ဆန့်ကျင်ဘက် အမြင်
Monday, February 1, 2010picture from http://img.wallpaperstock.net:81/black-white-flower-wallpapers_3614_1024.jpg
တစ်ခါတုန်းက တစ်မိသားစု တစ်ခုတည်းကနေ ပေါက်ဖွားလာတဲ့ ညီအစ်ကို နှစ်ဦးရှိပါတယ်… ညီအစ်ကိုရင်း ဖြစ်သော်လည်း ဆန့်ကျင်ဘက် စရိုက်နဲ့၊ ဆန့်ကျင်ဘက် အခြေအနေ ရှိသူများ ဖြစ်ကြပါတယ်… တစ်ဦးက မူးယစ်ဆေးဝါးစွဲနေပြီး အရက်ကို အလွန်အကျွံ သောက်စားသူ ဖြစ်ကာ မိသားစုကိုလည်း ညှင်းပန်းနှိပ်စက်သူ ဖြစ်သောကြောင့် လူတိုင်းက ပေါင်းသင်းဆက်ဆံခြင်း ပြုလုပ်ဖို့ ရှောင်ရှားခံရသူ ဖြစ်ပါတယ်…
နောက် တစ်ဦးကတော့ သူနဲ့ ဆန့်ကျင်စွာဘဲ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ထားသူ၊ လူမှုအသိုင်းအ၀ိုင်းမှာ နေရာ ၀င်ဆန့်သူ၊ လူအများက လေးစားရသူ ဖြစ်ပါတယ်… ပျော်ရွှင်သာယာတဲ့ မိသားစု ဘ၀ကို ပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်… တစ်မိသားစုတည်းက ဆင်းသက် လာတဲ့ ညီအစ်ကိုရင်း ဖြစ်ပြီး၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုတည်းမှာ ကြီးပြင်းလာကြသော်လည်း ယခုလိုဆန့်ကျင် ကွဲပြား လွန်းတဲ့ အနေအထားကြောင့် လူတွေက သူတို့ညီအစ်ကို နှစ်ယောက် အကြောင်းကို အလွန်ဘဲ စိတ်ဝင်စားကြပါတယ်..
ဒါကြောင့်မို့ အရက်သမားဖြစ်နေတဲ့ အစ်ကို ဖြစ်သူထံ သွားရောက်ကြပြီး "ခင်ဗျား ဘာကြောင့်မို့ ခုလို မူးယစ်ဆေးဝါးသုံးစွဲပြီး ၊ အရက် သမား ဖြစ်ရတာလဲ.. ကိုယ့်မိသားစုအပေါ်မှာ မကြင်နာဘဲ ဘာကြောင့်များ ညှင်းပန်းနှိပ်စက် ရတာလဲဗျာ.. ခင်ဗျားကို ဒီလို ဖြစ်အောင် ဘယ်လို အရာတွေကများ တွန်းအားပေးလို့လဲ " လို့ မေးခွန်း မေးကြပါတယ်.. ဒီတော့ အရက်သမားက ပြန်ဖြေတယ် “ကျွန်တော့်အဖေကြောင့် ခုလိုဖြစ်တာ ” ပါ လို့ပြန်ဖြေပါတယ်...
