ရွှေရောင် ပြူတင်းပေါက်ကလေးများ

Saturday, March 6, 2010

 



 


 


ကောင်မလေးဟာ  ဆင်းရဲပြီး ရိုးသားအေးဆေးတဲ့ မိသားစုမှ မွေးဖွားလာသူတစ်ဦး ဖြစ်ပါတယ်.. သူမတို့ရဲ့ အိမ်ကလေးဟာ တောင်ကုန်းတစ်ခုရဲ့ အပေါ်မှာရှိပြီး သိပ်မကျယ်လှတဲ့ ခြံကလေးထဲမှာဘဲ ပြေးလွှားဆော့ကစားရင်း ကြီးပြင်းလာခဲ့ရပါတယ်.. အိမ်ကလေးရဲ့ ခြံစည်းရိုးကနေ ကျော်ကြည့် လိုက်မယ်ဆိုရင် အခြားတောင်ကုန်းလေး တစ်ခုကို လှမ်းမြင်နိုင်ပါတယ်.. အဲဒီတောင်ကုန်းလေးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်အိမ်ကတော့ ကောင်မလေးရဲ့အမြင်မှာ အင်မတန်မှ လှပခမ်းနားပြီး ရွှေရောင် ၀င်းလက် တောက်ပနေတဲ့ ပြူတင်းပေါက်လေးတွေ ရှိနေတာကို တွေ့ရပါတယ်.. အဲဒီအိမ် ပြူတင်းပေါက်လေးရဲ့ ရွှေရောင် တောက်ပနေမှုက ကောင်မလေးရဲ့ စိတ်အစဉ်ကို အမြဲ ဖမ်းစားထားနိုင်ခဲ့ပါတယ်.. ကောင်မလေးတို့ရဲ့ ရိုးရှင်းလှတဲ့  ဒီအိမ်ကလေးနဲ့စာရင် ဟိုဘက် တောင်ကုန်းပေါ်က အိမ်မျိုးမှာ နေထိုင် ကြီးပြင်းခွင့်သာ ရခဲ့မယ်ဆိုရင် ဘယ်လောက်များ ပျော်ရွှင်ကြည်နူးဖွယ်၊ စိတ်လှုပ်ရှား တက်ကြွဖွယ် ကောင်းလိုက်မှာပါလဲ လို့ အမြဲတမ်း တွေးနေမိပါတယ်…  


 


ကောင်မလေးဟာ သူ့မိခင်ဖခင်နဲ့ သူ့မိသားစုကို ချစ်ခင်တွယ်တာပေမဲ့ ဟိုဘက် တောင်ကုန်းပေါ်က အိမ်ကလေးကိုသာ တမ်းတလို့သာ နေရှာပါတယ်… အဲဒီအိမ်ကလေးဟာ  သူမအမြဲမက်နေတဲ့ အိပ်မက်လေးတစ်ခုလည်း ဖြစ်လာပါတယ်.. ထိုတောင်ကုန်းပေါ်က ရွှေရောင် ပြူတင်းလေးတွေနဲ့ အိမ်ကလေးဟာ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး နေရထိုင်ရတာ သက်တောင့်သက်သာရှိလိမ့်မယ်၊ နေပျော်ချင်စဖွယ် ရှိနေလိမ့်မယ် လို့လည်း သူမက ယုံကြည်နေပြန်ပါတယ်.. ကောင်မလေး ဟာ အချိန်အားရရင် ခြံစည်းရိုးကလေးကနေ တစ်ဘက်တောင်ကုန်းက အိမ်ကလေးကို မျှော်ငေးရင်း အချိန်ကုန်နေတတ်ခဲ့ပါတယ်..


 


 သူမဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းလာနိုင်တဲ့အရွယ်၊ စဉ်းစားဆင်ခြင်နိုင်တဲ့အရွယ် ရောက်လာတဲ့ အချိန်မှာတော့ သူမတို့ ခြံစည်းရိုးကလေးကနေ အပြင်လောကကို ထွက်ပြီး လေ့လာကြည့်လိုတဲ့ ဆန္ဒတွေ ဖြစ်လာပါပြီ….  သူမအိမ်က စက်ဘီး အဟောင်း ကလေးနဲ့အတူ သူမတို့အိမ်ရဲ့ ခြံစည်းရိုး အပြင်ဘက် တောင်အောက်က လမ်းကလေးပေါ် စက်ဘီးစီးခွင့်ပြုဖို့ မိခင်ကို အကြိမ်ကြိမ်အခါခါ တောင်းပန်ပါတယ်.. နောက်ဆုံးတော့ သူမရဲ့ မိခင်ဖြစ်သူက ကောင်မလေးရဲ့ ဆန္ဒကို လိုက်လျော ခွင့်ပြုလိုက်ပါတယ်.. အိမ်ကလေးကနေ လွတ်လပ် ပျော်ရွှင်စွာနဲ့ တောင်ကြားလမ်းလေးတစ်လျှောက် စက်ဘီးလေးစီးလို့ ထွက်လာတဲ့ ကောင်မလေးဟာ သူမသွားရမဲ့  ဦးတည်ရာကို သေချာသိနေပါတယ်.. သူမ အသွားချင်ဆုံး၊ အကြည့်ချင်ဆုံး၊ ရင်အခုန်ဆုံး နေရာလေးဖြစ်တဲ့ တစ်ဘက် တောင်ကုန်းပေါ်က အိမ်ကလေးဘဲပေါ့… ကောင်မလေးဟာ သူမ တွယ်ငြိနေတဲ့ တောင်ကုန်းထိပ်က အိမ်ကလေးရဲ့ အနီးဆုံးနေရာကို  စက်ဘီးကလေးနဲ့ မမောမပန်းနိုင် ရောက်အောင် တက်သွားနေပါတယ်..


 


ကုန်းထိပ်လေးရောက်တော့ အိမ်ကလေးရဲ့ ခြံဝင်းတံခါးပေါက်နဲ့ အနီးဆုံးနေရာမှာ စက်ဘီးကို ရပ်လိုက်ပါတယ်.… ပြီးတော့ ခြံဝင်းထိပ်ကနေပြီး အိမ်ကလေးဆီကို ဦးတည်သွားနေတဲ့ လမ်းကလေး၊ ခြံဝင်းတစ်ခုလုံး၊ နောက်ဆုံး အိမ်ကြီးတစ်ခုလုံးကို အသေးစိတ် စေ့စေ့စပ်စပ် လေ့လာကြည့်ရှုပါတော့တယ်.. ပြီးတော့ သူမ အစွဲလန်းခဲ့ဆုံး ပြူတင်းပေါက်ကလေးများပေါ့.. ဒီမှာတင်ဘဲ သူမရဲ့ ဒီအိမ်ကလေးအပေါ်ထားတဲ့  ငြိတွယ်မှုတွေ အားလုံး နိဂုံး ချုပ်သွားစေမဲ့အရာက ရွှေရောင်တောက်ပနေပြီး သိပ်ကိုထူးခြား ဆန်းပြားစွာ လှပ လွန်းပါတယ်လို့ ကောင်မလေး ထင်ခဲ့ဘူးတဲ့ ပြူတင်းပေါက်လေး… အခု လက်တွေ့ တကယ်တမ်း သူမ တွေ့နေရတာက ဘာအရောင်အဆင်းမှ မရှိဘဲ မှေးမှိန်ဖျော့တော့လို့နေတဲ့ ခပ်ညစ်ညစ် ပြူတင်းပေါက်လေးများသာ…  အဝေးကနေ လှပထယ်ဝါ တင့်တယ်ခမ်းနားပါတယ်လို့ ထင်ခဲ့တဲ့ အိမ်ကလေးဟာလည်း လူမနေတော့ဘဲ စွန့်ပစ်ထားခဲ့တာ ကြာပြီဖြစ်ပုံရတဲ့ ဘာမှထူးခြားမှုမရှိတဲ့ ခပ်ဟောင်းဟောင်း အိမ်ကလေး တစ်လုံးမျှသာ… ရွှေရောင်ပြူတင်းပေါက်လေး ဆိုတာဟာလည်း နေရောင်ခြည် ဖြာဝေလင်းပတဲ့ အချိန်မှာ ရွှေရောင်တောက်ပနေတယ်လို့ အဝေးကနေမြင်ခဲ့ရတဲ့ ကောင်မလေးရဲ့ အထင် သက်သက်မျှသာ…


 


