ဧကရာဇ်ကြီးရဲ့ သစ်စေ့လေးများ
Wednesday, February 10, 2010picture from http://etc.usf.edu/clipart/4700/4782/king_16_md.gif
တစ်ခါက အင်မတန်ကြီးကျယ်ခမ်းနားတဲ့ ဘုရင့်အင်ပါယာ နိုင်ငံကြီးတစ်ခု ရှိပါတယ်.. အဲဒီနိုင်ငံကို အုပ်ချုပ်တဲ့ ဧကရာဇ်ကြီးဟာ အသက်အရွယ် အိုမင်းလာပြီ ဖြစ်တဲ့အတွက် သူ့အင်ပါယာကို ဆက်လက် အုပ်ချုပ်မဲ့ ဧကရာဇ်လောင်းတစ်ဦးကို ရွေးချယ်ဖို့ စိတ်ကူး ရပါတယ်.. ဒါပေမဲ့ ဘုရင်ကြီးက သူ့ဆွေမျိုးအသိုင်းအ၀ိုင်း၊ သားသမီးတွေကို ရွေးချယ်တာမျိုး မဟုတ်ဘဲ.. နည်းလမ်းတစ်မျိုးနဲ့ ရွေးချယ်ဖို့ စဉ်းစားမိပါတယ် .. ဒါနဲ့ သူဟာ တိုင်းပြည်မှာရှိတဲ့ လူငယ်တွေအားလုံးကို ရှေ့တော်မှောက် ခစားဖို့ ဆင့်ခေါ် ခိုင်းလိုက်ပါတယ်.. လူငယ်တွေအားလုံး ရောက်လာတဲ့ အချိန်မှာ ဧကရာဇ်ကြီးက “အခုအချိန်မှာ ငါကိုယ်တော် ဧကရာဇ်မင်းမြတ်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဧကရာဇ် မင်းလောင်း ရွေးချယ်မှာ ဖြစ်တယ်.. ရွေးချယ်ခံရမဲ့ သူကတော့ အသင်တို့အထဲက တစ်ယောက်ယောက်ဘဲ ဖြစ်တယ် ” လို့ ကြေငြာလိုက်ပါတယ်..
လူငယ်လေးတွေ အားလုံးဟာ အံ့သြ တုန်လှုပ်သွားကြပါတယ်.. ဧကရာဇ်ကြီးကတော့ ဆက်လက် မိန့်ကြားနေပါတယ်.. “ငါကိုယ်တော်မြတ်က အသင်တို့တစ်ဦးစီကို သစ်စေ့တစ်စေ့စီ ပေးလိုက်မှာ ဖြစ်တယ်.. ဒီသစ်စေ့ကို အသင်လူငယ်တို့က စိုက်ပျိုးကြရမယ်.. ရေလောင်း၊ မြေသြဇာကျွေးပြီး အပင်ပေါက်လာအောင် ပြုစု ပျိုးထောင် ရမယ်.. ဒီနေ့ကစလို့ တစ်နှစ်တိတိ ပြည့်တဲ့အခါ သင်တို့ စိုက်ပျိုးထားတဲ့ သစ်ပင်လေး တွေကို ယူဆောင်လာခဲ့ရမယ်.. ကျွန်ပ်က သင်တို့စိုက်ပျိုးလို့ ဖြစ်ထွန်းလာတဲ့ အပင်တွေကို ကြည့်ပြီး အဲဒီထဲကမှ ကျွန်ပ်ရဲ့ အရိုက်အရာကို ဆက်ခံရမဲ့ ဧကရာဇ်လောင်း အဖြစ် သင့်တော်တဲ့ တစ်ယောက်ကို ရွေးချယ်မှာ ဖြစ်တယ် ”
