ချဉ်ချဉ် စပ်စပ် ငါးသံပုရာပေါင်း

Tuesday, February 16, 2010

ဒီနေ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိကြရင်း အစားအသောက် အကြောင်း ပြောဖြစ်ပါတယ်.. ကျွန်မပြောပြတဲ့ ငါးသံပုရာပေါင်းကို မစားဖူးဘူးတဲ့ .. ဒါနဲ့ လုပ်နည်းပြောပြမယ်လို့ ပြန်ပြောလိုက်တယ်.. ပြောပြမယ်ဆိုတာက ဘလောဂ့်ပေါ်မှာ တင်ပေးမယ် အားလုံးလဲ သိအောင် စိတ်ဝင်စားသူတွေလဲ လုပ်စားကြည့်လို့ ရအောင်ပေါ့နော်.. အရသာလေးက ချဉ်ချဉ်စပ်စပ်လေးနဲ့ ဆိုတော့ ငါးမကြိုက်တဲ့ သူတွေတောင် စားလို့ ကောင်းလောက်ပါတယ်.. ခက်ခက်ခဲခဲလဲ မဟုတ်တော့ လူတိုင်းအလွယ်တကူ လုပ်စားလို့ ဖြစ်ပါတယ်.. နိုင်ငံခြားရောက်နေတဲ့ တစ်ယောက်တည်း ချက်စားသူများ၊ သူငယ်ချင်းနဲ့ စားသူများလည်း အပြောင်းအလဲလေး လုပ်စားကြည့်ပေါ့နော်.. လျှာလည်သွားမှာပါ.. အဲ အချိုးအဆ လေး မှန်အောင်တော့ ခန့်မှန်းပြီး ထည့်ပေါ့နော်... သံပုရာနံ့ ငရုပ်သီးနံ့ မွှေးမွှေးလေးနဲ့ ချဉ်ချဉ်စပ်စပ်အရသာက လူတိုင်း သွားရေကျချင်လာအောင်တော့ ဆွဲဆောင်မှုရှိပါတယ်.. အရသာလဲ ရှယ်ပါဘဲ...... :)


 


 



ဒါကတော့ ငါးသံပုရာပေါင်း လုပ်မဲ့ ငါးပေါ့နော်.. တီလားဗီယား(ဆလားဗီးယား)ငါး၊ ငါးကြင်း၊ ဘယ်ငါးအမျိုး အစားနဲ့ မဆို လုပ်လို့ အဆင်ပြေပါတယ်.. ( ကြေးခွံမပါတဲ့ ငါးကလွဲလို့ပေါ့..)

 


အဲဒီငါးကို ရေစင်စင်ဆေးပြီး အကြေးခွံခွာ ဓါးနဲ့ ခပ်ကျဲကျဲလေးမွန်းပါတယ်..  ပြီးရင် ငါးတစ်ကောင်လုံး ထည့်လို့ ဆန့်မဲ့ အိုးထဲမှာ ရေအတော်အသင့် ထည့်ပါတယ်.. ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်(ရှိက) အနည်းငယ်စီထည့်ပါ.. ဆား၊ အချိုမှုန့်၊ အသားမှုန့် ထည့်ပြီး ရေဆူပါက ငါးကို ထည့်ပြုတ်ပါ.. ၃ မိနစ်ခန့် အကြာတွင် ငါးကို နောက်တစ်ဘက်သို့ လှန်ပေးပါ.. ဆား၊ အချိုမှုန့်ကို ခပ်လေးလေး ထည့်စေချင်ပါတယ်.. သို့မှသာ ငါးအသားအတွင်းသို့ ၄င်း အရသာများ ၀င်မှသာ စားကောင်းမည်ဖြစ်ပါတယ်.. မဟုတ်ရင်တော့ ငါးအသားထဲသို့ အရသာ မ၀င်ဘဲ ပေါ့ရွှတ်ရွှတ်နဲ့ စားမကောင်းပါ.. မိုက်ခရိုဝေ့ သုံးသူများ အတွက် ငါးကို ဆားအချိုမှုန့် ( ဟင်းချက်ဝိုင်ဖြူ ) နဲ့ နယ်ပြီး မိုက်ခရိုဝေ့ထဲကို ၇ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ.. ငါးပြုတ်တဲ့ အခါ  ဂျင်းကို ပါးပါး ရှည်ရှည် သွယ်သွယ်လေး လှီးပြီး ငါးကျက်ခါနီးမှ ထည့်ရင် လှလဲ လှသလို မွှေးလဲပိုမွှေးပါတယ်..


