တို့ရဲ့ ဧရာဝတီ
Thursday, February 11, 2010
photo from http://public.fotki.com/
ကျွန်မရဲ့ဘ၀မှာ နံမည်လေးကြားယုံနဲ့ စိတ်ဝင်တစားဖြစ်ခဲ့ရတဲ့ အရာလေးတစ်ခု ရှိခဲ့ပါတယ်... အဲဒီနံမည်လေး က ဧရာဝတီ ဆိုတာဘဲ ဖြစ်ပါတယ်.. ငယ်စဉ်က ပထ၀ီဝင် ဘာသာရပ်ကို စတင် သင်ကြားခွင့်ရတဲ့ အချိန်မှ စပြီး ဒီအမည်လေးနဲ့ ရင်းနှီးခွင့်ရခဲ့တာပါ.. ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားပြီး ချစ်စရာကောင်းတဲ့ အမည်လေးလဲနော်…. နံမည်လေးကိုက အဓိပ္ပယ် အပြည့်နဲ့ လေးနက်လှတယ် မဟုတ်လားရှင်.. ဧရာ ဆိုတာ ကြီးမားလှသော ၀တီ ဆိုတာ ရေအပြင် ဆိုတော့ ကြီးမားကျယ်ဝန်းလှသော ရေပြင်ကျယ်ကြီး တစ်ခုမို့ နံမည်နဲ့ လိုက်ဖက်လှပါပေတယ်... ဒါကြောင့် ငယ်စဉ်ကတည်းက မမြင်ဖူးသေးတဲ့ ဧရာဝတီမြစ်ကြီးကို တွေ့ချင်စိတ်က အသည်းနှလုံးထဲမှာ သန္ဓေတည်ခဲ့ပါတယ်...
တကယ်တမ်း ဧရာဝတီမြစ်ကြီးနဲ့ တကယ် စတင် ထိတွေ့ခွင့်ရတဲ့အချိန်ဟာ ကျွန်မအတွက် တော့ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်.. ကျွန်မ ကိုးတန်းအရောက်မှာ မြစ်ကြီးနားမြို့ကို ကျောင်းတက်ဖို့ ရောက်လာပြီး ရောက်စရက်တွေမှာ ကျောင်းအပ်ဖို့ ကိစ္စ၊ နေထိုင်ဖို့ကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် ဧရာဝတီမြစ်ကြီးကို နှုတ်ဆက်ခွင့် မရသေး ပါဘူး.... ရက်အနည်းငယ်အကြာမှာ အားလုံး အစအစအရာရာ နေသားကျသွားတော့ စက်ဘီလေးစီးပြီး ဧရာဝတီမြစ်ကြီးကို နှုတ်ဆက် ဖို့ သူငယ်ချင်းများနဲ့ အဆောင်ကနေ ထွက်လာခဲ့ကြပါတယ်..
မြစ်ဆိပ်နဲ့ နီးလာတာနဲ့ အမျှ ပတ်ဝန်းကျင်မှာ လွှမ်းခြုံထားတဲ့ အအေးဓာတ်ကို သိသိ သာသာ ခံစားလာ ရပါတယ်.. ပြီးတော့ လတ်ဆတ်သန့်ရှင်းတဲ့လေ... အဲဒီလေရဲ့ အနံ့လေး ကိုလည်း ရင်ထဲက ဆွတ်ပျံ့စွာ ရှုရှိုက်မိလိုက်ပါတယ်.. ဟော.. ရှေ့မှာ တွေ့ပါပြီ. လှလိုက်တဲ့ ဧရာဝတီ..... ကြည်လင်သန့်စင်ပြီး မြသားရောင် လွှမ်းခြုံနေတဲ့ မြစ်ဧရာ.. သိမ့်သိမ့် ကလေးနဲ့ ငြိမ့်ငြိမ့်လေးစီးဆင်းလို့... အမှိုက်တစ်စသော်မျှ မတွေ့ရဘဲ. ရင့်ကျက် အိနြေ္ဒ အပြည့်နဲ့ တည်တည်ငြိမ်ငြိမ် စီးဆင်းနေပါရဲ့.. မြစ်ကမ်းနား ရေတိမ်ပိုင်းမှာတော့ မြစ်ကြမ်းပြင် အောက်ခြေက ကျောက်တုံးလေး တွေကိုတောင် မြင်နေရအောင် မှန်သားတစ်မျှ ကြည်လင် လှပါပေတယ်... ဧရာဝတီမြစ်ကြီးရဲ့ အလှကို ကြည့်ပြီး ကျွန်မမှာ ဆွေ့ဆွေ့ခုန် မိလောက်အောင် ၀မ်းသာ ပျော်ရွှင် ဖြစ်ရပါတယ်.. ငယ်စဉ်ကတည်းက နံမည်လေး ကြားယုံနဲ့တင် ချစ်ခင် ရင်းနှီးခဲ့ရတဲ့ ဧရာဝတီ.. ခုလို တကယ်တမ်း ဆုံတွေ့ခွင့် ရချိန်မှာတော့ သိကျွမ်းဟောင်း တစ်ယောက်ကို ပြန်လည် ဆုံဆည်းခွင့်ရသလို လှိုက်လှဲဝမ်းသာ ဖြစ်မိရပါတယ်... ကျယ်ဝန်းလှပကာ စိမ်းလဲ့လဲ့ ကြည်ပြီး သန့်စင်လွန်း လှပါပေတယ်..
