ချစ်သူရဲ့ နှင်းဆီလက်ဆောင်
Saturday, February 13, 2010
သူမရဲ့နံမည်လေးက မနှင်းဆီ.. နံမည်နဲ့လိုက်အောင် ပန်းလေးတစ်ပွင့်လို နူးညံ့ သိမ်မွေ့စွာ လှပသူ… သူမ အနှစ်သက်ဆုံး ပန်းဟာလည်း အနီရောင်နှင်းဆီပန်းသာ ဖြစ်ပါတယ်.. မနှင်းဆီလေးရဲ့ ခင်ပွန်းက နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ သူမ နှစ်သက် သဘောကျတဲ့ အနီရောင် နှင်းဆီပန်းတွေကို အလွန်လှပ ချစ်စရာကောင်းတဲ့ ပန်းစည်းလေး ပြုလုပ်ပြီး လက်ဆောင်ပေးလေ့ ရှိပါတယ်.. သူမတို့ အိမ်ထောင်ရေးဟာ ပျော်ရွှင်သာယာပြီး လူတကာ အားကျရတဲ့ စံပြ အိမ်ထောင်ရေးဖြစ်ခဲ့ပေမဲ့ ကံတရားရဲ့ ရက်စက်စွာ ထိုးနှက်မှုကြောင့် သူမချစ်တဲ့ ခင်ပွန်းဟာ မမျှော်လင့်တဲ့ မတော်တဆမှု တစ်ခုနဲ့ တိမ်းပါး သွားခဲ့ရပါတယ်.. အရူးတစ်ပိုင်း ဖြစ်ကျန်ခဲ့တဲ့ မနှင်းဆီလေးဟာ ၀မ်းနည်း ဆွေးမြေ့ခြင်း၊ အထီးကျန် အားငယ်ခြင်းတို့ကိုသာ အဖော်ပြုလို့ ဘ၀ကို ငြီးငွေ့စွာ ဖြတ်သန်းရပါတော့တယ်..
ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့ဖြစ်ပါတယ်… မနက်စောစော အိပ်ရာနိုးနိုးခြင်း မနှင်းဆီ အရင်ဆုံး သတိရမိတာက သူ့ခင်ပွန်းကိုပါ.. ဒီနေ့ရောက်တိုင်း သူ့ဆီကနေ မနှင်းဆီချစ်တဲ့ နှင်းဆီနီလေးတွေ လက်ဆောင် ရနေကျ.. ခုတော့ တစ်ယောက်တည်း ကြေကွဲ လွမ်းဆွတ် နေရတဲ့ အထီးကျန် ဘ၀ကို တွေးမိရင်း ၀မ်းနည်းစိတ်က ရင်ထဲမှာ တစ်လှိုက်လှိုက်နဲ့ ဆို့တက်လို့ လာပါတယ်.. အဲဒီချိန်လေးမှာဘဲ အိမ်တံခါးခေါက်သံကို သူမကြားလိုက်ရပါတယ်.. အိပ်ရာက အသာထလို့ အိမ်ရှေ့တံခါးအဖွင့်မှာ အံ့သြစရာ မြင်ကွင်းလေးတစ်ခုက ထူးဆန်းစွာ ဆီးကြို လိုက်ပါတယ်.. အလွန်လှပတဲ့ နှင်းဆီပန်းကြီးတစ်စီး သူမရဲ့ အိမ်တံခါးအနီးမှာ .. သူမကြိုက်တဲ့ အနီရောင်ရင့်ရင့် နှင်းဆီတွေ… မွှေးပျံ့တဲ့ ရနံ့လေးတွေကလည်း ကြူကြူသင်းလို့… နှင်းဆီပန်းလေးမှာ ချိတ်ထားတဲ့ ကဒ်လေးပေါ်မှာတော့ “ချစ်တဲ့ နှင်းဆီလေးအတွက် ချစ်လက်ဆောင်” တဲ့… အခါတိုင်း သူမခင်ပွန်းရှိစဉ်က ချစ်သူများနေ့မှာ ပေးနေကျ ပန်းလက်ဆောင် အတိုင်းပါဘဲ.. ရေးထားတဲ့စာက အစ ခါတိုင်းနှစ်တွေနဲ့ တစ်ပုံစံတည်း….