 


 



ဒါကတော့ ငါးကို ပြုတ်နေတာပါ.. သံပုရာပေါင်းလို့ဆိုပေမဲ့ ငါးကို ခုလိုဘဲ ပြုတ်ပါတယ်..


 


နံနံပင်၊ ဖက်ဖယ်၊ ပင်စိမ်း၊ ရှမ်းနံနံ ( အားလုံးမရှိလဲ တစ်မျိုး နှစ်မျိုးလောက် ရှိလဲဖြစ်ပါတယ်) ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း (များများ)  စသည်တို့ကို တောက်တောက်စင်းပါ.. ပြီးလျှင် ပန်းကန်တစ်လုံးထဲ ထည့်ထားပါ.


 


 



နံနံပင်၊ ဖက်ဖယ်၊ ရှမ်းနံနံ အစုံပါ


 


 



တောက်တောက်စင်းထားတဲ့ ငရုပ်သီး၊ နံနံ၊ ကြက်သွန်ဖြူ တို့ပါ...  သံပုရာသီး ၂လုံးလောက် ညှစ်ထည့်ထားပါတယ်.. အချဉ်ကတော့ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး သင့်သလို ထည့်လို့ရပါတယ်..


 


အစောက ပြုတ်၍သော်လည်းကောင်း၊ မိုက်ခရိုဝေ့နဲ့ သော်လည်းကောင်း၊ ကျက်ပြီးဖြစ်တဲ့ ငါးကို ဇောက်ခပ်နက်နက် ပန်းကန် ခပ်ပြားပြား တစ်လုံးထဲကို ထည့်ပါ.. ပြီးရင်  ငါးပြုတ်ထားတဲ့ အရည်ကိုပါ ထည့်ပါ... နောက်ဆုံးမှာ နံနံ၊ ငရုပ်သီး စသည် တောက်တောက်စင်းထားသမျှနဲ့ ညှစ်ထားသော သံပုရာရည်တို့ကို ငါးအပေါ် လောင်းချလိုက်ပါ.. မွှေးကြိုင်သင်းပျံ့ပြီး အရသာထူးတဲ့ ငါးသံပုရာပေါင်းကို ရပါပြီ.. ခံတွင်းပျက်သူများနဲ့လည်း သင့်တော်ပါတယ်.. ဧည့်သည်လာရင်လဲ အထူးအဆန်းလေး အဖြစ်နဲ့ ဧည့်ခံလို့ကောင်းပါတယ်..  ငါးပုံစံလေး လုပ်ထားတဲ့ ပန်းကန်ပြားလေးနဲ့ ထည့်လိုက်ရင် ပိုလှပါတယ်.. ဆွဲဆောင်မှုကောင်းတဲ့ ဟင်းလျှာတစ်ခွက် ဖြစ်လာမှာပါ..


 



 



ဒီလို ဒီလို လေးပါ.... သူငယ်ချင်းအားလုံးအတွက် အရည်သောက်ရင်လဲ ကောင်း အဖတ်စားရင်လဲ အဆင်ပြေမဲ့ ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေးနဲ့ ငါးသံပုရာပေါင်းပါရှင်...... :P


 


 


စားကောင်း သောက်ကောင်း ဖြစ်ကြပါစေနော်...... :) :)


 


 


ချော (အစိမ်းရောင်လွင်ပြင်)

19 comments:

ssye said...

လိုက်ပွဲ ပေးပါအုံးဗျို့ ထမင်းလည်းလိုက်ပွဲ ပေးပါဗျို့

Kotunygn said...

Very Good Taste .........

My stomach was very Full after I tasted it

မျှော်လင့်သူ said...

အစ်မရေ.. လာဖတ်ရင်းနဲ့ကို သရေယိုနေတယ်..
ဒါနဲ့ ငါးက အကြေးခွံမခွာရဘူးလား...
ဒီတိုင်းကြီးပဲလား.. မသိလို့မေးတာနော်...

ချော said...

ခုမှ အကြေးခွံခွာဖို့ သတိရလို့ ပြန်ခွာပေးလိုက်တယ်.. ဟိဟိ
သတိပေးတာကျေးဇူး မောင်လေးရေ...

နွေဆူးလင်္ကာ said...