ဧရာဝတီမြစ်ဟာ ရေခဲတောင်တွေရှိတဲ့နေရာကနေ ဖြစ်ဖျားခံ စီးဆင်းလာတာမို့ မြစ်ရေက အေးစိမ့် နေတယ်တဲ့ .. တစ်ခါမှ မြစ်ရေကို လက်နဲ့ မတို့ထိဖူးတဲ့ ကျွန်မဟာ သူငယ်ချင်း ဖြစ်သူရဲ့ အပြောကြောင့် မြစ်ရေကို လက်ကလေးနဲ့ ထိတွေ့ချင်စိတ်တွေ ဖြစ်လာမိတယ်.. ဒါကြောင့်လဲ ကမ်းစပ်နားရောက်အောင် ဆင်းလာခဲ့ပြီး မြစ်ရေကို လက်ခုပ်လေးနဲ့ အသာခပ်ယူလိုက်ပါတယ်.... ဟုတ်ပါရဲ့… စိမ့်စိမ့်ကိုအေးနေလိုက်တာ.. ကျွန်မငယ်ငယ်က ထိတွေ့ခဲ့ရဖူးတဲ့ ဇာတိဒေသက ဥရုချောင်းရေရဲ့ အထိအတွေ့နဲ့ မတူ တစ်မူထူးခြားလှတဲ့ ဧရာဝတီမြစ်ရေပါလား... ကျွန်မအတွက် ထူးဆန်း အံ့သြစရာတွေသာ ဖြစ်လို့နေပါတယ်...
ဧရာဝတီမြစ်ရဲ့ ဟိုတစ်ဘက်ကမ်း ဆီမှာတော့ စေတီပုထိုး တစ်ချို့နဲ့ မြို့ငယ်၊ ရွာငယ်လေးများရဲ့ အိမ်ခြေလေးတွေကို မှုန်ပြပြ လှမ်းမြင်နေရပါတယ်.. ဒီ့နောက်မှာတော့ မှိုင်းပြာရီနေတဲ့ တောင်စဉ် တောင်တန်းများ... အထပ်အထပ်နဲ့...ခန့်ညားထည်ဝါလို့... ဘယ်ဆီမှာ ဆုံးမယ်မှန်းမသိအောင် မျက်စိတစ်ဆုံး တည်ရှိနေ လိုက်တာ.... မြစ်အလယ် အချို့နေရာတွေမှာ သဲသောင်ပြန့်ပြန့်လေးတွေ ထွန်းနေတာကို တွေ့မြင်ရပါတယ်.. နေရဲ့ ၀ါရွှေရွှေဖျော့ဖျော့ အလင်းရောင်နဲ့ သဲမှုန်လေးတွေ အတွေ့မှာ စိန်ပွင့်လေးတွေလို တစ်လက်လက်နဲ့ ဖြိုးဖြိုးဖျက်ဖျက် တောက်ပလို့ မျက်စိပင် ကျိန်းလောက်ပါတယ်.. ဖြူဖြူဖွေး သောင်ပြင်ပေါ်မှာလဲ ရေထဲမှာတစ်ခါ သဲပြင်ပေါ်တစ်လှည့် စီးမျှော ဆော့ကစားနေတတ်တဲ့ ဟင်္သာအုပ်တွေက လွတ်လပ်ခြင်း အပြည့်နဲ့.. သူတို့ရဲ့ ဘ၀ကိုတောင် အားကျမိသလိုလို.... ကြည်နူးချမ်းမြေ့စရာ ကောင်းလွန်းလှပါတယ်..
