အသိတရားဆိုတာ
Saturday, March 20, 2010
photo from Here
ကျွန်မရဲ့ အိမ်ဟာ ဘာတီမိုးမြို့ ဂျွန်ဟောပ့်ကင်းဆေးရုံနဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်.. အောက်ထပ်မှာ ကျွန်မတို့မိသားစု နေထိုင်ကြပြီး အပေါ်ထပ်မှာတော့ ဆေးရုံမှာ ဆေးလာကုသူတွေ အခန်းမရလို့ အပြင်မှာ နေရတဲ့ လူနာတွေကို အငှားထားပါတယ်..
တစ်ရက် နွေဦးရာသီရဲ့ ညနေခင်းတစ်ခုမှာပေါ့… မိသားစုအတွက် ညနေစာကို ပြင်ဆင်နေတဲ့ အချိန်လေးမှာ တံခါးခေါက်သံ ခပ်တိုးတိုးလေး ထွက်ပေါ်လာပါတယ်.. တံခါးကို သွားဖွင့်လို့ ကြည့်လိုက်တဲ့ အချိန်မှာတော့ မသပ်မရပ် အသွင်အပြင်နဲ့ ကျွန်မရဲ့ ၈နှစ်အရွယ် သားငယ်လေးလောက်သာ ရှိနိုင်မဲ့ အရပ်အမောင်းနဲ့ တစ်ကိုယ်လုံး တုန်ယင်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့လိုက်ရပါတယ်.. သူ့မျက်နှာဟာ အဖုအပိန့်တွေ အပြည့်နဲ့ အသားနီများ လန်နေပြီး ကြောက်လန့်စရာ ကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါတယ်..
“မင်္ဂလာညနေခင်းပါ” အဖိုးအိုထံကနေ ကြည်ကြည်လင်လင်နဲ့ နှုတ်ခွန်းဆက်သံ ထွက်လာပါတယ်.. “ဒီတစ်ညအတွက် အခန်းတစ်ခန်းများ ရနိုင်မလားလို့ လာစုံစမ်းတာပါ.. အဖိုးက ဒီမနက်မှာ အရှေ့ဘက် ပင်လယ်ကမ်းခြေက ရွာကလေးကနေ ဒီဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ ထွက်လာခဲ့တာပါ. ရွာကို ပြန်မဲ့ ဘတ်စ်ကားက နောက်တစ်နေ့ မနက်မှ ထွက်မှာမို့ ညအိပ်စရာ တစ်နေရာလိုနေလို့ပါ. ” လို့ ကျွန်မကိုပြောပါတယ်.. ဆက်လက်ပြီး သူပြောပြတာက သူဟာ တစ်ညတာ တည်းခိုဖို့အတွက် အခန်းတစ်ခန်းကို ဒီနေ့ နေ့လည်စောင်း လောက်ကတည်းက လိုက်လံ ရှာဖွေနေကြောင်းနဲ့ ဘယ်မှာမှ အခန်းလွတ်မရခဲ့တဲ့အကြောင်းပါ.. “ အဖိုး သိပါတယ်.. အဖိုးရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မျက်နှာကြောင့် ဘယ်သူကမှ အခန်းတစ်ခန်း ငှားပေးချင်ကြမယ် မဟုတ်ဘူးဆိုတာကိုပါ .. ဆရာဝန်ကလဲ အဖိုးရဲ့ ရောဂါကို ဆေးကုသမှု ဆက်လက်ခံယူဖို့ ညွှန်ကြားထားပါတယ်.. ” အဖိုးအိုစကားကို နားထောင် နေရင်းက ကျွန်မစိတ်ထဲမှာလည်း သူ့ကို ညအိပ်လက်ခံဖို့ကို တွန့်ဆုတ်နေမိပါတယ်.. ဒါပေမဲ့ ဆက်ပြီး ပြောလိုက်တဲ့ အဖိုးအိုရဲ့ စကားက ကျွန်မရင်ထဲမှာ သူ့ကို ဂရုဏာ စိတ်ကလေး ဖြစ်သွားစေခဲ့ပါတယ်.. “ ဒီဆင်ဝင်အောက်က ခုံတန်းလေးပေါ် အိပ်ခွင့်ရရင်လဲ အဖိုးအတွက် ဖြစ်ပါတယ်.. ဘတ်စ်ကားက မနက်စောစောထွက်မှာပါ... ဘယ်နေရာမှာဘဲ အိပ်ခွင့်ရရ အဖိုးအတွက် အဆင်ပြေပါတယ် ” လို့ ပြောရှာပါတယ်..