လူငယ်တွေထဲမှာ လင်း လို့ အမည်ရတဲ့ လူငယ်လေးတစ်ယောက်လဲ ပါဝင်ပါတယ်.. သူဟာလဲ အခြားလူငယ်လေးတွေအတိုင်း ဧကရာဇ်ကြီးဆီကနေ သစ်စေ့တစ်စေ့ လက်ခံရရှိပါတယ်.. သူဟာ အိမ်ကိုပြန်လာပြီးတော့ သူ့မိခင်ကို အဖြစ်အပျက်အားလုံးကို စိတ်လှုပ်ရှားစွာ ပြောပြပါတယ်.. ဒါနဲ့ လင်း ရဲ့ အမေက အိုးတစ်လုံးကို မြေဆွေးထည့်ပြီး သူ့သားလေး သစ်စေ့စိုက်ပျိုးဖို့ အကူအညီပေးပါတယ်.. လင်း ဟာ သစ်စေ့လေးကို အိုးကလေးထဲ ထည့်ပြီး စတင် စိုက်ပျိုးပါတယ်… သူဟာ အိုးလေးကို နေ့စဉ်နေ့တိုင်း ရေလောင်းရင်းနဲ့ သစ်စေ့လေး အပင်ပေါက်လာမဲ့ အချိန်ကို ဂရုတစိုက်နဲ့ စောင့်ကြည့် ပါတယ်.. သုံးပတ်အကြာမှာ လင်းနဲ့အတူတူ သစ်စေ့ကို လက်ခံရရှိတဲ့ တစ်ခြားလူငယ် လေးတွေဟာ သူတို့ စိုက်တဲ့ သစ်စေ့ကနေ ပေါက်လာတဲ့ အပင်ပေါက်လေးအကြောင်း စတင် ပြောစပြုနေကြပါပြီ.. လင်းက သူ့သစ်စေ့လေးကို သေသေချာချာ ပြန်ပြီး စစ်ဆေး ပါတယ်.. သူ့သစ်စေ့လေးကနေ ဘာအပင်မှ မပေါက်လာသေးပါဘူး…
သုံးပတ်.. လေးပတ်.. ငါးပတ် အချိန်တွေ ကုန်လွန်သွားပါပြီ.. ခုချိန်ထိ အပင်ပေါက်ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေး.. ခုချိန်မှာတော့ အခြား လူငယ်လေးတွေဟာ သူတို့စိုက်တဲ့ အပင်လေးရဲ့ အကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောနေကြပါပြီ.. လင်းရဲ့ အပင်လေး ကတော့ မြေကြီးထဲက ထွက်ပုံမရသေး.. လင်း ကိုယ်တိုင်လည်း စိတ်ထဲမှာ ရှုံးနိမ့်သူတစ်ယောက်အဖြစ် စတင်ခံစားလို့ နေပါတယ်… နောက်ထပ် ခြောက်လ အကြာမှာလည်း ဘယ်လိုပင် ရေလောင်း၊ မြေသြဇာကျွေးသော်လည်း ဘာအပင်မှ ထွက်ပေါ်မလာသေးပါ.. ဒီတော့ လင်းက သဘောပေါက် နားလည်လိုက်ပါပြီ.. သူဟာ သစ်စေ့လေးကို သေအောင် ပြုလုပ်လိုက်မိပါပြီ.. အပင် ပေါက်နိုင်တော့မှာ မဟုတ်တော့တာ သေချာသလောက် ရှိသွားပါပြီ.. လူတိုင်း လူတိုင်းမှာ အပင်ငယ်လေးကိုယ်စီနဲ့ သူတို့ရဲ့ အပင်လေးတွေဟာလည်း စိမ်းမြ ရှည်လျားလို့ နေပါပြီ.. လင်း ရဲ့ သစ်စေ့လေးကတော့ မြေကြီးထဲမှာ အိပ်ပျော်ကောင်းတုန်းပါ.. လင်းက သူ့အပင်လေး အကြောင်း ဘယ်သူ့ကိုမှ မပြောပြသလို သူ့သစ်စေ့လေးကို အပင် ပေါက်လာနိုးနဲ့ စောင့်ကြည့်နေဆဲ၊ ရေလောင်း နေဆဲ၊ မြေသြဇာကျွေးဆဲပါ…
