စမ်းချောင်းလေးရဲ့ ရေစီးသံ
Sunday, February 7, 2010photo from http://www.slovenia-tourist-guide.com/images/unica_river_slovenia02.jpg
တစ်ခါက တောင်ခြေလေးတစ်ခုကနေ မြစ်ဖျားခံပြီး ကြည်လင်လှပစွာ စီးဆင်းနေတဲ့ စမ်းချောင်းလေး တစ်ခု ရှိခဲ့ပါတယ်.. စမ်းချောင်းလေးဟာ ဧမြ ကြည်လင်နေပြီးတော့ သူစီးဆင်းရာ ပတ်ဝန်းကျင် ဒေသတစ်ခုလုံးကို အကျိုးပြုနိုင်အောင် ကြိုးစားပါတယ်.. စမ်းချောင်းလေးစီးဆင်းရာ အနီးတစ်ဝိုက်မှာ လူတွေရဲ့ စိုက်ပျိုးမြေဧက ပေါင်းများစွာရှိတယ်.. အဲဒီစိုက်ပျိုးမြေ များစွာဟာ စမ်းချောင်းလေးဆီက ရေကို သွယ်ယူပြီး စိုက်ပျိုးထားတာ ဖြစ်ပါတယ်.. စမ်းချောင်းလေးရဲ့ ဘေးတစ်လျှောက်မှာတော့ အရောင်စုံ တောပန်းကလေးများ၊ လူတွေ စိုက်ပျိုးထားတဲ့ ပန်းခြံလေးများလည်း ရှိပါတယ်.. ပန်းကလေးတွေကနေ လွှင့်ပျံလာတဲ့ သင့်ပျံ့ ကြိုင်လှိုင် နေတဲ့ ရနံ့လေးတွေကလည်း စမ်းချောင်းလေးကို လှပအောင် ပံ့ပိုးပေးထားတဲ့ အရာတွေဘဲ ဖြစ်ပါတယ်… ပန်းပွင့်လေးတွေမှာ လှပစွာ ပျံဝဲရင်း တစ်နေရာမှ တစ်နေရာ၊ တစ်ပွင့်မှ တစ်ပွင့်သို့ ကူးသန်း သွားလာနေတဲ့ ပျားကလေးတွေ၊ လိပ်ပြာကလေးတွေ ၊ ပိတုန်းလေးတွေ၊ စမ်းချောင်းလေးရဲ့ သာယာလှတဲ့ရေစီးသံ လွင်လွင် ကလေးနဲ့ စိမ်းလန်း စိုပြေနေတဲ့ စိုက်ခင်းတွေ ဟာလည်း စမ်းချောင်းလေးရဲ့ လုပ်အားကို ဂုဏ်ယူစေလောက်တဲ့ အလှအပများနဲ့ အသုံးဝင် ပုံလေးတွေဘဲ ဖြစ်ပါတယ်..
စမ်းချောင်း ဖြတ်သန်းလာရာ လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ သဘာဝ တောအုပ်ကြီးထဲမှာ မှီတင်း နေထိုင်ကြတဲ့ တောသတ္တ၀ါ အားလုံးနဲ့ ကျေးရွာ၊ မြို့စတဲ့ဒေသမှာ နေတဲ့ လူတွေဟာလည်း စမ်းချောင်းလေးရဲ့ ရေကိုသာ သောက်သုံးကြပါတယ်.. တစ်ချို့ ရွာတွေကတော့ စမ်းချောင်းလေးရဲ့ ကျယ်ပြန့်တဲ့ နေရာတွေမှာ လှေကလေးနဲ့ တစ်ရွာနဲ့တစ်ရွာ သွားသွားလာလာ လုပ်ကြတဲ့အတွက် ကူးသန်း သွားလာရေးကို လည်း စမ်းချောင်းလေးဟာ အဆင်ပြေ ချောမွေ့အောင် ကူညီနိုင်ခဲ့ပါတယ်… လူတွေကလည်း စမ်းချောင်းလဲ အမြဲ စီးဆင်းနိုင်အောင်၊ သူတို့ အတွက်လည်း အကျိုးရှိအောင်၊ စမ်းချောင်းလေးက ရေလဲ အမြဲ သန့်ရှင်းနေအောင်ဆိုပြီး စမ်းချောင်းလေး စီးဆင်းရာ လမ်းကြောင်းမှာ အမှိုက်သရိုက်များ မရှိအောင်၊ ချောင်းလေးပိတ်ဆို့မှု မရှိအောင် ဂရုစိုက် ပေးကြပါ တယ်… ကျေးရွာတိုင်း၊ မြို့တိုင်းမှာလည်း စမ်းချောင်းလေးထဲ အမှိုက်သရိုက် မပစ်ချရ ဆိုပြီး စည်းကမ်းချက် တွေ ထုတ်ပြန်ထားပါတယ်.. ဒါတွေဟာ လူတွေနဲ့ စမ်းချောင်းလေးတို့ အပြန်အလှန် ထားရှိကြတဲ့ လှပတဲ့ မေတ္တာတရားပါ..
