ထမင်းထုပ်လေးရဲ့ ငိုကြွေးသံ
Tuesday, February 9, 2010
အေးမြ အမေ ဒေါ်မြကြည်က ဘူတာမှာ ထမင်းထုပ် ရောင်းသူ...
အေးမြတို့ရွာကလေးက မန္တလေး မြစ်ကြီးနား ရထားသံလမ်းဘေးတွင် ရှိပြီး ရွာဘူတာငယ်လေး တစ်ခုလဲ ရှိသည်။ သေးငယ်သော ဘူတာ ဖြစ်သောကြောင့် အထူးအမြန်၊ ဒုတိယအမြန်လို အမြန်ရထားများ မရပ်ပဲ စာပို့ရထား၊ ခေါက်ပြန်ရထားများသာ ရပ်နေကျ .. တစ်ခါတစ်လေ ရထားဆုံမည့် နေ့မှသာ အထူးအမြန်ကဲ့သို့ ရထားများ ရပ်တတ်သည်... ထိုအခါမျိုးတွင် ဒေါ်မြကြည်တို့ ဈေးရောင်း ကောင်းတတ်ပါသည်.. ဒေါ်မြကြည်က ဒေါ်ဝတုတ်မ ထမင်းဆိုင်မှ ထမင်းနှင့် ကြက်သားကြော် အပါ တစ်ထုပ်ကို ၄၅၀ နှင့် ၀ယ်၍ ရထားတွဲများတွင် ၅၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသည့် အလုပ်ကို သူမ ယောက်ျား ဆုံးကတည်းက လုပ်လာတာ ၂နှစ်ရှိပြီ.. ဈေးရောင်းကောင်းသည့်နေ့တွင် တစ်ရက်ကို တစ်ထောင် ကျော်ကျော်လောက် ကျန်တတ်သော်လည်း ပုံမှန် ရက်များတွင် ၇၀၀ ပတ်ဝန်းကျင်လောက်တော့ ကျန်သည်..
ပဲပေါ်သည့်ရာသီချိန်တွင် ဈေးရောင်းသည့်အလုပ်ကို ဒေါ်မြကြည် မလုပ်တော့.. ပဲနှုတ်သည်က ဈေးရောင်းသည်ထက် ပိုက်ဆံပိုရသဖြင့် ပဲနှုတ် လိုက်ဖြစ်သည်က များသည်။ မနေ့က ပဲနှုတ်ပြီးအပြန် ချောင်းထဲတွင် ရေဆင်းချိုးရာ ဒေါ်မြကြည် အပူရှပ်ပြီး အဖျား တက်တော့သည်.. ဒီနေ့တော့ ပဲနှုတ် မလိုက်နိုင်သဖြင့် ၇တန်းကျောင်းသူ သမီး အေးမြကို ကျောင်းမတက်ခိုင်းဘဲ ဘူတာတွင် ထမင်းထုပ် ရောင်းခိုင်းဖို့ကို ဒေါ်မြကြည် စဉ်းစား ရတော့သည်.. အေးမြ ဈေးရောင်း မထွက်လျှင် ညနေ စားစရာ ထမင်းပင် ရှိမည်မဟုတ်.. တစ်ရက်လုပ်မှ တစ်ရက် စားရသော ဒေါ်မြကြည်တို့ ဘ၀တွင် တစ်ရက် ဖျားသည်နှင့် စားစရာမရှိသည့်ဘ၀....
“သမီး အေးမြ ”
“ရှင်... အမေ”
“သမီး ကျောင်းမသွားနဲ့တော့... အမေ ဒီနေ့ ပဲနှုတ်မလိုက်နိုင်တော့ဘူး.. သမီး ဘူတာမှာ ထမင်းထုပ် သွားရောင်းလိုက်နော်.. မဟုတ်ရင် ညနေကျ အမေတို့ စားစရာမရှိဘဲ နေလိမ့်မယ်.. ခုမနက်တော့ ပဲပြုတ်နဲ့ ထမင်းကြမ်း စားသွားလိုက်နော် သမီး.. သမီး ဈေးရောင်းလို့ ပိုက်ဆံရလာရင် ဆန်နို့ဆီဗူး ၂လုံးလောက် ၀ယ်လာခဲ့ .. ပိုက်ဆံ ပိုရင် ဦးကုလား ဆေးဆိုင်မှာ အမေနေမကောင်းတာ ပြောပြပြီး သောက်ဆေး နည်းနည်း ၀ယ်လာခဲ့နော်...”