နောက်ဆုံးမှာ ဧကရာဇ်ကြီး သတ်မှတ်ထားတဲ့ တစ်နှစ်တိတိ ပြည့်မြောက်သွားပါပြီ.. လူငယ်တိုင်းဟာ အိုးနဲ့ စိုက်ပျိုးထားတဲ့ သစ်ပင်ငယ်ကိုယ်စီကို စစ်ဆေးခံဖို့ ဧကရာဇ်ကြီးရဲ့ ရှေ့တော်မှောက်ကို ယူဆောင်လို့ အခစား ရောက်ရှိလာကြပါတယ်.. လင်းက သူရဲ့ ဘာပင်မှ ပေါက်မလာတဲ့ အိုးအလွတ်ကို နန်းတော်ကို မယူဆောင် သွားချင်ကြောင်း သူ့မိခင်ကို ပြောပါတယ်.. သို့သော် လင်းရဲ့ မိခင်က ရိုးသားစွာနဲ့ အမှန်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ တိုက်တွန်းပါတယ်.. မိခင်ရဲ့ စကားက သူ့ရဲ့ နှလုံးသားကို ထိခိုက်စေပါတယ်.. သူ့မိခင်ရဲ့ တိုက်တွန်း အားပေး စကားဟာ မှန်ကန်ပါတယ်.. အရိုးသားဆုံး ရင်ဆိုင်လိုက်တာ အကောင်းဆုံးပါ.. ဒါကြောင့် အပင်မပေါက်တဲ့ သူ့သစ်စေ့အိုးကို နန်းတော်ကို ယူဆောင် သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.. နန်းတော်ရောက်တော့ အံ့သြစရာ ကောင်းလောက်အောင် လူငယ်တိုင်းရဲ့ အိုးတိုင်းမှာ အပင်တွေနဲ့ အချို့ဆို အပွင့်လေးတွေပါ လှလှပပနဲ့ အရွယ်စုံ၊ အမျိုးစုံစွာ ကြီးထွား ရှင်သန်နေတာကို တွေ့ရပါတယ်.. အပင်မပေါက်တဲ့ အိုးဆိုလို့ သူ့ရဲ့ တစ်လုံးတည်းသော အိုးသာ... လင်းဟာ သူ့အိုးကို နန်းရင်ပြင်ပေါ်မှာ တစ်ခြား လူငယ်တွေရဲ့ အိုးအနီးနား သွားချလိုက်တဲ့အခါ လူငယ်တွေအားလုံး သူ့အိုးအလွတ်ကို ကြည့်ပြီး ၀ိုင်းဝန်း ရယ်မောကြပါတယ်… လူငယ် အနည်းငယ်မျှလောက်သာ သူ့အတွက် စိတ်မကောင်း ဖြစ်ကြပါတယ်..
ဧကရာဇ်ကြီး ရောက်လာတဲ့အခါမှာ သူ့နန်းတော်ထဲကို ရောက်နေတဲ့ လူငယ်တွေအားလုံးကို နှုတ်ဆက်စကား ဆိုပါတယ်.. လင်းကတော့ လူငယ်ထုရဲ့ အနောက်ဆုံးမှာ ပုန်းကွယ်နေဖို့သာ ကြိုးစားနေခဲ့ပါတယ်.. ဧကရာဇ်ကြီးက “ဘယ်လိုကြီးကျယ်တဲ့ အပင်တွေကိုများ သင်တို့ စိုက်ပျိုး ဖြစ်ထွန်းလာကြပါသလဲ.. ဒီနေ့တော့ သင်တို့ထဲက တစ်ယောက်သော သူဟာ ဧကရာဇ်အဖြစ် ခန့်အပ်ခံရပါလိမ့်မယ်..” လို့ စကားပြော နေရင်းက ရုတ်တရက် လင်းရဲ့ အိုးအလွတ်ကို တွေ့လိုက်တဲ့ ဧကရာဇ်ဟာ အိုးနဲ့အတူ အိုးပိုင်ရှင်ကို ရှေ့တော်မှောက် ခေါ်ဆောင်လာဖို့ သူရဲ့ အမှုထမ်းတွေကို အမိန့်ပေးလိုက် ပါတယ်.. လင်းဟာ အလွန်ဘဲ ထိတ်လန့် တုန်လှုပ် သွားပါတယ်.. ငါဟာ မအောင်မြင်တဲ့သူ၊ ရှုံးနိမ့်တဲ့သူဆိုတာ ဧကရာဇ်ကြီး သိသွားပြီ.. ငါတော့ အသတ်ခံရတော့မှာ သေချာပြီ လို့ တွေးရင်း ကြောက်ရွံ့ နေပါတော့တယ်…
