အမျိုးသမီးတို့ရဲ့ အလှအပ
Saturday, February 20, 2010
ကျွန်မတို့ အမျိုးသမီးတွေရဲ့ အလှအပအကြောင်းကို ရှုထောင့်တစ်မျိုးကနေ ပြောကြည့် ကြရအောင်လားရှင်.. မိန်းကလေး တစ်ယောက်ရဲ့ အလှကို ဆုံးဖြတ်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်စံ၊ သတ်မှတ်ချက်တွေနဲ့ တိုင်းတာ ဆုံးဖြတ် ကြပါတယ်.. လူတစ်ယောက်ရဲ့ အပေါ်ယံ အရေပြား အလှကိုသာ ကြည့်ပြီး ဒီအမျိုးသမီး လှတယ် မလှလူးဆိုတာ ဆုံးဖြတ် လိုက်ကြ တာဟာ အမှန်တော့ တရားမျှတမှု မရှိပါဘူး… တကယ်တမ်းတော့ အမျိုးသမီးတိုင်းမှာ ရုတ်တရက်ကြည့်ရုံနဲ့ မမြင်နိုင်သေးတဲ့ အလှတရားကိုယ်စီ ရှိကြပါတယ်..
အလှအပ အသုံးအဆောင် ပစ္စည်းနဲ့ ပါတ်သက်တဲ့ စီးပွာရေးလုပ်ငန်းတွေ ကမ္ဘာတစ်ဝှမ်းမှာ ပေါများလာတာကို ကြည့်ခြင်း အားဖြင့် အလှအပဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိသာပါတယ်.. အမျိုးသမီးတွေ ကလည်း အလှပြင်ဖို့ဆို အချိန်ဘယ်လောက် ကုန်ကုန် ငွေဘယ်လောက် ပေးရပေးရ လှချင်ကြတဲ့သူတွေသာ ဖြစ်ကြပါတယ်…. ဆင်းရဲတဲ့ နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးများတောင်မှ ဈေးသက်သာတဲ့ အလှအပပစ္စည်းကို ၀ယ်သုံးကြပါ တယ်.. ဈေးပေါပြီး အာမခံချက်မရှိတဲ့ အလှကုန်တွေကြောင့် အသားအရေကို ကောင်းကျိုး ထက် ဆိုးကျိုးပေးဖို့က ပိုများပါတယ်… ဒါပေမဲ့လည်း လှချင်ကြတော့ ဆိုးကျိုးကို ထည့်မတွက်မိ ကြတော့ဘူးပေါ့နော်..
အမျိုးသမီးတိုင်းလိုလို လှချင် ပချင်ကြပါတယ်.. ဒါဟာ ငြင်းပယ်လို့မရတဲ့ အမှန်တရားပါ….. ပြီးတော့ အမျိုးသမီးတွေဟာ မိမိတို့ကို ပြောလာမဲ့ “ ဟယ်လှလိုက်တာ ” ဆိုတဲ့ စကားလေး ကို ကြားချင်၊ အပြောခံချင်ကြတဲ့ သူတွေချည်းဘဲ ဖြစ်ပါတယ်.. သို့သော်လည်း အမျိုးသမီး တစ်ယောက်ရဲ့အလှကို အပေါ်ယံ ကြည့်ကောင်းရုံ၊ ကိုယ်ခန္ဓာအသွင်အပြင် လှပနေရုံ နဲ့တော့ ဆုံးဖြတ်လို့ မရပါဘူးရှင်.. အပြင်ဘန်း ရုပ်အလှအပဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ အလှကို ဆုံးဖြတ်ဖို့ ထည့်သွင်းစဉ်းစားရမဲ့ အချက်ကလေး တစ်ချက် မျှသာ ဖြစ်ပါတယ်… နောက်ထပ် ထည့်သွင်း စဉ်စား ဆုံးဖြတ်ရမဲ့ အချက်တွေက သူ့ရဲ့ အပြုအမူ၊ အကျင့်စရိုက်၊ အပြောအဆို၊ ဥာဏ်ရည်ထက်မြက်မှု၊ ဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ ဇ၀နဥာဏ် ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမှု၊ မိသားစုဘ၀ကို တန်ဖိုးထားတတ်မှု စသဖြင့် အများကြီး ရှိပါတယ်.. ဒီအချက်တွေ အားလုံးဟာ အမျိုးသမီးတစ်ယောက်ကို ပိုပြီး လှပ လာအောင် ၊ ဆွဲဆောင်မှု ရှိလာအောင်၊ တောက်ပလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ အချက် တွေဘဲ ဖြစ်ပါတယ်..