“ဟုတ်ကဲ့ အမေ.. ဒါဆို သမီး ထမင်းစားပြီး သွားလိုက်တော့မယ် .. အမေ အခုဘာစားမလဲဟင်.. သမီးဆန်ပြုတ်လေး ပြုတ်ထားခဲ့မယ်နော်..”
“ အေးအေး ရတယ်သမီး.. အမေ နေ့လည်လောက်မှ သောက်တော့မယ်... ”
အေးမြ ထမင်းကြမ်းလေးကို ရေထည့်ပြီး အမေ့အတွက် ဆန်ပြုတ် ပြုတ်ပေးလိုက်ရင်း ထမင်းကို ပဲပြုတ်လေးနှင့် နယ်ကာ ဆီမဆမ်းနိုင်ဘဲ မြိန်ရည်ရှက်ရည် စားရတော့သည်။ စားသောက်ပြီးသည်နှင့် မန္တလေးမှ လာသော စာပို့ရထားကို အမီ ထမင်းထုပ်ရောင်းဖို့ ဘူတာဘက်ကို အပြေးအလွှား ထွက်လာခဲ့သည်။ အေးမြစိတ်ထဲ ထမင်းထုပ်များများ ရောင်းရဖို့ ဆုတောင်းနေမိသည်.. ဒါမှလဲ ညနေအပြန် ဆန်ဝယ်နိုင်မည် အမေအတွက် သောက်ဆေးနဲ့ အားရှိမဲ့ အစားအစာလဲ ၀ယ်ချင်သေးသည်လေ.. သူမအတွက် အမေ ပင်ပင်ပန်းပန်း ပဲနှုတ်လိုက်နေသည်ကို မကြည့်ရက်.. ကျောင်းထွက်ပြီး ဈေးရောင်းမယ် ပြောတိုင်းလည်း အမေက ဘယ်တော့မှ လက်မခံ.. ဒီနေ့တောင် မလွှဲသာလွန်း၍ သူမကို ကျောင်းပျက်ခိုင်းရသည်ကို အေးမြ နားလည်ပါသည်.. ထို့ကြောင့်လည်း အမေ့ကို သူမ လုပ်အားလေးနှင့် ကျွေးမွေးခွင့်ရတုန်း ဈေး ကောင်း ကောင်း ရောင်းရဖို့ ဆုတောင်း မိခြင်းသာ...
ဘူတာအနီးက ဒေါ်ဝတုတ်မ ထမင်းဆိုင်မှာ ကြက်သားကြော်နဲ့ ထမင်း စုစုပေါင်း ၁၅ထုပ်ကို ယူလိုက်သည်။ ဒေါ်ဝတုတ်မဆီမှာ အေးမြအမေက ထမင်းထုပ်ယူနေကျ.. ဘူတာမှာရောင်းပြီး အပြန်ကျမှ ပိုက်ဆံဝင်ရှင်းပေးရသည်.. အရင်းအနှီးမလို.. ထမင်းထုပ် ကျန်နေလျှင် ပြန်အပ်ခဲ့လို့ ရသည်.. ဒေါ်ဝတုတ်မက အေးမြတို့ သားအမိကို သနားသဖြင့် ယခုလို အခွင့်အရေးမျိုး ပေးထားခြင်းသာ.. သို့သော် ထမင်းထုပ်က အမြဲတမ်း ရောင်းကောင်းနေတာ မဟုတ်သဖြင့် ပဲနှုတ်လိုက်သည်လောက် ၀င်ငွေမကောင်း. အမေ ပဲနှုတ်သွားလျှင် တစ်ရက် ၃၀၀၀ ရသည်။ ဒါကြောင့်လဲ အမေက ပင်ပန်းသော်လည်း ပိုက်ဆံပိုရသည့် ပဲနှုတ်ခြင်းကိုသာ လုပ်လိုသူ..
