အိပ်မက်လှလှ မက်ရအောင်
Wednesday, March 10, 2010
လူတစ်ယောက်ဟာ အိပ်ရေးပျက်တဲ့ညတွေ များလာမယ်ဆိုရင် သူ့ရဲ့ စွမ်းဆောင် နိုင်အားတွေ၊ ဥာဏ်ရည်ထက်မြက်မှုတွေဟာလည်း ကျဆင်းလာနိုင်ပါတယ်.. ဒါကြောင့် ကျွန်မတို့တွေရဲ့ ဘ၀မှာ နေ့စဉ် အိပ်ရေး၀၀ အိပ်စက်ခွင့်ဟာ သိပ်ကိုအရေးကြီးပါတယ်.. တစ်ချို့သော သူတွေအတွက် ညတွေမှာ အိပ်ပျော်ဖို့ကို ခက်ခက်ခဲခဲ ကြိုးစားနေ ရပါတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ရှာဖွေလေ့လာ တွေ့ရှိထား သလောက် ဝေမျှပေးလိုက်ပါတယ်... ကြိုးစားပြီး လိုက်နာကြည့်မယ် ဆိုရင် လှပတဲ့ အိပ်မက်ည လေးတွေကို ပိုင်ဆိုင်လာနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်.
၁. ညမအိပ်ခင် အစားအသောက် အနည်းငယ်ကို စားသောက်ပြီးမှာ အိပ်သင့်ပါတယ်.. ဗိုက်ဆာခြင်းဟာလည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ… ညမအိပ်ခင် နွေးနွေး ထွေးထွေး အရည်တစ်ခုခုကို သောက်သုံးခြင်းဟာ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အားပေးပါတယ်.. စပ်လွန်းသော အစာများကိုတော့ ရှောင်ကျဉ်သင့်ပါတယ်.. အလွန်အမင်း ဆာနေသော အခြေအနေ၊ ဗိုက်အရမ်းတင်းပြည့်အောင် စားသောအခြေအနေ ၂ မျိုးလုံးကို မရောက်အောင် ဆင်ခြင်သင့်ပါတယ်…
၂. မအိပ်ခင် ၂နာရီစောပြီး ရေနွေးနွေးဖြင့် ရေချိုး သင့်သည်။ ရေနွေးချိုးခြင်းအားဖြင့် ခန္ဓာကိုယ် ညောင်းညာမှု၊ စိတ်ဖိစီးမှုများမှ သက်သာစေနိုင်ပါသည်။
၃. နေ့စဉ်နေ့တိုင်း အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို တစ်ရက်နှင့်တစ်ရက် အတူတူ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားအိပ်ပါ။ အလေ့အထတစ်ခုအဖြစ် အကျင့် ရသွားပါလိမ့်မည်။ မကြာခင် မိမိကိုယ်ခန္ဓာသည် ထိုအချိန်ရောက်လျှင် အိပ်ချင်သည့်စိတ် အလိုလို ပေါ်ပေါက်လာပါလိမ့်မည်။
၎. သက်သောင့်သက်သာ အိပ်နိုင်မည့် နေရာကို ရွေးချယ် သင့်သည်။ ထူလွန်းသော မွေ့ရာ၊ ပါးလွှာသော အိပ်ရာ၊ အလွန်မြင့်သော ခေါင်းအုံးများ ကို ရှောင်သင့်ပါသည်။
၅. မိမိအိပ်မည့်နေရာကို သန့်ရှင်းသပ်ရပ်စွာ နေပျော်ချင်စဖွယ် ဖြစ်အောင်ထားပါ။ အိပ်ရာခင်း၊ ခေါင်းအုံးဖုံးတို့ကို အစဉ်သန့်ရှင်း သပ်ရပ်အောင် ဂရုစိုက်သင့်သည်။ အိပ်ခန်းနံရံများတွင် အစိမ်းရောင် များများပါသော ရှုခင်းပုံများ၊ စိတ်ကို ကြည်လင် ချမ်းမြေ့စေမည့် သာယာလှပသော သဘာဝအလှပုံများကို ဦးစားပေး ကပ်ထားသင့်ပါသည်။ အိပ်ရာကို အိပ်စက်နားနေရန် သက်သက်အဖြစ်သာ အသုံးချပါ။ တီဗီ ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို အိပ်ရာနှင့် ဝေးဝေးထားပါ။
