ကြည်လင်တဲ့ အပြုံးလေးတစ်ပွင့်
Tuesday, March 16, 2010piceture from Here
ကျွန်မဟာ ကောလိပ်ကနေ ကျောင်းပြီးထားတာ မကြာသေးတဲ့ အသက်၁၄နှစ်၊ ၁၂နှစ်နဲ့ ၃နှစ်အရွယ် ကလေး ၃ယောက်ရှိတဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်.. .. ကောလိပ်မှာ ကျွန်မယူခဲ့တဲ့ ဘာသာရပ်က လူမှုရေး ပညာရပ်ပါ.. အတန်းမှာ ကျွန်မနောက်ဆုံး တင်ခဲ့ရတဲ့ စာတမ်းက အပြုံး ဆိုတဲ့ စာတမ်းလေးပါ.. . ဆရာမက ကျွန်မတို့ကို အတန်းပြင်ပကို ထွက်ပြီး လူတွေကို ကိုယ်က ပြုံးပြလိုက်လို့ ပြန်ပြီး ရရှိလာတဲ့ တုံ့ပြန်မှုကို စာတမ်းတစ်ခု ပြုစုခိုင်းပါတယ်.. ကျွန်မဟာ လူတိုင်းကို ဖော်ဖော်ရွေရွေ လိုက်လျှောညီထွေနေတတ်တဲ့ ဆက်ဆံရေး ကောင်းသူတစ်ဦးအဖြစ် နံမည်ရသူဖြစ်ပါတယ်.. လူတိုင်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ဖို့ ၀န် မလေးသူလဲဖြစ်တာကြောင့် ဒီစာတမ်း ပြုစုဖို့ကိစ္စက ကျွန်မအတွက်တော့ သိပ် လွယ်ကူမယ် ဆိုတာ ယုံကြည်ခဲ့ပါတယ်..
မတ်လရဲ့ တစ်ခုသော ရက်တစ်ရက်မှာ အဲဒီစာတမ်းလေးအတွက် ကျွန်မရယ်၊ ကျွန်မ ခင်ပွန်းရယ်၊ ကျွန်မတို့ရဲ့ အငယ်ဆုံး သားလေးရယ် အပြင်ကို ထွက်ခဲ့ကြပါတယ်.. လမ်းမှာရောက်တော့ သားလေးကို အချိန်ပေးဖို့အတွက် မက်ဒေါ်နယ်ဆိုင်ကို ၀င် လာကြတယ်.. အကြီး ၂ယောက်ကတော့ ကျောင်းသွားတက်နေကြတဲ့အတွက် အိမ်မှာ မရှိပါဘူး.. ကျွန်မတို့ မိသားစုက ခုလိုဘဲ ကလေးတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ပေးပြီး နေထိုင်တဲ့ အလေ့အကျင့်ရှိပါတယ်.. မက်ဒေါ်နယ်ဆိုင်ရောက်တော့ လူများလွန်းတဲ့အတွက် ကောင်တာမှာ မုန့် ယူဖို့ကို တန်းစီပြီး စောင့်နေရပါတယ်.. ဒီလိုတန်းစီနေချိန်မှာဘဲ ကျွန်မရဲ့ အနီးတစ်ဝိုက်က လူတွေအားလုံးဟာ နောက်ဖက်ကို ဆုတ်ကုန်ကြတာ တွေ့လိုက်ရပါတယ်.. ကျွန်မယောက်ျား အပါအ၀င်ဆိုပါတော့ရှင်.. ကျွန်မကတော့ နေရာကနေ တစ်လက်မတောင် မရွေ့မိပါဘူး..