အေးမြ ထမင်းထုပ်ထည့်သည့် ဗန်းလေး ခေါင်းပေါ်ရွက်ပြီး ဘူတာအရောက် မကြာခင် မန္တလေးမှ စာပို့ရထားဆိုက်သည်။ ထမင်းထုပ် စုစုပေါင်း ၁၂ထုပ်တော့ ရောင်းလိုက်ရသည်။ နောက် တစ်နာရီလောက်တွင် နဘားကသာ ခေါက်ပြန်ရထား ဆိုက်ဖို့ရှိသေးသည်... ခေါက်ပြန်ရထားတွင်တော့ ထမင်းထုပ် ရောင်းကောင်းလေ့မရှိသဖြင့် သူမ မျှော်လင့်ချက် သိပ်မထားပါ.. မြစ်ကြီးနား စာပို့ရထားသာ မျှော်လင့်စရာ ရှိသည်.. ထင်သည့်အတိုင်း ခေါက်ပြန်ရထားတွင် ထမင်း ၂ထုပ်သာ ရောင်းရသည်။ စာပို့ရထား ဆိုက်ခါနီးတွင် ဒေါ်ဝတုတ်မ ထမင်းဆိုင် ပြန်ပြေးပြီး လက်ကျန် ထမင်းထုပ်များကို ထမင်းထုပ်အသစ် ပူပူ နွေးနွေးနှင့် လဲသည်။ နောက်ထပ် ထမင်းထုပ်အသစ် အထုပ် ၂၀လောက် ထပ်ယူလိုက်သည်။ မနက်က ယူသွားသော ထမင်းထုပ်ဖိုးကိုလည်း ပိုက်ဆံ ရှင်းပေးလိုက်သည်။
မြစ်ကြီးနား စာပို့ရထားဆိုက်ချိန်တွင် သိပ်မဆိုး ထမင်းထုပ် ၁၀ထုပ် ကုန်သွားပြန်သည်။ စုစုပေါင်း ၁၂၀၀ လောက်တော့ အမြတ်ကျန်နေပြီ..အိမ်အပြန် ဆန်ဝယ်ပြီး အမေ့အတွက် ဆေးနဲ့ မုန့်ဝယ်နိုင်တော့ မည်ဟု တွေးပြီး အေးမြ ပျော်ရွှင်နေမိသည်.. ရထားထွက်ခါနီးတွင် ရထားပေါ်မှ သားသားနားနား ၀တ်ဆင်ထားသော အဒေါ်ကြီး တစ်ယောက်က လှမ်းအော် သည်..
“ဟဲ့ကောင်မလေး ထမင်းထုပ်တစ်ထုပ် ဘယ်လောက်လဲ ” ဟု လှမ်းမေးသည်..
“ တစ်ထုပ် ၅၀၀ ပါရှင့် ”
“များလိုက်တာအေ... တစ်ထုပ် ၄၀၀ထားလိုက် .. ၃ထုပ်ယူမယ်..”
“မရပါဘူးအဒေါ်ရယ်.. ကျွန်မက တစ်ထုပ် ၄၅၀ ၀ယ်ရတာပါ.. တစ်ထုပ်ကို ၅၀ဘဲ အမြတ်တင်ထားတာပါ”
“မင်းတို့က ပြောလိုက်ရင် မမြတ်ဘူးမမြတ်ဘူးနဲ့.. ဈေးရောင်းတာ မမြတ်ဘဲ ဘယ်သူကရောင်းမလဲ.. ကဲကဲ ကြာတယ် ၃ထုပ်ကို ၁၄၀၀ ထားလိုက်”
၃ထုပ်မှ ၅၀သာ မြတ်တော့မည်.. သို့သော် ဒေါ်ဝတုတ်ကို ပြန်အပ်ရမည့် အတူတူ ရောင်းလိုက်ဖို့ စိတ်ကူးရသဖြင့် ထမင်း၃ထုပ် ရထားပေါ် လှမ်းပေးလိုက်သည်..
ထိုအချိန်တွင် ရထားဥသြ အချက်ပေးသံ ထွက်လာသည်။
“အဒေါ် ပိုက်ဆံ”
“နေပါဦး ပေးမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ.. နင်တို့ ထမင်းထုပ်ကို အရင်ကြည့်ရဦးမယ်.. ဈေးရောင်းတဲ့ လူတွေက အကျင့်ကောင်းတာမဟုတ်ဘူး.. ထမင်းအသိုးတွေ ပြန်ထုပ်ပြီး ရောင်းတတ်တာ.. ငါတို့က ပိုက်ဆံပေးပြီး ၀ယ်စားတာ ထမင်းအသိုးတော့ ပိုက်ဆံပေးပြီး ၀ယ်မစားနိုင်ဘူး.. ”
ပြောရင်းဖြင့် ရထားပေါ်မှ အဒေါ်ကြီးသည် ထမင်းထုပ်များကို တစ်ထုပ်ချင်း စိမ်ပြေနပြေ ဖြေကြည့်နေသည်။
ထိုစဉ်ရထား ဘီးစတင်လိမ့်နေပြီ.. အေးမြ ရထားပြူတင်းဘေး လျှောက်လိုက်ရင်း
“အဒေါ် ရထားထွက်နေပြီ .. ကျွန်မကို ပိုက်ဆံပေးပါတော့..”