မနှင်းဆီ သိလိုက်ပါပြီ.. သူမခင်ပွန်းဟာ မကွယ်လွန်ခင်ကတည်းက သူမကို ဒီနေ့မှာ ပန်းလက်ဆောင်ပေးဖို့ ပန်းဆိုင်မှာ ကြိုတင်ငွေချေပြီး မှာထားခဲ့ပုံရပါတယ်… ဒီနှစ်ဟာ သူမအတွက် ချစ်ခင်ပွန်းဆီက နောက်ဆုံးရတဲ့ နှင်းဆီပန်း လက်ဆောင်လဲ ဖြစ်ပါလိမ့်မယ်.… သူမချစ်တဲ့ ယောက်ျားဟာ သူသေဆုံးမှာကို ကြိုသိလို့ အော်ဒါမှာထားခဲ့တာမျိုး မဖြစ်နိုင်ပါဘူး.. သူဟာ အလုပ်တစ်ခု လုပ်ရင် အချိန်မကျခင်ကတည်းက အမြဲတမ်း ကြိုတင်စီစဉ်တတ်တဲ့ အကျင့် ရှိသူတစ်ယောက်ပါ… တကယ်လို့ အလုပ်သိပ်များလို့ မေ့လျော့သွားခဲ့ ရင်တောင် ကြိုတင် စီစဉ်ထားခြင်း အားဖြင့် အရာရာဟာ ပုံမှန် လည်ပတ်သွားနိုင်အောင် သူမယောက်ျားဟာ စေ့စပ်သေချာလှသူ ဖြစ်ပါတယ်…
မနှင်းဆီက နှင်းဆီပန်းစည်းလေးကို အိမ်တွင်းသို့ တယုတယ ယူဆောင်လာပြီး ပန်းအိုး လှလှလေး တစ်ခုထဲ ထိုးစိုက်လိုက်ပါတယ်.. သူမယောက်ျားရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံဘေးမှာ ပန်းအိုးလေးကို ချထားလိုက် ပြီးတော့ ယောက်ျားဖြစ်သူ ထိုင်နေကျ ခုံလေးမှာ ထိုင်ကာ ဓာတ်ပုံလေးနဲ့ ပန်းစည်းလေးကို အတော်ကြာအောင် စိုက်ကြည့် နေမိပါတယ်… သူမတို့ ၂ယောက်ရဲ့ အတိတ်က ပျော်စရာအချိန်တွေကို တစ်ရေးရေးနဲ့ ပြန်မြင်ယောင်လာရင်း ကြည်နူး ပျော်ရွှင်စိတ်နဲ့အတူ ကြေကွဲ ၀မ်းနည်းစိတ်ပါ တစ်ပြိုင်တည်း ခံစားရပါတယ်… သူဟာ ဘာလို့များ သူမအနားကနေ စောစောစီးစီး ထွက်ခွာသွားရတာပါလဲ.. ခုလိုချိန်မှာ သူမရဲ့ ဘေးနားမှာ ရှိနေပြီး ဒီပန်းစည်းလေးဟာ သူမ ယောက်ျား ကိုယ်တိုင် ပေးတဲ့ ပန်းစည်းလေးဖြစ်ခဲ့ရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်..
