အလုပ်များသူ
Saturday, February 6, 2010
picture from http://mesacam.files.wordpress.com/2008/10/the-wood-cutter.jpg
တစ်ခါက ကျေးလက်တောရွာလေးတစ်ခုမှာ အလွန်သန်မာပြီး ခွန်အားဗလနဲ့ ပြည့်စုံတဲ့ သစ်ခုတ်သမားတစ်ယောက် ရှိပါတယ်.. တစ်နေ့တော့ သစ်ကုန်သည်ကြီး တစ်ဦးဆီမှာ သူ့ကို အလုပ်ပေးဖို့ သွားတောင်းဆိုပါတယ်.. ကုန်သည်ကြီးကလည်း အလွန်ကောင်းမွန်သော လုပ်ခကို သတ်မှတ်ပေးပြီး သစ်ခုတ်သမားကို အလုပ် ပေးလိုက်ပါတယ်.. သစ်ခုတ်သမားဟာ အတိုင်းမသိ ကျေနပ်ဝမ်းမြောက်ပြီး ကုန်သည်ကြီးအတွက် အကောင်းဆုံး အလုပ်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..
သစ်ကုန်သည်ကြီးက သစ်ခုတ်သမားကို သူခုတ်ရမဲ့ သစ်တောဧရိယာကို ပြပြီး သစ်ခုတ်ရန်အတွက်လည်း အကောင်းဆုံး ပုဆိန်တစ်လက်ကို ပေးအပ်လိုက်ပါတယ်… အလုပ်စလုပ်တဲ့ ပထမဆုံးနေ့မှာ သစ်ခုတ် သမားဟာ အကောင်းဆုံး သစ်ပင် ၁၈ပင်ကို ခုတ်လှဲပြီး သူ့အလုပ်ရှင် ကုန်သည်လက်ကို အပ်နိုင်ခဲ့ပါတယ်.. ကုန်သည်ကြီးကလဲ သစ်ခုတ်သမားကို အားရ၀မ်းသာ ချီးကျူးစကားဆိုပါတယ်.. ပြီးတော့လဲ ယခုလို နှုန်းအတိုင်း ဆက်ပြီး ကြိုးစားဖို့ ပြောပါတယ်…
အလုပ်ရှင်ရဲ့ ချီးကျူးစကားကို ကြားရတဲ့ သစ်ခုတ်သမားဟာ ပိုပြီး တက်ကြွလာပါတယ်.. ဒုတိယနေ့မှာတော့ ပထမနေ့ထက် အားထည့်ပြီး သစ်လုံးတွေကို ခုတ်ပါတယ်.. သို့သော် တစ်နေ့တာ ကုန်ဆုံးချိန်မှာတော့ သစ်လုံးရေ ၁၅လုံးသာ ရပါတယ်.. ဒီတော့ သူဟာ သူလုပ်အား စိုက်ထုတ်တာ နည်းတယ်ထင်ပြီး တတိယနေ့မှာ ယခင်ထက် ပိုပြီး အားစိုက် ခုတ်ပါ သော်လည်း သစ်လုံးရေ ၁၀လုံးသာ ခုတ်နိုင်ပါတော့တယ်.. ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ သစ်လုံးရေဟာ နည်းသထက်သာ နည်းသွားပါတယ်..
အဲဒါနဲ့ သစ်ခုတ်သမားဟာ.. “ငါတော့ သစ်ခုတ်နိုင်တဲ့ ခွန်အားတွေ မရှိတော့ဘူးထင်တယ်.. ငါ့အားတွေ တစ်ဖြေးဖြေးနဲ့ ကုန်ခမ်းသွားတာဘဲ ဖြစ်ရမယ် ” လို့ သူ့ကိုယ်သူ တွေးမိပါတယ်…. ဒါနဲ့ သူ့အလုပ်ရှင် သစ်ကုန်သည်ထံ သွားပြီး တောင်းပန်စကားဆိုပါတယ်.. ပြီးတော့လဲ သူအလုပ်ကို ကြိုးစားပြီး လုပ်ပေမဲ့ အလုပ်မတွင် ဖြစ်ရတာဟာ ဘာကြောင့်လဲ ဆိုတာ သူ့ကိုယ်သူလဲ နားမလည်နိုင်ကြောင်း ပြောပါတယ်…
သူ ဒီလိုပြောတော့ သစ်ကုန်သည်ကြီးက သူ့ကို ပြန်မေးပါတယ်.. “မင်း ပုဆိန်ကို နောက်ဆုံးအကြိမ် သွေးခဲ့တာ ဘယ်တုန်းကလဲ ” တဲ့….