ထိုအဒေါ်ကြီးမှာ မကြားသလို လုပ်ရင်း ထမင်းထုပ်များကို သာ ဖြေကြည့်နေသည်..
ရထားက တစ်စ တစ်စ အရှိန်ရလာပြီ.. အေးမြလဲ ရထားနဲ့အမီ အပြေးလိုက်နေဆဲ.. သူမရင်လဲ မောဟိုက်ပူပင်လာသည်.. အမေအတွက် ဆေးဝယ်ဖို့… ဆန်ဝယ်ဖို့… သောက ဇောနှင့် ရထားဘေးမှ အပြေးကလေး လိုက်နေဆဲ… သို့သော် ပိုပိုပြီး မြန်လာသော ရထားအရှိန်ကို သူမ တစ်ဖြေးဖြေး အရှုံးပေးရတော့မည်.. ဒီပိုက်ဆံမရလျှင် တစ်နေကုန် ဈေးရောင်းထားသမျှ အလကားဖြစ်ပြီ.. ကျောင်းပျက်ရတာလည်း အလာကား ဖြစ်ရ တော့မည်.. စိတ်ကို အားတင်းရင်း ရထားကို အမီ လိုက်ပြန်သည်..
“အဒေါ်.. အဒေါ်.. ထမင်းဖိုးပိုက်ဆံ .. ”
အေးမြ တစ်ကြော်ကြော် အော်ရင်း.. ရထားနောက်က ပြေးလိုက်နေဆဲ.. ပြေးရင်း ကျောက်ခဲ တစ်လုံးကို ခလုတ်တိုက်ကာ မှောက်ရက် လဲလေသည်..
ရထားမှာ တစ်ရွေ့ရွေ့နှင့် သူမမြင်ကွင်းမှ ဝေးကွာသွားပေပြီ.. အေးမြမျက်ဝန်းထဲမှာ မျက်ရည်များ အဆီးအတားမရှိ စီးကျလာသည်.. ရထားပေါ်မှ အဒေါ်ကြီးသည် အ၀တ်အစား အဆင့်အတန်းမြင့်မြင့် ၀တ်ဆင်ထားပြီး ယခုလို လုပ်ရပ်မျိုး လုပ်မည်ဟုပင် ထင်စရာမရှိ.. သူမကဲ့သို့သော ဈေးသည်လေး အပေါ်တွင်ပင် အညှာအတာမရှိ လိမ်ညာ လှည့်ဖျား ရက်သော ထို မိန်းမကြီးကို နာကျင်မုန်းတီးမိသည်.. ဒီနေ့တော့ ဆန်မ၀ယ်နိုင်တာထက် အမေ့အတွက် ဆေးမ၀ယ်နိုင်တော့မှာကို သူမ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်.. မျက်ရည်များစွာနှင့် ဘူတာဘက်သို့ ပြန်လျှောက်လာရင်း တစ်ရှုံ့ရှုံ့ ငိုကြွေးနေမိသည်.. ထိုစဉ် အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ဆင်ထားသော လူကြီးတစ်ဦး သူမအနား လာရပ်ရင်း
“သမီး ခုနက ရထားပေါ်မှာ သမီး ပိုက်ဆံဘယ်လောက် ပါသွားလဲ..”
“၁၄၀၀ ပါ ဦးလေး.. ကျွန်မက အမေနေမကောင်းလို့ ဈေးလာရောင်းတာပါ.. ခုတော့ တစ်နေ့လုံး ရောင်းလို့ မြတ်တဲ့ပိုက်ဆံ အကုန်ပါသွားပြီ.. ထမင်းဆိုင်မှာ ထမင်းထုပ်ဖိုး ပေးလိုက်ရင် ဆန်ဝယ်ဖို့ မပြောနဲ့ အမေအတွက် ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိတော့ဘူး..ဦးလေးရယ်” သူမ ငိုရှိုက်ရင်း ပြောပြနေမိသည်..