စိတ်ထဲမှာ မသိုးမသန့် ခံစားချက်လေးဖြစ်လာတော့ ဘာကြောင့်လူတွေ နောက်ဆုတ် ကုန်တာလဲလို့ အကြောင်းအရာကို လိုက်ရှာဖို့ ကျွန်မရဲ့ အနောက်ကို လှည့်ကြည့်မိတော့ ဆိုးဆိုးဝါးဝါး ညစ်ပတ်နံစော်နေတဲ့ အနံ့တစ်ခုက နှာခေါင်းထဲကို စူးကနဲ ၀င်လာပါတယ်.. အဲဒီအနံ့က ကျွန်မရဲ့အနောက်မှာ ရောက်လာပြီး တန်းစီနေတဲ့ စုတ်စုတ်ပြတ်ပြတ် အိမ်မဲ့ယာမဲ့ နှစ်ယောက်ဆီက ထွက်နေတာပါ.. ကျွန်မ သူတို့ကို ကြည့်လိုက်မိတဲ့အချိန်မှာ သူတို့ ၂ယောက်ထဲက အသက်ငယ်ငယ် ကောင်လေးဆီက ကြည်လင်တဲ့ အပြုံးလေး တစ်ခုကို ရလိုက်ပါတယ်.. ကောင်လေးရဲ့ မျက်လုံးလေးတွေဟာ တိမ်ကင်းစင်တဲ့ မိုးသားရဲ့ အရောင်လို ပြာပြာလဲ့လဲ့လေး… တစ်ကိုယ်လုံး ညစ်ပေ နွမ်းဖတ်ပြီး စုတ်ပြတ်နေပေမဲ့ သူ့အပြုံးနဲ့ သူ့မျက်လုံးဟာ အင်မတန်မှ သန့်ရှင်း ကြည်စင်လှတယ်..
ကျွန်မကြည့်နေမှန်းသိတော့ ကောင်လေးက သူရဲ့ ကြည်လင်တဲ့ အပြုံးကလေးနဲ့ မင်္ဂလာပါ လို့ နှုတ်ဆက်ရှာတယ်.. သူ့လက်ထဲမှာတော့ ငွေအကြွေစ တစ်ချို့ကို ရေတွက်နေပါတယ်.. ကြည့်ရတာ သူတို့မှာ ရှိသမျှ အကုန်နဲ့တူပါရဲ့.. ပြီးတော့ သူရဲ့ နောက်နားမှာ ရပ်ရင်း သူ့လက်ကို တွဲကိုင်ထားတဲ့ အသက်ကြီးကြီး လူတစ်ယောက်.. သူ့ကိုကြည့်ပြီး ကျွန်မသိလိုက်တာက ဒီလူဟာ စိတ်ကျန်းမာရေး အခြေအနေ မကောင်းသူ တစ်ယောက် ဆိုတာပါဘဲ… ဒီလိုဆိုရင် ကောင်လေးဟာ သူ့ကို ကြည့်ရှူ စောင့်ရှောက် နေတဲ့သူ ဖြစ်ပါလိမ့်မယ်.. သူတို့ကို ကြည့်ရင်း ကျွန်မစိတ်ထဲမှာ ထိထိခိုက်ခိုက် ခံစားမိတယ်.. လူဖြစ်လာတဲ့ဘ၀မှာ သူများနဲ့ တန်းတူ နေထိုင်ခွင့်မရရှာတဲ့ ဘ၀.. လူအများကတောင် နှာခေါင်းရှုံ့ပြီး ရှောင်ကျဉ်ခံရတဲ့ ဘ၀။
ကောင်တာက အမျိုးသမီးလေးက သူတို့ကို ဘာယူမလဲလို့ မေးလိုက်တယ်.. ကောင်လေးက သူ့ အပြုံး ကြည်ကြည်လေးနဲ့ ကော်ဖီတစ်ခွက် သကြားရော နို့ရော အကုန်ထည့်ပေးပါတဲ့.. သူတို့တတ်နိုင်သမျှလည်း ဒီကော်ဖီတစ်ခွက်စာဖိုးဘဲ ဖြစ်ပါလိမ့်မယ်.. ပြီးတော့လဲ နွေးထွေးနေတဲ့ ကော်ဖီဆိုင်လေးဟာ သူတို့ အတွက်တော့ လတ်တလောမှာ ပြင်ပက အအေးဒဏ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုလဲ ဖြစ်ပါလိမ့်မယ်လေ…ထိခိုက်ဝမ်းနည်းမိတဲ့ စိတ်တွေနဲ့ သူတို့၂ယောက်ကို အငေးသားကြည့်နေမိတဲ့ ကျွန်မ.. ဘ၀လေးနဲ့မှ မလိုက်အောင် သန့်စင်တဲ့အပြုံးလေးနဲ့ အပြာရောင်မျက်ဝန်းပိုင်ရှင် ချာတိတ်လေးကို နက်နက်နဲနဲ ဂရုဏာ ဖြစ်မိပါတယ်.. သူ့ရဲ့ သန့်စင်ကြည်လင်လွန်းတဲ့ အပြုံးလေးကလဲ ကျွန်မရဲ့ စိတ်အာရုံကို သိမ်းကြုံး ဆွဲငင်သွားခဲ့တယ်..
