ဆန်းကျယ်တဲ့ မေတ္တာ

Monday, February 15, 2010

 



photo from google search


 


ဆေးခန်းပိတ်ပြီး အိမ်ပြန်ဖို့ စီစဉ်နေတုန်း ည ၉နာရီလောက်မှာ ကျွန်တော့် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံ ကြားလိုက်ရပါတယ်.. ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီး ကသုတ်ကရက် နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော် တစ်ခါမှ မကြားခဲ့ဖူးပါဘူး..


 


“ ၀င်ခဲ့ပါ.. ၀င်ခဲ့ပါ.. ” ကျွန်တော် စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်.. အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ ပေါ်လာတာက အသက် ၉နှစ်ထက် ဘယ်လိုမှ ကြီးမဲ့ပုံ မရတဲ့ ကောင်မလေး.. ကြည့်ရတာ ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့.. မျက်နှာတစ်ခုလုံး ဖြူဖွေးဖျော့တော့လို့.. မျက်လုံးလေးတွေကလဲ ရီဝေညှိုးငယ်စွာနဲ့..


 


“ တောင်းပန်ပါတယ် ဆရာရယ်.. သမီး အမေ အသည်းအသန် ဖျားနေလို့ပါ.. သူဟာ သေလုမျောပါး ဖြစ်နေပါတယ်.. အမေ့ကို ကယ်ပါဦး ဆရာရယ်.. အိမ်ကို လိုက်ပြီး အမေ့ကို ကုပေးပါနော်…”


 


“ ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး.. သမီးအမေကိုသာ ဒီဆေးခန်းကို  ခေါ်လာခဲ့ပါကွယ်.. ”


 


“ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ.. ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေ သေရပါတော့မယ်.. သမီးကို သနားသဖြင့်လိုက်ကြည့်ပေးပါ ဆရာရယ်.. သမီး တောင်းပန်ပါတယ်နော်.. ”


 


ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်း အဆက်မပြတ် တိုးလျှိုးတောင်းပန်သံလေးက သနားစဖွယ်..  ကျွန်တော့် နှလုံးသားထဲက ကြင်နာ သနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..


 


ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေ လမ်းပြဖို့ပြောလိုက်တော့ ၀မ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့ သူမရဲ့ မျက်လုံးလေးတွေက ချစ်စရာ… ကလေးမလေးက  ဦးဆောင်ပြီး သူမအိမ်ရှိရာ လမ်းအတိုင်း လျှောက်လာကြပါတယ်.. ၁၀ မိနစ်ခန့်  လျှောက်လာပြီးနောက် အိမ်ကလေး တစ်လုံးရှေ့ အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့ကို  အရင်ဝင်စေပါတယ်.. ကျွန်တော် အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာ လှဲလျောင်းနေတဲ့ လူနာကို တွေ့လိုက်ရပါတယ်.. တော်တော်လေးကို နေမကောင်း ဖြစ်နေပုံပါ.. တစ်ကိုယ်လုံးလဲ ခြစ်ခြစ်တောက် ပူကျစ်နေပါတယ်.. လူနာဟာ သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး..  ဒါပေမဲ့ လူနာရဲ့ မျက်လုံးတွေက ဆရာဝန် ရဲ့ အကူအညီကို အသည်းအသန် လိုအပ်နေကြောင်းကို ဖော်ပြနေတယ်.. သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင် တွေကိုလဲ အတိုင်းသား မြင်နေရပါတယ်..


 


ကျွန်တော် လူနာအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံး ဆောင်ရွက် ပါတော့တယ်.. ထူးဆန်းတာက ခုနက ကျွန်တော့်ကို တောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး… တစ်အိမ်လုံးမှာလည်း အခြားအိမ်သား တစ်ယောက်တစ်လေကိုမှ ကျွန်တော် မတွေ့မိပါဘူး.. တကယ်လို့ ဒီညသာ ကျွန်တော် ရောက်မလာဘူးဆိုရင် လူနာအမျိုးသမီးဟာ အသက် ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်.. သူ့အဖျားက အတော်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ.. အဖျားကျအောင် တစ်ညလုံးနီးပါး ကျွန်တော် ကြိုးစားပမ်းစား ကုသလိုက်ရပါတယ်.. မနက်မိုးလင်းခါနီးမှ လူနာဟာ စိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်.. ကျွန်တော်က လူနာအမျိုးသမီးကို  အိမ်ပြန်တော့မဲ့အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက် ပြန်လာကြည့်မဲ့အကြောင်း ပြောလိုက်ပါတယ်…  ပြီးတော့ ဆေးအိတ်ကို ဆွဲပြီး အိမ်ပြန်လာခဲ့ပါတယ်..


 


ညနေပိုင်း ဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော် ပြန်ရောက်သွားပြီး လူနာကို လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်.. တော်တော်လေး အခြေအနေ ကောင်းသွားပါပြီ.. ခုတော့ လူနာဟာ စကားလဲ ကောင်းမွန်စွာ ပြောနိုင်တဲ့ အနေအထား ရောက်နေပါပြီ.. တစ်ညလုံး ကုသပေးခဲ့တဲ့ အတွက် လူနာက ကျွန်တော့်ကို ကျေးဇူးစကား အထပ်ထပ်ဆိုပါတယ်.. ကျွန်တော်က ပြန်ပြောလိုက်ပါတယ်..