လက်နဲ့ အချိန်ယူပြီး သေချာလှလှပပလေး အရောင်အသွေးစုံအောင် ဂရုတစိုက်နဲ့ ယက်လုပ် ထားတဲ့ ကော်ဇောတစ်ချပ်ရဲ့ တန်ဖိုးဟာ သာမန် ဖြစ်သလို ယက်လုပ်ထားတဲ့ စက်ယက် ကော်ဇော တစ်ချပ်ရဲ့ တန်ဖိုးနဲ့ မတူညီ ကွဲပြားခြားနား သလိုပါဘဲ… ရုပ်ရည်လှပမှု သက်သက်ဘဲ ဆိုရင်တော့ တန်ဖိုးနည်းတဲ့ သာမန်ကော်ဇော တစ်ချပ်ရဲ့ အရည်အချင်းနဲ့သာ နှိုင်းယှဉ်ရမှာပါ….. အပေါ်ကဖော်ပြတဲ့ အရည် အချင်းများ နဲ့ ကိုယ်ရည်ကိုယ်သွေး ပြည့်စုံတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အလှအပဟာ လက်နဲ့ အချိန်ယူပြီး သေချာကျနစွာ ယက်လုပ်ထားတဲ့ ကော်ဇောတစ်ချပ်လို တန်ဖိုးရှိပြီး အရောင်အသွေးလှပ၊ တာရှည် တောက်ပလန်းဆန်း နေမဲ့ မညှိုးပန်းလေးတစ်ပွင့်နဲ့ တူပါတယ်… ကျွန်မတို့မှာ အထက်ကပြောခဲ့တဲ့ အရည်အသွေးတွေ အားလုံး မပြည့်စုံ နိုင်ဘူး ဆိုရင်တောင်မှ ကိုယ်တတ်နိုင်သလောက် ဖြည့်ဆည်း ကြရမှာ ဖြစ်ပါတယ်.. ဒါမှလည်း ရုပ်အလှတင်မက အရည်အချင်းလဲရှိ၊ တန်ဖိုးမြှင့်၊ တင့်တယ်တဲ့ မိန်းမသားတစ်ယောက်ရဲ့ ကျက်သရေရှိရှိ အလှကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်..