မြစ်ကြီးနားမြို့နဲ့ ၂၈မိုင်အကွာမှာ ဧရာဝတီမြစ်ကြီးကို စတင်ဖြစ်ပေါ်စေတဲ့ မေခ နဲ့ မေလိခ ဆိုတဲ့ မြစ်နှစ်မွှာ ပေါင်းဆုံရာ နေရာလေးရှိပါတယ်.. ဒီမြစ်နှစ်မွှာဟာ တောတောင် အထပ်ထပ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျော်ဖြတ်လာတာ ဖြစ်တဲ့အတွက် ရေစီးသန်လှပါတယ်.. ကမ်းခြေ တစ်ခုလုံး ကျောက်တုံးကျောက်လုံးများရဲ့ သဘာဝအလှနဲ့ တန်ဆာဆင်ထားတဲ့ မြင်ကွင်းဟာ အလွန်ဘဲ နှစ်သက်စဖွယ် ကြည်နူးစဖွယ် ကောင်းလှ ပါတယ်.. ဓာတ်ပုံရိုက်ဖို့ အလွန်လှပတဲ့ ရှုခင်းလေး တစ်ခုလဲဖြစ်ပါတယ်.. သမိုင်းဝင် ဧရာဝတီမြစ်ကြီး ဖြစ်လာဖို့ ဒီနေရာလေးကနေ မွေးဖွားပေးလိုက်တာ ဖြစ်တဲ့အတွက် ဧရာဝတီရဲ့ အရေးပါဆုံး နေရာတစ်ခု ဆိုရင်လဲ မမှားပါဘူးရှင်.. မြစ်ကမ်းပေါ်မှာတော့ တိုင်းရင်းသား ရိုးရာ အစားအစာများ ရောင်းချရာ ဆိုင်လေးတွေမှာ ကချင်ပြည်နယ်ရဲ့ ရိုးသားလှတဲ့ အစားအသောက်များကို ရရှိနိုင်ပါတယ်.. မြစ်ဆုံရဲ့ ငါးကင်ဟာ မြစ်ထဲကရလာတဲ့ လတ်လတ်ဆတ်ဆတ် ငါးများကို ကင်ပြီးရောင်းတာဖြစ်တဲ့အတွက် ဘယ်နေရာက ငါးကင်အရသာနဲ့မှ မတူအောင် ကောင်းမွန်လှပါတယ်.. ကြိုက်တတ်သူများအတွက် ခေါင်ရည်ချိုချို မွှေးမွှေးလေးကိုလဲ သုံးဆောင် နိုင်ပါသေးတယ်..
ဧရာဝတီဟာ မြန်မာပြည်သားတို့အတွက် စားဝတ်နေရေးကို ပံ့ပိုးပေးနေတဲ့ သဘာဝမိခင်ကြီးလည်း ဖြစ်ပါတယ်.. ဒီဧရာဝတီကို အမှီပြုလို့ လူသားများစွာအတွက် အလုပ်အကိုင်များစွာကို ဖန်တီးပေးပြီး စာဝတ်နေရေးကို ပြေလည်စေခဲ့ပါတယ်.. မြန်မာပြည် မြာက်ဖျားပိုင်းမှ စလို့ နိုင်ငံတစ်နံ တစ်လျားကို ဖြတ်သန်း စီးဆင်းနေတဲ့အတွက် လူသားတွေရဲ့ ကုန်စည်စီးဆင်းမှုကိုလည်း ချောမွေ့အောင် ဆောင်ရွက်ပေးနေတဲ့ ပို့ဆောင်ရေး လမ်းကြောင်း အသက်သွေးကြော တစ်ခုအဖြစ်လဲ အသုံးဝင်ပြန်ပါတယ်.. မြေအောက်မှာ ရှိတဲ့ ရွှေအပါအ၀င် အဖိုးတန် သယံဇာတ များစွာကို လူသားတွေအတွက် အကျိုးရှိစွာ ထုတ်ဖော် ပေးပြန်ပါတယ်.. မြစ်ဧရာဟာ စိုက်ပျိုးမြေ ဧကပေါင်း များစွာကိုလဲ ရေပေးဝေပြီး လောကကောင်းကျိုးကို သယ်ပိုးနေတဲ့ သားကောင်းမိခင် တစ်ဦးနဲ့လဲ အလားသဏ္ဍာန် တူပါတယ်..
ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ ခေတ်အဆက်ဆက် ရာဇ၀င်များစွာကို သယ်ပိုးရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာမှသည် ယနေ့ချိန်ထိတိုင် စီးဆင်းနေတဲ့ သမိုင်းရေစီး တစ်ခုလဲဖြစ်ပါတယ်.. သူဟာ သမိုင်းကြောင်း များစွာကို သိုမှီး သိမ်းဆည်းထားတဲ့ မော်ကွန်းစာမျက်နှာ များလဲ ဖြစ်ပါတယ်.. တကယ်လို့များ ဧရာဝတီမြစ်ကြီးရဲ့ ကြမ်းပြင်ကိုသာ စေ့စေ့စပ်စပ် ရှာဖွေကြည့်မယ်ဆိုရင် ကျွန်မတို့ မြန်မာတွေရဲ့ ရာဇ၀င်များစွာကို အထောက်အထား အစုံအလင်နဲ့ ပြောပြနိုင်မဲ့ သက်သေတွေ အများကြီး ရှိပါတယ်.. မြန်မာတို့ရဲ့ သမိုင်းကြောင်းမှာ ဧရာဝတီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်ဘဲ အရေးပါခဲ့ပါတယ်.. ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလို့များ ကြည့်မယ်ဆိုရင်လဲ ဧရာဝတီနဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်း များစွာကို မြစ်ရိုးတစ်လျှောက်မှာ အခိုင်အမာ တွေ့နိုင်ပါတယ်..
မြန်မာ့မြေပေါ်မှာ စတင်မွေးဖွားပြီး မြန်မာပြည်ထဲမှာ အဆုံးသတ်သွားတဲ့ မြန်မာအဆန်ဆုံး မြန်မာပြည်သားစင်စစ် ဧရာဝတီလဲ ဖြစ်ပါတယ်.. အိနြေ္ဒကြီးတဲ့ ရာဇ၀င်များစွာတို့ရဲ့ အခမ်းနားဆုံး သတို့သမီး၊ မြန်မာပြည်သားတို့ရဲ့ နှလုံးသည်းပွတ် ဧရာဝတီမြစ်ကြီးကို ကမ္ဘာတည်သရွေ့ တည်တံ့နေစေချင်သလို လူသားတို့ရဲ့ လောဘပယောဂကြောင့်လည်း မြစ်ကြီးရဲ့ ရေစီးသံ ဆိတ်သုန်း ပျောက်ကွယ် သွားမှာကို စိုးရိမ်မိပါတယ်.. ဒါကြောင့် ကျွန်မချစ်တဲ့ ဧရာဝတီမြစ်ကြီး မြန်မာ့မြေ မြန်မာ့ရင်ခွင်မှာ တေးသံထာဝစဉ် ဆိုညည်း နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်ရှင်....
--------------------------------------------------------------------------------------------------------------------
တို့ရဲ့ဧရာဝတီ နံမည်နဲ့ အက်ဆေးတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုထားတဲ့ ကျွန်မနဲ့ တစ်ပြည်နယ်တည်းသား စာရေးဖော် ကိုအင်းသားလေး ကျေနပ်မယ် ထင်ပါတယ်.. အချိန်ကြာ သွားတဲ့ အတွက် နားလည် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်.. ဒီအက်ဆေးကို (၁၂.၂.၂၀၁၀) ပြည်ထောင်စုနေ့ အမှတ်တရ အဖြစ် ဖော်ပြပေး လိုက်ပါတယ်နော်...
ချော (အစိမ်းရောင်လွင်ပြင်)
12 comments:
- kokomaung said...
-
ဧရာဝတီမြစ်ကြီး ထာဝရတည့်တံ့နိုင်ပါစေ။
ဘယ်သူ့ပယောဂကြောင့်မို့ မပျက်စီး မတိမ်ကောပါစေနဲ့။ - February 11, 2010 at 5:20 PM
- သဒ္ဓါလှိုင်း said...
-
မချောရေ...
ထူးအိမ်သင်ရဲ့ သီချင်း `ရာဇ၀င်များရဲ့သတို့သမီး´ ကို ကြားယောင်နေမိတယ်။ မြန်မာပြည်ရဲ့ ပင်မအသက်သွေးကြောလည်း ဖြစ်ပါတယ်. လူသားဆန်မှုမရှိတဲ့ လူတချို့ရဲ့ လောဘစိတ်တွေကြောင့် ဧရာဝတီမြစ်ကြီး မတိမ်ကောပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲနော်...
