ဖေဖော်ဝါရီ(၁၃)ရဲ့ မွေးနေ့ရှင်
Friday, February 12, 2010
အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
ဒီကဗျာလေးဟာ ဗိုလ်ချုပ်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ ကဗျာလေးပါ.. ကျွန်မတို့ ငယ်ငယ်က ကျောင်းမှာ သင်ယူခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်လဲ ဖြစ်ပါတယ်.. အခုခေတ် ကျောင်းသူ၊ ကျောင်းသားလေးများ ဒီကဗျာလေးကို ကျောင်းမှာ မသင်ရတော့ဘူးဆိုရင်တောင်မှ အီးမေလ်း အင်တာနက် စာမျက်နှာများပေါ်မှာ မြင်တွေ့ဖူးပြီး ဖြစ်ပါလိမ့်မယ်.. ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ကို ဂုဏ်ပြုသော အားဖြင့် ဒီစာမျက်နှာ ပေါ်မှာ လေးစားစွာ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်.. ပြီးတော့ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်းချုပ်လေးကိုလဲ ဖော်ပြချင်ပါတယ်ရှင်..
ကဗျာလေးထဲက အတိုင်းပါဘဲ ကျွန်မတို့မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ၊ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခု ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ဖခင် ရှေ့နေကြီး ဦးဖာနဲ့ မိခင်ဖြစ်သူ ဒေါ်စု တို့မှ မကွေးတိုင်း နတ်မောက်မြို့တွင် မွေးဖွားခဲ့ပါတယ်.. စနေသားဖြစ်တဲ့ ဗိုလ်ချုပ်ကို နေ့သင့် နံသင့် ဖြစ်တဲ့ မောင်ထိန်လင်းလို့ အမည်သညာ ခေါ်စရာ တွင်ခဲ့ပါတယ်.. ငယ်အမည် မောင်ထိန်လင်းရဲ့ အဖိုးဖြစ်သူ ဦးမင်းရောင်မှာလည်း နယ်ချဲ့များကို ဆန့်ကျင်ရာမှာ ထင်ရှား ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်.. ဗိုလ်ချုပ်ဟာ မောင်နှမ ၆ယောက်အနက် အထွေးဆုံးသားလဲ ဖြစ်ပါတယ်..
နတ်မောက်ဘုန်းတော်ကြီးကျောင်းမှာ အသက် ဂနှစ်အရွယ်မှစပြီး လောကီ လောကုတ္တရာ ပညာရပ်နှစ်ဖြာကို စတင် သင်ကြားခဲ့ပါတယ်.. အသက် ၁၃နှစ်အရွယ်တွင် ရေနံချောင်း အမျိုးသားကျောင်းသို့ ပြောင်းရွေ့ပြီး ပညာသင်ကြားပြန်ပါတယ်.. ငယ်အမည် မောင်ထိန်လင်းမှ အစ်ကိုဖြစ်သူ ကိုအောင်သန်းနှင့် နံမည်ဆင်တူ ကိုအောင်ဆန်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့ပါတယ်… ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို ပါဠိဘာသာနှင့် မြန်မာစာတို့တွင် ဂုဏ်ထူးဖြင့် A အဆင့်မှ အောင်မြင်ကာ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင် ယူခွင့် ရခဲ့ပါတယ်.. အင်္ဂလိပ် အုပ်ချုပ်နေသော ထိုခေတ်ခါ သမယတွင် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြား နေရင်း နိုင်ငံရေး စာမျက်နှာများတွင် တဖြည်းဖြည်း ပါဝင် လာပါတယ်.. ၁၉၃၅-၃၆ ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး သမဂ္ဂ မဂ္ဂဇင်းတွင် အယ်ဒီတာ ဖြစ်လာပါတယ်.. ၁၉၃၆ ကျောင်းသား သပိတ်တွင် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် လူသိများ ထင်ရှားလာပါတယ်..