သူ့ခမြာ ကျွန်မရဲ့သား အလတ်နဲ့မှ ရွယ်တူ ရှိရှာပေလိမ့်မယ်.. ကျွန်မတို့ရဲ့ သားလေးတွေကတော့ လုံခြုံတဲ့ အမိုးအကာအောက်မှာ၊ မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ အပူအပင်မရှိ၊ ပညာတွေ သင်ခွင့်ရနေခဲ့တယ်.. ခု ဒီကလေးကျတော့ အိမ်ခြေ အိမ်ယာမရှိ စားသောက်စရာပင် အနိုင်နိုင်၊ သူ့ဖခင်လား ဘယ်သူလဲဆိုတာ မသိရတဲ့ ဒီစိတ်မပြည့်တဲ့ သူကိုလဲ ရှာကျွေးနေရသူ ဖြစ်ပါလိမ့်မယ်.. ကျွန်မ ဆိုင်ကောင်တာက ကောင်မလေးကို ပြုံးပြလိုက်ရင်း ကျွန်မတို့ မိသားစုအတွက် မနက်စာ အပြင် နောက်ထပ် လူ၂ယောက်စာပါ အပို ထပ်မှာလိုက်ပါတယ်.. ပြီးတော့ တစ်ပန်းကန်စီ ထည့်ခိုင်းလိုက်ပြီး ဆိုင်ထောင့်က စားပွဲလေးမှာ ထိုင်ပြီး ကော်ဖီတစ်ခွက်ကို ၂ယောက်အတူ သောက်နေရှာတဲ့ လူကြီးနဲ့ ချာတိတ်လေးဆီကို ကျွန်မယူသွားခဲ့ပါတယ်..
ပန်းကန်၂ချပ်ကို စားပွဲပေါ်အသာချလိုက်ပြီး ချာတိတ်လေးရဲ့ အေးစက်နေတဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်မိရင်း “ဒီမုန့်က သားတို့အတွက် အန်တီ ယူလာတာ” လို့ပြောလိုက်တော့ ကောင်လေးဟာ သူ့ရဲ့ ဘ၀မှာ အခုလို လူလူသူသူ ဆက်ဆံခံခဲ့ရဖူးပုံ မပေါ်တဲ့ အပြင် အကြင်နာတရား ဆိုတာလည်း ဘယ်ကမှ ရရှိခဲ့ဖူးပုံ မရပါဘူး.. သူဟာ မျက်ရည်တွေပြည့်နေတဲ့ အပြာရောင် မျက်ဝန်းလေးတွေနဲ့ ကျွန်မကို မော့ကြည့်ရင်းက ကျေးဇူးတင်ပါတယ်လို့ ခပ်တိုးတိုးလေး ပြောရှာပါတယ်… ပြီးတော့ ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာရင်းက “ကျွန်တော်တို့ကို ဘယ်သူတွေကမှ ခုလို အစားအသောက် ကျွေးဖို့မပြောနဲ့ အရေးတယူတောင် မဆက်ဆံခဲ့ဖူးပါဘူး” တဲ့ .. ကျွန်မလဲ ဆို့နင့်လာတဲ့ ၀မ်းနည်းစိတ်တွေနဲ့ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အသာသုတ်လိုက်ရင်း ကောင်လေးကို ကြင်ကြင်နာနာ ပြုံးပြလိုက်ပြီး ခင်ပွန်းနဲ့ သားလေးရှိရာကို လျှောက်လာခဲ့ပါတယ်..
စားပွဲပေါ်ရောက်တဲ့အခါ ထိုင်ခုံမှာ ထိုင်ချလိုက်တော့ ကျွန်မခင်ပွန်းက ကျွန်မကို လေးလေးနက်နက် ပြုံးပြလိုက်ပြီး “ မိန်းမရေ မင်းဟာ ဒီနေ့တော့ သိပ်ကိုမွန်မြတ်တဲ့ အလုပ်ကလေးတစ်ခုကို လုပ်ခဲ့တာပါ ကွယ်” လို့ ပြောရင်းက ကျွန်မရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်ပါတယ်.. ကျွန်မပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက အဆီးအတားမရှိ စီးကျလာပြန်တယ်.. ရင်ထဲမှာလည်း ပြောမပြနိုင်တဲ့ ပီတိနဲ့ ၀မ်းနည်းခြင်းကို ခံစားနေခဲ့ရပါတယ်.. ဆင်းရဲနွမ်းပါးပြီး အိမ်မရှိ ယာမရှိ ကလေးတစ်ယောက်ဆီက ဒီလောက် ကြည်လင်သန့်စင်တဲ့ အပြုံးလေးကိုလဲ ကျွန်မ ဘ၀မှာ ဘယ်တုန်းကမှ မရခဲ့ဖူးသလိုပါ.. ဒီအပြုံးလေးကို ကျွန်မ ဘယ်လိုမှ မေ့နိုင်မယ် မထင်ပါဘူး...