 


 “ တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာ သေတောင် သေသွားနိုင်ပါတယ်.. သူ့ရဲ့ သနားစရာ တောင်းပန်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူး… သိပ်လိမ္မာ သိတတ်တဲ့ကလေးလေးပါဘဲဗျာ.. မိဘအပေါ် သိပ်သိတတ်တဲ့ ဒီလို ကလေးမျိုး မွေးထားရတာ အဒေါ်ဘယ်လောက်များ ဂုဏ်ယူလိုက်မလဲနော် ” 


 


ကျွန်တော့စကားကြားတဲ့ လူနာအမျိုးသမီးရဲ့ မျက်နှာပြင်မှာ အပြောင်းအလဲများစွာနဲ့ အံ့သြတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်.. အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်..


 


 “ဆရာ.. ကျွန်မသမီးလေးက ဆုံးသွားတာ ၃နှစ်တောင် ရှိပါပြီ.. ဟိုနံရံမှာ ချိတ်ထားတဲ့ ပုံဟာ သမီးလေးပုံပါ… ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်.. ”


 


ကျွန်တော် ထိုင်ရာက ထပြီး နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံအနီးကို တိုးကပ်ပြီး သေချာအောင် ကြည့်လိုက် မိပါတယ်.. သေချာပါတယ်.. ဒီကလေးမဟာ မနေ့ညက ကျွန်တော့ဆေးခန်း တံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင် ခေါ်လာတဲ့ကလေးမလေးပါဘဲ.. ဒီရုပ်လေးကို ကျွန်တော်မှားစရာ အကြောင်းမရှိပါ.. ထူးဆန်း အံ့သြစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓာတ်ပုံရှေ့မှာ အကြာကြီးရပ်နေမိပါတယ်.. ပြီးတော့ လေးလေး နက်နက် စဉ်းစားနေမိတယ်.. မနေ့ညက တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်း ပါ.. သူ့ကို ကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ် ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာ မရှိပါ..


 


အင်း… ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုဘဲ ဖြစ်မှာပါ.. ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်မိရင်း ကျွန်တော် တစ်ချက် ပြုံးလိုက်မိပါတယ်.. အဒေါ်ကြီးကိုတော့ ကလေးမလေး အကြောင်း ဘာမှ ထပ်မပြောမိတော့ပါဘူး.. တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့ အရာတွေဟာ ဒီလောကကြီးထဲမှာ  ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်…


 


-----------------------------------------------------------------------------------------------------------------


 


ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ် လေးနက်တဲ့ မေတ္တာရဲ့ သဘောတရားကို ဖော်ပြနေပါတယ်..  မိဘက သားသမီးအပေါ် ထားတဲ့ မေတ္တာဟာ အတုမရှိ လေးနက်သလို သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလဲ နက်ရှိုင်းကျယ်ဝန်း လှပါတယ်.. ဒီဇာတ်လမ်းမှာ သေသွားပြီး တာတောင်မှ မိဘအပေါ် ကူညီစောင့်ရှောက်နေသေးတဲ့ သမီးလေးတစ်ယောက်ရဲ့ အံ့သြ ဆန်းကျယ်တဲ့ မေတ္တာစိတ်ကလေးကို စာဖတ်သူများ သတိပြုမိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်ရှင်..


 


Wonderful Little Girl ( Unknow Author) ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်..


 


ချော (အစိမ်းရောင်လွင်ပြင်)


 

17 comments:

ဇီဝက (ဆေး-၂) said...

အမျှ အမျှ အမျှ

မြသွေးနီ said...

ဒါမျိုးဆန်ဆန် ဖြစ်ရပ်တစ်ခု ကြုံဖူးပါတယ်။
လက်တွေ့ထက်ဆန်းတဲ့ ဖြစ်ရပ်တွေက ရှိတတ်ပါတယ်။

Kotunygn said...

Love has No Length and Wide. But, Love has Forward and Reverse Directions.

ကိုဖြိုး said...

မကျွတ်တာပေါ့နော်။ သနားပါတယ်ဗျာ။
မြန်မာပြည်မှာဆိုရင်တော့ အလှုလုပ် ရေစက်ချ အမျှဝေ လိုက်တာပေါ့။
သူတို့ အနောက်တိုင်းမှာဆိုရင်တော့ ဘယ်လိုလုပ်လဲ မသိဘူးနော်။

ဘာပဲဖြစ်ဖြစ်... လူမမာအမျိုးသ္မီး ကံကောင်းသွားတာပေါ့. :)

kokomaung said...

