ကန္တာရထဲက ပန်းပင်လေးတစ်ပင်
Sunday, January 31, 2010
photo from google
တစ်ခါတုန်းက သဲကန္တာရကြီး တစ်ခုထဲမှာ ပေါက်နေတဲ့ ပန်းပင်ငယ်လေး တစ်ပင် ရှိခဲ့ပါတယ်… တစ်ခြား ပန်းပင်တွေ၊ ပန်းပွင့်တွေ အားလုံး ညိုးရော် ခြောက်သွေ့နေချိန်မှာ သူမတစ်ဦးတည်းသာ ရှင်သန်နိုင်ခဲ့ပါတယ်.. ပန်းပင်လေးဟာ ခုလို ရှင်သန်နိုင်တဲ့အတွက် နေ့စဉ်နေ့တိုင်း ရွှင်လန်း ၀မ်းမြောက် နေပါတယ်.. ပြီးတော့လဲ နေမင်းကြီးကို မော့ကြည့်ပြီး “ကျွန်မ ဘယ်တော့များ ကြီးပြင်းလာမှာလဲ ” .. လို့မေးတတ်ပါတယ်.. နေမင်းကြီးက “ စိတ်ရှည်ရှည်နဲ့ စောင့်ပါ ကလေးမရယ်.. ငါ့နေရောင်ခြည်နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အတွက် မင်းဟာ ဖြေးဖြေးချင်း ကြီးထွားလာနေပါပြီ ” လို့ ပြန်ဖြေပါတယ်…
နေမင်းကြီးရဲ့ စကားကို ကြားရတော့ ပန်းပင်လေးဟာ ပျော်ရွှင် ကြည်နူးရပါတယ်… သူမက ပန်းပွင့်လေးတွေ အများကြီး ပွင့်ပြီး ဒီသဲကန္တာရ ကြီးကို အလှဆင် ပေးချင်ပါသေးတယ်.. အဲဒါဟာ သူအဖြစ်ချင်ဆုံး ဆန္ဒလေး တစ်ခုလဲ ဖြစ်ပါတယ် သူမ အသက်ရှင်နေစဉ် အချိန်အတွင်းမှာ တတ်နိုင်သလောက်တော့ လောကကြီးကို အလှဆင်ပေးနိုင်သူ ၊ လောကကြီးအတွက် ကောင်းကျိုးလေးတစ်ခု ဆောင်ရွက် ပေးခဲ့ချင်သူ ဖြစ်ပါတယ်...
တစ်နေ့မှာ မုဆိုးတစ်ယောက်ဟာ မျက်စိလည်ပြီး ကန္တရ အတွင်းကို ရောက်လာပါတယ်… ပြီးတော့ ပန်းပင်လေးကို နင်းမိသွားပါတယ်… သူမဟာ မြေပြင်ပေါ်မှာ ပြားပြားဝပ်သွားခဲ့ရပါပြီ… ဒီတော့ ပန်းပင်လေးဟာ အရမ်းဘဲ ၀မ်းနည်းသွားမိတယ်..သူမ သေရပါတော့မယ်.. ဒီသဲကန္တာရကို အလှလေးတောင် ဆင်ပေးခွင့်၊ ပန်းလေးတွေ ဖူးပွင့်ခွင့်တောင် မရတော့ဘဲ သူမ သေဆုံးသွားတော့မှာကို တွေးမိပြီး ၀မ်းနည်းလွန်းတာပါ…. ပန်းပင်လေးက လောကကြီးကို သူတတ်စွမ်းသမျှ အလှဆင်ပေးချင်သူလေ…
သူမရဲ့ ပြင်းပြတဲ့ ဆန္ဒကို ကြားသိသွားတဲ့ နတ်မင်းကြီးတစ်ပါးက “ဒီပန်းပင်လေးဟာ လောကကို အလှဆင်ပေးချင်တဲ့ စိတ်ရှိတယ်.. ကောင်းကျိုးကို လိုလားတယ်.. ဒါကြောင့် သူအသက်မသေသင့်ဘူး… သူ့ဆန္ဒလေးကို ပြည့်အောင် ဖြည့်ဆည်းပေးရမယ်.. ” လို့ ဆုံးဖြတ်ပြီး ပန်းပင်လေးရှိရာကို ဆင်းသက် လာပါတယ်… ပြီးတော့ ပန်းပင်ကလေးကို လက်နဲ့ အသာအယာ ထိတွေ့ ကိုင်တွယ်ပြီး အသက် ဇီဝဓာတ်ကို ပြန်လည် ဖြည့်သွင်းပေးလိုက်တဲ့ အခါ ပန်းပင်ကလေးဟာ ထူထူထောင်ထောင် ပြန်ဖြစ်လာပါတယ်…