ကျွန်မကလဲ အိမ်အပေါ်ထပ်မှာ အခန်းလွတ် မကျန်တော့ပေမဲ့ သူ့အတွက် အိပ်စရာ တစ်နေရာ စီစဉ်ပေးမဲ့အကြောင်း နဲ့ ခုံတန်းလေးပေါ် ခဏထိုင်စောင့်ရင်း အနားယူဖို့ ပြောလိုက်ပါတယ်.. ကျွန်မလည်း အိမ်ထဲကို ပြန်ဝင်လာပြီး ညစာကိစ္စ ဆက်ပြီး စီစဉ်ပါတယ်.. ညစာအဆင်သင့် ဖြစ်တဲ့အချိန်မှာ အဖိုးအိုကို ကျွန်မတို့နဲ့အတူတူ ညစာစားဖို့ ဖိတ်ခေါ်ပေမဲ့ သူက ဗိုက်ပြည့်နေပါပြီ ကျေးဇူးတင်ပါတယ်လို့ ငြင်းပါတယ်..
ညစာစားပြီးလို့ အိုးခွက်ပန်းကန်တွေ သိမ်းဆည်းပြီးတဲ့အခါ အဖိုးအိုနဲ့ စကားစမြည် ပြောဖို့အတွက် ခုံတန်းလေး ရှိရာကို ထွက်လာပြီး စကားပြောဖြစ်ပါတယ်.. စကားပြောချိန်က တိုတောင်းပေမဲ့ ကျွန်မ သိခွင့် ရလိုက်တာက အဖိုးအိုဟာ လူပုံပန်းသဏ္ဍာန် သေးငယ် သော်လည်း ပြည့်ဝတဲ့ စိတ်နှလုံး ရှိသူ တစ်ယောက် ဖြစ်ပြီး အကောင်းမြင်တဲ့ အသိတရား ရှိသူတစ်ယောက် ဖြစ်တဲ့ အကြောင်းကိုပါ.. သူဟာ တံငါသည်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်ပြီး သူရဲ့သမီးနဲ့ သမက်ရယ် မြေးငါးယောက်ရယ်ကို ရှာဖွေ ကျွေးမွေးနေရသူ ဖြစ်ကြောင်း ပြောပြပါတယ်.. သူ့သမက်ဟာ မမျှော်လင့်ဘဲ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုကြောင့် လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်သွားခဲ့ရ ပါတယ်တဲ့..
ကျွန်မက သူ့ကို “အဖိုးတစ်ယောက်တည်းနဲ့ မိသားစုဦးရေ အများကြီးကို ရှာဖွေ ကျွေးမွေးနေရတာ ပင်ပန်းတယ် မထင်ဘူးလား.. ပြီးတော့ ခုလို ရောဂါဖြစ်လာတာရော စိတ်မညစ်မိဘူးလား” လို့ မေးမိပါတယ်.. အဖိုးက “ သမီးရယ် လူဆိုတာ အမြဲတမ်း လှုပ်ရှားရုန်းကန်နေမှ၊ အခက်အခဲတွေရှိနေမှ ဘ၀ရဲ့ အဓိပ္ပါယ်က ပိုပြီး ပီပြင် လေးနက်လာတာလေ.. လွယ်လွယ်ကူကူ အဆင်ပြေ ချောမွေ့နေမယ်ဆိုရင် ကိုယ့်ရဲ့ အစွမ်းအစတွေကို အသုံးချဖို့ အခွင့်အရေး ဘယ်ရှိတော့မှာလဲ… ပြီးတော့ အဖိုးအတွက် ဒီလို လှုပ်ရှားရုန်းကန်ဖို့ ခွန်အားတွေ ပေးထားတဲ့ ဒီလောကကြီးကိုဘဲ ကျေးဇူးတင်ရမှာပါ.. အဖိုးရဲ့ သမက်ဆိုရင် အလုပ်လုပ်ချင်ဦးတော့တောင် သူ့မှာ ဒီလို အခွင့်အရေး မရှိနိုင်တော့ဘူး… အဖိုးမှာတော့ အခွင့်အရေးတွေ ရှိနေသေးတယ်.. ဒီအခွင့်အရေးတွေကို အသုံးချခွင့်ရနေတဲ့အတွက်လည်း ၀မ်းမြောက်နေရပါတယ်.. အဖိုးမှာ အခုဖြစ်နေတဲ့ ရောဂါအတွက်လည်း စိတ်ညစ်စရာ အကြောင်းမရှိပါဘူး ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်ဖို့ စိတ်ဓာတ်ကို ပြင်ဆင်ထားပြီးပါပြီ ”