ရှေ့တော်မှောက်ကို ရောက်လာတဲ့ လင်းကို ဧကရာဇ်ကြီးက နံမည်မေးပါတယ်.. “ကျွန်တော်မျိုးရဲ့ နံမည်က လင်း လို့ ခေါ်ပါတယ်.. အရှင်ဧကရာဇ် ” လို့ လင်းက ပြန်ဖြေပါတယ်.. လင်းရဲ့ အဖြေအပြီးမှာ လူငယ်လေးတွေ အားလုံးဟာ ကျယ်လောင်စွာ ၀ိုင်းဝန်း ရယ်မောကြပါတယ်.. ဧကရာဇ်ဘုရင်ကြီးက အားလုံးကို တိတ်ဆိတ်စွာ နေကြဖို့ အမိန့်ပေးလိုက်ပြီး “ငါ ကိုယ်တော်မြတ်ရဲ့နေရာကို ဆက်ခံမဲ့ ဧကရာဇ်အသစ်ကို အခုဘဲ ကြေငြာပါမယ်.. သူ့နံမည်ကတော့ လင်း ဖြစ်ပါတယ်….” လို့ အောင်မြင်ခန့်ညားပြီး သြဇာပြည့်ဝသော အသံဖြင့် အားလုံးကြားအောင် ကြေငြာလိုက်ပါတယ်.. လင်းဟာ မယုံနိုင်အောင် ဖြစ်သွားပါတယ်.. သူဟာ သစ်စေ့လေးကိုတောင် ဖြစ်မြောက်အောင် မစိုက်ပျိုးနိုင်ဘဲ ဘယ်လိုလုပ်ပြီး ဧကရာဇ်ကြီးရဲ့နေရာကို ဆက်ခံဖို့ ဖြစ်နိုင်မှာတဲ့လဲ..
ဧကရာဇ်ကြီးက ဆက်ပြီးပြောပါတယ် “လွန်ခဲ့တဲ့ တစ်နှစ်က ငါကိုယ်တော်မြတ် အသင် လူငယ်တို့ အားလုံးကို စိုက်ပျိုးဖို့ သစ်စေ့တစ်စေ့စီ ပေးခဲ့ပါတယ်. စိုက်ပျိုးလို့ ပေါက်လာတဲ့ အပင်တွေကို တစ်နှစ်ပြည့်ရင် ဒီနေရာကို ပြန်လည် ယူဆောင်လာဖို့ အမိန့်ပေးခဲ့ပါတယ်.. သို့သော်လည်း ကျွန်ပ် အသင်တို့ကိုပေးခဲ့တဲ့ သစ်စေ့ အားလုံးဟာ ဆူပွက်နေတဲ့ရေနဲ့ ခေတ္တ ပြုတ်ထားတဲ့ သစ်စေ့တွေသာ ဖြစ်တယ်.. ငါကိုယ်တော်မြတ် ပေးတဲ့ သစ်စေ့မှန်ရင် ဘယ် သစ်စေ့ ကမှ အပင် ပေါက်လာနိုင်စရာ အကြောင်းမရှိပါဘူး… အသင်တို့ လူငယ်အားလုံးမှာ လင်း တစ်ယောက်ကလွဲပြီးတော့ အပင်အမျိုးစုံ အသီးသီး ယူဆောင် လာကြတယ်… အဲဒါဟာ သင်တို့ စိုက်ပျိုးဖို့ ကျွန်ပ်ပေးလိုက်တဲ့ သစ်စေ့တွေ အပင် မပေါက်တာနဲ့ အခြား သစ်စေ့တွေနဲ့ အစားထိုးလိုက်ကြတယ် ဆိုတာ သက်သေ ပြလိုက်တာ ပါဘဲ.. လင်း ကတော့ အမှန်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ ကျွန်ပ်ပေးလိုက်တဲ့ သစ်စေ့အတိုင်း ရိုးသားစွာနဲ့ ယူဆောင်လာတဲ့ တစ်ဦးတည်းသောသူ ဖြစ်တယ်… ဒါကြောင့်မို့ သူဟာ ဧကရာဇ် ဖြစ်ထိုက်တဲ့ တစ်ဦးတည်း သော ရိုးသားစင်ကြယ်သူ၊ ဖြောင့်မတ် မှန်ကန်သူသာ ဖြစ်တယ်… ” ဆိုပြီး လင်းကို ဧကရာဇ်အဖြစ် ခန့်အပ် လိုက်ပါတယ်.
