ပုံကြောင့် ပိုအတုခိုးမိတော့မယ် ထင်ပါရဲ့ ...
အ၀တ်အစားဘိုးလိုရင်တော့ ပိုက်ပိုက်ချေးအုံးဗျ ... - February 21, 2010 at 8:27 AM
- ziwakka (um2) said...
-
ဘယ်တုန်းက လူကို လာကြည့်ပြီး ရေးသွားလည်း မသိဘူး
- February 21, 2010 at 9:37 AM
- မြစ်ကျိုးအင်း said...
-
မှတ်ထားသင့် လိုက်နာသင့်တဲ့ အချက်တွေ ဆိုတာ လက်ခံပေမယ့် အချက်အားလုံး လိုက်နာဖို့တော့ ထိုက်သင့်တဲ့ ပုံမှန်ဝင်ငွေ ရှိရပါလိမ့်မယ်။ ရောက်နေတဲ့ အခြေအနေမှာ အသပ်ရပ်ဆုံးဖြစ်အောင်တော့ နေထိုင်ရမှာပါပဲ။
ဒီပို့စ်လေးကို သဘောကျတယ် ။ အမျိုးသားများ ဖတ်သင့်သလို အမျိုးသမီးတွေလည်း သူတို့ရဲ့ သက်ဆိုင်သူတွေအတွက် ဖတ်သင့်တဲ့ ပို့စ်လေးပါပဲ။ - February 21, 2010 at 10:26 AM
- လင်းကြယ်ဖြူ said...
-
အော် ဒါ က ဒီလိုရှိတယ်ဆိုတော့လည်း...မှတ်ထားလိုက်ရပြန်တာပေါ့...
ဖုန်တက်နေတဲ့ မီးပူ ကို ပြန်ခါပြီး မီးပူလေးဘာလေး တိုက်ကြည့်ဦးမှပဲ..Dryer ကနေထွက်တာနဲ့
ခါ ပြီး ပြန့်နေလို့ မီးပူမတိုက်ပဲ အချောင်ခိုနေတာကြာပါေ၇ာလားဗျာ....:P
ပျော်ပါစေ
*.*.* - February 21, 2010 at 1:58 PM
- ဒဏ္ဍာရီ said...
-
ချောရေ... သပ်ရပ်လှပပြီး စတိုင်ကျတဲ့ ဒီဇိုင်းလေးနဲ့ ပျိုမေတွေ အကြိုက်ရေးတတ်လိုက်တာနော်။
အိမ်က သူကိုလည်း ဒါမျိုးလေး စတိုင်ထုပ်ပေးမှနဲ့ တူတယ်နော်။း)
ခင်မင်လေးစားလျှက် - February 21, 2010 at 6:37 PM
- မကေ said...
-
မချောရေ ဖတ်တော့သွားတယ် ဘယ်သူ့ကို စတိုင်ပြောင်းပေးရလဲ :P
- February 21, 2010 at 7:37 PM
- လေတံခွန် said...
-
မှတ်သားရပါတယ်ဗျာ...............။
- February 21, 2010 at 11:41 PM
- မြသွေးနီ said...
-
အထက်ဖော်ပြပါအချက်(၁၀)ချက်လုံးနဲ့ ပြည့်စုံသူကိုတွေ့ဖူးချင်လိုက်တာနော်။ :)
- February 22, 2010 at 12:31 AM
- ဇာဏီ said...
-
အဟမ်း........
ဘရာဗို ဖြစ်ပါတယ် (၁၀) ချက်နဲ့ကိုက်ညီတာ - February 22, 2010 at 3:44 AM
- ahphyulay said...
-
ကျွန်တော် တို့ အတွက် မှတ်သား စရာတွေကြီးပါ။ အဲ မဟုတ်ဘူး အလွတ်ကျက်ရမှာဗျို့ ...။
- February 22, 2010 at 5:31 AM
- ကိုဇော် said...
-
ကျေးဇူးတင်ပါတယ် မချောရေ...
ကျနော့်ပုံလေးနဲ့ ကျနော့်စရိုက်လေးတွေကို လူအများသိအောင် ဖော်ပြပေးလို့ပါ။
ဟီး.............။
အထက် ၃ ယောက်မြောက်က အမကြီး မြင်ဖူးချင်ရင် နောက်နေ့ဓါတ်ပုံပေးပါ့မယ်။
( အဟီး..အခုတော့ ဓါတ်ချုပ်နေလို့ :P ) - February 22, 2010 at 5:59 AM
- ညရဲ့ကောင်းကင် said...
-
မှတ်သားစရာပါပဲဗျာ..
နောက်တခုသိချင်တယ် အစ်မ...
လမ်းလျှောက်တဲ့ ပုံစံပါ... စတိုင်ကျတဲ့ ယောက်ကျားလေးတစ်ယောက်မှာ လမ်းလျှောက်ပုံကလည်း အရေးပါမယ်ထင်တယ်...အဲဒါလေးကို ဖြည့်စွက်ပေးပါအုန်းနော်.. - February 23, 2010 at 5:06 AM
- missyoya said...
-
ဒီပို့စ်ကိုဖတ်ရသောအကျိုးအားကြောင့်..ဖော်ပြပါအရည်အချင်းနှင့်ပြည့်စုံသောသူတွေ့ရပါလိုအိ...:P
- February 27, 2010 at 8:09 AM
- မိုးမောင် said...
-
အချက်တော်တော်များများက ကိုယ့်ကိုများ စောင်းရေးထားသလား ထင်ရတယ်။ :D
- February 27, 2010 at 10:23 AM
- mg han said...
-
this is about me at all.
- March 11, 2010 at 5:07 AM