၆. သင်အိပ်မည့်နေရာသည် တိတ်ဆိတ်ငြိမ်သက်သော၊ အလင်းရောင်နည်းသော၊ လေ၀င် လေထွက် ကောင်းမွန်သော နေရာဖြစ်သင့်ပါသည်။ လင်းထိန်နေသော မီးရောင်အစား ညအိပ်မီး ခပ်မှန်မှိန်ကိုသာ ထွန်း၍ အိပ်သင့်ပါသည်။ တောက်ပသော အလင်းရောင်သည် သင်၏ အိပ်စက်ခြင်းအား အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။
၇. နေ့ခင်းအချိန်တွင် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းကို ရှောင်သင့်ပါသည်။ ဖြစ်နိုင်လျှင် ၁၀မိနစ် ၁၅ မိနစ်ခန့်သာ အနားယူ အိပ်စက်ပါ။ နေ့ခင်း အချိန်ကြာကြာ အိပ်ထားပါက ညဘက် အိပ်ပျော်ရန် ခက်ခဲတတ်ပါသည်။
၈. မနက် အိပ်ရာမှ နိုးလျှင်နိုးချင်း အိပ်ရာမှ ချက်ခြင်းထ၍ တစ်နေ့တာ လုပ်စရာများကို စတင် လုပ်ဆောင်သင့်ပါသည်။ အိပ်ရာထဲတွင် ပျင်းရိ လှဲလျှောင်းနေခြင်းက လိုအပ်သော အိပ်စက်ချိန်ထက် ပိုမို အိပ်မိအောင် အားပေးနိုင်ပါသည်။
၉. နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို ညအိပ်ရာမ၀င်မီ ၃နာရီမှ ၆ နာရီ ထိခြား၍ လုပ်ပါ။
၁၀. ညအိပ်ရာဝင်ခါနီး စာဖတ်ခြင်း၊ တရားထိုင်ခြင်း စသော အလေ့အကျင့်တစ်ခုခုကို ပျိုးထောင်ပါ။
၁၁. စိတ်ပင်ပန်းစရာ၊ ဒေါသထွက်စရာ၊ အလုပ်ကိစ္စ စသော အကြောင်းအရာများကို ညအိပ်ရာ ၀င်ချိန်တွင် မတွေးမိအောင် ကြိုးစားပါ။
၁၂. တစ်ရေးနိုးတိုင်း နာရီကြည့်သည့်အကျင့်ကို ရှောင်ပါ။ နာရီမကြာခန ကြည့်ခြင်းသည် အိပ်ပျော်ရန် နှောင့်နှေးစေသော အကြောင်းတစ်ရား တစ်ခု ဖြစ်နိုင်ပါသည်။ နာရီကို အိပ်ရာနှင့် ဝေးရာတွင်ထားပါ။
၁၃. အခြားသူများအား ကူညီသော အကျင့်ကောင်းကို မွေးမြူပါ။ (ဥပမာ လူကြီး သူမများကို ကူညီစောင့်ရှောက်ခြင်း၊ ကလေးငယ်များ၊ အိမ်မွေး တိရိစ္ဆာန်များကို ကျွေးမွေး စောင့်ရှောက်ခြင်း၊ လူမှုရေးအဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခြင်း) ၄င်း ကိစ္စတို့သည် သင်အိပ်ရာဝင်ချိန်တွင် အပူအပင် ကင်းဝေးသော အိပ်စက်ခြင်းကို ရရှိဖို့ အထောက်အကူ ဖြစ်စေနိုင်ပါသည်။
၁၄. ညအိပ်ရာဝင်ခါနီး အရက်၊ ကဖင်းဓာတ်ပါသော အစားအသောက်၊ ကော်ဖီ လဘက်ရည် သောက်သုံးခြင်းကို ရှောင်ပါ။ အရက်ကို ရှောင်ကျဉ်ရန် လုံးဝခက်ခဲပါက သင့်တော်သော ပမာဏကို ချင့်ချိန်၍သာ သောက်သုံးသင့်ပါသည်။
၁၅. သင်းပျံ့သော မွှေးရနံ့တစ်ခုခုသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အားပေးသဖြင့် မိမိအိပ်ရာဘေးတွင် မွှေးရနံ့ ရှိစေမည့် အရာလေးများ၊ ပန်းအိုးလေးများကို ထားခြင်း သည်လည်း လှပသော အိပ်မက်ညလေးကို ပိုင်ဆိုင်ဖို့ နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်လေသည်။
လှပတဲ့ အိပ်မက်များကို ပိုင်ဆိုင်ကြပါစေရှင်…..