“ခင်ဗျားအဖေက ဘာများဖြစ်လို့လဲ ” မေးတော့ “ကျွန်တော့်အဖေလဲ ကျွန်တော် ငယ်စဉ်ကတည်းက မူးယစ်ဆေးသုံးတယ်… အရက်သောက်တယ်.. မိသားစုကို နှိပ်စက်တယ်.. ကဲ.. ဒီတော့ ကျွန်တော်ကရော ဘာကောင်များ ဖြစ်လာဦးမှာလဲ.. အဖေရဲ့ အကျင့် စရိုက် အတိုင်းဘဲ လာမှာပေါ့.. ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်တော့မလဲ… ကျွန်တော့် အဖေ ကိုယ်တိုင်ကမှ မကောင်းတာ ” လို့ ပြန်ဖြေပါတယ်…
ဒါနဲ့ လူတွေက ချမ်းသာနေတဲ့ ညီဖြစ်သူထံ သွားရောက်ပြီး ခုလိုဘဲ မေးခွန်းများကို မေးပါတယ်.. “ ခင်ဗျားက စီးပွားရေးမှာလဲ အောင်မြင်တယ်..အကျင့် သိက္ခာနဲ့လည်း ပြည့်စုံတယ်.. မိသားစုကိုလည်း ချစ်ခင် ကြင်နာတယ်… ဒီလိုဖြစ်ဖို့ ဘယ်လို အကြောင်း တရားတွေက ခင်ဗျားကို တွန်းအား ပေးခဲ့ပါသလဲ ” လို့မေးပါတယ်.. ဒီတော့ အဲဒီ ညီဖြစ်သူ က ပြန်ပြောပါတယ်.. “ ကျွန်တော် အခုလို ဖြစ်လာရတာ ကျွန်တော့် အဖေကြောင့်ပါဘဲ ” တဲ့….. “ကျွန်တော် ငယ်ငယ်ကလေးတည်းက ကျွန်တော့်အဖေဟာ အရက်သောက်တယ် ..မူးယစ် ဆေးဝါး သုံးတယ်…မိသားစုကို နှိပ်စက်တယ်… အဲဒီချိန် ကတည်းက အဖေ့ကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ အခုလို အဖေလုပ်နေတဲ့ အမှားမျိုး ဘယ်တော့မှ ကျွန်တော် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ခဲ့တယ်..... သင်ခန်းစာယူခဲ့တယ်.. ” ဟူ၍ ဖြစ်ပါတယ်..
အစ်ကိုဖြစ်သူကတော့ ဖခင်၏ အပြုအမူ အကျင့်စရိုက်သည် အတုခိုးစရာ ဟူ၍ ရှုမြင်လက်ခံပြီး၊ ညီဖြစ်သူမှာတော့ ဖခင်အပြုအမူသည် အတုခိုးရန်မဟုတ်၊ ရှောင်ကျဉ်ရန်သာ ဖြစ်သည်ဟူ၍ နားလည်လက်ခံသူ ဖြစ်ပါသည်။ သူတို့နှစ်ဦးစလုံး ယခုကဲ့သို့ ကွဲပြား ခြားနားသော အခြေအနေ၊ အကျင့်စရိုက်များ ဖြစ်ပေါ်လာဖို့ ဖန်တီးလာခြင်းသည် အကြောင်းတရား ရင်းမြစ် တစ်ခုတည်းပေါ်တွင် အခြေခံသော်လည်း နားလည်လက်ခံပုံ၊ ရှုမြင်သုံးသပ်ပုံ၊ သင်ခန်းစာယူပုံခြင်း ကွဲပြားတဲ့ အတွက် ကြီးပြင်းလာသောအချိန်တွင် ခြားနားသော ဘ၀ကိုယ်စီကို ပိုင်ဆိုင်ရခြင်း ဖြစ်လေသည်။
--------------------------------------------------------------------------------------------------------------------------------