“ကဲ မငိုနဲ့ သမီးရယ် .. သမီးပါသွားတဲ့ ပိုက်ဆံ ဦးလေး ပြန်ပေးမယ်.. အခု ဦးလေး လက်ထဲမှာ ၅၀၀၀ရှိတယ်.. သမီးကို ၄၀၀၀ပေးခဲ့မယ်.. ၁၀၀၀ က ဦးလေးအပြန်စရိတ် ချန်ရဦးမယ်.. ဦးလေးက ဟိုဘက်ရွာကပါ ဒီရွာကို ခနလာရင်း အခု ရထားမမှီလိုက်လို့ ကားကြုံနဲ့ ပြန်ရမှာ.. ဘူတာထဲ ၀င်ဝင်ချင်း ရထားထွက်နေတာ တွေ့တယ်.. သမီးကိုလဲ ရထားနဲ့ အပြိုင်ပြေးနေတာ ဦးလေး တွေ့လိုက်ပါတယ်.. သားသမီးချင်း ကိုယ်ချင်းစာပါတယ်ကွယ်.. သမီးလဲ မိဘအပေါ် စေတနာရှိတဲ့သူတစ်ယောက်ဘဲ .. မိဘကျေးဇူး သိတတ်တာ အရမ်း ကောင်းပါတယ်.. ဒုက္ခရောက်ရင် ကူညီမဲ့သူ ပေါ်လာမှာပါ.. ရော့ရော့ ပိုက်ဆံ ၄၀၀၀ သမီးယူထားလိုက်.. ဆန်လဲဝယ် သမီးအမေအတွက် ဆေးလဲ ၀ယ်သွားလိုက်နော်… ဦးလေးသွားတော့မယ်.. ”
သူမလက်ထဲ ပိုက်ဆံ ၄၀၀၀ကို ထည့်ပေးပြီး ထိုဦးလေးမှာ ဘူတာတွင်းမှ ထွက်ခွာ သွားပါတော့သည်… အေးမြ မျက်ဝန်းမှာ ၀မ်းသာ ကြည်နူး မျက်ရည်များ ကျဆင်းလာပြန်သည်.. အမေ့အတွက် ဆေးဝယ်ပေးခွင့်၊ အမေအားရှိအောင် အစာတစ်ခုခု ကျွေးခွင့် ရတာကိုဘဲ သူမ ၀မ်းသာလွန်းလှပါပြီ…
“ ကျေးဇူးတင်လိုက်တာ ဦးလေးကြီးရယ်…” စိတ်ထဲမှ အထပ်ထပ်အခါခါ ရွတ်ဆိုရင်း သွက်လက်သော ခြေလှမ်းများက အိမ်အပြန် လမ်းဆီသို့…..
----------------------------------------------------------------------------------------------------------------------------------
လောကကြီးတွင် ရထားပေါ်မှ မိန်းမကြီးကဲ့သို့ အကြင်နာတရား ခေါင်းပါးသူများ၊ သူတစ်ပါး လုပ်အားကို ခေါင်းပုံဖြတ်ချင်သူများ ရှိသကဲ့သို့ ဆင်းရဲနွမ်းပါးသော်လည်း စေတနာတရား မခေါင်းပါးသော၊ သားသမီးချင်း၊ လူလူချင်း ကိုယ်ချင်းစာစိတ် အပြည့်ရှိသော ဦးလေးကြီးလို လူမျိုးများလဲ ရှိနေပါသေးသည် တကား.. သူတစ်ပါး အပေါ် လိမ်ညာတတ်သူများ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူများနှင့် သူတစ်ပါးကို စာနာ ကူညီတတ်သူ ထိုလူတန်းစား နှစ်ရပ်တွင် စာဖတ်သူများ မည်သည့် အတန်းအစားဘက်မှ ပါဝင် ရပ်တည်ပါမည်လဲ… ကိုယ်ချင်းစာ တရားနဲ့ အကြင်နာ မေတ္တာတရားကို လူသားတိုင်း လက်ကိုင်ထား နိုင်ကြမယ်ဆိုရင် လောကကြီးက ပျော်ရွှင်ကြည်နူးစရာ သာယာလှပ နေမှာပါနော်..
