အလိုအပ်ဆုံးအရာ
Friday, January 29, 2010
picture from http://files.myopera.com/Ann_Lee/blog/last3WSL.jpg
တစ်နေ့မှာ အမျိုးသမီးတစ်ဦးဟာ အိမ်အပြင်ကို ထွက်အလာမှာ အိမ်ရှေ့မှာ ထိုင်နေတဲ့ အဖိုးအို သုံးဦးကို တွေ့လိုက်ရပါတယ်.. အဖိုးအို သုံးယောက်လုံးဟာ ဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးများ ကိုယ်စီ ရှိကြပါတယ်.. အမျိုးသမီးက အဖိုးအို သုံးဦးကို ကြည့်ပြီး သူမ မသိတဲ့ သူတွေ ဖြစ်နေတဲ့အတွက် အနည်းငယ်တော့ ဇဝေ ဇ၀ါ ဖြစ်သွားခဲ့ပါတယ်..
“အဖိုးတို့ကို ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ထင်ပါတယ်... ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်ပါ.. အဖိုးတို့ကို ကြည့်ရတာ ဆာနေရောပေါ့နော်.. အိမ်ထဲကို ၀င်ပါလား.. ကျွန်မ တစ်ခုခုနဲ့ ဧည့်ခံပါရစေ.. ” လို့ အမျိုးသမီးက အဖိုးအိုတို့ကို ပြောပါတယ်…
“အိမ်ထဲမှာ ယောက်ျားသား တစ်ယောက်ယောက် ရှိသလား” လို့ အဖိုးတို့က ပြန်မေးပါတယ်..
“ မရှိပါဘူးရှင်.. သူအပြန်ထွက်သွားပါတယ်…”
“ ဒါဆိုရင် ငါတို့ ၀င်လို့ မဖြစ်ဘူး” လို့ ပြန်ပြော ပြီး အဖိုးအိုတို့က သူမရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ပါတယ်…
ညနေစောင်းလို့ သူမယောက်ျား ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက အကျိုးအကြောင်း ပြောပြပါတယ်… သူမ အမျိုးသားက “ ကောင်းပြီလေ… ငါပြန်ရောက်ပြီဘဲ.. သူတို့ကို အိမ်ထဲကို လာခဲ့ဖို့ ပြန်ဖိတ်ခေါ်ခဲ့.. ” လို့ပြောပါတယ်..
အမျိုးသမီးကလဲ အိမ်အပြင်ဘက် ပြန်ထွက်လာပြီး အဖိုးအို သုံးဦးကို ဖိတ်ခေါ်ပြန်ပါတယ်…
အဖိုးအိုတို့က “ ငါတို့က သုံးယောက်လုံး တစ်ပြိုင်တည်း ၀င်ဖို့ မဖြစ်နိုင်ဘူး” လို့ ပြန်ပြောပြန်ပါတယ်…
အမျိုးသမီးက သိချင်စိတ်ဖြစ်လာတာနဲ့ “ဘာကြောင့် သုံးယောက်လုံး တစ်ပြိုင်တည်း ၀င်ဖို့ မဖြစ်နိုင်ရတာပါလဲ” လို့ မေးပါတယ်..
အဖိုးအို တစ်ဦးက အခြားအဖိုးအို တစ်ဦးကို လက်ညိုးညွှန်လိုက်ရင်း “သူ့နံမည်က ဦးချမ်းသာ ဖြစ်ပါတယ်… ” နောက်တစ်ဦးကို လက်ညိုးထပ်ညွှန်ရင်း “သူကတော့ ဦးအောင်မြင် ၊ ကျုပ်နံမည်ကတော့ ဦးမေတ္တာပါ.... အဖိုးတို့ သုံးယောက်မှာ တစ်ယောက်သွားရင် ကျန်တဲ့၂ယောက်က နေခဲ့ရမှာ ဖြစ်ပါတယ်... ကဲ အခု အိမ်ထဲကို ပြန်သွားပြီး အဖိုးတို့ သုံးယောက်ထဲက ဘယ်သူ့ကို အိမ်ထဲဝင်ခွင့် ပြုမလဲ ဆိုတာကို သမီးယောက်ျားနဲ့ သွားတိုင်ပင်လိုက်ပါဦး.. ” လို့ပြောပါတယ်..