အဖိုးအိုဟာ သူ့ဘ၀အကြောင်းကို ပြောပြနေပေမဲ့လို့ စိတ်ပျက်လက်ပျက် ပြောနေတာ မဟုတ်သလို ပင်ပင်ပန်းပန်း ရှာဖွေနေရတဲ့ သူ့ဘ၀အတွက်၊ သူ့ ကံမကောင်းမှုအတွက် သူ့မှာရရှိလာတဲ့ အနာရောဂါ အတွက်လည်း ပြစ်တင် ညီးတွားနေတာမျိုး၊ နာကျင် ခံစားနေရဟန်မျိုး လုံးဝကို မရှိဘဲ ပကတိ ကြည်လင် ရွှင်ပျစွာနဲ့ သူ့ဘ၀ကို ကျေနပ်နေတဲ့ သူတစ်ဦးရဲ့ လေသံနဲ့သာ ပြောဆိုနေတာ ဖြစ်ပါတယ်.. .. လောကကြီးကိုလဲ သူ့ဘ၀ကို ဆက်လက် ရုန်းကန်နိုင်ဖို့ ခွန်အားတွေ၊ အခွင့်အရေးတွေ ပေးတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်မိကြောင်း ထည့်ပြောပါတယ်.. အဖိုးအိုနဲ့ စကားပြောနေရင်းက သူ့ဆီက စိတ်အကြည်ဓာတ်လေး ကူးစက်လာပြီး ကျွန်မကိုယ်တိုင် ခွန်အားတစ်ခုခု ရရှိလာမိတယ်လို့ ထင်လာပါတယ်.. သိပ်ကို အတုယူစရာကောင်းတဲ့ စိတ်ဓာတ်လေးပါဘဲ.. ဒီလို အဖိုးအိုတစ်ယောက်မှာ ခုလိုကောင်းမွန်တဲ့ စိတ်ထားလေးနဲ့ အသိတရားလေးတွေ ရှိနေတာ ဘယ်သူက သိနိုင်မှာလဲနော်…
ညအိပ်ရာဝင်ချိန်ရောက်တော့ အဖိုးအိုအတွက် အိပ်ရာတစ်ခုကို ကလေးတွေရဲ့ အခန်းမှာ ပြင်ဆင် ပေးလိုက်ပါတယ်.. မနက်ခင်း အိပ်ရာက ကျွန်မနိုးတဲ့အချိန်မှာ အဖိုးအိုဟာ သူအိပ်ခဲ့တဲ့ အိပ်ယာလေးကို သပ်ရပ်စွာခေါက်သိမ်းထားပြီး အပြင်ဘက်က ခုံတန်းလေးမှာ သွားရောက်ထိုင်နေပြီဖြစ်ပါတယ်. မနက်စာစားဖို့ ခေါ်တော့လဲ အခုဘဲ ဘတ်စ်ကားမှီအောင် သွားမှာဖြစ်လို့ မစားတော့ကြောင်း ငြင်းပယ်လိုက်ပြီး ထွက်ခွာဖို့ ပြင်ဆင်ပါတော့တယ်.. မသွားခင်လေးမှာ သူက ကျွန်မကို ယဉ်ကျေးစွာ စကားဆိုပါတယ်.. နောင်ခါတွေမှာ သူ ဆေးကုသမှုခံယူဖို့ လာတဲ့အချိန်တိုင်း ဒီအိမ်လေးမှာ ခုလို တစ်ညတာ တည်းခိုခွင့် ပေးနိုင်ပါမလားလို့ တောင်းဆိုပါတယ်.. ပြီးတော့လဲ သူဆက်ပြောတာက “အဖိုးအနေနဲ့ သမီးတို့မိသားစုကို ဒုက္ခပေးသလို ဖြစ်မှာလဲစိုးပါတယ်.. သမီးရဲ့ကလေးတွေက အဖိုးကို ကိုယ့်အိမ် ကိုယ့်ယာမှာ နေထိုင်ရတဲ့ နွေးထွေးတဲ့ ခံစားချက်မျိုး ပေးနိုင်ခဲ့တယ်.. အဖိုးက ရုပ်ဆိုးလှတဲ့ အဖိုးမျက်နှာကြောင့် ကလေးတွေ ထိတ်လန့်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ကလေးတွေက သတိထားမိပုံတောင် မရခဲ့ဘူး အဖိုးကို နွေးနွေးထွေးထွေး ကြည်ကြည် လင်လင် ဆက်ဆံခဲ့တယ်.. ” လို့ ပြောပါတယ်.. ကျွန်မကလဲ အဖိုးကို နောင်များမှာလဲ လာရောက် တည်းခိုနိုင်ပါကြောင်းကို ပြန်ပြောလိုက်ပါတယ်