သိပ်မကြာခင်မှာ ပန်းပင်လေးမှာ လှပတဲ့ ပန်းကလေးတွေ ဖူးပွင့်ဝေဆာလာပါတယ်… ပန်းပွင့်လေးတွေမှာလည်း သင်းပျံ့တဲ့ ရနံ့လေးတွေနဲ့… ကန္တာရကြီးဟာ ပန်းပွင့်လေးတွေရဲ့ အလှ၊ သူတို့ရဲ့ မွှေးရနံ့လေးတွေနဲ့ လှပ တင့်ဆန်းလို့….. မွှေးရီ သင်းထုံလို့ နေပါတော့တယ်….. ပန်းပင်လေးဟာ မြင်ရသူအပေါင်းကို ကြည်နူး ချမ်းမြေ့ စေတဲ့ ရွှင်လန်း ပီတိကို ပေးဝေမျှလို့ပေါ့……………
--------------------------------------------------------------------------------------------------------------------------------------
ပုံပြင်လေးက ဒါပါဘဲရှင်... ကျွန်မကတော့ ပုံပြင်လေးထဲက ပန်းပင်လေးရဲ့ စိတ်ဓာတ်ကို အရမ်းဘဲ နှစ်ခြိုက်မိပါတယ်... ကျွန်မတို့တွေဟာ လောကကြီးထဲမှာ ရှင်သန်နေစဉ် အချိန်လေးမှာ ပန်းပင်လေးလို စိတ်ထားမျိုး ထားသင့်ကြပါတယ်နော်.. လောကကြီးအတွက် ကောင်းရာ ကောင်းကျိုးကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အသက်ရှည်ရှည် နေထိုင်နေကြတဲ့ လူတွေထက်စာရင် ကိုယ် တတ်နိုင်သလောက်လေး တစ်ထောင့်တစ်နေရာ၊ ကဏ္ဍလေး တစ်ခုခုကနေ ပါဝင် လုပ်ဆောင်ရင်းနဲ့ အသက်တိုတိုလေး နေသွားရဦးတော့ လောကကြီးမှာ နေထိုင်ခဲ့ရကျိုး နပ်တယ် မဟုတ်ပါလားရှင်... အဓိပ္ပာယ်ရှိသော ရှင်သန်ခြင်းလဲ ဖြစ်ပါတယ်... လူတိုင်း မိမိကိုယ်ကို စဉ်းစားသင့်ပါတယ်.. ငါဟာ လောကကြီး အတွက် ကောင်းကျိုးတစ်ခုခု လုပ်ခဲ့ပြီးပြီလား.. လောကကြီးကို တစ်ထောင့် တစ်နေရာကနေ အလှဆင်ဖို့ ကြိုးစားခဲ့ပြီလား.... မလုပ်ရသေးဘူး ဆိုရင် ကိုယ် မသေခင်မှာ တတ်နိုင်သလောက်လေး လောကကြီးကို အလှဆင်သွားကြပါဦးနော်... ကိုယ်လို လူတွေ များလာတဲ့ အခါ ကမ္ဘာ လောကကြီး တစ်ခုလုံးဟာ ကောင်းကျိုးတွေ ဝေဖြာပြီး အေးချမ်း သာယာလို့ လှပနေမှာပါ... ကျွန်မလဲ တစ်ထောင့် တစ်နေရာ ကနေ ကိုယ် တတ်စွမ်းသမျှလေးနဲ့ လောကကြီးကို နည်းနည်းလေးဘဲ ဖြစ်ဖြစ် အလှဆင်နိုင်သူ ဖြစ်အောင် ကြိုးစားပါဦးမယ်ရှင်.............
http://www.spiritual-endeavors.org မှ Flower in The Desert ကို နှစ်ခြိုက်လွန်းစွာ ဘာသာ ပြန်ပါသည်....
လောကကို အလှဆင်နိုင်သူများ ဖြစ်ကြပါစေရှင်....
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- မြသွေးနီ said...
-
လောကကိုအလှဆင်နိုင်မယ့် ပန်းပွင့်လေးတွေ အများကြီးရှိစေချင်ပါတယ်ရှင်။
- January 31, 2010 at 3:25 AM
- ယွန်း said...