ဒီလိုနဲ့ တစ်နှစ် ကုန်ဆုံးသွားပြန်ပါပြီ.. ချစ်သူနဲ့ သေကွဲကွဲပြီး တစ်ယောက်တည်းနေရသူအဖို့ ပျင်းရိငြီးငွေ့စရာ၊ ခြောက်ခြားစရာ ကောင်းလောက်အောင် လောကကြီးတစ်ခုလုံးဟာ သူမအတွက်တော့ အထီးကျန် လွန်းလှပါတယ်.. ပျော်ရွှင်မှု ဆိုတာ ရှာဖွေလို့ မတွေ့တော့လောက်အောင် အရာရာဟာ ကြေမွ ဆိတ်သုန်းလို့၊ ယုံကြည်ချက် အနာဂတ်မဲ့နေတဲ့ သူလို ဖြစ်နေပါတော့တယ်… ဒီတစ်နှစ်လဲ ထုံးစံအတိုင်း ချစ်သူများနေ့ ရောက်လာပြန်ပါတယ်.. မနက်ခင်းလေးမှာ အိမ်ရှေ့တံခါး ခေါက်သံလေး မြည်လာတဲ့အတွက် အပြေးအလွှား သွားရောက်လို့ တံခါးဖွင့်ကြည့်တဲ့အခါမှာ လှပ နီရဲနေတဲ့ နှင်းဆီပန်းတွေ..
နှင်းဆီပန်းတွေကို ကြည့်ပြီး မနှင်းဆီလေးမှာ ထူးဆန်းအံ့သြခြင်း မယုံကြည်နိုင်ခြင်းများနဲ့ မှင်သက်မိလို့.. ဘယ်ချိန်ထိ ကျောက်ရုပ်လေးလို ရပ်နေမိတယ် မသိ.. သတိရတဲ့အချိန်မှာ နှင်းဆီပန်းစည်းကို ကိုင်ဆောင်လို့ အိမ်ထဲကို အပြေးအလွှား ၀င်ရောက်ကာ ပန်းစည်း စီစဉ်ပေးပို့တဲ့ ဆိုင်ကို ဖုန်းဆက်ပါတော့တယ်…
ဆိုင်ရှင်ဖြစ်သူ ဖုန်းလာကိုင်တဲ့အချိန်မှာ သူမက မေးခွန်းတွေ မေးမိပါတယ်…. ဘယ်သူက ခုလို ဒီပန်းစည်းတွေကို သူမကို နာကျင်ခံစားစေလိုတဲ့စိတ်နဲ့ ပို့ပေးနေတာလဲ.. သူမကို ရှင်းပြပေးပါလို့ တောင်းဆိုပါတယ်… ပန်းဆိုင်ပိုင်ရှင်က “ခင်ဗျားယောက်ျား လွန်ခဲ့တဲ့ တစ်နှစ် လောက်က ဆုံးသွားပြီဆိုတာ ကျွန်တော် သိပါတယ်.. ခင်ဗျား ဖုန်းဆက်မေးလိမ့်မယ် ဆိုတာလဲ ကျွန်တော် မျှော်လင့်ပြီးသားပါ.. ခင်ဗျား အရမ်းကို သိချင်လိမ့်မယ်ဆိုတာလဲ ကျွန်တော် တွေးမိပါတယ်.. ခံစား နားလည်ပေးလို့ ရပါတယ်.. ခင်ဗျား ဒီနေ့ လက်ခံရရှိတဲ့ပန်းတွေဟာ ခင်ဗျား ခင်ပွန်း ကိုယ်တိုင် ငွေချေပြီး ကြိုတင်စီစဉ် ထားတဲ့ပန်းတွေပါ.. ဒီလို နှင်းဆီပန်းတွေကို နှစ်စဉ်နှစ်တိုင်း ခင်ဗျား လက်ခံရဦးမှာပါ.. ခင်ဗျားယောက်ျားဟာ အရာရာကို ကြိုတင် တွက်ချက်ပြီး ခင်ဗျားအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးသွားခဲ့ပါတယ်... ပန်းစည်းမှာ ချိတ်ဖို့ ကဒ်ပြားလေးနဲ့ အတူ စာလေးတွေကိုလည်း သူကိုယ်တိုင်ရေးပြီး ထားရစ်ခဲ့ပါတယ်.. တကယ်လို့များ သူမရှိတော့ရင်တောင် နှင်းဆီပန်းတွေကို ခင်ဗျားဆီကို ဆက်ပြီး ပို့ပေးဖို့ သူမှာခဲ့ပြီးသားပါ.. ဒီနောက်ပိုင်းမှာ သူကိုယ်တိုင် ဆိုင်ကို တစ်ခေါက်မှ ရောက်မလာတော့ဘူး ဆိုကတည်းက သူမရှိတော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်.. ဒီတော့ သူမှာကြားခဲ့တဲ့ အတိုင်း နှင်းဆီပန်းလေးတွေနဲ့ ခင်ဗျားအတွက် အထူး စီစဉ် ရေးသားထားတဲ့ စာလေးကို ဒီနေ့ ခင်ဗျားဆီ မပျက်မကွက် ကျွန်တော် အရောက်ပို့ပေး လိုက်ပါတယ်.. နောင်နှစ်တွေမှာလဲ ခင်ဗျားဆီ ကျွန်တော် ပို့ပေးဦးမှာပါ.. ဒါဟာ ခင်ဗျား ခင်ပွန်းရဲ့ အစီအစဉ်တွေကြောင့်ပါဗျာ….”