နောက်တစ်ကြိမ် သူဆေးကုသခံဖို့ရောက်လာတဲ့ အချိန်က မနက် ရနာရီကျော်ကျော်လောက် ဖြစ်ပါတယ်.. ကျွန်မတို့အိမ်အတွက် အဖိုးအို ယူလာတဲ့ လက်ဆောင်တွေက ငါးအကြီးကြီးတစ်ကောင်ရယ်၊ ကျွန်မမြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ ကမာကောင် (ယောက်သွား) တစ်ချို့ရယ် ဖြစ်ပါတယ်.. သူက ဒီမနက် ထွက်မလာခင်လေးတင်မှ ဖမ်းလို့ရခဲ့တာ ဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ရှိနေသေးကြောင်းကို ပြောပြပါတယ်.. ကျွန်မစဉ်းစားကြည့်မိပါတယ်.. သူဒီကို မနက် ၇နာရီလောက် ရောက်လာဖို့အတွက်ဆိုရင် သူနေတဲ့ နေရာကနေ ဘတ်စ်ကားဟာ မနက်၎နာရီ ထွက်စီးရပါ လိမ့်မယ်.. အိုး… ဘုရားရေ ကျွန်မတို့ကို ခုလိုပေးနိုင်ဖို့အတွက် မနက် ဘယ်အချိန်များထပြီး ဒီငါးတွေ၊ ကမာကောင် တွေကို သူဖမ်းခဲ့တာပါလိမ့်…
အဲဒီနှစ်အတွင်းမှာ သူဟာ အကြိမ်ကြိမ် ဆေးကုသခံဖို့ရောက်လာတတ်ပြီး ရောက်တိုင်းလည်း အိမ်မှာ ညအိပ် တည်းခိုတတ်ပါတယ်.. သူရောက်လာတဲ့အကြိမ်တိုင်းလည်း ငါး၊ ကမာ၊ ဒါမှမဟုတ် သူ့ခြံကထွက်တဲ့ အသီးအရွက်တစ်ခုခု စတာတွေ တစ်ခါမှ မပါတဲ့အခါဆိုတာ မရှိခဲ့ဖူးပါ.. လူကိုယ်တိုင် ရောက်မလာတဲ့ အချိန်တွေမှာလည်း စာတိုက်ကနေ လတ်ဆတ်တဲ့ ငါး ၊ကမာ၊ စသည်များနဲ့ သူ့ခြံထွက် ဟင်းနုနယ်ရွက်၊ ကိုက်လန်ရွက် အစရှိသည်တို့ကိုလည်း သန့်စင်စွာ ဆေးကြောပြီး သေသေချာချာ ထုပ်ပိုးကာ အထူးအမြန် ချောပို့စံနစ်နဲ့ မကြာခန ပို့ပေးတတ်ပါတယ်.. တကယ်တမ်းတော့ အဖိုးအိုနေတဲ့အရပ်နဲ့ စာတိုက်ရှိတဲ့နေရာဟာ၃မိုင် တိတိကွာဝေးပြီး အဲဒီကို ရောက်အောင် လမ်းလျှောက်လို့ သွားရပါတယ်.. ပြီးတော့လဲ ခုလို အမြန်ချောပို့ စနစ်နဲ့ ပို့တဲ့အတွက် ပို့ခငွေကို ပုံမှန်နှုန်းထက် ၂ဆတိတိ ပေးရမယ်ဆိုတာ ကျွန်မ သိပါတယ်.. သူလာတိုင်းလဲ ကျွန်မတို့အတွက် လက်ဆောင်တွေ ယူမလာဖို့ အမြဲတမ်း ပြောပေမဲ့လို့ ပြောတဲ့အချိန်မှာတော့ အဖိုးအိုဟာ ပြုံးပြုံးရယ်ရယ်နဲ့ နားထောင်နေတတ်ပြီး နောက်တစ်ကြိမ်မှာ ထုံးစံအတိုင်း လက်ဆောင်တွေ ပါလာတတ်မြဲ ဖြစ်ပါတယ်..