စမ်းချောင်းကလေး လှပစွာ စီးဆင်းနေတာ၊ လူတွေက စမ်းချောင်းလေးကို ကျေးဇူးတင်ကြတာ၊ လူသားတွေနဲ့ စမ်းချောင်းလေးတို့ အပြန်အလှန် အကျိုးပြုနေတာကို မနာလို ၀န်တိုပြီး မကျေမနပ်ဖြစ်နေတဲ့ တောအုပ်ကြီး ထဲက ၀ံပုလွေ တစ်ကောင်ရှိပါတယ်.. သူဟာ စမ်းချောင်းလေးကို ပျက်စီးဖို့၊ စမ်းချောင်းလေး စီးဆင်းနေတာကို ရပ်တန့်သွားအောင် အစွမ်းကုန် ကြိုးစားဖို့ ကြစည်ပါတော့တယ်.. လူတွေနဲ့နီးတဲ့ နေရာမှာ စမ်းချောင်းလေးကို နှောက်ယှက်ရင် သူ့ကို လူတွေက ရန်ရှာမှာကို သိတဲ့ ၀ံပုလွေဟာ လူသူမနီးတဲ့ တောနက်ကြီးထဲက စမ်းချောင်း လေး ဖြတ်စီးတဲ့ တစ်နေရာမှာ စမ်းချောင်းလေးကို ပျက်စီးအောင် ပြုလုပ်ဖို့ အကြံထုတ် ပါတော့တယ်…
ပထမဆုံး ၀ံပုလွေက စမ်းချောင်းလေးစီးဆင်းရာ လမ်းကို ကျောက်တုံးကြီးတွေနဲ့ ပိတ်ဆို့ဖို့ ကြံစည်ပါတယ်.. ဒီစိတ်ကူးနဲ့ ၀ံပုလွေဟာ ကျောက် တုံးကြီးတွေကို မနိုင်မနင်း သယ်ပြီး ချောင်းထဲကို ပစ်ချပါတယ်.. မသယ်နိုင်လောက်အောင်ကြီးမားတဲ့ ကျောက်တုံးတွေကိုတော့ လှိမ့်ကာ လှိမ့်ကာ သယ်ဆောင် တွန်းထုတ်လာပြီး ချောင်းထဲကို ပစ်ချပါတယ်.. တစ်နေ ကုန်တဲ့ အထိ တစ်ပင်တပန်း ကြိုးစား လုပ်ဆောင်ပါ သော်လည်း စမ်းချောင်းလေးကတော့ စီးမြဲစီးဆဲပါ. ၀ံပုလွေ ပစ်ချလိုက်တဲ့ ကျောက်တုံးကြီးတွေကို ကွေ့ဝိုက် ရစ်ပတ်ပြီးတော့ စမ်းချောင်းလေး ဟာ တိတ်ဆိတ်စွာ စီးဆင်းပါတယ်.. ၀ံပုလွေသာ ပင်ပန်းမောဟိုက်စွာနဲ့ စမ်းချောင်းရဲ့ ဘေးမှာ လျှာအလျားလိုက် ထွက်ပြီး တုံးလုံးပက်လက် ထိုင်ချလိုက်ပါတယ်.. ဒီနေ့အဖို့ စမ်းချောင်းလေးကို နှောက်ယှက်နေတာနဲ့ အစာလဲ မရှာဖြစ်၊ အချိန်လဲကုန်၊ အကျိုးလဲ မရှိ ဖြစ်ရပါတော့တယ်..