မနှင်းဆီ ပန်းဆိုင်ပိုင်ရှင်ကို ကျေးဇူးစကားဆိုရင်း ဖုန်းကို ချလိုက်ပါတယ်.. သူမရဲ့ တုန်ယင်နေတဲ့ လက်အစုံနဲ့ ပန်းစည်းလေးပေါ်က စာအိတ်လေးကို ဖြုတ်ယူလိုက်ပါတယ်.. စာအိတ်လေးထဲမှာတော့ စာလေးတစ်စောင် .. စာထဲမှာက သူမယောက်ျားရဲ့ လက်ရေးတွေနဲ့
အချစ်ရေ..
မင်းအနားမှာ ကိုယ်မရှိနိုင်တော့ဘူးနော်... ကိုယ်မရှိတဲ့အခါ ဘ၀ကြီးကို မင်းတစ်ယောက် တည်း ရင်ဆိုင်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကိုယ်သိပါတယ်.. မင်းတစ်ယောက်တည်း ဘယ်လောက်တောင် အထီးကျန်မယ်.. ကြေကွဲ ပူဆွေးနေမယ် ဆိုတာလည်း ကိုယ်နားလည်စာနာပါတယ်.. မင်းကို ကိုယ် ဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာလဲ မင်းသိခဲ့မှာပါနော်… ကိုယ်တို့၂ယောက်ရဲ့ အချစ်တွေ၊ အကြင်နာတွေနဲ့ ကိုယ်တို့ဘ၀ကို လွှမ်းခြုံလို့ ပျော်ရွှင်သာယာဖွယ် ကမ္ဘာလေးကို တည်ဆောက်ခဲ့ကြတယ် . သိပ်ပျော်ဖို့ ကောင်းတဲ့အချိန်တွေကို ကိုယ်တို့ရရှိခဲ့ကြတယ်လေ... ဘ၀မှာ အချစ်တွေနဲ့ ပြီးပြည့်စုံ ခဲ့ကြတယ်… အချစ်ရယ်.. မင်းဟာ ကိုယ့်ဘ၀ရဲ့ အကောင်းဆုံး အမွန်မြတ်ဆုံး ဇနီးမယားကောင်းတစ်ဦးပါ.. မင်းကို ပြောပြစရာ စကားလုံး ရှာမတွေ့လောက်အောင် ကိုယ်ချစ်မြတ်နိုးခဲ့ပါတယ်..