ချော (အစိမ်းရောင်လွင်ပြင်)
19 comments:
- ခေါ်န် said...
-
အမ ...ညီမလေး လဲ ဒီလို တွေ့ ဖူးတယ်..လူဆိုတာ ပိုက်ဆံရှိဖို့ အဓိကမဟုတ်ပါဘူး နော်
စိတ်ဓါတ် အောက်တန်းမကျဖို့ အဓိကပဲ ....ဒီပိုစ့်  ကိုလဲ ကြိုက်တယ်အမ ..ကျေးဇူးတင်လျက် ဖတ်ခွင့်ရတာကို...........စောင့်စားနေမယ်နော်.. - February 9, 2010 at 11:04 AM
- kokomaung said...
-
စာဖတ်ရင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ နေရာလေးကို စဉ်းစားကြည့်နေမိတယ်။ ဘယ်နေရာဖြစ်မလဲလို့ပေါ့။ မနက်ပိုင်း မန်းလေးက စာပို့၊ နဘားက ခေါက်ပြန်၊ အဲဒီဘူတာကိုရောက်တာ တစ်နာရီဘဲကွာတယ်ဆိုတော့ မဟုတ်မှလွဲရော.. ရထားတစ်စင်းစင်းတော့နောက်ကျနေသလိုဘဲ။ မန်းလေးက စာပို့ရထားက ညနေဘက်ထွက်၊ နဘားက ခေါက်ပြန်ရထားက မနက်အစောကြီးထွက်၊ ဘူတာကလဲ စာပို့ရထားနဲ့ နဘားရထားဘဲ ရပ်တယ်ဆိုတော့ (ကောလင်းရထားမပါတဲ့အတွက်)ကောလင်းဘူတာအထက်ဖြစ်ရမယ်။ ကျနော့်ရွာနဲ့ နီးနေမလားလို့ စဉ်းစားနေတားဝ။ ကွန်မင့်က မဆန့်တော့လို့ နောက်ကွန်မင့်မှာ ဆက်တွေးလိုက်ဦးမယ်။
- February 9, 2010 at 11:42 AM
- ချစ်ကြည်အေး said...
-
ချောရေ...လောကကြီးမှာ ဒီလိုလူတန်းစား နှစ်ရပ်လုံး ရှိနေတယ်လေ...ဦးလေးကြီးလိုလူတွေ များများရှိပါစေ လို့ပဲ ဆုတောင်းပါတယ်...
- February 9, 2010 at 11:42 AM
- ချစ်ကြည်အေး said...
-
အဲ...အမလည်း ဦးလေးကြီးလိုပါပဲ...အဒေါ်ကြီးဆိုပါတော့လေ...ကြုံရင်ကြုံသလို ပေးကမ်းလှူဒါန်းတတ်ပါတယ်ကွယ်...:))
- February 9, 2010 at 11:44 AM
- kokomaung said...
-
ပဲနှုတ်တဲ့လုပ်ငန်းရှိတယ်ဆိုတော့... ပဲပေါတာက အထက်ပိုင်း မဲဇာ ဆည်ရွာ အင်းတော် ကသာ။
ကသာက မန်းလေး မြစ်ကြီးလမ်းပေါ်မှာမဟုတ်။ အင်းတော်နှင့်မဲဇာမှာလဲ အထူးအမြန်ရပ်တယ်ဆိုတော့ ဆည်ရွာဘူတာဘဲဖြစ်ရမယ်။ ဒါပေမဲ့.. နဘား-အင်းတော်-ဆည်ရွာ။ ကြားထဲမှာ တစ်ဘူတာထဲခြားတယ်ဆိုတော့ ဆည်ရွာအတွက်လဲ စောလွန်းသေးတယ်။ ခက်ပြီ။ ကင်းဘူတာ၊ ကိုးထောင်ဘို့ ဘူတာတွေများလား။ ခက်တာက အဲဒီနားတစ်ဝိုက်မှာ ပဲသိပ်မစိုက်ကြဘူး။ ဦးဏှောက်စားကြည့်တာ ချောရေ။ ကွန်မင့်အတွက် အနှောင့်အယှက်ဖြစ်ရင် ခွင့်လွတ်နော်။ - February 9, 2010 at 11:50 AM
- kokomaung said...