သူညအိပ်ပြီးလို့ ပြန်သွားတဲ့ မနက်ခင်းဆို အိမ်နီးနားချင်းတွေ ရောက်လာတတ်ပြီး ကျွန်မတို့ မိသားစုကို ၀ိုင်းပြောကြပါတယ်.. “ညတုန်းက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အဖိုးအိုကို မင်းတို့က ညအိပ် လက်ခံခဲ့တယ်ပေါ့.. သူ့ကြောင့် မင်းတို့ရဲ့ အခန်းကိုငှားသူတွေ မငှားချင်တော့ဘဲ လူတွေနည်းသွားမယ် ဆိုတာ မစဉ်းစားမိဘူးလား တဲ့” သူ့ကြောင့် အခန်းငှားသူတွေ လျှော့နည်းမယ်ဆိုတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်.. ဒါပေမဲ့ သူတို့တွေသာ ဒီအဖိုးအိုနဲ့ တွေ့ခွင့်ရပြီး သူနဲ့သာ စကားပြောခွင့်ရလိုက်ကြရင် သူတို့ခံစားနေရတဲ့ ရောဂါ ဝေဒနာတွေကို ထိတ်လန့်တုန်လှုပ်တော့မှာ မဟုတ်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အင်အားနဲ့ အသိတရားတွေ ရရှိလာမှာ သေချာပါတယ်.. ကျွန်မတို့ မိသားစု တစ်ခုလုံးကတော့ သူနဲ့သိကျွမ်း ခင်မင်ခွင့်ရလိုက်တာ အရမ်းကို ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြပါတယ်..
သူ့ဆီကနေ ကျွန်မတို့ ရလိုက်တဲ့ အသိတရားလေးက ဘယ်လောက် ဆိုးဝါးတဲ့ အခြေအနေ၊ အကြောင်းတရား တွေနဲ့ ကြုံတွေ့လာပါစေ လောကကြီးကို အပြစ်မတင်ဘဲ ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်တတ်တဲ့ သင်ခန်းစာ ကောင်းလေးပါ..ဒါဟာ လူတိုင်းလက်ခံကျင့်သုံးနိုင်ဖို့ ခဲယဉ်းလှသလို တော်ရုံလူ မထားနိုင်တဲ့ စိတ်ဓာတ်လေး တစ်ခုပါ.. ပြီးတော့လဲ သူတစ်ပါးရဲ့ ကျေးဇူးကို သူ့လောက် သိတတ်တဲ့ သူမျိုးကိုလည်း ကျွန်မတို့ ဘယ်မှာများ ရှာတွေ့နိုင်ပါဦးမလဲ.. ကျွန်မတို့ မိသားစုမှာ အခက်အခဲတွေ ကြုံလာမိတဲ့အခါ အဖိုးအိုရဲ့ စကားတွေ အဖိုးအိုရဲ့ စိတ်ထားတွေကို ပြန်ပြောင်း သတိရမိကြရင်း စိတ်ပျက်အားငယ် တာတွေ ၀မ်းနည်း ပူဆွေးတာတွေ အတန်အသင့် သက်သာရာ ရခဲ့ကြသလို သူနဲ့ တွေ့ဆုံခွင့် ရလိုက်တာဟာလည်း ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုအဖြစ် ကျွန်မတို့ မိသားစုက လက်ခံ ယုံကြည်ကြပါတယ်.. သူတစ်ပါးဆီက ရရှိခဲ့ဖူးတဲ့ အကူအညီအတွက်လည်း မမေ့မလျှော့ ကျေးဇူးတုံ့ပြန်တတ်ပုံလေးကလည်း အတုယူစရာ မဟုတ်ပါလားရှင်….