Story လေးထဲက ပေးချင်တဲ့ သင်ခန်းစာသည် လူတစ်ဦး၏ မကောင်းသော အကျင့်စရိုက်သည် အတုခိုးရန်မဟုတ်.. သင်ခန်းစာယူရန်သာ ဖြစ်သည်.. အဖေ အရက်သမားဖြစ်၍ သားလည်း အရက်သမား ဖြစ်လာရမည်၊ အမေ နှစ်လုံးထီ၊ ချဲထီထိုးတိုင်း သားသမီးများလည်း ထိုကဲ့သို့ ဖြစ်လာရမည် ဟူသော သတ်မှတ်ချက်၊ ခံယူချက်သည် အလွန် မှားယွင်းမှုသာ ဖြစ်လေသည်။ မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မကောင်းမှု ကျူးလွန်သူများ၊ ဒုစရိုက် အမှုကို မွေ့လျော်သူများ ရှိပါက ထိုသူများကို ကြည့်၍ သင်ခန်းစာ ယူတတ်ရမည်..... သင်ခန်းစာ ယူ၍ ရှောင်ကျဉ်ရန် သာ ဖြစ်ပါသည်။ မိမိဘ၀တွင် မိမိ ကိုယ်တိုင်သာလျှင် ပဲ့ကိုင်ရှင် ဖြစ်ပါသည်။ အကောင်းအဆိုး ဖြစ်လာဖို့ မိမိကိုယ်တိုင်သာ ဖန်တီးနိုင်ပါသည်။ မျိုးရိုး ဗီဇ အကျင့်စရိုက် ဟူသည် မိမိ အသိဥာဏ်၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိသင့်ပါသည်။ မိမိ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အကောင်းအဆိုး၊ အကြောင်းအကျိုးကို သေချာလေ့လာ၍ အတုခိုးသင့်သည်၊ မခိုးသင့်သည်ကို ဦးနှောက်ဖြင့် ချင့်ချိန် ဆုံးဖြတ်သင့်လှပါ သည်။ ပါတ်ဝန်းကျင်နှင့် မျိုးရိုး၏ လွှမ်းမိုးမှုကို မခံယူသင့်ပါ၊ သင်ကိုယ်တိုင်သာ သင့်ဘ၀ကို စီရင် ဆုံးဖြတ်ပိုင်ခွင့် ရှိသူဖြစ်ပါသည် ။
WE ARE ALL MOTIVATED - EITHER POSITIVELY OR NEGATIVELY ကို ဘာသာပြန်ပါသည်။
မိမိဘ၀ကိုယ် မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်သူများ ဖြစ်ကြပါစေရှင်...................
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- ကိုဇော် said...
-
ဂွတ်ထ.။
ကောင်းတယ်ဗျာ..။
သူများ အမှားကို ကြည့်ပြီး ကိုယ်မမှားအောင် သင်ခန်းစာ ယူတတ်သူအဖို့ ကိုယ်တိုင် မှားစရာ မလိုတော့ဘူးလေ။ ကိုယ်မှားမှ သင်ခန်းစာ ယူတတ်မယ် ဆိုတဲ့ လူတွေအတွက် အချိန်တွေ နှမြောဖို့ကောင်းတယ်။
ယူတတ်ကြပါစေ.။ - February 1, 2010 at 3:38 AM
- Mary Bluediamond said...
-
တကယ် ကောင်းပါတယ်..ဒီလိုစာမျိုးတွေ ဖက်ရတာ သိပ်လည်း အားရှိတယ်..ဘ၀မှာဘယ်လို နေထိုင်. တွေးမြင်တက်ရမယ်ဆိုတာ တွေကို ဖော်ပြပေးတဲ့ အတွက် မချောချောကို ကျေးဇူးတင်ပါတယ်.လူတစ်ယောက် မှာ အကောင်းမြင်စိတ်ရှိ ဖို့ဆိုတာ တကယ်ဘဲ လိုအပ်တယ်ဆိုတာပေါ်လွင်လွန်းလှပါတယ်..
- February 1, 2010 at 3:59 AM
- မြစ်ကျိုးအင်း said...
-
ကြုံလာတဲ့ဘဝအခြေနေပေါ်မှာ မြင်တတ်တဲ့ရှုထောင့်က အဓိကပါပဲ ဆိုတာ မြင်လွယ်စေတဲ့ ပို့စ်လေးပါပဲ။
- February 1, 2010 at 6:49 AM
- Kotunygn said...
-
Good Post ......
- February 1, 2010 at 7:04 AM
- phyo said...
-
It is plausible to get a successful life with the right adoptment of view....whether the sample is good or not...
moreover , this is very nice post - February 1, 2010 at 8:08 AM
- လင်းကြယ်ဖြူ said...