-
အရမ်းကောင်းပါတယ်..အစ်မရယ်
လောကကို အမြဲတမ်း အလှဆင်နိုင်သူ ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်နော်.. - January 31, 2010 at 4:05 AM
- အောင်နိုင်ကျော် said...
-
လောကကို အလှဆင်ချင်တဲ့ စိတ်ကူးလေးကို လေးစားပါတယ်ဗျာ..ဒီလိုစိတ်လူတိုင်းထားဖို့လိုပါတယ်.. ကျွန်တော်လဲ ကြိုးစားပါဦးမယ်...ကျေးဇူးပါဗျာ
- January 31, 2010 at 6:20 AM
- မြစ်ကျိုးအင်း said...
-
နောက်ဆုံးအချိန်အထိ ပါတ်ဝန်းကျင်ကို အကျိုးပြုချင်တဲ့သူက လွယ်လွယ်နဲ့ မကျရှုံးပါဘူး
သေဆုံးသွားရင်တောင် နာမည်ကျန်ခဲ့ပါတယ်။
အားလုံးပဲ ကိုယ်နေတဲ့ပါတ်ဝန်းကျင်ကို နိင်သလောက် အကျိုးပြုရင်း အတ္တတွေကို ချိုးနှိမ်သွားနိင်ရင် နေပျော်စရာ လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာမှာပါ - January 31, 2010 at 8:03 AM
- phyo said...
-
အတ္တဟိတ ထက် ပရဟိတ က ပိုဖြစ်သင့်တယ်ဆိုတာမှန်တာပေါ့..........
- January 31, 2010 at 8:10 AM
- သဒ္ဓါလှိုင်း said...
-
မချောရေ..
သဒ္ဓါလည်း လောကကြီးကို အကောင်းဆုံးအလှဆင်နိုင်တဲ့သူတယောက်ဖြစ်အောင် ကြိုးစားပြီး နေမှာပါ။ လူတွေအားလုံးလည်း လောကကြီးကို အလှဆင်နိုင်တဲ့သူတွေ ဖြစ်ကြရင် အားလုံး သာယာလှပနေမှာပါနော်...
ခင်တဲ့
သဒ္ဓါ - January 31, 2010 at 8:07 PM
- ကိုဇော် said...
-
ပေးဆပ်ချင်သူပေါ့ဗျာ..။
ပေးချင်သော လက်တွေပေါ့..။
ကျေးဇူး.။ - January 31, 2010 at 11:38 PM
- မကေ said...
-
မချောရေ လောကကြီးကို အလှဆင်နိုင်တဲ့ ပန်းပွင့်လေး ဖြစ်ပါစေရှင်
- February 1, 2010 at 1:22 AM
- Kotunygn said...
-
If someone want to support people, that person have to take care themself first. Otherwise, .....
- February 1, 2010 at 7:12 AM
- အင်ကြင်းသန့် said...
-
တကယ်တွေးသင့်တဲ့ အတွေးပါပဲ
ညီမလေးလည်းကြိုးစားကြည့်ချင်တယ် မမရယ်
ညီမလေးရေးခဲ့ဘူးသလို အုတ်တစ်ချပ်စာ မဖြစ်ခဲ့ရင်တောင် သဲ တစ်ပွင့်စာလောက်ဖြစ်ဖြစ်ပေါ့
ချစ်တဲ့
ညီမလေး - February 3, 2010 at 2:24 PM
- မိုးမောင် said...
-
ဘာသာပြန်ဝတ္တုလေးတွေ ကောင်းတယ်။ သာမာန်အရေးအသားဟန်ကနေ ကိုယ်ပိုင်ရေးဟန်လေး တစ်ခုပါဖန်တီးပြီး ဆက်ချီတက်ရင် အတိုင်းထက်အလွန်ပဲ။ အောင်မြင်ပါစေ..။
- February 4, 2010 at 12:35 AM
- ပြည့်စုံ said...
-
ကြိုးစားနေဆဲပါ အမရေ.....
- February 12, 2010 at 6:24 AM
- kokomaung said...
-
ပုံပြင်ထက် အမရဲ့  အကြံပြုချက်လေးက ပိုပြီး အသိကိုရစေပါတယ်။
ဟုတ်ပါတယ်။ လောကကြီးရဲ့ တစ်နေရာလောက်ကို တတ်နိုင်သလောက် အလှဆင်သွားသင့်ပါတယ်။ - February 17, 2010 at 4:12 PM