----------------------------------------------------------------------------------------------------------------
လူတိုင်းဟာ အဖိုးအိုလို ပြည့်ဝတဲ့စိတ်နှလုံးနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ခွင့်ရကြမယ်ဆို သိပ်ကောင်းမှာပါဘဲရှင်.. လူတစ်ချို့ကတော့ မွေးရာပါ အရည်အချင်း တစ်ခုအနေနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ထားကြပေမဲ့ အချို့ လူတွေကျတော့ သူတစ်ပါးဆီက ပြန်လည်ဝေမျှလို့ ရရှိလာတဲ့ အသိတရားများကို လက်ခံ ယူတတ်ကြပါတယ်.. ဘယ်လိုဘဲ ဖြစ်ဖြစ် အဖိုးအိုမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ အသိတရား ကောင်းလေးတွေကို လူတိုင်း လက်ခံကျင့်သုံးလာမယ်ဆိုရင် ကမ္ဘာကြီးဟာ အခုထက်တော့ နေပျော်ချင်စရာ ကောင်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်..
ညီမလေးက အင်ကြင်းသန့် က ရေးပေးပါလို့ တောင်းဆိုပြီး တဂ်ထားတဲ့ အသိတရားဆိုတာ ဆိုတဲ့ ခေါင်းစဉ်လေးကို ဒီပိုစ့်လေးကိုဘဲ နံမည်ပေးလိုက်ပါတယ်.. ဒါနဲ့ဘဲ ကျေနပ်ပေးပါလို့ ပြောပါရစေနော်..
Mary Bartels Bray ရဲ့ The Old Fisherman ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။
Thanks AMT for the name of Author.
ချော(အစိမ်းရောင်လွင်ပြင်)
20 comments:
- fisherman said...
-
Mary Bartels Bray..
- March 20, 2010 at 4:38 AM
- ကိုကိုမောင် said...
-
မချော...
အသိတရားပို့စ်လေးဖတ်ပြီး တကယ်ဘဲ အသိတရားတစ်ခု ရလိုက်ပါတယ်။ ဒီလိုပို့စ်ကလေးတွေက တကယ်တန်ဖိုးရှိပါတယ်။ ဒီပို့စ်ဖတ်ပြီး အမြဲမဟုတ်ရင်တောင် အထိုက်အလျောက်တော့ စိတ်ထားကောင်းဖို့ မွေးမိကြမှာပါ။
အသိပေးစာတွေ များများရေးနိုင်ပါစေ အမ။ - March 20, 2010 at 5:49 AM
- အင်ကြင်းသန့် said...
-
မမရေ...တကယ့်ကို ပိုစ့်ကောင်းလေးပါပဲ...
မအားတဲ့ ကြားထဲကနေ ညီမလေးရဲ့ တက်ဂ်ပိုစ့်အတွက် အခုလို ပိုစ့်ကောင်းလေးကို ရှာဖွေဘာသာပြန်ပေးတဲ့ မမကို အရမ်းကျေးဇူးတင်တယ်နော်...
ငါ့အစ်မကို မုန့်တွေအများကြီးဝယ်ကျွေးရဦးမယ် :)))
ကျေးဇူးတင်လို့ နောက်ကို သိပ်မဆိုးတော့ပါဘူး...
နည်းနည်းလိမ်လိမ်မာမာ နေမယ်နော် :P
မမရဲ့ ချစ်ညီမလေး
အင်ကြင်း - March 20, 2010 at 6:31 AM
- ကိုဇော် said...
-
“ အတုယူစရာ မဟုတ်ပါလားရှင်….”
အတုယူစရာပါပဲဗျာ..။ - March 20, 2010 at 7:02 AM
- seeseinshin said...
-
ကောင်းတဲ့ အသိလေးတွေ ယူသွားပါပြီ
ကောင်းသော ဘာသာပြန်များ များများရေးပေးနိုင်ပါစေ
ကျေးဇူးတင်စွာဖြင့်
seesein - March 20, 2010 at 8:20 AM
- ဝက်ဝံလေး said...
-
ကောင်းတယ် ဗျိုးးး မချောရေ
ဘာသာပြန်လေးဖတ်ရလို့လဲ ကျေနပ်မိပါတယ် - March 20, 2010 at 9:43 AM
- sosegado said...
-
တရုတ်ပြည်ကနေ ဝင်လာပါတယ် blogspot ဝင်လို့မရဘူး
ဝင်လို့ရတဲ့ မချောရဲ့ အသိတရားဆိုတာ ၂ခါဖတ်သွားပါတယ် ကောင်းသော အသိတရားတွေရသွားပါတယ် - March 20, 2010 at 7:37 PM
- aung said...
