ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်
Monday, January 25, 2010
picture from http://media.photobucket.com/image/Happiness/courtneymkl/happiness.jpg
တစ်ခါက လူကြီးတစ်ယောက်ဟာ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့အတွက် သူ့ရဲ့သားကို ပညာရှိတစ်ဦးထံ စေလွှတ် လိုက်ပါတယ်.. လူငယ်လေးဟာလည်း စူးစမ်းလိုစိတ်ရဲ့ ဦးဆောင်မှုနဲ့ ပညာရှိကြီး ရှိတဲ့အရပ်ကို ခရီးထွက်ပါတယ်.. ပညာရှိထံ ရောက်ဖို့ လမ်းခရီးမှာ ကန္တာရကြီး တစ်ခုကို ရက်ပေါင်း ၄၀ကြာအောင် ကျော်ဖြတ်ရပါတယ်.. နောက်ဆုံးတော့ တောင်ထိပ်ကြီး တစ်ခုမှာ လှပ ခန့်ညားစွာ တည်ရှိနေတဲ့ ရဲတိုက်ကြီး တစ်ခုဆီကို ရောက်လို့ သွားပါတော့တယ်.. အဲဒီ ရဲတိုက်ကြီးဟာ ပညာရှိကြီး နေထိုင်ရာ နေရာဖြစ်ပါတယ်.
ပညာရှိကြီးကို ရှာဖွေရင်း လူငယ်လေးဟာ ခန်းမကျယ်ကြီး တစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်.. အဲဒီအခန်းထဲမှာ လူတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြပြီး လူတစ်ချို့ဟာ ခန်းမကြီးရဲ့ ထောင့်မှာ စကားဝိုင်းဖွဲ့ပြောနေကြသလို ၊တီးဝိုင်းငယ် တစ်ခုကလည်း သာယာ ငြိမ့်ညောင်းတဲ့ တေးသွားလေးများကို တီးခတ်ဖျော်ဖြေ နေပါတယ်.. စားသောက်စရာတွေ တည်ခင်းထားတဲ့ စားပွဲကြီးမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊အရသာအရှိဆုံးလို့ ထင်ရလောက်တဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ပန်းကန်ပြားများပေါ်မှာ လှပစွာ တည်ခင်းထားပါတယ်.. ပညာရှိကြီးဟာလည်း လူတစ်ဦးချင်းဆီသို့ လိုက်လံနှုတ်ဆက် နေပါတယ်.. လူငယ်လေးဟာ ပညာရှိကြီး သူ့ဆီ ရောက်လာဖို့ကို ၂နာရီလောက် ကြာအောင် စောင့်လိုက်ရပါတယ်..
ပညာရှိကြီးက လူငယ်လေး ရှင်းပြနေတဲ့ ဒီရဲတိုက်ကြီးကို လာရောက်ရခြင်း အကြောင်းရင်းကို သေချာ အာရုံစိုက်ပြီး နားထောင် နေပါတယ်… ပြီးတော့ လူငယ်လေးကိုလည်း အခု လောလောဆည်တော့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြဖို့ အချိန် မရှိသေး ကြောင်းနဲ့ ဒီရဲတိုက်ကြီးကို လှည့်လှည်ကြည့်ရှုပြီး ၂နာရီအကြာမှာ ပြန်လာဖို့ ပြောပါတယ်… “အဲဒီလို လျှောက်ကြည့်နေစဉ် အတွင်းမှာ မင်းကို လုပ်စေချင်တာ တစ်ခုရှိတယ်..” လို့ပြောပြီး ပညာရှိက လ္ဘက်ရည်ဇွန်း တစ်ဇွန်းထဲကို ဆီ အနည်းငယ် ထည့်ပြီး လူငယ်လေးကို ပေးလိုက်ပါတယ်… ပြီးတော့
“မင်း ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေတုန်း ဒီဇွန်းလေးကိုပါ ယူသွားပါ.. ဇွန်းထဲက ဆီကို လုံးဝ မဖိတ်စင် အောင်လဲ ဂရုစိုက်ပါ..” လို့ ပြောပါတယ်..