ခင်တဲ့
သဒ္ဓါ - February 11, 2010 at 7:44 PM
- မကေ said...
-
ဧရာဝတီ ဆိုတဲ့ နာမည်ကို သိပ်ကြိုက်တာ ကိုယ်က ဧရာဝတီသူ ဆိုတော့လေ အခုလို အက်ဆေး တစ်ပုဒ်ဖတ်ရတာ ကျေးဇူး
- February 11, 2010 at 9:49 PM
- မြသွေးနီ said...
-
ချောရေ...
ဗမာလူမျိုးနဲ့ ဧရာဝတီက ခွဲခြားမရစကောင်းပါဘူး။
ဒီလို အက်ဆေးလေးတွေများများရေးပါဦးနော်။
တင်ပြထားတာလေးက နှစ်သက်စရာလေးပါ။ - February 12, 2010 at 12:38 AM
- မင်းခန့် said...
-
အစ်မလိုဘဲ ဧရာဝတီရဲ့ ရေစီးသံကို အမြဲတမ်းနားဆင်ခွင့်ရချင်သူပါဗျာ..
- February 12, 2010 at 6:20 AM
- ကိုဇော် said...
-
ဧရာဝတီ...ရာဇဝင်များရဲ့ သတို့သမီး....တဲ့။
ထူးအိမ်သင် ဆိုထားတာလေပါ။
အခု စာလေးနဲ့ တွဲမြင်မိပါတယ်။
. - February 12, 2010 at 7:43 AM
- indawshan said...
-
ခုလို ဧရာတီ အကြောင်းလေးကို သေချာစွာ ရေထားတော့ အရမ်းကို ဖတ်လို့ကောင်းတယ် ဧရာဝတီမြစ်ကြီးကို လည်း မျက်စိထဲမြင်ယောင်မိတယ် မချောရေ ..
ဒို့ရဲ့ ဧရာဝတီမြစ်ကြီး ဟာ ရာဇဝင်ထဲက သတို့သမီလေးလို အမြဲ လှပနေနိုင်ပါစေလို့ အမြဲ ဆုတောင်းပါတယ် ခင်ဗျာ - February 12, 2010 at 9:03 PM
- Kotunygn said...
-
I Love Irrawaddy river. It helped our country for very long time. And, it is helping us still now. It will help our generations in future forever.
- February 13, 2010 at 7:03 PM
- Mg Ogga said...
-
ဧရာဝတီမရှိရင် ဗမာမရှိ မြန်မာမရှိ မြန်မာပြည်ဆိုတာလဲ မရှိ ပင်လယ်ဖီဖာဖျံတွေက မိုးမခပင်ကြီးကို ချစ်တယ်လို့ ပြောပြီ မိုးမခအခေါက်တွေ ခွာစားကြတော့ မိုးမခပင်ကြီးလည်း သေရောတဲ့ အခု အဲဒီလိုဖြစ်နေပြီ ဖြစ်နိုင်တဲ့ နေရာကနေတားရမှာပဲ ဒီ အက်ဆေးလေးအတွက် ကျေးဇူးပါ အစ်မရေ
- February 16, 2010 at 9:54 PM
- အင်ကြင်းသန့် said...
-
မမရေ...မမကြောင့် ညီမလေးတော့ မြစ်ကြီးနားကို အရမ်းသတိရသွားပြန်ပြီ...ပြန်လျော်ပေး...ညီမလေးတို့တွေ တစ်ခေါက်လောက် အတူတူပြန်သွားကြမယ်လေ ကောင်းဘူးလား :)
- February 17, 2010 at 4:50 AM
- shinehtetmin said...
-
ဗမာလူမျိုးနဲ့ ဧရာဝတီက ခွဲခြားမရစကောင်းပါဘူး။
ဒီလို အက်ဆေးလေးတွေများများရေးပါဦးနော်။
တင်ပြထားတာလေးက နှစ်သက်စရာလေးပါ။
ကွ်ျတော် ဒီလို အက်ဆေးလေးတွေများရှိရင် မေးပိုပေးပါလား ကျေးဇူးတင်လျှက်။ - April 17, 2010 at 2:34 PM
- သိ င်္ဂါ ရ said...
-
ဧရာဝတီ ဧရာဝတီ ...
မြစ်ဆုံတော့ ရောက်ဖူးချင်သေးတယ် ဗျာ ... :) - May 21, 2010 at 1:05 PM