၁၉၃၈ခုနှစ်တွင် ကျောင်းသားသမဂ္ဂ ဥက္ကဌ အဖြစ်တင်မြောက်ခြင်း ခံရပါတယ်.. ထိုနှစ်မှာပင် တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ ရပြီးနောက် ဥပဒေ ၀ိဇ္ဇာတန်းတွင် တက်ရောက်ပညာ သင်ယူခဲ့ပါတယ်.. မကြာမှီတွင် ကျောင်းမှ ထွက်ကာ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ကာ နိုင်ငံရေးကို ဇောက်ချ လုပ်ကိုင်ဖို့ ကြိုးစားပါတယ်.. တို့ဗမာ အစည်းအရုံးတွင် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခွင့်ရလာပါတယ်.. ၁၉၄၀ခုနှစ်တွင် ဂျပန်နိုင်ငံသို့ လျှို့ဝှက်စွာ သွားရောက်ပြီး မြန်မာလူငယ်များကို စစ်ပညာ သင်ကြားခွင့်ပြုဖို့ ဆွေးနွေး တိုင်ပင်ပါတယ်.. ထို့နောက် မြန်မာပြည်သို့ ပြန်လာပြီး လူငယ်များကို စုစည်းကာ ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားရန် လျှို့ဝှက်စွာ ထက်ခွာသွားပြန်ပါတယ်.. ၁၉၄၁ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိပြီး ဂျပန်တို့ရဲ့ အကူအညီနဲ့ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်.. ၁၉၄၂ခုနှစ် နှစ်ဦးပိုင်းတွင် ဘီအိုင်အေ တပ်မတော်ကို ဦးစီးကာ ဂျပန်စစ်ကြောင်း များနဲ့ အတူတူ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကာ အင်္ဂလိပ်နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်..
၁၉၄၄ခုနှစ်သြဂုတ်လတွင် ဂျပန်ကို ပြန်လည်တိုက်ခိုက်ရန် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်ကို လျှို့ဝှက်ဖွဲ့စည်းပြီး ၁၉၄၅ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျပန်တို့အား တိုက်ခိုက်သည့် ဖက်ဆစ်တော်လှန်ရေးကြီး စတင်ခဲ့ပါတယ်.. ဗိုလ်ချုပ်ဟာ ၁၉၄၆ခုနှစ် ဇန်န၀ါရီလတွင်ကျင်းပသော ပြည်လုံးကျွတ် အစည်းအဝေးတွင် ဖဆပလ အဖွဲ့ချုပ်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြန်တယ်.. ၁၉၄၈ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ဂဠုန် ဦးစောနှင့် နောက်ပါတစ်စုတို့ကြောင့် သမိုင်းဝင်နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားပြီး မြန်မာ့ခေါင်းဆောင်၊ လွတ်လပ်ရေး၏ မီးရှူးတန်ဆောင် ဖြစ်သော ဗိုလ်ချုပ်မှာ ကျဆုံးခဲ့ရပါတယ်....
ဒီနေ့ဟာ ကျွန်မတို့ မြန်မာနိုင်ငံကို တိုင်းတစ်ပါးသားလက်မှ လွတ်မြောက်အောင် လွတ်လပ်ရေး ဦးဆောင် ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ကြိမ်မြောက် မွေးနေ့ ဖြစ်ပါတယ်... ပြီးတော့ မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်းဖြစ်ပါတယ်.. ဗိုလ်ချုပ် အကြောင်းကို မေ့လျှော့နေသူများ၊ မသိသေးသူများရှိပါက သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးအား ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုရင်း ရေးဖြစ်ပါတယ်ရှင်.. အတတ်နိုင်ဆုံး အကျဉ်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဒီစာမျက်နှာပေါ်မှာ ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုဟာ ဘယ်လို မှတော့ ပြည့်စုံမှာ မဟုတ်ပါဘူး... ဒီအတွက်လည်း စာဖတ်သူများကို တောင်းပန်လိုက်ပါတယ်.. တိုင်းပြည် လွတ်လပ်ရေးတွက် အသက်ကို စွန့်လွှတ် စတေးသွားတဲ့ ဗိုလ်ချုပ်လို မမေ့အပ် ၊ မမေ့သင့်သူများကို ကဗျည်းကျောက်စာ တင်သလို အသည်းနှလုံးရဲ့ တစ်နေရာမှာ စွဲစွဲမြဲမြဲ သတိတရ အမှတ်ရကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေရှင်....
လောကလူ့ရွာကောင်းကျိုးအတွက် စွန့်လွှတ်စွန့်စားဝံ့သူများသည် လူသေသော်လည်း ဘယ်သောအခါမှ “နာမည်” သေမည့်သူများ မဟုတ်....
ချော (အစိမ်းရောင်လွင်ပြင်)
17 comments:
- ဏီလင်းညို said...
-
ချောရေ...