ကောင်လေးဟာ ရဲတိုက်ကြီးအတွင်း အပြင်ကို ဆင်းလိုက် တက်လိုက် နဲ့ လှေကားထစ်ပေါင်း များစွာကို ကျော်ဖြတ်ရင်း သူ့ရဲ့ အကြည့်ကိုလည်း ဆီထည့်ထားတဲ့ဇွန်းပေါ်မှာမှ တစ်ပါး အခြားဘယ်ကိုမှ အာရုံမစူးစိုက်မိ၊ မလေ့လာမိဘဲ လျှောက်သွား နေခဲ့ပါတယ်.. ပညာရှိပြောတဲ့ ၂နာရီ ပြည့်တဲ့ အချိန်မှာ သူ ရှိနေတဲ့ အခန်းထဲကို ပြန်လာခဲ့ပါတယ်..
“ကဲ ကောင်းပြီ.. မင်း အခုလိုလျှောက်ပြီး လှည့်လည် ကြည့်ရှုခဲ့ပြီဆိုတော့ ဘာတွေများ မြင်တွေ့ခဲ့လဲ.. ငါ့ထမင်းစားခန်းထဲမှာ ပြင်ဆင် ထားတဲ့ ပြင်သစ်လက်ရာ ပန်းထိုးပန်းချီရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို တွေ့ခဲ့လား၊ ပန်းဥယျာဉ်ကြီးထဲမှာ ငါ့ရဲ့ အကောင်းဆုံး ဥယျာဉ်မှူးကြီး ၁၀နှစ် ကြာအောင် လက်စွမ်းပြထားတဲ့ အလှအပကို တွေ့ခဲ့ရဲ့လား၊ ငါ့ရဲ့ စာကြည့်ခန်းထဲက ရှေးဟောင်း ပုရပိုဒ်စာတွေ တွေ့ခဲ့ရဲ့လား” လို့မေးပါတယ်..
လူငယ်လေးဟာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူဘာကိုမှ မကြည့်ခဲ့မိကြောင်းကို ၀န်ခံလိုက်ပါတယ်.. သူ့အာရုံ တစ်ခုလုံးနဲ့ အကြည့်ကို ပညာရှိကြီးက မဖိတ်စင်စေနဲ့လို့ မှာလိုက်တဲ့ ဆီဇွန်းပေါ်မှာသာ စူးစူးစိုက်စိုက် ထားရှိခဲ့မိပါတယ်..
“ ဒါဆို ပြန်သွားပြီးတော့ ငါ့ရဲတိုက်ကြီးရဲ့ ခမ်းနားလှပမှုကို သေချာ ပြန်သွားကြည့်ခဲ့. မင်းမသိတဲ့ နေရာတစ်ခုက၊ လူတစ်ယောက်ကို မင်း ယုံကြည်ဖို့ ခက်လိမ့်မယ်.. ဒီတော့ သေချာ သိအောင် လေ့လာခဲ့ပါ ” လို့ပြောလိုက်ပါတယ်..
ဒါနဲ့ဘဲ ကောင်လေးဟာ ဆီဇွန်းလေးကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့ ပညာရှိထံက ပြန်ထွက်လာခဲ့ပါတယ်.. ဒီတစ်ခေါက် မှာတော့ လူငယ်လေးဟာ နံရံနဲ့ မျက်နှာကြက်ပေါ်က အနုပညာ လက်ရာ၊ ကျယ်ဝန်း ခမ်းနားလှတဲ့ ဥယျာဉ်ကြီးရဲ့ မွေးမြ သင်းထုံနေတဲ့ပန်းပေါင်းစုံရဲ့ ရနံ့၊ ရဲတိုက်ကြီး တည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အလှအပ၊ ဖူးပွင့်ဝေစီနေတဲ့ ပန်းပွင့်ကလေးများရဲ့လှပမှု စသဖြင့် အရာရာအားလုံးကို သေချာ လေ့လာခံစားရင်း ပညာရှိထံ ပြန်လာခဲ့ပါတယ်… ပညာရှိနဲ့ တွေ့တော့ သူတွေ့ခဲ့သမျှ၊ မြင်ခဲ့ရသမျှ အရာ အားလုံးကို ပညာရှိကြီးအား ပြန်ပြောပြ ပါတယ်..
“ကဲ .. ကြည့်ခဲ့တာတွေတော့ ဟုတ်ပါပြီ.. ဒါပေမဲ့ ဘယ်မှာလဲ မင်းကို ငါထည့်ပေးလိုက်တဲ့ ဆီတွေ ဘယ်ရောက်ကုန်ပြီလဲ..”