ဒီလိုနဲ့ မကျေနပ်သေးတဲ့ ၀ံပုလွေဟာ နောက်တစ်နေ့မနက်မှာ နောက်တစ်မျိုး ကြံစည်ပြန်တယ်.. ဒီတစ်ခါ ဘယ်လို ကြံစည်ပြန်သလဲဆိုတော့ ညစ်ပတ်နေတဲ့ အမှိုက်သရိုက်တွေ၊ သားကောင်တွေရဲ့ အပုတ်အသိုး၊ အရိုးအဆွေးတွေ၊ သစ်ရွက်သစ်ခက်ခြောက်၊ သစ်ကိုင်းကျိုးပဲ့တွေကို သယ်ဆောင်စုဆောင်းပြီး စမ်းချောင်းလေး ထဲကို ပစ်ချပါတယ်… ဒါမှလဲ အမှိုက်တွေ သယ်ဆောင်လာတဲ့ချောင်းဆိုပြီး လူတွေက စမ်းချောင်းလေး ကို အပြစ်တွေတင်ပြီး မသုံးတော့ဘဲ နေလိမ့်မယ်လို့ ၀ံပုလွေက ယူဆပါတယ်တဲ့.. ၀ံပုတွေဟာ တောအုပ်ကြီးထဲ နေရာအနှံ့က အမှိုက်တွေကို သယ်သွားသယ်လာနဲ့ စမ်းချောင်းလေးထဲကို တစ်ချိန်လုံး ပစ်ချနေပါတော့တယ်.. ၀ံပုလွေ ပစ်ချလိုက်တဲ့ အမှိုက်သရိုက်တွေဟာ စမ်းချောင်း လေးက သယ်ဆောင်သွားပြီး လူတွေနေတဲ့ ရွာ ကလေး အနီးကို ရောက်ရှိလို့သွားပါတယ်..
အမှိုက်တွေ အဆက်မပြတ် စီးမျှောလာတာကို မြင်တဲ့ လူတွေက “ဒီလောက်များတဲ့အမှိုက်တွေကို ဘယ်သူက စမ်းချောင်းလေးထဲ စွန့်ပစ်ပါလိမ့် စမ်းချောင်းလေးထဲ အမှိုက် မပစ်ရဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်သူက ချိုးဖောက်နေတာလဲ…. မဖြစ်ဘူး.. ဒီအတိုင်းဆို စမ်းချောင်းလဲ ညစ်ပတ်တယ်.. ဒီရေကို သောက်သုံးနေတဲ့ ငါတို့ လူသားတွေလဲ အန္တရာယ် ဖြစ်တော့မယ်.. ဒီတော့ တရားခံကို လိုက်ရှာကြစို့ရဲ့ ” ဆိုပြီး ရွာလူကြီးက ဦးဆောင်ပြီး စမ်းချောင်းလေးရဲ့ အတိုင်း အထက်ဘက်ကို ဆန်တက်လာကြပါတယ်… တောအုပ်ကြီးထဲလဲ ရောက်ရော အမှိုက်တွေကို ချောင်းထဲ ပစ်ချနေတဲ့ ၀ံပုလွေကို တန်းပြီးတွေ့ပါတော့တယ်.. ဒီတော့ ရွာသားတွေဟာ လူစုလူဝေးကြီးနဲ့ ၀ံပုလွေကို လိုက်လံ ဖမ်းဆီးပြီး ကြိုးတွေနဲ့ ချည်နှောင်ကာ ရွာကို သယ်ဆောင်လို့ သွားကြပါတာ့တယ်…
စမ်းချောင်းလေးကတော့ စီးဆင်းမြဲ စီးဆင်းလျှက်ပါ.. သူရဲ့ ရေစီးသံလွင်လွင်ကလေးနဲ့ တေးသံလေးတစ်ပုဒ်ကို သာယာနာပျော်ဖွယ် ဖြစ်အောင် ဖန်တီးရင်း လူတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ဖို့ အတွက် သူ့ကို နှောက်ယှက်ဟန့်တားသူ၊ ဖျက်လိုဖျက်ဆီး ပြုလုပ်လိုသူများကိုလည်း