မိမိ သားသမီး ဆွေမျိုးသားချင်းတွေကို ရာထူး အလွယ်တကူမပေးဘဲ ရိုးသား ဖြူစင် ဖြောင့်မတ်သူကိုမှ တိုင်းပြည် လွှဲအပ်နိုင်ဖို့ ထိုက်တန်စွာ ရွေးချယ် ခန့်အပ်ချင်တဲ့ ဧကရာဇ်မင်းကြီးရဲ့ လေးစားဖွယ် စိတ်ထားကြောင့် ရိုးသားတဲ့ လင်းဟာ ဧကရာဇ် သရဖူကို ဆောင်းနိုင်သူ တစ်ယောက် ဖြစ်သွားခဲ့ပါပြီ....
--------------------------------------------------------------------------------------------------------------------
ရိုးသားဖြူစင်မှုကြောင့် ပြန်ရလိုက်တဲ့ လက်ဆောင်လေးဟာ တန်ဖိုး ကြီးမားလှပါတယ်နော်.. ဒီလို ရိုးသားမှု ဆိုတာလည်း လူတိုင်းမှာ တွေ့ရဖို့တော့ မလွယ်လှပါဘူး... ဧကရာဇ်အဖြစ် ရရှိသွားတဲ့ လင်းဆိုတဲ့ကောင်လေးဟာ မိခင်ဖြစ်သူရဲ့ လမ်းညွှန် တိုက်တွန်းမှုကြောင့်လည်း ဒီဆုလာဘ်ကို ရရှိပါတယ်လို့ ပြောရင် ငြင်းနိုင်ပါ့မလားရှင်.. တကယ်တော့ ကျွန်မတို့ရဲ့ ဘ၀မှာ တစ်ခါတစ်လေ အမှန်တရားကို ရင်ဆိုင်ဖို့ တွန့်ဆုတ်မိတဲ့အခါ အခုလိုဘဲ လင်းရဲ့မိခင်လို လမ်းမှန်ကိုညွှန်ပြမဲ့၊ အားပေး တိုက်တွန်းမဲ့သူမျိုးဟာ လိုအပ်လှပါတယ်နော်.. စာဖတ်သူများ အားလုံး ရိုးသားဖြူစင်စွာနဲ့ အမှန်တရားကို ရင်ဆိုင်ရဲသူများ၊ ကိုယ်တိုင်လည်း အားပေးတိုက်တွန်း တတ်သူများ ဖြစ်နိုင်ကြပါစေ.. ရိုးသားမှုကို ချစ်မြတ်နိုးဖို့ တိုက်တွန်း အားပေးတဲ့ မိတ်ဆွေကောင်းများကို ပိုင်ဆိုင် ရရှိနိုင်ကြပါစေရှင်....
The Emperor and The Seed (Author Unknown) ကို ဘာသာပြန်ပါသည်..
စာဖတ်သူများကို လေးစားစွာဖြင့်
ချော (အစိမ်းရောင်လွင်ပြင်)
14 comments:
- kokomaung said...
-
အမရေ...
စာဖတ်ရတာ အနှစ်သာရအများကြီးရှိတယ်။
ပို့စ်တစ်ခုမှာ အသိတစ်ခုလောက်ပေးနိုင်ရင် အဲဒီပို့စ်ဟာ တန်ဖိုးရှိတဲ့အထဲမှာပါတယ်။ - February 10, 2010 at 10:33 AM
- မျှော်လင့်သူ said...
-
အစ်မရေ.. ဒီတစ်ခါတော့ ဦးဦးဖျားဖျား မန့်သွားတယ်နော်..
ရိုးသားမှုရဲ့ ပန်းတိုင်ပေါ့.. ရသမြောက်ပါတယ်..
Good Night နော်အစ်မ. - February 10, 2010 at 3:55 PM
- ကိုဇော် said...
-
ရိုးသားမှု ဆိုတာ ဒီလိုပါပဲ...
အရာရာကို ကျော်ဖြတ်နိုင်ပါတယ်။
အချိန်တော့ စောင့်ရမယ်။
လူလည်း အရယ်ခံရနိုင်ပါတယ်။
ဒါပေမဲ့...သူက စွမ်းအားကြီးတယ်။ - February 10, 2010 at 4:13 PM
- ခေါ်န် said...