နောက်တစ်နေ့တော့ အဲဒီနေ့က အဖြစ်အပျက်လေးကို စာတမ်းလေးရေးပြီး အတန်းထဲ ယူလာခဲ့တယ်.. ပြီးတော့ ကျွန်မတို့ရဲ့ ဆရာမလက်ထဲကို ထည့်လိုက်ပါတယ်. ဆရာမဟာ ကျွန်မရဲ့စာတမ်းလေးကို ဖတ်ပြီးနောက် ကျွန်မကို ကြည့်ကာ ဒီစာတမ်းလေးကို အတန်းထဲက လူတွေကို မျှဝေပေးလို့ရမလား လို့ မေးပါတယ်. ကျွန်မ ခေါင်းကို ဖြေးညင်းစွာ ငြိမ့်ပြလိုက်ပါတယ်.. ကျွန်မရဲ့ လူသားချင်း စာနာဖေးမခဲ့တဲ့ အကြောင်းအရာလေးကို တစ်ခန်းလုံးကြားအောင် ဆရာမက ဖတ်ပြနေပါတယ်.. ဒါဟာ လူတိုင်းရဲ့ ရင်ထဲမှာ အကြင်နာတရားလေးတွေ ပေါက်ဖွားလာအောင် လှုံ့ဆော်ပေးရာလဲ ရောက်သလို ကျွန်မရဲ့ ကောင်းမှုလေးတစ်ခုကို ပြန်လည် ဝေမျှခြင်းလည်း ဖြစ်တယ်မဟုတ်ပါလားရှင်…
-----------------------------------------------------------------------------------------------------------------------
လူတိုင်းဟာ ပြုံးဖို့ရာ လွယ်ကူပါတယ်.. မနက်ခင်းတိုင်း ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ရင်း ပြုံးမိကြတယ်.. စီးပွားရေးလောက ထဲမှာဖြစ်ဖြစ်၊ လူမှုရေးလောက ထဲမှာဖြစ်ဖြစ် အပြုံးတွေများစွာနဲ့ တွေ့ခဲ့ရဖူးပါလိမ့်မယ်.. အဲဒီအပြုံးတွေထဲမှာ သန့်စင်ကြည်လင်တဲ့ မျှော်လင့်ချက်မပါတဲ့ အပြုံးလေးတွေနဲ့ တွေ့ရဖို့က လွယ်တော့ မလွယ်ကူပါဘူး.. အချို့သော အပြုံးကလေးတွေက အရောင်ဆိုးထားတဲ့ အပြုံးလေးတွေ၊ အချို့ကတော့ ဟန်ဆောင်ထားတဲ့ အပြုံးတုလေးတွေ ၊ အချို့ကတော့ စိတ်မပါလက်မပါတဲ့ အပြုံးလေးတွေ.. အချို့ကျတော့ မနာလိုတဲ့ အပြုံး.. အိုး.. အပြုံးများစွာကို တွေ့ရပါလိမ့်မယ်.. အပြုံးဆိုတာ လူတွေရဲ့စိတ်ကို ရွှင်လန်းစေတယ် ဆိုပေမဲ့လို့ ကိုယ့်ရဲ့အပြုံးလေးဟာ ကြည်လင်သန့်စင်နေဖို့လဲ လိုသေးတယ်နော်.... ကိုယ်လုံးဝမသိတဲ့ လူတစ်ယောက်အပေါ် စေတနာ သဒ္ဓါတရားရှိဖို့ဆိုတာလဲ မလွယ်ကူလှပါဘူး.. လူတိုင်းမှာ လူလူချင်း ကိုယ်ချင်းစာတရားလေးတွေထားလို့ ကူညီတတ်တဲ့ စိတ်ကလေးတွေ မွေးဖွားနိုင်ကြမယ်ဆိုရင် အားလုံးဟာ ကြည်လင် လန်းဆန်းစွာ ပြုံးနိုင်ကောင်းပါရဲ့နော်....