ဘာတုံ့ပြန်မှုမှ မပေးဘဲ သူလုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်သွားပါတယ်.. ဆက်ပြီး စီးဆင်းနေပါတယ်.. ရေဆိုတဲ့ သဘာဝဟာ ဘယ်လို အတားအဆီး ကိုဘဲ တွေ့တွေ့ ကွေ့ပတ်ပြီး သူ့လမ်းကြောင်းကို ရောက်အောင် စီးဆင်းတဲ့ သဘာဝရှိပြီးသားပါ…. နှောက်ယှက်ဟန့်တားသူ၊ ဖျက်လိုဖျက်ဆီး မကောင်းစိတ်ရှိသူများဟာလည်း နောက်ဆုံးတော့ သူ့စေတနာ အကျိုးပေးအတိုင်း ခံစားသွားရတာပါဘဲ.. နှောက်ယှက်ခံရသူ စမ်းချောင်းလေးကတော့ ဘာကိုမှ မမှုဘဲ သူ့တာဝန်သူ ကျေပြွန်အောင် စီးဆင်းနေဦးမှာပါ………………..
---------------------------------------------------------------------------------------------------------------------------
ကျွန်မတို့ရဲ့ ဘ၀မှာ စမ်းချောင်းလေး ကြုံရသလိုဘဲ တစ်ခါတစ်ရံ အနှောက်အယှက် အဟန့်အတားများ ကြုံတွေ့ခဲ့ရဖူးမှာပါနော်... ဘယ်လို အနှောက်အယှက်မျိုး၊ ဘယ်လိုအဟန့်အတားမျိုး ဖြစ်စေ၊ ရေရဲ့ သဘာဝအင်အားလိုဘဲ ကွေ့ဝိုက်ပြီး၊ ဖောက်ထွက်ပြီး မိမိလမ်းကြောင်း၊ မိမိရည်မှန်းရာ ပန်းတိုင်ကို ရောက်အောင် ဆက်လက် စီးဆင်းဖို့ နမူနာ ယူသင့်ကြပါတယ်.. ကိုယ့်ကို မကောင်းကြံသူများကို လက်တုံ့ပြန်ဖို့ မကြိုးစားဘဲ ကိုယ့်လမ်းကြောင်းသာ ကိုယ်ဖြောင့်အောင် စီးဆင်းရင်း ကိုယ်တတ်နိုင်သမျှ ကိုယ့်ဘေးဝန်းကျင်ကို အကျိုးပြုသွားမယ်၊ အလှဆင်သွားမယ်ဆိုရင် မိမိ လမ်းကြောင်းလည်း ဖြောင့်ဖြူးမှာ ဖြစ်သလို ကိုယ်နဲ့ ဆက်ဆံရတဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလဲ အကျိုးပြုနိုင်သူ အဖြစ် လူတွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရမှာပါ.. မကောင်းကြံစည်သူ မနာလိုတတ်သူများဆိုသည်မှာ နောက်ဆုံးမှာ သူ့စိတ်စေတနာ အကျိုးပေးအတိုင်း ထိုက်တန်တဲ့ ရလဒ်ကိုသာ ခံစားရမှာ ဖြစ်ကြောင်း စမ်းချောင်လေးရဲ့ ရေစီးသံကို နားထောင်ရင်း အတုယူနိုင်ကြဖို့ ဒီပုံပြင်လေးကို တင်ပြလိုက်ရပါတယ်.... ကျွန်မတို့လဲ စမ်းချောင်းလေးလို အခက်အခဲကို ဖောက်ထွက်လို့ ကိုယ့်ဘ၀ကို လမ်းကြောင်းမှန်အောင် စီးဆင်းကြရအောင်ပါရှင်...