-
အရမ်း ကောင်းတယ်အမ ..
လူတိုင်းမှာ ရိုးသားမှုဆိုတာ ရှိသင့်ပါတယ်..
ဒါပေမဲ့ လဲ အခုခေတ် လူတွေက ရိုးသားမှု နဲ့ ပွင့်လင်းမှု ကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်တတ်ကြတယ်...................... - February 10, 2010 at 6:41 PM
- မေနွယ် said...
-
ဥပမာလေးနဲ့ သင်ခန်းစာ တွဲပြီးပြထားတာ စိတ်ကူးကောင်းပါတယ်.. ဖတ်ရသူကို အကျိုးရှိစေတယ်..
စာလေးတွေက စေတနာပါတဲ့အတွက် တန်ဖိုးရှိတဲ့ ဘလောဂ့်တစ်ခုပါ... အမြဲတမ်းရေးစေချင်ပါတယ်.. - February 10, 2010 at 6:54 PM
- ဏီလင်းညို said...
-
ချောရေ...
ရိုးသားခြင်းရဲ့ ရလာဒ်က ချိုမြိန်တတ်တယ်ဆိုတဲ့ သဘောလေးပေါ့နော်...။
ဖတ်ရတာကျေးဇူး....။
ခင်မင်တဲ့
ဏီလင်းညို - February 10, 2010 at 7:05 PM
- သဒ္ဓါလှိုင်း said...
-
မချောရေ...
ရိုးသားမှု ဆိုတာ သိပ်ကို အဖိုးတန်တဲ့ စကားလေးပါ...။ ရှိဖို့လည်း အင်မတန်မှ ခက်ခဲပါတယ်နော်..။ ရိုးသားမှု အကြောင်းဖေါ်ပြပေးတဲ့ အတွက် ကျေးဇူးပါ...။
ခင်တဲ့
သဒ္ဓါ - February 10, 2010 at 7:51 PM
- မြစ်ကျိုးအင်း said...
-
သိပ်ကောင်းတဲ့ ပို့စ်လေးပါ
ဒီလိုပုံပြင်မျိုး အဖတ်များလို့ အဆုံးသတ်ကို ကြိုမှန်းလို့ရနေပေမယ့်
ရည်ရွယ်ချက်ကောင်းမွန်စွာနဲ့ ဇာတ်လမ်းလေး သိမ်းတာကို ဖတ်ရတော့
ကျေနပ်မိတာပါပဲ။ - February 10, 2010 at 8:23 PM
- မြသွေးနီ said...
-
ရိုးသားခြင်းရဲ့စွမ်းအားက
ဘယ်အရာနဲ့မှ လဲလှယ်လို့မရပါဘူး။
နှစ်သက်စရာပို့စ်လေးပါချောရေ။ - February 11, 2010 at 1:11 AM
- ညီညီထွန်း said...
-
အမရယ် ရိုးသားမှုအတွက် လမ်းပြပေးတဲ့ ပုံပြင်လေးကိုရေးပေးလို့ အရမ်းကျေးဇူးတင်မိပါတယ်ဗျာ--------
- February 11, 2010 at 3:27 AM
- ANNE said...
-
great!!!
good job!
cheers
from Anne♥♥♥
p.s:keep going!!!!
:) - February 11, 2010 at 9:55 PM
- Kotunygn said...
-
All Should be .....
- February 13, 2010 at 7:45 PM
- အင်ကြင်းသန့် said...
-
မှန်ပါတယ် မမ...
ညီမလေးကတော့ ဘယ်အရာကို မဆို ရိုးသားခြင်းနဲ့သာအနိုင်ယူတာဟာ အကောင်းဆုံးပဲလို့ ယုံကြည်တယ်... - February 17, 2010 at 4:41 AM
- အင်ကြင်းသန့် said...
-
မှန်ပါတယ် မမ...
ညီမလေးကတော့ ဘယ်အရာကို မဆိုရိုးသားခြင်းနဲ့သာ အနိုင်ယူတာဟာ အကောင်းဆုံးလို့ပဲ ယုံကြည်ထားတယ် - February 17, 2010 at 4:43 AM