ချော (အစိမ်းရောင်လွင်ပြင်)
HELLO ဂျာနယ်အတွက် ရေးထားတဲ့ ဆောင်းပါးလေးပါ..
http://mmhealthylife.com/page/2 မှာလဲ တင်ထားပါတယ်...
17 comments:
- မြသွေးနီ said...
-
အိပ်မက်လှလှတွေတောင် မမက်တာကြာပြီ။
လိုက်နာကျင့်သုံးဦးမှ ချော..ရေ..။ - March 10, 2010 at 2:36 AM
- ကိုဇော် said...
-
အိပ်မက်တွေကို ကျနော်က ချစ်တော့....
လိုက်နာ ကျင့်သုံး ကြည့်ပါဦးမယ်..အမရေ.. - March 10, 2010 at 2:44 AM
- မြစ်ကျိုးအင်း said...
-
ဒီပို့စ်ကို ကျနော်နဲ့ခင်တဲ့ အမကြီး တယောက်ကို ပေးဖတ်အုံးမှ
သူလည်း တညတည မအိပ်ဘူး အပျိုကြီးမို့လို့နဲ့တူတယ် အတွေးတွေ များနေပုံရတယ်
၁၅ ချက်လုံးမှာ ၁၀ ချက်လောက် လိုက်နာနိင်ရင်တောင် မဆိုးဘူး
ပရင့်ထုတ်ပြီး အိပ်ယာ ခေါင်းရင်းမှာ ထားထားရမယ် - March 10, 2010 at 3:12 AM
- ဒဏ္ဍာရီ said...
-
အရင်တုန်းကတော့ ညည ဘလော့လည်ပြီး စာဖတ်နေရလို့ အိမ်ချိန်မမှန်ဘူး။ နောက်ပိုင်းတော့ အကျင့်လုပ်ပြီး ပြန်အိပ်ဖြစ်တာ အခုတော့ အချိန်မှန်သွားတယ် ချောရေ။ ကျန်းမာရေးအတွက် သိသင့်တဲ့ အရာတွေနဲ့ လိုက်နာသင့်တဲ့ အကျိုးရှိတဲ့ အချက်အလက်တွေပါပဲ။ ကျေးဇူးပါ။
ခင်မင်လေးစားလျှက် - March 10, 2010 at 3:31 AM
- ခေါ်န် said...
-
အမ
ညီမလေး လဲ ညည အိပ်ယာဝင်တာ အရမ်းနောက်ကျတယ်
အဲဒါကြောင့်နေမှာ ညီမလေး ရဲ့ မျက်နှာဆို အရမ်းကျတယ် ဒါပေမဲ့  ကိုယ်လုံးကျတော့ ၀တုတ်ပြဲ
နေတာပဲ အိပ်ချိန်မမှန်ဘူးလို့ ပြောရမယ်ထင်တယ်..
ကျေးဇူးပဲနော်အမ
အမ ကော လိုက်နာရမယ်နော် တခါတလေ အမ ကို ညဉ်းနက်တဲ့အချိန်မှာ လဲ တွေ့ တတ်တယ် လိုင်းပေါ်မှာ
...................ကျေးဇူးတင်လျက်...............ကြိုးစားထားနော် ........... - March 10, 2010 at 5:43 AM
- ညီညီထွန်း said...
-
အမ နည်းလမ်းကောင်းတွေပေးလို့ကျေးဇူးပါဗျာ
- March 10, 2010 at 10:09 AM
- လင်းကြယ်ဖြူ said...