အမျိုးသမီးဟာ အိမ်ထဲကို ပြန်ဝင်သွားပြီး သူမယောက်ျားနဲ့ တိုင်ပင်ပါတယ်… သူ့ယောက်ျားက ပျော်ရွှင် ၀မ်းသာ စွာနဲ့ “ အိုး ဘယ်လောက် ၀မ်းသာစရာ ကောင်းလိုက်သလဲ.. ကဲ.. ဒီလိုဆိုရင် ဦးချမ်းသာကို သွားခေါ်ခဲ့ ..သူ အိမ်ထဲရောက်လာရင် ငါတို့ တစ်အိမ်လုံး ချမ်းသာခြင်းကို ပိုင်ဆိုင်ပြီပေါ့ကွာ…” လို့ပြောလိုက်ပါတယ်..
သူ့မိန်းမက သဘောမတူပါဘူးတဲ့… “ ယောက်ျားရယ်… ကျွန်မတို့ ဘာကြောင့် ဦးအောင်မြင်ကို မဖိတ်ခေါ်ရမှာလဲ.. အောင်မြင်လာပြီဆို ချမ်းသာခြင်းကလဲ အလိုလို ရောက်လာတော့မယ်လေ.. မဟုတ်ဘူးလား ” လို့ပြောပါတယ်..
အိမ်ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်လေး နားထောင်နေတဲ့ သမီးလေး ဖြစ်သူက “ဘာဖြစ်လို့ ဦးမေတ္တာကို မဖိတ်ခေါ်ရမှာလဲ .. ချစ်ခြင်းမေတ္တာသာ ရှိရင် အရာရာ ပြည့်စုံပြီပေါ့.. အိမ်မှာ ချစ်ခြင်းမေတ္တာတွေသာ လွှမ်းမိုးနေမယ်ဆိုရင် ဘယ်လောက်များ သာယာ ပျော်ရွှင်စရာ ကောင်းမလဲ” လို့ ပြောပါတယ်..
ဒီတော့ သူမလေးရဲ့ အဖေက “ ဟုတ်တယ် ငါ့ သမီးလေး ပြောတာ မှန်တယ်.. သွား မိန်းမရေ.. ဦးမေတ္တာကိုသာ အိမ်ထဲကို ဖိတ်ခေါ်ခဲ့ဟေ့.. သူသာ ငါတို့ အတွက် အကောင်း ဆုံးဧည့်သည် အဖြစ်ထိုက်ဆုံးပဲ ” လို့ပြောလိုက်ပါတယ်…
အမျိုးသမီးကြီးလဲ အိမ်အပြင်ဘက် ပြန်ထွက်လာပြီး အဖိုးအို သုံးဦးကို “ အဖိုးတို့အထဲက ဘယ်သူက ဦးမေတ္တာပါလဲရှင်… ဦးမေတ္တာကို ကျွန်မတို့ အိမ်ရဲ့ ဧည့်သည် အဖြစ် ရွေးချယ် လိုက်ပါပြီ.. အိမ်ထဲကို ကြွပါရှင်” လို့ပြောလိုက်ပါတယ်…
ဦးမေတ္တာဖြစ်တဲ့ အဖိုးအိုတစ်ဦးက ထိုင်ရာမှ ထလိုက်ပြီး အိမ်ထဲကို လျှောက်လှမ်း သွားပါတယ်.. ကျန်တဲ့အဖိုးအို နှစ်ဦးကလည်း ထိုင်ရာမှ အသီးသီး ထ လိုက်ကြပြီး ဦးမေတ္တာ နောက်ကို လိုက်လာကြပါတယ်….