Breanda ရဲ့ Lesson in Unconditional Love ကို ဘာသာပြန် ခံစား ရေးဖွဲ့ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
19 comments:
- ဒဏ္ဍာရီ said...
-
မွန်မြတ်တဲ့ စိတ်ထားလေးပဲနော်။ တကယ်လေးစားမိပါတယ်။ နွေးထွေးတဲ့ အကြင်နာတွေကို အပြုံးလေးကြောင့် ရရှိလိုက်သလို ဖေးမတတ်တဲ့ သူရဲ့ အပြုံးလေးဟာ သူတို့အတွက်တော့ ဂန္တာရထဲက အိုအေစစ်လေးပေါ့ ချောရယ်။
ခင်မင်လေးစားလျှက် - March 16, 2010 at 4:40 AM
- မိုးစက် said...
-
မှန်ရှေ့မှာပဲပြုံးကြည့်မိတယ်....သတိထားအုံးမှပဲ.
- March 16, 2010 at 5:29 AM
- ကိုကိုမောင် said...
-
၇ နှင့် ၈ အပိုဒ်ကို ဖတ်ရတာ အထိဆုံးပါဘဲ။ နှလုံးသားကို တိုက်ရိုက်ထိသွားတယ်။
အမရဲ့ အရေးအသားကျွမ်းကျင်မှုကြောင့် ရုပ်လုံးတကယ်ပေါ်ပါတယ်။
မဟုတ်မှ လွဲရော... အမလဲ စာရေးရင်း မျက်ရည်ကျနေမလားမသိ။ - March 16, 2010 at 5:42 AM
- မောင်ဘကြိုင် said...
-
ဟူးးး ရင်ထဲမောတောတောနဲ့ ကြည်နှုးစရားလေး
တကယ့်အပြင်ကထင်ပြီး ချော(အစိမ်းရောင်လွင်ပြင်)ကိုမြင်ယောင်လိုက်မိတယ် နောက်မှလွဲပါလေရော လား ဆော်တီးနော်း) အရေးသားပေါ်လွင်အောင်ကိုရေးတတ်တယ်ဗျာ - March 16, 2010 at 6:03 AM
- အပြုံးပန်း said...
-
ကြည်လင်တဲ့အပြုံးတစ်ပွင့်ရဖို့ဆိုတာ တဖြည်းဖြည်းခက်လာတဲ့အကြောင်းကို တွေးနေမိတာ ကြာပြီ။
- March 16, 2010 at 9:41 AM
- မြစ်ကျိုးအင်း said...
-
ကြည်လင်တဲ့အပြုံးလေးကို မြင်တွေ့ခွင့်ရလိုက်တာလည်း ကံကောင်းပါတယ်။
တချို့တွေက မမြင်တတ်ကြဘူးလေ။
အဆင်ပြေပါစေအမရေ - March 16, 2010 at 11:46 AM
- ကိုလူထွေး said...
-
းဝ)
- March 16, 2010 at 11:53 AM
- လင်းကြယ်ဖြူ said...
-
ပျားရည်တစ်စက် ဟာ မုတ်ခါးတစ်ဂါ လံထက် ယင်ကောင်တွေ ကိုပိုပြီး ဆွဲဆောင်နိုင်ပါတယ်တဲ့..
အပြုံး(SMILE)ကြောင့် ရနိုင်တဲ့ အကျိုးတွေ၊အပြုံးအကြောင်းတွေ..း) Emotions တွေ Moods တွေအကြောင်းတွေ ကို လေ့လာ နေပါတယ်..Post တစ်ခု အနေနဲ့
သရုပ်ဖော်ကြည့်ချင်လို့ပါ...အခုလို ဝေမျှပေးတာ ကျေးဇူးပါ..........မှတ်သားထားပါတယ်.
ပျော်ပါစေ
*.*.* - March 16, 2010 at 3:17 PM
- ဘကျောက် said...
-
ဘာသာပြန်ကောင်းလှချည့်လားမယ်ချောရယ်
- March 16, 2010 at 5:17 PM
- ညရဲ့ကောင်းကင် said...
-
တကယ်ကို ၀မ်းသာကြည်နူးမှုနဲ့ မျက်ရည်ကျမတတ်ပါပဲ ...
အစ်မအရေးအသားကောင်းလို့ ဖတ်နေရင်းနဲ့ ရင်ထဲ ထိစေတယ် ...