-
အိပ်ချိန်မမှန်တတ်တဲ့ အကျင့်ကလေးကိုပြင်ပြီး Blogging တာကို နည်းနည်း ဆင်ခြင်ဦးမှပါပဲ...း)
ပျော်ပါစေ ခင်ဗျာ
*.*.* - March 10, 2010 at 2:11 PM
- လင်းကြယ်ဖြူ said...
-
အိပ်တာမမှန် တဲ့ အကျင့်ကို ပြင်ဖို့ Blogging တာ နည်းနည်း လျှော့ဦးမလားလို့လေ...း )
ပျော်ပါစေ
*.*.* - March 10, 2010 at 2:17 PM
- ဝက်ဝံလေး said...
-
ဟားးးး မရေ ခေါင်းဦးနဲ့ ခေါင်းနဲ့ ချလိုက်ရင် အိပ်ပျော်သွားလို့ ဘာအိမ်မက်မှ မမက်တာကြာပေါ့ ဟိ ဘီရိုရုပ်ရပါ့မီလဲ အိမ်မက်ထဲမှာ ကိုရီးမင်းသားလေးနဲ့တွေ့ချင်သေးတယ် အဟေးးးအဟေးးးးးး
- March 10, 2010 at 2:19 PM
- ကျောပိုးအိတ် said...
-
အမရေ
အိပ်နေတဲ့ ပုံလေးက ချစ်စရာလေးနော်။ မင်းသမီးတွေများ အိပ်တာတောင် လှတယ်နော်။
သမီးဆိုလေ ခေါင်းအုန်းနဲ့  ခေါင်းတောင် မထိသေးဘူး။ အိပ်ပျော်သွားပြီသိလား။
း) - March 10, 2010 at 4:35 PM
- သဒ္ဓါလှိုင်း said...
-
မချောရေ....
လိုက်နာကျင့်သုံးရမဲ့နည်းလမ်းကောင်းတွေပဲနော်..။
သဒ္ဓါလည်းတခါတလေညဘက်အိပ်မပျော်တတ်ဘူးလေ.။
အခုတော့မချောပြောလို့နည်းတွေသိသွားပြီကျေးဇူး...။
ခင်တဲ့
သဒ္ဓါ - March 10, 2010 at 6:43 PM
- mg han said...
-
အိပ်ခြင်းနင်.ပင်လယ်ရေသည်အတူတူပင်ဖြစ်သည်
- March 10, 2010 at 9:28 PM
- အင်ကြင်းသန့် said...
-
သူများဒွေဂိုကြောပီးတော့ တူကျတော့ အညဲတန်း အွန်လိုင်းပေါ်မှာချည်းပဲ...(အဲ...အဲဒီလိုပြောတဲ့သူကလည်း အမြဲတမ်း အွန်လိုင်းမှာရှိနေလို့ပေါ့နော်...ဟီးးးးးးးးးးးးးးးးးး)
- March 12, 2010 at 8:12 AM
- ကိုကိုမောင် said...
-
နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတာ အတော်လေးကြာခဲ့ပြီ။ ဆိုးတာက အအိပ်ဆတ်တာ။
အိပ်ပျော်နေတုန်း တစ်ခုခုအသံကြားရင် လန့်နိုးလာရော။ ပြီးတော့ ထပ်အိပ်လို့ မရဖြစ်သွားရော။
ဘာသံမှ မကြားရရင်တော့ အိပ်ရေးဝပါတယ်။ အသံတစ်ခုခုကြားရလို့ကတော့ သွားပြီ။ အိပ်ဆေးသောက်ရုံပေါ့။
အမပေးထားတဲ့ နည်းလမ်းလေးတွေထဲက တစ်ချို့ လုပ်ကြည့်ဦးမှထင်တယ်။ - March 12, 2010 at 10:33 AM
- missyoya said...
-
ကြိုးစားကြည့်အုံးမှ..:D
- March 12, 2010 at 8:13 PM
- Kotunygn said...
-
Thanks so much.
Beautiful ......
:D - March 13, 2010 at 2:29 AM
- ညရဲ့ကောင်းကင် said...
-
အတော်ပဲ အိပ်မပျော်တာ ကြာပြီ ...
ကျေးဇူး တအား... - March 16, 2010 at 7:10 PM