ကိုယ့်ရဲ့ လိုအင်ဆန္ဒ မှန်သမျှကို သိတတ်စွာ အမြဲတမ်းဖြည့်ဆည်းပေးပြီး ကိုယ့်စိတ်ကို အမြဲ နားလည်ပေးခဲ့တဲ့ မင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတစ်ဦး ဖြစ်သလို အကောင်းဆုံး ချစ်သူ တစ်ယောက်လဲ ဖြစ်ပါတယ်.. မင်းကို ကိုယ် သိပ်တန်ဖိုးထားခဲ့ပါတယ်.. ကိုယ်ဟာ မင်းအနားမှာ မရှိတော့ပေမဲ့ ၀မ်းနည်း ပူဆွေးမနေပါနဲ့ အချစ်ရယ်. မျက်ရည်တွေကို သုတ်လိုက်ပါ နော် မင်းကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်.. ဒါကြောင့်လဲ မင်းအတွက် နှင်းဆီပန်းလေးတွေ နှစ်စဉ်ပေးနိုင်ဖို့ ကိုယ်စီစဉ် ခဲ့တာပါ.. ဒီနှင်းဆီပန်းလေးတွေကို မင်းလက်ခံရတဲ့အခါတိုင်း ကိုယ်တို့၂ယောက်ရဲ့ အပျော်ဆုံး အချိန်တွေကို သတိရ လိုက်ပါ… ပြီးတော့ ကိုယ်တို့၂ယောက် ဘယ်လောက်တောင် ချစ်ခဲ့ကြတယ်ဆိုတာကို ပြန်စဉ်းစားပြီး ပျော်ရွှင်နိုင်အောင် ကြိုးစားပါ.. ကိုယ် မင်းကို သိပ်ချစ်ခဲ့တယ်.. အမြဲတမ်းလဲ ချစ်နေမှာပါ… ကိုယ်မရှိတော့တဲ့ အခါ မင်း ၀မ်းနည်းပူဆွေးပြီး ကျန်နေမှာကို ကိုယ်မလိုလားပါဘူး. ဒါကြောင့် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ အချိန်တွေကို ပျော်ပျော်နေနိုင်အောင် ကြိုးစားပါနော်..
မလွယ်ဘူးဆိုတာတော့ ကိုယ်လဲသိပါတယ်.. ဒါပေမဲ့ ကြိုးစားပြီးနေပါအချစ်ရယ်…. ဒီနှင်းဆီနီလေးတွေဟာ မင်းပျော်ရွှင်စေဖို့ မင်းဆီကို နှစ်စဉ်နှစ်တိုင်း ရောက်လာပါလိမ့်မယ်… ပန်းဆိုင်က တစ်ယောက်ယောက် မင်းရဲ့အိမ်တံခါးကို နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့တိုင်းမှာ တံခါးလာခေါက်မှာပါ… မင်းဆီက ဘာတုံ့ပြန်မှုမှ မရတော့တဲ့ နောက်ဆုံးတစ်နေ့ရောက်မှသာ နှင်းဆီပန်းလေးတွေ မင်းဆီပို့တာ ရပ်မှာပါ..… အဲဒီနေ့မှာ မင်းအိမ်တံခါးကို သူဟာ ၅ ကြိမ်တိုင်တိုင် အရောက်လာပြီး လာခေါက်ပါလိမ့်မယ်.. မင်းဆီက တုံ့ပြန်မှု မရတာ လုံးဝ သေချာပြီ ဆိုရင်တော့ မင်းမရှိတော့တာ သူတို့သဘောပေါက်ကြမှာပါ… အဲဒီလိုဆိုရင် နှင်းဆီနီလေးတွေကို ကိုယ်ညွှန်ကြားထားတဲ့ နေရာကို သူတို့ ဆက်ပြီး ပို့ပါလိမ့်မယ်.. အဲဒီနေရာလေးဟာ မင်းနဲ့ကိုယ်နဲ့ လှဲလျောင်း အိပ်စက်အနားယူတဲ့ အုတ်ဂူလေး၂ခုပေါ့ကွယ်.. ဒီလို ချစ်သူများနေ့မှာ ကိုယ်တို့၂ယောက်ရဲ့ အုတ်ဂူလေးဟာ မင်းချစ်တဲ့ နှင်းဆီရနံ့တွေနဲ့ သင်းပျံ့ မွှေးမြနေပါလိမ့်မယ်.. ကိုယ်တို့၂ယောက်ကတော့ ပြန်လည်ဆုံစည်းခွင့် ရတဲ့အတွက် ပျော်ရွှင်နေကြမှာပေါ့အချစ်ရယ်.. ခုချိန်မှာတော့ ကျန်နေသေးတဲ့ မင်းရဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင် အားတင်းထားလိုက်ပါ ကိုယ့်အချစ်ဆုံးရယ်…..