တကယ်အပြုံးစစ်တွေနဲ့ ပြုံးပြနိုင်အောင် ကြိုးစားချင်တယ်ဗျာ ... - March 16, 2010 at 6:48 PM
- shwezinu said...
-
ညီမရေ
ဖတ်ပြီး အမ ကိုယ်တိုင်တောင် မျက်ရေကျချင်လာသလိုပါဘဲ...ဖတ်ခွင့် ၇တဲ့ အတွက်ကျေးဇူးပါနော်
ချစ်တဲ့
အမရွှေစင် - March 16, 2010 at 7:45 PM
- ကိုဇော် said...
-
အရမ်းကောင်းတယ် မချောရေ....
ဂွတ်ထပဲ...။ - March 16, 2010 at 8:02 PM
- ဝက်ဝံလေး said...
-
အယ် အယ် လုပ်ပြီဟ မ ကလဲ ဒီက စိတ်မခိုင်ပါဘူးဆိုကာမှ
မက်ရည် ဝဲပြီး ပြန်သွားပီ တာ့တာ - March 16, 2010 at 11:26 PM
- ကေသရီ said...
-
စစ်မှန်ဖြူစင်တဲ့ အပြုံးလေးတွေဟာ တကယ်တန်ဖိုးရှိပါတယ်။ မိတ်ဆွေတွေ ဆီက ရရှိတဲ့ စစ်မှန်တဲ့ အပြုံးလေး တွေကို တန်ဖိုးထားရင်း ကိုယ်ကိုယ်တိုင်ကလည်း အဲလို စစ်မှန်ဖြူစင်တဲ့ အပြုံးလေးတွေ ပြန်လည်မျှဝေပေးသင့်တယ်လို့ထင်ပါတယ်။ ဒါဆို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်လောကကြီးဟာ ပိုမိုလှပလာမှာပါ။
- March 17, 2010 at 3:10 AM
- seeseinshin said...
-
ချောနှမ ဘာသာပြန်ကောင်းလိုက်တာ
အားကျတယ် တကယ်ပါ ဂုဏ်လည်းယူတယ် ဘာသာပြန်တာလွယ်တဲ့အလုပ်လည်းမဟုတ်ဘူး ဆောင်းပါးလေးတစ်ပုဒ် ဘာသာပြန်နေတာကို မပြီးနိုင်သေးဘူးဗျာ
မအားတာရော ပျင်းနေတာပါ ရောနေတယ် ကောင်းတာလေးတွေ တင်ပေးလို့ကျေးဇူး
ပြုံးအလှ ပိုင်ရှင်လေးချော ဖြစ်စေသော်ဝ်
ခင်မင်ရင်းနှီးစွားဖြင့်
seesein
s - March 17, 2010 at 7:52 AM
- Bravo said...
-
ြ့ပူံးချင်သလို ပြူံးကြပါလိမ့်မယ်
ကျနော့်ကဗျာထဲမှာတောင် ပြုံးတတ်အောင် သင်ထားဖို့ထည့်ရေးထားခဲ့တာ
တကယ်တော့ ကျနော်ဆိုလိုတာ တမင်ဖန်တီးတဲ့အပြုံးကိုပြောခဲ့တာတော့မဟုတ်ဘူး
စိတ်ရင်းအမှန်ကို ဖော်ပြတဲ့အပြုံးလေးကို ပြုံးတတ်ဖို့ပေါ့
ပို့(စ်)လေးအတွက်ကျေးဇူးတင်ပါတယ်ဗျာ။ ။ - March 17, 2010 at 9:39 AM
- မြသွေးနီ said...
-
အပြုံးတွေကို နှစ်သက်တယ်။
ကိုယ်တိုင်လည်း စိတ်ရင်းအမှန်နဲ့ အမြဲပြုံးနေနိုင်အောင် ကြိုးစားမိတယ်။
ကွဲပြားတဲ့ အပြုံးများစွာတွေထဲက ခုလို အပြုံးမျိုးကတော့ တကယ့်ကို တန်ဘိုးရှိလှပါတယ်ချောရေ။ - March 17, 2010 at 11:04 PM
- cas said...
-
ဝိုး ......... မိုက်တယ် .
- March 18, 2010 at 11:13 AM
- ပြည့်စုံ said...
-
ပြုံးနေတယ်နော် မချော မြင်လား...ဟိးဟိး
- March 30, 2010 at 4:07 AM