သိပြီးသားပေမယ့်လည်း...ထပ်ဖတ်သွားသေးတယ်ဗျာ....။
(ကျွန်တော်လည်...ဖခင်ကြီးမွေးတဲ့ လနဲ့ အတူတူပဲဗျ....။ ရာသီဖွားခြင်းရောပဲလေ....း))
ခင်မင်တဲ့
ဏီလင်းညို - February 12, 2010 at 6:31 PM
- မြသွေးနီ said...
-
ချောရေ...
ကဗျာလေးကို ဖတ်ပြီး
ငယ်ငယ်က ကလေးဘ၀ကို ပြန်လွမ်းသွားတယ်။
မမေ့ထိုက်သူကို မမေ့မလျှော့ ဂုဏ်ပြုကြတာဟာ
မင်္ဂလာ တရားတော်နဲ့ ညီညွတ်လှပါတယ်နော်။ - February 12, 2010 at 9:37 PM
- သဒ္ဓါလှိုင်း said...
-
မချောရေ...
ကျေးဇူးတင်ရင်းနဲ့ ဂုဏ်ပြုပါတယ်နော်...။ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိ ဖတ်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.။
ခင်တဲ့
သဒ္ဓါ - February 12, 2010 at 9:41 PM
- မြတ်နိုး said...
-
ကောင်းတယ်ဗျာ .. ဒီလိုနေ့မှာ ဒီလို ဆောင်းပါးမျိုး ရေးပြီး ဂုဏ်ပြုတဲ့ အတွက် .....
- February 12, 2010 at 10:29 PM
- ပြည့်စုံ said...
-
အမှတ်ရလျှက်ပါ မချောရေ..
- February 12, 2010 at 11:08 PM
- ဇာဏီ said...
-
ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ ကျနော်လည်း ကဗျာလေးတစ်ပုဒ်ရေးပြီး ဂုဏ်ပြူခဲ့တယ်
စကားမစပ်
ကျနော်က ၈၈ အရေးခင်းထဲံက အာဇာနည်နေ့မွေးထားတာ..ဟီး
နာမည်က ဇာနည်မျိုး တဲ့ - February 13, 2010 at 1:17 AM
- ကိုဇော် said...
-
ဂွတ်..။
ဘာပဲ ပြောပြော သမိုင်း တစ်ပုဒ်ပါပဲ။ - February 13, 2010 at 3:14 AM
- kokomaung said...
-
အမ
ဆောင်းပါးတိုလေးပေမဲ့ တကယ်ထိရောက်ပါတယ်။ အားကျစိတ်၊ ၀မ်းနည်းစိတ်ကိုလဲ ဖြစ်စေပါတယ်။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိခဲ့ရင်ဆိုတဲ့ အတွေးကိုလဲ တိုးပွါးစေပါတယ်။ - February 13, 2010 at 6:09 AM
- ဖိုးထိန် said...
-
ဖတ်သွားမှတ်သွားပါတယ်ဗျာ ။ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါသည် ။
- February 13, 2010 at 7:15 AM
- ဝေလင်း said...
-
လာဖတ်ပါတယ်ဗျာ..ဘယ်နှစ်ခါဖတ်ဖတ်မရိုးနိုင်တဲ့ သမိုင်းတစ်ခုပေါ့...
- February 13, 2010 at 7:24 AM
- ဇီဝက (ဆေး-၂) said...
-
thank you for the poem
- February 13, 2010 at 8:22 AM
- ကိုရင်လေး said...
-
မချောရေ.....လာဖတ်ဖြစ်တယ်....၀မ်းလည်းဝမ်းသာမိပါတယ်....
- February 13, 2010 at 8:45 AM
- Kotunygn said...
-
I Really Big Respect Him ....
- February 13, 2010 at 5:56 PM
- ညီညီထွန်း said...
-
အမ မောင်လေး လာဖတ်သွားသေးတယ်နော်--------
- February 14, 2010 at 3:28 AM
- ssye said...
-
Attention! There is a national hero on internet ! SA--LUTE !
- February 14, 2010 at 9:34 AM
- အင်ကြင်းသန့် said...
-
မမ...စိတ်ချနော်
ညီမလေးကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး - February 17, 2010 at 4:54 AM
- HTA said...
-
This day is not only our bogyoke's birthday but also myanmar-children's day.Because our need to have children like bogyoke.
Thanks chaw for this .
I wanna advice all of myanmars to try be one like him and to welcome youth like bogyoke. - February 17, 2010 at 7:55 AM