တကယ်မရှိတဲ့ ရွှေရောင် ပြူတင်းပေါက်ကလေးအတွက် ကြေကွဲဆုံးရှုံးမှုကို ခံစားလိုက်ရတဲ့ ကောင်မလေးဟာ တကယ်တမ်းတော့ သူမရဲ့ ကာလရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကလေးတစ်ခုကို လက်လွတ်လိုက်ရခြင်းလဲ ဖြစ်ပါတယ်.. ဆုံးရှုံးသွားတဲ့ စွဲလမ်းမှုလေးအတွက် နှမြောတသစိတ် ၀မ်းနည်းကြေကွဲစိတ်တွေနဲ့ ကောင်မလေးဟာ သူ့ရဲ့စက်ဘီးလေးကို ပြန်စီးနင်းလိုက်ပြီး ထိုအိမ်ရှိရာ တောင်ကုန်းလေးထိပ်ကနေ ထွက်ခွာလာပါတော့တယ်.. စက်ဘီးလေးကို အားစိုက်နင်းနေရင်းက အတော်ကြာတော့ သူမရဲ့ခေါင်းလေးကို အသာမော့လို့ ကြည့်လိုက်တဲ့အခါ သူမတွေ့လိုက်ရတာက နေရောင်ခြည်လေးတွေဟာ သူမတို့ရဲ့ အိမ်ကလေးပေါ်ကို ရွှန်းလဲ့ဖြာကျလို့ ၀င်းဝင်း ၀ါဝါကလေး.... ပြူတင်းပေါက်လေးတွေဟာလည်း ရွှေရောင်တောက်ပလို့.. အိုး…… လှလိုက်တဲ့ ပြူတင်းပေါက်လေး.. တောင်ကြားလမ်းကလေး တစ်လျှောက်က အိမ်ကလေးတွေရဲ့ အပေါ်မှာလည်း နေခြည်လဲ့လဲ့က ၀ါရွှေလင်းမြလို့… ပြူတင်းပေါက်တွေ မှာလည်း ရွှေရောင်ဖွဖွ ရွှန်းပလို့……  လှလိုက်ပါဘိ..


 


ကောင်မလေး သဘောပေါက်ပါပြီ.. တကယ်တမ်းတော့ သူမဟာ ရွှေရောင်ပြူတင်းပေါက်လေးတွေ ရှိတဲ့အိမ်မှာ နေထိုင်ခွင့် ရနေခဲ့တာ သူမကိုယ်တိုင် ဘယ်တုန်းကမှ မသိခဲ့ပါဘူး… ခုလို မြင်သာတဲ့နေရာ ရောက်တဲ့ အခါမှသာ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာရဲ့ တန်ဖိုးနဲ့ အလှအပကို ကောင်းကောင်း မြင်တွေ့နိုင်ခွင့် ရလိုက်တာပါ… သူမရဲ့ အိမ်ကလေးဟာ ချစ်ခြင်းမေတ္တာတွေ၊ နွေးထွေးလုံခြုံခြင်းတွေ အပြည့်နဲ့ အလွန်လှပတဲ့ ရွှေရောင် ပြူတင်းပေါက်ကလေးတွေနဲ့ အိမ်ကလေးတစ်လုံးသာ ဖြစ်ပါတယ်… ဒီနေရာမှာ သူမကို ချစ်ခင်တဲ့ မိသားစုလည်းရှိနေတယ်လေ.…. အိမ်အပြန်လမ်းမှာတော့ ကောင်မလေးဟာ ကြည်လင်ရွှင်ပြခြင်း ရွှင်လန်းဝမ်းမြောက်ခြင်း အပြည့်နဲ့ စက်ဘီးကလေးကို ခပ်သွက်သွက်လေး စီးနင်းရင်းပေါ့... သူမဦးတည်ရာ အရပ်ဟာ ချစ်ခြင်းမေတ္တာနဲ့ မိသားစုဝင်တွေရဲ့ နွေးထွေးလုံခြုံခြင်းတွေ ရှိနေမဲ့ ရွှေရောင် ပြူတင်းနဲ့ ရွှေရောင်လင်းနေတဲ့ ချစ်ဖွယ်ရာ သူမရဲ့ အိမ်ကလေးတစ်လုံးသာ ဖြစ်တယ် မဟုတ်ပါလား…


 


---------------------------------------------------------------------------------------------------------------------


 