လှပသာယာစွာ စီးဆင်းနိုင်ကြပါစေ...
ချော (အစိမ်းရောင်လွင်ပြင်)
11 comments:
- ခေမာအောင် said...
-
စမ်းချောင်းလေးရဲ့ ရေစီးသံကို လာရောက်နားထောင်သွားပါတယ်.. ဥပမာလေးကို သဘောကျမိတယ်.. လေးစားပါတယ်.. စာတွေအများကြီးရေးနိုင်ပါစေ..
- February 7, 2010 at 1:38 PM
- ကိုရင်လေး said...
-
စမ်းချောင်းလေးရဲ့စီးသံကို နာဆင်သွားပါတယ်။ စမ်းချောင်းသီကြူးသလို သီကြူးနိုင်အောင် ကြိုစားမယ်လို့ အသိလေးတစ်ဆင့်ယူပါတယ်မချော
ကျန်းမာပါစေ - February 7, 2010 at 2:35 PM
- Aung Thura said...
-
ဒီစာလေးလဲ သဘောကျစရာကောင်းပါတယ်.. အရေးအသားလေးတွေ မဆိုးပါ.. အတွေစကားလေးများကိုလဲ အားကျပါတယ်.. ဒီထက်အောင်မြင်ပါစေဗျား။
- February 7, 2010 at 4:46 PM
- kokomaung said...
-
ဟုတ်တယ်။ ကိုယ့်လမ်းကြောင်းကိုယ်မှန်မှန်ကန်ကန်သာလျောက်ရင် ဘာမှဂရုစိုက်စရာမလိုတော့ဘူး။
- February 7, 2010 at 4:59 PM
- မြသွေးနီ said...
-
စမ်းချောင်းလေးတိုင်း တသွင်သွင်စီးဆင်းနေခွင့်ရရင်
သိပ်ကောင်းမှာဘဲနော်..။ - February 8, 2010 at 2:00 AM
- မေလေးလွင် said...
-
မချောရေ.. ရေစီးသံလေးအတိုင်း ဆက်လက်စီးဆင်းပါ့မယ်..
- February 8, 2010 at 2:56 AM
- သဒ္ဓါလှိုင်း said...
-
ဟုတ်ပါရဲ့မချောရေ.. စမ်းချောင်းလေးလို ကိုယ့်အလုပ်ကိုယ် လုပ်ပြီး ရှေ့ဆက်လျှောက်ဖို့ အဓိကပါနော်..
ခင်တဲ့
သဒ္ဓါ - February 8, 2010 at 3:59 AM
- Kotunygn said...
-
We should have Positive Thinking as possible as we can do .....
- February 10, 2010 at 10:30 AM
- အင်ကြင်းသန့် said...
-
အင်း...ဒီပိုစ့်ထဲက စမ်းချောင်းလေးလို စီးကြည့်နိုင်ဖို့ကြိုးစားလိုက်ဦးမယ် မမရယ်...
ချစ်ညီမလေး - February 10, 2010 at 11:50 AM
- ညီညီထွန်း said...
-
အမ ပိုစ့် ထဲက စမ်းချောင်းလေးလိုဘဲမောင်လေးလဲ စီဆင်းကြည့်တယ်
တခါတရံမရဘူးဗျ----
မောင်လေးစီးဆင်းနိုင်အောင်ကြိုးစားကြည့်ပါ့မယ်------------- - February 11, 2010 at 3:59 AM
- ပြည့်စုံ said...
-
စိးဆင်းတတ်အောင် ကြိုးစားရပါဦးမည်။
- February 12, 2010 at 6:29 AM