အမျိုးသမီးဟာ အံ့သြသွားပြီး “ကျွန်မဖိတ်တာ ဦးမေတ္တာဆိုတဲ့ အဖိုး တစ်ယောက်ထဲ ကိုပါ.. အဖိုးတို့ ၂ယောက်က ဘာကြောင့် လိုက်လာကြပါသလဲ…. အဖိုးတို့ပြောတော့ သုံးယောက်လုံး တစ်ပြိုင်တည်း အိမ်ထဲဝင်လို့ မရဘူးဆို ” လို့ မေးလိုက်ပါတယ်…
အဖိုးအို သုံးဦးတို့ဟာ “တကယ်လို့ သမီးကသာ ဦးအောင်မြင် ဒါမှမဟုတ် ဦးချမ်းသာ တစ်ဦးဦး ကိုသာ ဖိတ်မယ်ဆိုရင် ကျန်၂ယောက်က အပြင်မှာနေခဲ့မှာပါ.. ခုတော့ သမီးတို့က ဦးမေတ္တာကို ဖိတ်ခေါ်တဲ့ အတွက် အဖိုးတို့က သူသွားရာနောက်ကို လိုက်ရပါတယ်.. ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံနေရင် ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းဟာ လိုက်ပါလာစမြဲပါကွယ် လို့ ပြန်ဖြေပါတယ်….”
-------------------------------------------------------------------------------------------------
စာဖတ်သူတို့ကရော ယခုလို ဦးချမ်းသာ၊ ဦးအောင်မြင်၊ ဦးမေတ္တာ ဆိုတဲ့ အဖိုးအို သုံးဦးနဲ့များ ဆုံတွေ့ခဲ့ရင် ဘယ်သူ့ကို ရွေးချယ်မှာပါလဲ…. ဦးမေတ္တာကို ရွေးချယ်မှာပါလား?.. ဟုတ်ပါတယ်နော်... အိမ်တစ်အိမ်မှာ အရေးအကြီးဆုံးက ချစ်ခြင်းမေတ္တာပါ.. မိသားစုတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရှိဖို့က သိပ်ကို လိုအပ်ပါတယ်... ဘယ်လောက်ပဲ ငွေကြေး ချမ်းသာနေပါစေ.. ဘယ်လောက်တောင် အောင်မြင်တိုးတက် နေတဲ့ အိမ်တစ်အိမ် ဖြစ်နေပါစေ.. မိသားစုဝင်တွေ အချင်းချင်း ချစ်ခင်ကြင်နာမှု မရှိဘဲ.. မသင့်မမြတ် ဖြစ်နေကြမယ်ဆိုရင် စိတ်ချမ်းသာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု မဖြစ်နိုင်ပါဘူးနော်... အိမ်သားတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ရှိပြီး စီးပွားရေး၊ ကြီးပွားရေး တို့ကို ၀ိုင်းဝန်းလုပ်ဆောင်ကြရင် ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းကို ရရှိဖို့ လွယ်ကူပါတယ်.. ဒါကြောင့် အိမ်တစ်အိမ်မှာ မရှိမဖြစ် အလိုအပ်ဆုံး ဖြစ်တဲ့ ချစ်ခြင်းမေတ္တာတရားကို တစ်ဦးနဲ့ တစ်ဦး ပြည့်ပြည့်၀၀ ထားနိုင်ဖို့ ကြိုးစားကြပါစို့လားရှင်...
Unknown Author ရဲ့ Invitation ကို ဘာသာပြန်ပါသည်....
ချစ်ခြင်းမေတ္တာ ပြည့်ဝကြပါစေရှင်...
ချော ( အစိမ်းရောင်လွင်ပြင်)
11 comments:
- ကိုဇော် said...
-
လာဖတ်သွားပါကြောင်း...
မေတ္တာကို ရွေးချင်ပေမဲ့လဲပေါ့လေ။ - January 29, 2010 at 2:52 PM
- မြသွေးနီ said...