-
ကျနော်က ခရီးသွားရင် ရထားနဲ့ သွားရတာများတော့ အတွေ့အကြုံများတယ်။ တစ်ခါတစ်ခါ ဈေးသည်တွေလဲ မကောင်းဘူး။ ကြက်ဥပြုတ်အပုပ်တွေရောင်းတတ်တယ်။ ရက်လွန်အစားအစာတွေရောင်းတတ်တယ်။ တစ်ခါတစ်ခါကျပြန်တော့ ဈေးဝယ်သူတွေမကောင်းဘူး။ နိုင်ထက်စီးနင်းလုပ်တယ်။ ဈေးကို ကပ်ပြီးအရမ်းဆစ်တယ်။ ဈေးဆစ်တာ ခံရတဲ့ ရောင်းသူလေးဟာ တစ်ခြားမှာရောင်းဖို့ အချိန်မရှိတော့ဘူးဖြစ်တတ်တယ်။ ပြီးတော့ ရေကုသိုလ်လို့အော်တဲ့အတွက် ရေကို ပိုက်ဆံမပေးဘဲ သောက်တတ်ကြတယ်။ အမျိုးမျိုးပါဘဲ။ ဒါပေမဲ့ အခု မချောရဲ့  ဇာတ်ကွက်ကလေးကတော့ ကျနော့်ရင်ထဲ တိုက်ရိုက်ကို ထိသွားပါတယ်။ စိတ်မကောင်းဘူး။
- February 9, 2010 at 11:54 AM
- ဘရာဗို said...
-
း)
ကျေးဇူးပါပဲ ဦးလေးကြီးရေ......
သာဓုပါပဲ - February 9, 2010 at 2:02 PM
- ssye said...
-
လှဲနေရင်(အိပ်ပျော်နေတာ မဟုတ်ရင်) အိမ်သားတွေ အကြောင်းသိမယ် ထိုင်နေရင် ရပ်ကွက်ထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာသိလာမယ် လမ်းထွက်လျှောက်ရင် ကိုယ့်မြို့ထဲမှာ ဘယ်သူဘယ်ဝါ ဘယ်ချမ်းသာ ဆိုတာ သိနှိုင်ပြီး ခရီးသွားရင်တော့ကိုယ့်တိုင်းကိုယ့်ပြည်နယ် ကိုယ့်နိုင်ငံ ဘယ်လိုအခြေအနေ ရှိသလဲ ဆိုတာသိနှိုင်ပါတယ်
အခုလို internet မှတဆင့် လက်မှတ်ဝယ်စရာ မလိုပဲ ကချင်ပြည်နယ်ထဲ ခရီးသွားခွင့်ရတဲ့အတွက် " ကျေးဇူး " - February 9, 2010 at 3:31 PM
- လင်းကြယ်ဖြူ said...
-
အင်မတန်မှရိုးသား စိတ်ကောင်းပြီး ကိုယ်ချင်းစာတရားတွေနဲ့ ထုံလွှမ်းခဲ့ဖူးတဲ့ အ ရပ်ဒေ သမှာ ၊ ဆီကို ရေချိုး ပြီးဆေးရိုးမီးလှုံ ဆိုခဲ့တဲ့ အရပ်မှာ အခုလို အခြေအနေမျိုးတွေ အများကြီး ဖြစ်လာ တာ..ဖြစ်နေခဲ့တာ ....ဘာကြောင့်လဲ ..ဘယ်သူ့ကြောင့်လဲ.....??????ရင်နာစရာတွေ ပါပဲ ......ကိုယ်ချင်းစာ တရားရှိ နိုင်ကြပါစေ....လူအချင်းချင်း အနိုင်အထက်ပြုခြင်း..နှိပ်စက်ခြင်း ...ကင်းနိုင်ကြပါစေ...ဆင်းရဲမှု အပေါင်း ကင်းဝေး နိုင်ကြပါစေ..တကယ်ကို ခံစားမှုကောင်းတွေ ပေး နိုင်တဲ့ ..စာစုလေးပါပဲ...
ပျော်ပါစေ... - February 9, 2010 at 5:53 PM
- ကိုဇော် said...
-
ဟုတ်တယ်ဗျာ..။
ဒီလို အတွေ့အကြုံမျိုး ကျနော်လည်း မြင်ဖူးတယ်။
ရေးဦးမယ်..ကျေးဇူး။ - February 9, 2010 at 6:37 PM
-ြဲမသွေးနီ said...