ရုပ်ရည်လှပခြင်းဟာ အရေးပါတယ် ဆိုတာ မှန်ပေမဲ့ တစ်ခြားလိုအပ်တဲ့ အရည်အချင်းတွေ ရှိဖို့ဆိုတာလည်း ပိုပြီး အရေးကြီး ပါတယ်.. ဒါကြောင့် ကျွန်မတို့မိန်းခလေးများဟာ ရုပ်အလှကို ပြုပြင်ဖို့ အချိန်တွေပေး၊ ငွေတွေ အကုန်အကျခံကြ သလိုဘဲ အတွင်းစိတ် လှပဖို့နဲ့ ကျန်တဲ့ အရည်အချင်းတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို ဖြည့်နိုင်ဖို့လဲ ကြိုးစားသင့် ပါတယ်.. အတွင်းစိတ် လှပဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်ဖို့ ဆိုတာတော့ ဘယ်တန်ဖိုးကြီး အလှကုန်မှလည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး… ကျွန်မတို့ကိုယ်တိုင်က ပြုပြင် ဖြည့်ဆည်း ယူရမဲ့ အရာဖြစ်ပါတယ်…
ကျွန်မတွေ့ဖူးတဲ့ တစ်ချို့ အမျိုးသမီးများဟာ ပြင်ပ ရုပ်ရည်အားဖြင့် ပြောစမှတ် ပြုရလောက်အောင် မလှပကြပေမဲ့ သူတို့မှာရှိတဲ့ အရည်အချင်း၊ ထူးချွန် ထက်မြက်မှုတွေက သူမတူတဲ့ ဆွဲဆောင်မှုကို ဖြစ်ပေါ် လာစေပါတယ်.. အဲဒီ အရည်အချင်းတွေနဲ့ တစ်ဘက်သားကို လွှမ်းမိုးထားနိုင် ကြပါတယ်.. မိမိကိုယ်ကို ဂရုတစိုက်နဲ့ အတွင်းစိတ် အလှရော အပြင်ကိုယ်ခန္ဓာနဲ့ မျက်နှာအလှကိုပါ ပြုပြင်မယ် ဆိုရင် သံသယ မရှိပါနဲ့.. သင်ဟာ အလွန် ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက် မလွဲမသွေ ဖြစ်လာမှာပါ…
အမျိုးသမီးတိုင်း လှပနိုင်ကြပါစေရှင်…….
ချော (အစိမ်းရောင်လွင်ပြင်)
ကိုးကား Amazoo/beauty-advice မှ The Secret of Your Inner Beauty
HELLO ဂျာနယ် အတွက် ရေးထားသော ဆောင်းပါးကို ကျွန်မရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံး ဖတ်ရှုနိုင်ဖို့အတွက် ဘလောဂ့်စာမျက်နှာပေါ် တင်ပေး လိုက် ပါတယ်ရှင် ....
15 comments:
- လင်းကြယ်ဖြူ said...
-
ရုပ်ရဲ့ အလှ ကို သင်္ခါရ က ချေဖျက်နိုင်ပေမယ့်..
စိတ်ရဲ့ အလှ ကို တော့ ဘယ်အရာမှ မဖျက်စီးနိုင်ပဲ အမြဲ နုပျိုနေစေတယ် ပေါ့နော...
ပျော်ပါစေ
*.*.* - February 20, 2010 at 6:44 AM
- မျှော်လင့်သူ said...
-
ဟိဟိ ... ကိုယ်နဲ့ မဆိုင်ပေမယ့်..
စပ်စုတဲ့အကျင့်ရှိလို့ တစေ့တစ်စောင်း. လာရောက်ဖတ်ရှုသွားပါတယ်ခင်ဗျာ. - February 20, 2010 at 7:56 AM
- kokomaung said...
-
အလှကိုယ်စီရှိကြသည်ပေါ့ အမ။
မြင်တာကြာလာရင်လဲ အလှတစ်မျိုးဖြစ်လာတတ်ပါတယ်။
လှတာနဲ့ ချစ်စရာကောင်းတာတော့ နဲနဲကွာမယ်ထင်တယ်။ ချစ်စရာကောင်းတာက ပိုပြီးဆွဲဆောင်မှုရှိမယ်ထင်တယ်။ ရုပ်လဲပြင် စိတ်ကိုလဲပြင်ပြီး ချစ်စရာကောင်းတဲ့ မိန်းခလေးဆိုရင်တော့ ပြောစရာမလိုလောက်အောင် ဘက်ပေါင်းစုံပြည့်စုံသွားတော့တာပေါ့။ - February 20, 2010 at 9:18 AM
- ကိုဖြိုး said...