အိုး... ဒီလိုဆိုရင်ဖြင့် သူမဘာများ ၀မ်းနည်း ကြေကွဲနေစရာ လိုသေးသလဲနော်... သူမ သက်ရှိထင်ရှား ရှိနေသမျှကာလပတ်လုံး သူမ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းဆီက သူမချစ်တဲ့ နှင်းဆီပန်းတွေ နှစ်စဉ်နှစ်တိုင်း မလွဲမသွေ ရနေဦးမယ်ဆိုရင် သူ့ရဲ့ အချစ်တွေဟာ သူမဘေးနား ထာဝစဉ်ရှိနေတာနဲ့ အတူတူပါဘဲလေ... မနှင်းဆီ ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်က ကြည်စင်ဝင်းပလို့.. သူမရဲ့ မျက်ဝန်းလေးတွေ ဟာလည်း ရွှန်းလက်တောက်ပလို့.. ဒါတွေဟာ ချစ်ခြင်းရဲ့ အင်အားထက်မြက်တဲ့ အစွမ်းကြောင့်ဘဲ မဟုတ်ပါလား....
-----------------------------------------------------------------------------------------------------------------------------
ဇာတ်လမ်းလေးက စိတ်ကူးယဉ်ဆန်ကောင်း ဆန်နေပါလိမ့်မယ်.. ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေလိုတဲ့ စိတ်ကလေးဟာ အရမ်းကို နှစ်သက်စဖွယ် လေးစားအားကျစဖွယ် ကောင်းလှပါတယ်... ကိုယ်သေဆုံးပြီး ချိန်မှာတောင် ချစ်သူကို ပျော်ရွှင်ပြီး ကျန်ရစ်စေလိုတဲ့ ဒီလိုစိတ်ထားမျိုးက ချစ်သူတိုင်းမှာသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်.. ချစ်တတ်ကြသူတိုင်း စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ... ချစ်သူတိုင်းလည်း ပျော်ရွှင်ကြပါစေရှင်.. ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့ မှာ ကျွန်မရဲ့ စာဖတ်သူ မိတ်ဆွေ၊ သူငယ်ချင်းများကို ဒီဇာတ်လမ်းလေး လက်ဆောင် ပေးလိုက်ပါတယ်နော်...
Chicken Soup for the Gardener's Soul မှ James A.Kisner ရဲ့ Valentine Roses ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်..
ချစ်သူတိုင်း ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေရှင်..
ချော (အစိမ်းရောင်လွင်ပြင်)
15 comments:
- ဘရာဗို said...
-
ဖြစ်ရပ်မှန်တော့ မဟုတ်လောက်ပါဘူးနော်
အဲလောက်ကြီး ချစ်တာမျိုး ကို လေးစားတယ်ဗျာ
သေသွားတာတောင်မှ အချစ်တွေချန်ပေးခဲ့တယ်
ဘယ်လောက်ကြည်နူးဖို့ကောင်းလဲဗျာ
ဖတ်ရတာ ကျေးဇူးဗျာ
(အရင်ဆုံးဖတ်ရတာ ကံကောင်းတယ်မှတ်တဲ့) - February 13, 2010 at 12:29 PM
- kokomaung said...
-
It is very nice to read this post. It gives me a lot of emotional feeling. I got to understand how important the love is.
Hopefully all the pairs follow this way!!!
Happy Valentine's Day,, Ama. - February 13, 2010 at 12:33 PM
- အင်ကြင်း said...
-
မမရေ...ဒီပိုစ့်လေးအတွက်ကျေးဇူးပါ...အဲဒီလိုချစ်တတ်တဲ့သူတွေအပြင်မှာ တကယ်ရှိပါ့မလား...အင်း...အားကျရုံကလွဲလို့....
- February 13, 2010 at 5:28 PM
- Kotunygn said...
-
Very Good Tal ........ Heartfelt ......
- February 13, 2010 at 5:50 PM
- မြသွေးနီ said...
-
ချောရေ...