-
ဖတ်သွားပါတယ် မချော
- March 20, 2010 at 9:05 PM
- မြသွေးနီ said...
-
ချောရေ..
ကောင်းမွန်တဲ့ အသိတရား..ဆိုတာလေးက လူတိုင်း ကိုယ်စီမှာ ရှိသင့်တဲ့ အရာပါနော်။
ဒါဆို ချောပြောသလို ကမ္ဘာကြီးဟာ အခုထက်တော့ နေပျော်ချင်စရာကောင်းလာမှာပါ။ - March 21, 2010 at 1:44 AM
- ကေသရီ said...
-
ကောင်းမွန်တဲ့ အသိတရားလေးတစ်ခုကို ဖတ်ခွင့်ရခဲ့ပါပြီ။
- March 21, 2010 at 1:50 AM
- ကိုကြည်သာ said...
-
မချောရေအသိတရားဆိုတဲ့စကားလေးကတော်တော်တာသွားတယ်နော်။
ခုမချောဘာသာပြန်ထားတဲ့ထဲကအဖိုးကြီးနဲ့မိသားစုတွေရဲ့စိတ်ထားမျိုးလူတိုင်းထားနိုင်ရင်တော့အကောင်းဆုံး
ပေါ့။ဒါပေမဲ့အခြေခံစိတ်ဓါတ်မခိုင်မာပဲနဲ့တော့အဲလိုအသိလေးကိုတန်းထားနိုင်ဖို့ကတော့ တော်တော်မလွယ်ဘူးထင်တယ်။
အဓိကကအခြေခံစိတ်ဓါတ်ကလေးကိုအရင်ကောင်းအောင်ထားနိုင်ဖို့ပါပဲ။
ကောင်းပါတယ်။ကျေးဇူးပါမချောရေနောက်လည်းတင်ပေးပါ
သိပ်မရေးတတ်လို့စိတ်ထဲရှိသလိုရေးလိုက်တာပါ။ - March 21, 2010 at 3:45 AM
- မောင်ဘကြိုင် said...
-
း) ဖတ်သွားတယ်ခင်ဗျာ့
- March 21, 2010 at 5:01 AM
- ahphyulay said...
-
အင်း.....
တွေးစရာ တွေ အများကြီးပါသွား သလိုပဲနော် ။
ဖတ် ကောင်းတဲ့  စာကလေး တွေ ရှာဖွေ တင်ပြ ပေးလို့ ကျေးဇူးပါဗျာ ။ - March 21, 2010 at 6:13 AM
- ဏီလင်းညို said...
-
ချောရေ.....
ကိုဏီလည်းကြိုးစားနေတုန်း........း))
(ဘာကို သိသွားတာတုန်းဗျ...ချောက...။ စာအုပ်ကတော့ ပေးပါတယ်ဗျာ....း))
ခင်မင်တဲ့
ဏီလင်းညို - March 21, 2010 at 6:16 AM
- ကိုလူထွေး said...
-
ကိုလူထွေးကတော့ ပြိန်းလို့ဖြစ်မယ်...
စာဖတ်ပြီး သိပ်မသိလိုက်ဘူး...
းဝ) - March 21, 2010 at 8:10 AM
- သဒ္ဓါလှိုင်း said...
-
အသိတရားဟာ လူတိုင်းလူတိုင်းအတွက်ထားဖို့သိပ်ကိုခက်ခဲပါတယ်။ အဖိုးအိုလိုအသိတရားမျိုးလူတိုင်းထားတတ်ကြရင်ကောင်းမှာပဲလို့တွေးမိတယ်။
ခင်တဲ့
သဒ္ဓါ - March 21, 2010 at 7:48 PM
- Kotunygn said...
-
VEry Good POst ....
- March 26, 2010 at 12:43 AM
- နှင်း said...
-
လူတိုင်းမှာ လိုအပ်နေတာ အဲဒီလိုမျိုးလေး စဉ်းစားမိဖို့ပဲ။
- March 26, 2010 at 10:06 AM
- ပြည့်စုံ said...
-
အရမ်းကောင်းတယ် ဆိုတာ ထက်တောင် ပိုနေသေးတယ်ထင်တယ် မချောရေ.....း)
- March 30, 2010 at 4:00 AM
- Steven said...
-
Very good for me.Thanks you.
- April 1, 2010 at 8:47 PM