-
ဆိုပါစို့ ။ ကျွန်တော်တို့ ယောက်ျားလေး တစ်အုပ်လိုက်ကြီး လက္ဘက်ရည်ဆိုင်ထိုင်နေကြတယ်ပေါ့။
အရမ်းလှတဲ့ ကောင်မလေး တစ်ယောက်ဖြတ်လျောက်သွားရင်.."လှတယ်ကွ" ဆိုပြီးလိုက်ငမ်းမယ်ပေါ့။
ဒါက.. အပေါ်ယံကြည့်တဲ့ ခဏတာအတွက်ပါ။တကယ်လို့  အဲ့ကောင်မလေးက စိတ်ထားမကောင်းဘူး အကျင့်မကောင်းဘူးဆိုရင်..နောက်..သူဘယ်လောက်ပဲလှနေပါစေ.။ ဘယ်သူမှ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ရွက်ကြမ်းရေကျို ကောင်မလေး တစ်ယောက်ပဲ ဖြစ်နေပါစေ။ သူ့မှာ ဖြုစင်တဲ့စိတ်ထားနဲ့ .. မိန်းမပီသတဲ့စရိုက်လက္ခဏာလေးတွေ..အကျင့်စာရိတ္တကောင်းမွန်တာ..သူတစ်ပါးကိုကူညီတတ်တာ..
etc...ဆိုတဲ့အကျင့်ကောင်းလေးတွေသာပိုင်ဆိုင်ထားရင်..အဟဲ "ဒီကောင်မလေး ချစ်မွေးပါတယ်".
ဆိုပြီး.. ပြောကြမှာပါပဲ။ တကယ်တော့..အပေါ်ယံလှတာထက်..စိတ်ထားလှဖို့ လဲ အရေးကြီးပါတယ်။
အပေါ်ကရေးထားတဲ့.. ကိုကိုမောင်ကိုပဲကြည့်... လှတာထက်.. ချစ်စရာကောင်းတာကို ပိုသဘောကျတယ်.. :D အပေါ်ယံရုပ်ရည်လှတာက တခဏပါ။ အတွင်းစိတ် လှပတာမှတန်ဖိုးရှိတာပါ။
စကားမစပ်.. ကျွန်တော်တို့  အမ ချော ကိုပဲကြည့်..ရုပ်ကသာမလာတာ.. စိတ်ထားလေးကျတော့ ဖြုစင်တော့.. ဒီကိုလာလည်တဲ့လူတိုင်း စိတ်ထဲမှာအေးချမ်းသွားတာပေါ့နော်... :D :D :D - February 20, 2010 at 6:27 PM
- ချော said...
-
ဟားဟား
အပေါ်က ကိုဖြိုး..
ရှင်ကျုပ်ကိုပါ ဖဲ့သွားပါလားဟေ.... ကိုယ့်အစ်မကို ဒီလောက် မြှောက်ပင့်သွားရလား..
ကျုပ်က ဒီလောက်ရုပ်မဆိုးပါဘူး... သွားလေးနည်းနည်းကျဲပြီး အသားမဲနေတာကလွဲရင်ပေါ့..
မျက်လုံးစွေပြီး နှာခေါင်းတိုတာလောက်ကတော့ ရုပ်ဆိုးတယ် မခေါ်ပါဘူးနော်...
စိတ်ထားဖြူတာမဖြူတာလဲ သူက မြင်ရတာကျလို့.. ဟွန့် နင်တော့လား.. :P - February 20, 2010 at 6:55 PM
- ဏီလင်းညို said...
-
ချောရေ...
အမျိုးသမီးတို့ရဲ့ အလှအပ ကိုရေးပြီးရင် အမျိုးသားဒို့အတွက် အလှအပကိုလည်းရေးဦးလေ....။
ဘက်မလိုက်နဲ့နော်....ဒါဘဲ....:)
ခင်မင်တဲ့
ဏီလင်းညို - February 20, 2010 at 7:11 PM
- မြစ်ကျိုးအင်း said...