ချစ်ခြင်းမေတ္တာဆိုတာ ဘယ်တော့မှ အိုမင်းခြင်း၊ သေဆုံးခြင်းမရှိတဲ့အရာပါနော်။
" ချစ်သူများနေ့ " မှာ ချောတစ်ယောက်ပျော်ရွှင်ချမ်းမြေ့ပါစေနော်။ - February 13, 2010 at 6:34 PM
- ကိုဇော် said...
-
သူများတွေများ ချစ်တတ်လိုက်ကြတာ။
စိတ်နာတယ်...စိတ်နာတယ်..လောကကြီးကို..။ - February 13, 2010 at 7:01 PM
- ညီညီထွန်း said...
-
မောင်လေးတောင် အဲလိုအကြံပေါ်မိတယ် -----
အသက်ငယ်ငယ်လေး ချစ်မနေလို့--
မသေခင်စီစဉ်သွားမှဖြစ်မယ်နော်--
သတိပေးတဲ့မမကိုကျေးဇူးတင်ပါတယ်ဗျာ-------- - February 14, 2010 at 3:22 AM
- ဖိုးထိန် said...
-
ချစ်တက်တေးဖူးဂျ တားတားကငယ်တေးလည် :P
- February 14, 2010 at 4:03 AM
- မြစ်ကျိုးအင်း said...
-
တယောက်က တယောက်ကို သာယာကြည်နူးအောင် စွမ်းဆောင်ပေးတာဟာ
နုညံ့လှပတဲ့ ဆွတ်ပျံ့ဖွယ်ရာ ရသလေးပါပဲ။ အမှတ်မထင်ရရှိတဲ့ လက်ဆောင်တိုင်းက တန်ဖိုးကြီးပါတယ်။ တယောက်ထဲ ကျန်ခဲ့သူအတွက် စိတ်မကောင်းဖြစ်မှုကိုပါ ခံစားလိုက် ရတယ်။ - February 14, 2010 at 4:12 AM
- ပြည့်စုံ said...
-
ချစ်သူများနေ့မှာ ချစ်တတ်သူတိုင်းပျော်ရွှင်ကြပါစေဗျာ.....
ဒီ ပို့စ်လေးဖတ်ပြီ.. အဲ့လို အချစ်ကြီးတဲ့သူတွေကို..အရမ်းလေးစားမိပါတယ် - February 14, 2010 at 4:25 AM
- ၀ါဝါခိုင်မင်း said...
-
ချစ်သူများနေ့ အမှတ်တရ ပို့စ်လေးလာဖတ်သွားပါတယ် ညီမလေးရေ။
ချစ်တတ်ကြတဲ့သူတွေကို အမြဲလေးစား အားကျလျှက်ပါပဲ။ - February 14, 2010 at 5:58 AM
- ခေါ်န် said...
-
အားကျလိုက်တာ နော် ...
ကိုယ့်မှာ တော့ အထီးကျန်နေခဲ့တယ် ..အဟီးဟီး ...၀မ်းနည်းလိုက်....
အမ ရဲ့ ဘ၀လဲ ဒီပိုစ့်လေး လို ပဲ ဖြစ်ပါစေကွယ်....
..........................ညီမလေး ခေါ်န်.................... - February 14, 2010 at 8:08 AM
- ahphyulay said...
-
I hope It"s just a dream,Not a real that may I expected.
- February 14, 2010 at 7:01 PM
- သဒ္ဓါလှိုင်း said...
-
အားကျစရာကောင်းတဲ့ ချစ်ခြင်းမေတ္တာပဲနော်...။ အပြင်မှာမတွေ့ဖူးသေးဘူးမချော...
ခင်တဲ့
သဒ္ဓါ - February 14, 2010 at 8:27 PM
- missyoya said...
-
သူ့အမျိုးသားကရေလည်အိုင်ဒီယာကောင်းတယ်နော် မမ...မနှင်းဆီဘယ်လောက်တောင်ပျော်သွားမလဲမသိဘူးနော်...သူတို့အချစ်ကချီကျုးစရာပါပဲ
- February 27, 2010 at 8:19 AM