-
ကိုယ်ချင်းစာနာစိတ်လေးပါဘဲ။
အဲ့ဒါလေးမရှိရင်တော့ လူတစ်ယောက်ရဲ့တန်ဖိုးဟာ
ဘာမှကို မထိုက်တော့ပါဘူး..။ - February 10, 2010 at 1:15 AM
- မကေ said...
-
ဟုတ်တယ် ကိုယ်ချင်းစာစိတ် ရှိဖို့လိုတယ်။ ခရီးသွားလို့ဈေးဝယ်ရင် ပိုက်ဆံကို အရင်ပေးထားတယ်။ သူတို့အတွက်လည်း အန္တရာယ်ကင်းအောင်လို့ အဲဒီလို ဈေးရောင်းတဲ့သူတွေက အရမ်းအန္တရယ်များတာ
- February 10, 2010 at 1:40 AM
- သဒ္ဓါလှိုင်း said...
-
မချောရေ..
မျက်လုံးထဲ မြင်ယောင်မိပါတယ်။ ကိုယ်ချင်းလည်း စာမိတယ်။
ခင်တဲ့
သဒ္ဓါ - February 10, 2010 at 4:12 AM
- မျှော်လင့်သူ said...
-
မန့်ချင်တာတော့ ဘယ်သူမှ မမန့်ခင်ကတည်းက အစ်မေ၇..
ကျွန်တော့်စက်ကဘာဖြစ်နေတယ်မသိ.. မန့်တာ မန့်လို့မရဘူး.
ဒါနဲ့ စိတ်ပိန်တာနဲ့ ဒီနေ့မှ မန့်ခွင့်ရတော့တယ်..
post လေးကို နှစ်သက်ပါတယ်.
အားပေးနေတယ်နော်.အစ်မ.. ကြိုးစား - February 10, 2010 at 5:21 AM
- Vista said...
-
အလွန်ဖတ်ကောင်းပါသည်။ အဲဒီလိုကလေးရဲ့ ထမင်းကို မတရားလိမ်စားတဲ့မိန်းမကြီးမျိုး အံ့သြလိုက်ပါရဲ့ ။
- February 10, 2010 at 7:00 AM
- Kotunygn said...
-
Yeah ....... Don't Believe all ......
- February 10, 2010 at 10:15 AM
- အင်းတော်ရှမ်း said...
-
ကောင်းလိုက်တဲ့ ဝတ္တုလေးပါချောရေ ၊ မြစ်ကြီးနားကျောင်းတက်တုန်း ကျောင်းသွားရင် တောင်နီဘူတာရောက်မှ ထမင်းထုပ်ဝယ်စားမယ် ဆိုပြီး အိမ်က ထမင်းမစားပဲသွားခဲ့တာတွေကိုလည်း သတိရတယ် ။ ဇာတ်လမ်းလေးဖတ်ရတော့ ရင်ထဲမှာ မကောင်းဘူး လူတွေကို နားမလည်တတ်တော့ဖူး ခုချိန်ထိပဲ ။
- February 10, 2010 at 10:32 AM
- အင်ကြင်းသန့် said...
-
မမရေ...
လူအမျိုးမျိုးရှိကြတယ်နော်...
ရက်ရက်စက်စက် သူများထမင်းလုတ်ကို ဒီလိုပုံစံနဲ့ စားရက်တဲ့ အဒေါ်ကြီးလိုလူမျိုးတွေရှိတာကိုလည်း အပြင်မှာတကယ်ကို တွေ့ဖူးပါတယ်...ဒါပေမယ့် ဦးလေးကြီးလိုလူတွေလည်းရှိပါတယ်...အရေအတွက်များဖို့သာလိုနေတာပါ...
ညီမလေး - February 10, 2010 at 12:02 PM
- ညီညီထွန်း said...
-
အမပြောတာအရမ်းအရမ်းမှန်တယ် ငွေနောက်လိုက်သူ ၊ ဂုဏ်နောက်လိုက်သူ၊
လူသားချင် ကိုယ်ချင်းစာစိတ်မ၇ှိသူတွေ တော်တော်များနေကြပြီ။
ုဆုတ်ကပ်ဆိုတော့ စိတ်ဓါတ်တွေပါ ဆုတ်၇ုတ်လာကြတာထင်ပါတယ်ဗျာ---------------- - February 11, 2010 at 3:46 AM