တစ်ခါတစ်လေမှာတော့ ကျွန်မတို့ဟာ ကိုယ်နေတဲ့ အိမ်ကလေးကိုကျော်ပြီး တစ်ဘက်က အိမ်ကလေးကို ကိုယ့်အိမ်ထက်ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတယ်၊ သာယာလှပတယ်လို့ ထင်တတ်ကြပါတယ်.. ဒီအိမ်ကလေးကို သွားနေဖို့လဲ စိတ်ကူးများစွာနဲ့ ရူးခဲ့ကြဖူးပါလိမ့်မယ်.. တကယ်တမ်း လက်တွေ့ သွားကြည့်တဲ့ အချိန်မှာတော့ ကိုယ်စိတ်ကူးယဉ်မိခဲ့တဲ့ အဲဒီအိမ်ဟာ နွေးထွေးတဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာမရှိ၊ စာနာထောက်ထားစိတ်ဆိုတဲ့ လုံခြုံမှုမရှိတဲ့ နေရာလေးတစ်ခု ဖြစ်နေတတ်ပါတယ်.. ဒါပေမဲ့ မလွဲသာလို့ ကိုယ့်အိမ်ကလေးကို စွန့်ခွာပြီး တစ်ဘက်အိမ်ကလေးမှာ သွားရောက် နေထိုင်ခဲ့ကြတဲ့ လူတွေများစွာလဲ ရှိပါလိမ့်မယ်.. အဲဒီအိမ်ဟာ ချစ်ခြင်းမေတ္တာတွေ စာနာထောက်ထားမှုတွေ ကင်းဝေးနေတာမှန်ပေမဲ့ အကြောင်းတရား တစ်ခုခုကြောင့် အထီးကျန်စွာ နေထိုင်ကြရသူတွေပါ.. စိတ်ထဲမှာတော့ မေတ္တာတရားတွေပြည့်ဝစွာနဲ့ နွေးထွေးလုံခြုံတဲ့ မိသားစုတွေရှိရာ ရွှေရောင်ပြူတင်း လေးတွေနဲ့  မိမိခိုနားရာ အိမ်ကလေးကို ပြန်လာချင်ကြသူတွေ မနည်း ဖြစ်ပါလိမ့်မယ်နော်... တကယ်တမ်းတော့ ကိုယ်နေထိုင်ရာ ကိုယ့်မိသားစုရှိတဲ့ အိမ်ကလေးကသာလျှင် ကိုယ့်ကို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေပေးမဲ့ ရွှေရောင်ရိပ်မြုံလေးသာ ဖြစ်တယ် မဟုတ်ပါလားရှင်.....


 


 


အိမ်နဲ့ဝေးနေသူများအားလုံး နွေးထွေးတဲ့ အိမ်ရိပ်ကို အမြန်ဆုံး ပြန်လည် ခိုလှုံနိုင်ကြပါစေလို့ ဆုမွန်ခြွေလျှက်   theacademictips.org မှ  The House with The Golden Windows ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်...


 


 


ချော (အစိမ်းရောင်လွင်ပြင်)

21 comments:

ကိုဖြိုး said...

အင်းပေါ့လေ.. ဖြစ်တတ်ပါတယ်။
ကျေးဇူးတင်ပါတယ် အမရေ။ :)

ကိုဖြိုး said...

အစိမ်းရောင် လွင်ပြင်ပေါ်မှာ.
ရွေရောင် ပြတင်းပေါက် ကလေးတွေနဲ့ ... (တနားပါတယ်..မီးချောင်းမသုံးနိုင်ဖူး..မီးသီးပဲရှိပုံရတယ်)
အင်း... မိုက်ဒလယ်..။ တွေးကြည့်ရင်တော့.. ပျော်စရာကြီးပေါ့..။
ဒါပေမဲ့ အင်တာနက် မချိတ်ထားရင်တော့... ပျင်းဆြာဂျီး... :P

ဒဏ္ဍာရီ said...

ဖတ်ရတာ ကောင်းလိုက်တာ ချောရယ်... အမတို့လည်း ဒီလိုပဲပေါ့။ ဒါပေမယ့် အိမ်လေးကို ခဏတာ စွန့်ခွါတဲ့ ရည်ရွယ်ချက်ချင်းကတော့ တူချင်မှ တူမှာပေါ့နော်။ ကိုယ့်ရဲ့ ရွှေရောင်ရိပ်မြုံလေးကိုပဲ လွမ်းနေပါတယ်။

ခင်မင်လေးစားလျှက်

ဏီလင်းညို said...

ချောရေ...
ဟုတ်တယ်...
လက်တွေ့ခံစားဖူးမှသိမှာပါပဲဗျာ....။
(ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပါပဲ...။ ထင်တတ်ကြတာ....)
ခင်မင်တဲ့
ဏီလင်းညို

ချစ်ကြည်အေး said...