တကယ်ဘဲ ထူးဆန်းအံ့သြဖွယ်မေတ္တာတရားပါဘဲ။
မိဘရဲ့ မေတ္တာဟာကြီးမားသလို သားသမီးမေတ္တာဟာလဲ မိဘတွေအပေါ်ကြီးမားတတ်ကြပါတယ်။
မမြင်နိုင်တဲ့ စိတ်စွမ်းအင်တွေဟာ ဘ၀ခြားပေမဲ့ ဆက်စပ်မှုတော့ ရှိနေတယ်ဆိုတာ ဒီပုံပြင်လေးက ပြသပေးလိုက်တဲ့သဘောပါဘဲ။

ပျော်ရွှင်ပါစေ အမ။

ဇာဏီ said...

ကြည့်စမ်း...
ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး..
အဲဒါ အချစ်မေတ္တာရဲ့ဆန်းကြယ်မှုဆိုတာကို လက်ခံပါတယ်..

ကောင်းရာမွန်ရာ လားပါစေ ကောင်မလေး ငယ်..

maylay said...

ချောရေ ဒီပိုစ့်လေးကို ကိုယ်ဖြစ်ရပ်ဆန်းကြယ်မဂ္ဂဇင်းတစ်စောင်မှာ ဖတ်ဖူးတယ် ကြာတော့ကြာပြီ။ kotunygn ပြောသလိုပဲ အလျားအနံပေ���ံမရှိတာ အဲဒီဆန်းကြယ်တဲ့မေတ္တာပဲနော်။ ခုပြန်ဖတ်ရတာလေးကို ပြန်ခံစားသွားတယ်။ ကျေးဇူးပါပဲ။ သယ်ရင်း ကျန်းမာပျော်ရွှင်ပါစေ

အဖြူရောင်နတ်သမီး said...

စိတ်မကောင်းလိုက်တာနော်...
မေတ္တာဆိုတာ တကယ့်ကိုပဲ ကြီးမားပါတယ်...

shwezinu said...

ညီမရေ

အမလည်း တနေရာ မှာ ဖတ်ဘူးတယ် ဒါပေမဲ့ ပြန်ခံစားသွားတယ် ကျေးဇူးပါ

ရွှေစင်ဦး

ဏီလင်းညို said...

ချောရေ....
ဒါမျိုးတွေလည်း... ဖြစ်တတ်တယ်နော်....။
ကောင်မလေးက သူ့အမေကို သိပ်ချစ်တာနေမှာဗျာ....။
သနားစရာလေး....း(
ခင်မင်တဲ့
ဏီလင်းညို

လင်းကြယ်ဖြူ said...

အလျားအနံ မရှိပေမယ့် အသွားအပြန်နဲ့ စီးဆင်းတတ်တယ်
ကြိုးနဲ့ နှောင်ခြင်းမရှိ ပေမယ့် နှောင်ကြိုးတွေ တသီကြီးနဲ့ ရစ်တွဲနေတတ်တယ်
သံသယဖြစ်စရာမလိုပါဘူး.....မေတ္တာတရား ရဲ့ နက်ရှိုင်းတဲ့ သဘောတရားတွေရဲ့နောက်..မှာ
သံယောဇဉ်တွေ တကောက်ကောက်လိုက်နေကြတာပေါ့....
စာစုကောင်းလေးတစ်ခုပါပဲ..သမီးကနေ အမေအတွက် ဆိုတာမျိုးကတော့ အခုမှဖတ်ဖူးတယ်
အမေက သမီးအတွက် ဆရာလာပင့်တာ ကတော့ အရင်က ဇာတ်လမ်းတစ်ခုမှာ မိဘမေတ္တာကို ဖော်ညွှန်းသွားတာ ကြည့်ဖူးတယ်...ကျေးဇူးပါခင်ဗျာ
ပျော်ပါစေ
*.*.*

သဒ္ဓါလှိုင်း said...

မချောရေ..
ဖတ်ပြီး စိတ်မကောင်းဘူး...။ မေတ္တာရဲ့ တန်ခိုးတွေပေါ့နော်..။

ခင်တဲ့
သဒ္ဓါ

Mary Kie Kie said...

Woww.... Terrific Great !!! :) the power of love is so wonderful

အင်ကြင်းသန့် said...

မမရေ...ဖတ်ပြီး ကြက်သီးတောင်ထတယ် (အထင်မလွဲနဲ့ဦးနော် ကောင်မလေးကိုကြောက်လို့ ကြက်သီးထတာ မဟုတ်ဘူး...မေတ္တာတရားရဲ့ ဆန်းကျယ်မှုကို ကြက်သီးထတာ)

ညီညီထွန်း said...

မေတ္တာတရားတွေပြည့်နေတဲ့ကမ္ဘာမှာဆို ကမ္ဘာစစ်ကြိးတွေဖြစ်မှာမဟုတ်ဘူးနော်--
အဲလိုကမ္ဘာရှိရင်အမ မောင်လေးကိုပြောအုံးနော် သွားနေချင်လို့--

မိုးခါး said...

စိတ်မကောင်းစရာနော် .....း(

missyoya said...

လေးစားဖို့ကောင်းတဲ့စိတ်ဓာတ်ပါပဲ....ယုံကြည်ပါတယ်ဇာတ်လမ်းထဲက မိန်းကလေးက..Angel ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...