-
ရုပ်ကပြင်လို့ရတယ် စိတ်က ပြင်ဖို့မလွယ်လို့
စိတ်ထားကောင်းတဲ့သူကိုပဲ အလေးထားမိပါတယ်။ - February 20, 2010 at 11:45 PM
- မြစ်ကျိုးအင်း said...
-
တချို့တွေက ကျောင်းတုန်းက ကွင်းလို့သာ ပြောကြတာ အားကြီး ဆရာလုပ်တာလည်း တွေ့ဖူးတယ်ဗျး)
- February 20, 2010 at 11:54 PM
- ခေါ်န် said...
-
အမ ပြောတာဟုတ်တာပါတယ် ..လူဟာအဓိက ရုပ်လှဖို့ ထက် စိတ်ထား လှဖို့ ပိုလိုအပ်ပါတယ်လေ။။ ညီမလေး ဒို့  မချောလိုပေါ့ နာမည်နဲ့ လိုက်အောင်ကိုချောလဲချော ချစ်ဖို့ လဲကောင်းပြီးရင် စာရေးတာလဲ ကောင်းတဲ့ မိန်းကလေး တွေများများရှိရင် ပိုကောင်းမယ်ထင်တယ်နော်။။ ဒါပေမဲ့ အဲဒီလိုပြည့်စုံဖို့ ဆိုတာ အရမ်းကို ရှာပါးပါတယ်လေ..
ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးပဲအမ.. ဒီထက်ကောင်းတဲ့ စာတွေများများတင်နိုင်ပါစေအမ..
...............ညီမလေး ....ကမွှေး.............
........ - February 21, 2010 at 1:57 AM
- မကေ said...
-
ဟုတ်တယ် အမ ရုပ်လှဖို့ထက် စိတ်လှ ဖို့လိုတယ်။
ကိုယ်ကလည်း လှမှ မလှတာကို :P - February 21, 2010 at 7:30 PM
- သဒ္ဓါလှိုင်း said...
-
အမျိုးသမီးတို့ရဲ့အလှအပဆိုတော့အရမ်းစိတ်ဝင်စားပြီးဖတ်သွားပါတယ်။ စိတ်ထားလှပဖို့လည်းကြိုးစားနေပါတယ်မချောရယ်...။ လူကမလှလို့လေ...။ မချောကတော့နာမည်နဲ့လိုက်အောင်လှမယ်လို့ထင်တယ်။ ဟီးးးးးး။(ဟင်းများချက်ကျွေးမလားလို့....)
ခင်တဲ့
သဒ္ဓါ - February 21, 2010 at 9:17 PM
- မြသွေးနီ said...
-
ရုပ်ရော စိတ်ရော လှချင်လိုက်တာနော်။
စိတ်ကတော့ လှသထက်လှအောင် ကြိုးစားနေတာဘဲ။
ရုပ်ကတော့ ပလပ်စတစ် ဆာဂျရီလုပ်မှဘဲရတော့မယ် ချောရေ..။ :) - February 22, 2010 at 12:25 AM
- AMyo said...
-
Miss Chaw,
I think you should know about personal grooming and how is the attraction of lady, it's very deep and wide. So i would like to advice you learn more than now.I think it's really important for the single, especially you.Right ?
Your Friend,
AM - February 22, 2010 at 3:32 AM
- missyoya said...
-
ထိုကဲ့သို့ဖြစ်အောင်ကျင့်ကြံနေထိုင်နေပါသည်..ဟီးး :D
- February 27, 2010 at 8:13 AM
- soe moe said...
-
မိန်းကလေးတွေကလှတယ်လို့ပြောရင်ကြိုက်တယ်ဆိုတော့ကျွန်တော်ကြိုက်တဲ့ကောင်မလေးကို...ဟိုလေ..
လှတယ်လို့ပဲနေ့တိုင်းပြောနေရင်ကျွန့်တော်ကိုပြန်ကကြိုက်မလား မသိဘူးနော် - March 3, 2010 at 9:52 PM