ပြန်လာရင် ချောက တင်ကျွေးထားမှာလား...အစားကြီးတယ်နော်...(နောက်တာဘာ...)မပြန်လာနိုင်သေးပါဘူးချောရယ် အခြေအနေ အရပေါ့....

ြဲမသွေးနီ said...

"ံHOME SWEET HOME "
" THERE'S NO PLACE LIKE HOME "

ကိုဇော် said...

ဟုတ်တာပါပဲ...။
မြင်တတ်ဖို့ပဲ လိုပါတယ်။

ရွှေပြည်သူ said...

ဖတ်ပြီးတော့ ကိုယ့်ရဲ့ ရွှေရောင်ရိပ်မြုံကို ပိုလွမ်းသွားပါတယ် ချောရေ... စာကပေးတဲ့ အတွေးလေးကလည်း သိပ်ကိုကောင်းပါတယ်...

Kotunygn said...

Yeah ..... Very Good Post .........

ကိုလူထွေး said...

ဆုတောင်းများလည်း ပြည့်စေချင်ပါသည်ခင်ဗျား...

းဝ)

အင်ကြင်းသန့် said...

ပြန်ပြီမမရေ...၀ိုင်ဝိုင်းရဲ့ အိမ်လွမ်းသူ သီချင်းကို ပြန်နားထောင်လိုက်ဦးမယ် :(

မြစ်ကျိုးအင်း said...

ရွှေရောင်မတောက်ပရင်တောင် နွေးထွေးတဲ့ မိသားစု ရှိတဲ့အိမ်လေးကိုပဲ မက်မောပါတယ်။ ချစ်မေတ္တာက အဖိုးမဖြတ်နိင်ဘူးမဟုတ်လား။

သဒ္ဓါလှိုင်း said...

နွေးထွေးမှုရှိတဲ့အိပ်ရိပ်ကိုအရမ်းလွမ်းတာပေါ့မချော...။ ဘယ်တော့မှပြန်ရမလဲဆိုတာမသိနိုင်တဲ့သူတွေဆိုပိုလို့ခံစားရမှာပဲ...။

ခင်တဲ့
သဒ္ဓါ

phyo said...

Nice post sis.....thanks...

shwezinu said...

ကိုယ့် ရဲ့ နွေးထွေးလုံခြုံတဲ့ အိမ်ကလေးမှာ ရွှေရောင် တံခါးလေးတတ်ဆင်နိုင်ပါစေ

ခင်တဲ့
ရွှေစင်

ahphyulay said...

လူ ဆို တာက ကိုယ်နဲ့ ထိုက်လို့  ကိုယ်ရထား တဲ့  အရိပ် တစ်ခုရဲ့ 
တန်ဖိုး ကို အရိပ် အောက်ရောက်နေတုံး တော့ မသိ ပေမဲ့  အရိပ် အပြင်ထွက်ပြီး
ကာမှ ကိုယ့် အရိပ် လေးကို ပြန် တမ်းတ နေတတ်တာလေ..။

ညရဲ့ကောင်းကင် said...

သဘောပေါက်သွားပါပြီဗျာ... ကျေးဇူး အစ်မ

ပြည့်စုံ said...

အိမ်ကိုတောင် သတိရသွားပြီ...မချောရေ...
မပြန်ဖြစ်တာကြာပြီဗျ....ပြန်ချင်တယ်ဗျာ...း(

ကိုကိုမောင် said...

ဟုတ်ပါတယ် အမ။ လူတိုင်းဟာ သူများဟင်းခွက်ထဲက အသားတုံးမှ ပိုပြီးကြီးတယ်လို့ ထင်တတ်ကြပါတယ်။ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ကျေနပ်မနေတတ်ကြပါဘူး။
ဒါကလဲ သဘာဝဘဲထင်ပါတယ်။ အမှန်ဆို ဖြစ်နိုင်သလောက်နဲ့ ကျေနပ်နေတတ်ရင် ဘ၀ဆိုတာ ပျော်စရာကြီးပါ။

သန္တာ said...

မချော
ဆောင်းပါးလေးဖတ်ရတာ အိမ်ကိုတောင်သတိရသွားတယ်...
တကယ်ကိုလွမ်းတယ် အမိမြန်မာပြည်ကို ပြန်ချင်တယ်.... :waa

lannlann said...

ဒီစာလေးဖတ်လိုက်ရတော့လည်း မျက်ရည်မိုးတိမ်တွေကို ဖိတ်ခေါ်မိသလိုဖြစ်စေပါတယ်