ဒဗလျူလေးနဲ့ မြည်းလိုက်ရလို့ကတော့ လွတ်ကောင်းနေမှာပဲ :-)

ဏီလင်းညို said...

ချောရေ...
အဲ့ဒီဟာစားချင်တယ်...
ဒါပေမယ့် နံနံပင်၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ကြက်သွန်ဖြူစတာတွေကို ကြိုက်ဖူး....။ ကြက်သွန်နီရောပဲ အစိမ်းမစားနိုင်ဘူးဗျာ....။ တစ်ခါတစ်လေ...သူများစားရင် သိပ်အားကျတာ....။ စားကြည့် ဘယ်လို့မှ မရဘူးလေ....။
စိတ်ဆင်းရဲပြီးပြန်သွားပါသည်.....း(
ဒါပေမယ့် ငါးအသားလေးတွေ နည်းနည်းဖဲ့စားသွားတယ်နော်....ခိခိ....း)
ခင်မင်တဲ့
ဏီလင်းညို

ခေါ်န် said...

စားချင်လိုက်တာ စာဖတ်ရင်းနဲ့ ကို သရေတွေ ယိုကုန်တယ် အဟီး
မနည်းကိုထိန်းရတယ် သိလားအမ ..
အမ ကတော်တော် အချက်ကျွမ်းတယ်နော် ..သင်ပေးမလား..
ကျေးဇူးပဲ အမ ..................

အဖြူရောင်နတ်သမီး said...

အဝတီးသွားတယ် မချောရေ...
ကျေးဇူးပါနော်...

maylay said...

တစ်ကောင်တည်း ပေါင်းစရာလား ချောရာ စားမဝပါဘူးဆိုနေ။ အဲ ချက်နည်း မှတ်သွားတယ်ဗျို့ ကိုယ်က အဲလိုလေးတွေလုပ်စားရတာ ဝါသနာရှိတယ်။ ကျေးကျေးသယ်ရင်း ကျန်းမာပျော်ရွှင်ပါစေ

kokomaung said...

I seems tasty, Amy.
You are skillful not only at writing but cooking as well.

I want to try it.

ကိုဇော် said...

ရှလွှတ်............ရှလွှတ်...........
လုပ်စားမယ်............ဒါပေမဲ့....အဲဒီငါးက ဒီမှာ ဈေးအလွန်ကြီး..။

ဇီဝက (ဆေး-၂) said...

yummy!

မကေ said...

မချောရေ မြန်မြန်လာခဲ့တော့လေ ငါးဆိုသိပ်ကြိုက်တာ ဒါပေမယ့် မချောလာမှ စားမယ် ကိုယ့်အမကို ချစ်လို့ :P

သဒ္ဓါလှိုင်း said...

မချောရေ..ချဉ်ချဉ်စပ်စပ်ဆိုကထဲကသားရေကကျနေပြီ။ စားချင်လိုက်တာနော်..။ ခနခနသားရေကျအောင်တော့မလုပ်နဲ့နော်..။ နောက်လည်း
ထူးထူးဆန်းဆန်းလေးတွေချက်ကျွေးအုံးနော်မချော..။ ဟင်းချက်ကောင်းမဲ့မချောကိုခနခနချက်ကျွေးဖို့တောင်းရမယ်..ဟီးးးးးးးး
ခင်တဲ့
သဒ္ဓါ

သဒ္ဓါ

မြသွေးနီ said...

ငါးဆို ဒီက ကြိုက်မှကြိုက်နော်။
တစ်ကောင်ထဲနဲ့တော့ မရဘူး..။
ရှလွတ်..။

ကိုဖြိုး said...

ဟဲဟဲ... မိန်းမ မယူခင် အမဆီမှာ အရင် သင်တန်းတက်ခိုင်းရမယ်။ :P

မိုးခါး said...

စားချင်လိုက်တာ .. ရှလွတ် :D

မင်းမဟော် said...

ဘိုက်ဆာနေတာနဲ့
ဒုက္ခပါ ဘဲ ဗျာ

အင်ကြင်းသန့် said...

ညီမလေးဖို့ အရိုးပဲချန်ထားတာ လုံးဝမကျေနပ်ဘူးမှတ်ပါ...ကိုယ့်ညီမလေးဖို့ အစားအသောက်ဆို ဘယ်တော့မှ သီးသန့်ဖယ်မထားဘူး...အပြင်မှာတွေ့မှ တကယ်လုပ်ကျွေးရမယ်...ဟွန်းးးးးးးးးးးးးးး