ဒီတော့မှ လူငယ်လေးဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဇွန်းထဲက ဆီတွေကို သတိရမိပါတော့တယ်.. ဇွန်းထဲမှာ ဆီတွေဟာ တစ်စက် မှကို မကျန်ရစ် တော့ပါဘူး…
“အဲဒါဟာ ငါ မင်းကို ပေးနိုင်တဲ့ အကြံပါဘဲ… ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ကမ္ဘာလောကကြီးရဲ့ အံ့မခန်း လှပ ဆန်းကျယ်မှုတွေကို လေ့လာကြည့်ရှုရင်း လက်ထဲက ဆီဇွန်းကိုလဲ ဘယ်တော့မှ မမေ့ပါနဲ့” ဆိုတာပါဘဲ…………….
----------------------------------------------------------------------------------------------------------------------
ပညာရှိကြီး ပြောသွားတဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ အခြားတော့ မဟုတ်ပါဘူး... လူတိုင်းဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားနေတဲ့အချိန်မှာ မိမိရဲ့ အလုပ်၊ မိမိစီးပွားရေး၊ မိမိ ကိုယ်ရေးကိုယ်တာ ကိုသာ ဦးစားပေးပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိ၊ စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် အချိန်မပေးနိုင် ဖြစ်နေတတ်ကြပါတယ်.. မိမိဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကြိုးစား နေရင်းနဲ့ဘဲ စိတ်အပန်း ဖြေစရာ အချိန်လေးများ၊ ပျော်စရာ အကြောင်းအရာ လေးများကိုလည်း မိမိ ပတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်တတ်ဖို့ဘဲ ဖြစ်ပါတယ်..
အချို့လူများ ကျတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အပျော်အပါး ကိစ္စတွေမှာဘဲ အချိန်ကုန်ဆုံးလို့ နေတတ်ကြပါတယ်... ထိုကဲ့သို့ အပျော်အပါးမှာ နှစ်မြုပ် နေသူများသည် လက်ထဲက ဆီဇွန်းကို ဂရုမထား လိုက်မိတဲ့ အဖြစ်မျိုးလိုပါဘဲ.. ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မရှာဖွေမိခဲ့တဲ့ အတွက် နောက်ဆုံးမှာ ကိုယ့်လက်ထဲမှာ ဘာဆို ဘာမှ မကျန်တော့မဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ ရတတ်ကြောင်းကို သတိပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်..
ဒီတော့ ကျွန်မတို့ဟာ ပညာရှိကြီး အကြံပေးသလို ပညာသင်ကြား နေရင်းဘဲဖြစ်စေ၊ လုပ်ငန်းခွင်ထဲမှာ ၀င်ရောက် နေသည်ဘဲဖြစ်စေ၊ စီးပွားရေး နယ်ပယ်ထဲမှာဘဲ ဖြစ်စေ၊ ပျော်ရွှင်မှုနဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မျှမျှတတ ဖြစ်အောင် ရှာဖွေကြည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. အပျော်အပါးကို တရားလွန် ၀ါသနာ ကြီးသူများကလည်း အသိ တစ်ခါးချပ်လေး လှပ်ပြီးတော့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ မိမိလက်ထဲက ဆီဇွန်းလေးကို သတိထားမိ နိုင်ပါစေလို့ အကြံပြုလိုက်ပါတယ်ရှင်..
Paulo Coelho ရဲ့ secret of happiness ကို ဘာသာပြန် ဝေငှပါသည်ရှင်..........
ချော (အစိမ်းရောင်လွင်ပြင်)
12 comments:
- သိင်္ဂါကျော် said...
-
ကောင်းလိုက်တဲ့ စာလေး... သတိထားစရာပဲနော်..
ကိုယ်တော့ ဖိတ်ကျခဲ့တဲ့ ဆီတွေ ဘယ်လောက်များနေပြီလဲ မသိဘူး..။ - January 25, 2010 at 12:42 PM
- ဇီဝက (ဆေး-၂) said...
-
ကိုယ်လုပ်တဲ့အလုပ်ကို စိတ်ဝင်တစားနဲ့ အကောင်းဆုံးလုပ်တတ်တဲ့ အကျင့်ကလေးရှိရင် အလုပ်လည်း ပြီးသလို ပျော်ဖို့လည်း ကောင်းပါတယ်။
- January 25, 2010 at 12:58 PM
- ဇီဝက (ဆေး-၂) said...