-
မကောင်းမှုရှောင်
ကောင်းမှု ဆောင်
ဖြူအောင် စိတ်ကိုထား....ဆိုတဲ့ အသိတရားလေးကို
လှလှပပ ချပြ ပေးလိုက်တာ ကျေးဇူးပါနော..
ပျော်ပါစေခင်ဗျာ
*.*.* - February 1, 2010 at 3:17 PM
- ဏီလင်းညို said...
-
ချောရေ...
သင်ခန်းစာဆိုတာ...ယူတတ်ရင်ရတယ်ပေါ့နော်....
ခင်မင်တဲ့
ဏီလင်းညို - February 1, 2010 at 6:49 PM
- မြသွေးနီ said...
-
မှန်ပါတယ်ချောရေ..။
အမှားတွေပေါ်ကနေ အမှန်တွေရှာဖွေရလာတတ်ပါတယ်။
ကိုယ်တိုင်ပြုလုပ်တဲ့အမှားကို သူတစ်ပါးအပေါ်ပုံချနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။
မိမိလုပ်ရပ် အကျိုးကို မိမိသာခံစားရမှာပါနော်။ - February 1, 2010 at 7:42 PM
- သဒ္ဓါလှိုင်း said...
-
မချောရေ...
လူတွေ အားလုံးလည်း သင်ခန်းစာ ယူတတ်ကြရင် သိပ်ကောင်းမှာပဲနော်..။
ခင်တဲ့
သဒ္ဓါ - February 1, 2010 at 7:42 PM
- အင်းတော်ရှမ်း said...
-
ကောင်းတဲ့ပိုစ်လေးတစ်ပုဒ်ပါပဲ မချောရေ အသိဥာဏ်က အရေးပါလှပါတယ်ဗျာ။
ကျနော်တူလေးဆွဲတဲ့ ပန်ချီပုံလေးကို သတိရမိတယ် ၊သူဆွဲတဲ့ ပုံလေး ကအဆေ အရက်သောက်ဖို အမေ့ပိုက်ဆန်အိတ်မှ ပိုက်ဆံခိုးနေသည့်ပုံ ။ အမေချဲရှုံး၍ ငိုရသည် ။ ဆိုတဲ့ပုံလေ အဲဒီလိုကလေးတွေ ပေါ်ထွန်းစေချင်တယ်ဗျာ ။
ချမ်းမြေပါစေဗျာ - February 1, 2010 at 8:57 PM
- kokomaung said...
-
အဆိုးထဲက အကောင်းရှာရမှာပေါ့။
အမှိုက်ပုံထဲမှာလဲ ရတနာတွေရှိနေတတ်ပါတယ်။ ဖော်ထုတ်အသုံးချတတ်ဖို့ဘဲ လိုပါတယ်။
အပေါ်က နှလုံးသားလှသူမှာ ကွန်မင့်ပေးလို့မရဘူး။ ဘာဖြစ်တယ်မသိ။
အမရဲ့ လင့်ခ်ကလေးကိုလဲ ပြောင်းချိတ်လိုက်ပါပြီ။
နောက်လဲ လာလည်ပါဦးမယ်။ - February 2, 2010 at 5:30 AM
- ညီညီထွန်း said...
-
ကျွန်တော်အတွက် သင်ခန်းစာပါဘဲ
- February 2, 2010 at 6:40 PM
- အင်ကြင်းသန့် said...
-
ဒီပိုစ့်လေးကို လူငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက်လေးတွေကိုဖတ်စေချင်တယ်...အဲဒီအရွယ်က အတုခိုးအရမ်းလွယ်တဲ့အရွယ်ဖြစ်တဲ့အပြင် အတုယူမှားခဲ့ရင်လည်း အလမ်းမှားရောက်ဖို့ရာ ရာခိုင်နှုန်းအများဆုံးအရွယ်တွေ ဖြစ်နေလို့လေ...
ချစ်တဲ့
ညီမလေး - February 3, 2010 at 2:32 PM