-
မေတ္တာတရားကသာ အေးချမ်းမှုကိုပေးစွမ်းနိုင်တာအမှန်ပါချောရေ..။
- January 29, 2010 at 10:24 PM
- ဇီဝက (ဆေး-၂) said...
-
မေတ္တာကို ရွေးရင် ချမ်းသာမှုနဲ့ အောင်မြင်မှုရမယ်ဆိုတာ ကိုယ်တွေ့ပါ။ သက်ကြီးဆရာဝန်ကြီးများအဖွဲ့မှာ volunteer အနေနဲ့ သွားကူညီပေးတာ တစ်ရက်ပဲရှိသေးတယ်။ အဲဒီမှာ ကျောင်းတုန်းက professor တစ်ယောက်နဲ့တွေ့ပြီး သူ့ဆီက ရတဲ့ information ကြောင့် အလုပ်မှာ အရမ်းအဆင်ပြေသွားတယ်။ ကိုယ့်ရဲ့ မေတ္တာကြောင့် အောင်မြင်မှုနဲ့ ချမ်းသာမှုလမ်ကြောင်းက ဘယ်လိုမှ ထင်မထားတဲ့နေရာက ထွက်ပေါ်လာတာပါ။ ဆင်ဆင်တူ အဖြစ်အပျက်တစ်ခုလည်း ပြီးခဲ့တဲ့လက ကျွန်တော်တို့ မိသားစုမှာ ဖြစ်ခဲ့သေးတယ်။ ဒါကြောင့် ဒီ post ရဲ့ idea ကို လုံးဝထောက်ခံတယ်။
- January 30, 2010 at 2:21 AM
- နွေဆူးလင်္ကာ said...
-
ဟိုတနေ့က မျက်မှန်လေး ဘလော့ဂ်မှာ လူရွှင်တော် မေတ္တာဆုံးတာ မဟုတ်ကြောင်း ပြန်တောင်းပန်ထားတယ်။ လက်စသတ်တော့ ဒီထဲရောက်နေတာကိုး။
- January 30, 2010 at 3:48 AM
- phyo said...
-
Lol ! i really accept it...
- January 30, 2010 at 8:46 AM
- kokomaung said...
-
သင်ခန်းစာလေး ယူသွားပါတယ်။ နေရာတိုင်းမှာ မေတ္တာတရားက အရေးကြီးဆုံးပါဘဲ။
ချမ်းသာပြီး စိတ်ဆင်းရဲနေရင် အောင်မြင်ပြီး အချင်းချင်းမမျှမတဖြစ်ကြရင် ဘယ်အိမ်ထောင်မှ ပျော်ရွှင်စရာ မကောင်းတော့ဘူးပေါ့။
ပျော်ရွှင်ကြည်နူးနိုင်ပါစေ။ - January 30, 2010 at 2:09 PM
- မြတ်မွန် said...
-
ကောင်းလိုက်တာချောရေ..အားပေးပါတယ်ရှင်။
- January 30, 2010 at 11:58 PM
- Kotunygn said...
-
Good Post .......
- February 1, 2010 at 7:17 AM
- ညီညီထွန်း said...
-
အမ၇ယ် ကောင်းပါတယ် မောင်လေး လာအားပေးပါတယ်နော်
- February 2, 2010 at 6:52 PM
- အင်ကြင်းသန့် said...
-
ကဲဒေါ်ချောရေ...ဒေါ်မေတ္တာ အိမ်လည်လာသွားတယ်နော် ... :)
- February 3, 2010 at 2:17 PM
- အောင်ကျော်ဇေယျာမိုးဟိန်းထွန်း said...
-
စာလာဖတ်ပါတယ်။
ဗဟုသုတတွေအများကြီးရလို့ကျေးဇူးတင်ပါတယ်။
အောင်မြင်ပျော်ရွှင်ပြီးစာတွေအများကြီးရေးနိုင်ပါစေ။ - February 4, 2010 at 8:49 AM