-
နောက်တစ်နည်းက ကိုယ့်အလုပ်ကို အထောက်အကူပြုမဲ့ ၀ါသနာလေးတွေကို မွေးယူရင် စိတ်ဝင်စားဖို့ကောင်းတဲ့ ရလဒ်တွေ ရရှိလာမှာ ဖြစ်တဲ့အကြောင်း။ (ကိုယ်တိုင်စမ်းသပ်ပြီး)
- January 25, 2010 at 1:03 PM
- phyo said...
-
အခုချိန်ထိဆီတွေဖိတ်တာဇွန်းတ၀က်လောက်ရှိပြီ..........
- January 25, 2010 at 2:20 PM
- ကိုဇော် said...
-
မှန်တယ်ဗျာ။
ဒီလို ဆီ ဥပမာ ကျနော်တို့ ဗုဒ္ဓဘာသာ ဘုရား အလောင်းတော် ဘဝကလည်း ရှိခဲ့ဖူးတယ်။
အခုလို ဥပမာကို ကျနော်တောင်မှ စိတ်ဖိစီမှု ဆိုတာ ဘာလဲ ဆိုပြီး အရင်က ရေးဖူးသေးတယ်။ မချောနဲ့တော့ မတူပါဘူး။ ဥပမာပေးသပ်သပ်ပါ။
မချော စာကိုတော့ မဖတ်ဖူးပါ။ ကျေးဇူး...........။ - January 25, 2010 at 5:55 PM
- လင်းကြယ်ဖြူ said...
-
Work and Life ..Balance ဖြစ်တင့်တဲ့ အချက်ကလေးကို သတိထားမိအောင်ဖော်ပြပေးတဲ့ စာစုလေးအတွက် ကျေးဇူးပါ..
မှတ်သားစရာမို့ မှတ်ထား လိုက်ပါတယ်ခင်ဗျာ
ပျော်ပါစေ
*.*.* - January 25, 2010 at 8:06 PM
- သဒ္ဓါလှိုင်း said...
-
ဘ၀မှာ အရေးကြီးတဲ့ အကြောင်းလေးပါ မချောရေ...။ သတိထားစရာပါ...
ခင်တဲ့
သဒ္ဓါ - January 26, 2010 at 1:24 AM
- မကေ said...
-
ချောရေ ဆီဇွန်းကို ဂရုစိုက်နေရတာနဲ့ ဘာတွေကို ခလုတ်တိုက်မိမှန်းတောင် မသိတော့ပါဘူး။
- January 26, 2010 at 2:00 AM
- မြသွေးနီ said...
-
ကောင်းမှကောင်းချောရေ..။
အရင်အချိန်တွေကိုတော့ မပြောလိုတော့ပါဘူး။
အခုကတော့ ဆီဈေးတွေလည်း တက်နေတော့ တစ်စက်တောင် အဖိတ်ကျမခံနိုင် ဖြစ်နေရတယ် ချောရေ။ - January 26, 2010 at 2:13 AM
- nla said...
-
I learn sth from it, thanks!!!
- January 26, 2010 at 2:26 AM
- Kotunygn said...
-
U gave me a lot of Good Positive Thinking ..... Thanks so much .....
Take Care ur Health ...... - January 26, 2010 at 11:34 AM
- ညီညီထွန်း said...
-
အမ အ၇မ်းကောင်းတယ်
မောင်လေး ခံယူထားတာလေးပြောချင်ပါတယ်
လူဆိုတာ အ၇ာအားလုံးကိုသိထား၇မယ် ယေဘုယျပေါ့
အ၇ာတစ်ခုကို တစ်ဖက်ကမ်းခတ် တတ်မြောက်၇မယ်ဆိုတဲ့ ခံယူချက် မောင်လေးမှာ၇ှိတယ်
မောင်လေး နယ်ပယ်တစ်ခုထားတယ် အဲဒီနယ်ပယ်ထဲတော့ လာမယှဉ်နဲ့ပေါ့
အမ ရဲ့ ဒီစာစုလေးက မောင်လေးလက်ကိုင်ပြုထားတဲ့ ဟာလေးနဲ့ တိုက်ဆိုင်နေလို့ မောင်လေး
ဆက်လက်ကြိုးစားတော့မယ့် ----- - February 3, 2010 at 6:21 AM