ဒီတော့မှ သစ်ခုတ်သမားဟာ “ပုဆိန်ကို သွေးရမယ်.. ဟုတ်လား… အိုး ကျွန်တော့မှာ အလုပ်ကို ကြိုးစားနေရတာနဲ့ ပုဆိန်ကို သွေးဖို့ လုံးလုံး အချိန်မရခဲ့ပါဘူး…” လို့ပြန်ဖြေလိုက်ပါတယ်…
---------------------------------------------------------------------------------------------------------------------------------------
ကျွန်မတို့ ကိုယ်တိုင် ဒီသစ်ခုတ်သမားလို ဖြစ်နေပါတယ်.. အလုပ်ကို လုပ်မှန်းမသိ လုပ်နေရင်း မိမိရဲ့ ကျန်းမာရေး ၊ လူမှုရေးကိစ္စများကို အချိန် မပေးနိုင် ဖြစ်နေတတ်ပါတယ်... အလုပ်ကို ကြိုးစား လုပ်နေရင်းနဲ့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်းတို့ကို စောင့်ရှောက် တတ်ရန်လည်း လိုပါသေးတယ်.. အလုပ်ကို ဘယ်လိုပင် ကြိုးစား လုပ်ဆောင်ပေမဲ့ ကျန်းမာရေးမကောင်းခဲ့ရင် အလုပ် တွင်ကျယ်မှာ မဟုတ်ပါဘူးနော်.. အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်နေပြီး ကျန်တဲ့ကိစ္စများကို အချိန်မပေးနိုင်ဘဲ နှစ်မြုပ်နေခဲ့ရင် လောကကြီးဟာ တစ်ဖြေးဖြေး ကိုယ်နဲ့ ဝေးကွာ သွားပါလိမ့်မယ်.. နည်းပညာ ပေါများလှတဲ့ဒီခေတ်ကြီးမှာ အလုပ်များလွန်းလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့ တစ်ခြား ဘာအတွက်မှ အချိန်မပေးနိုင်ခဲ့ရင် ကိုယ်က ခေတ်ရဲ့နောက်မှာ ကျန်နေခဲ့ရမှာပါ.. ဒီတော့ အလုပ်လုပ်ရင်းနဲ့ဘဲ ကိုယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ စာပေ ဗဟုသုတများ၊ ပြင်ပ ဗဟုသုတ များကိုလည်း လေ့လာဆည်းပူးဖို့ အချိန်ပေးရပါဦးမယ်.. ပြီးတော့လဲ ကိုယ် ၀ါ သနာ ပါတာလေးတွေကို လုပ်ဖို့၊ ကျန်းမာရေး ကိစ္စများကို လုပ်ဖို့လည်း အချိန် ပေးရပါဦးမယ်... ဒါတွေဟာ မိမိတို့ကိုယ်ကို ထက်မြက်အောင် သွေးနေခြင်းသာ ဖြစ်ပါတယ်... အလုပ်ကို ပိုမို အောင်မြင်စေနိုင်မဲ့၊ စွမ်းရည် အပြည့်နဲ့ လုပ်အားတွေ ထွက်လာစေမဲ့ အကောင်းဆုံး နည်းလမ်းများလဲ ဖြစ်တယ်မဟုတ်ပါလားရှင်...
inspirationalstories.com မှ Busy ကို မိမိကိုယ်ကို သတိပေးခြင်းအားဖြင့်ရော၊ စာဖတ်သူများကို ဝေငှလိုခြင်းအားဖြင့်ပါ ဘာသာ ပြန်ဆိုပါသည်။
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- မကေ said...
-
မချောရေ ပထမဆုံးလာဖတ်သွားတယ်နော်။ ရာနှုန်းပြည့် ထောက်ခံတယ်။
- February 6, 2010 at 10:34 AM
- နွေဆူးလင်္ကာ said...
-
ကျနော့်ကိုလည်း လောကကြီးက အလုပ်ပေးတယ်။ ကျနော် ပထမနေ့ ပုဆိန်သွေးတယ်။ ဒုတိယနေ့ ပုဆိန်သွေးတယ်။ တတိယနေ့ ...............
ကျနော် ခုထိ ပုဆိန်သွေးလို့ကို မပြီးသေးဘူး။ - February 6, 2010 at 11:36 AM
- ကိုဇော် said...
-
ကျနော်လည်း ပုဆိန် မသွေးဖြစ်တာ ကြာပေါ့.။
- February 6, 2010 at 1:12 PM
- Kotunygn said...
-
Very good idea post ...
u also take care ur health naw .... Don't write short stories till midnight. - February 6, 2010 at 1:30 PM
- Thant Zin said...
-
Yes, I agree with u. We have to sharp our axe. Thanks for ur reminding us.
- February 6, 2010 at 3:06 PM
- လင်းကြယ်ဖြူ said...
-
တတ်နိုင်သမျှ လူမှု၊စီးပွါး၊ပညာ ရပ်ဆိုင်ရာများကို ရတဲ့နေရာကနေ ရသလောက် ယူတတ်ရင်း
တန်ဖိုးရှိတဲ့ အချိန်များစွာကို အကျိုးရှိရှိ သုံးနိုင်အောင်..သုံးတတ်အောင် ..ညွှန်ပြထားတဲ့
စာစုလေးတစ်ခုမို့ ဖတ်ရကျိုးနပ်ပါတယ်ခင်ဗျာ...
ပျော်ပါစေ
*.*.* - February 6, 2010 at 4:48 PM
- kokomaung said...
-
ပေါက်ဆိန်သွေးရဦးမယ်။ သိပ်မထက်တော့သလို ဖြစ်နေလို့။
- February 6, 2010 at 8:43 PM
- နွေဦး said...
-
ပုဆိန်သွေးဖို့ သတိပေးတဲ့စာစုလေးအတွက် ကျေးဇူးပါနော်.. အလုပ်များလွန်းတဲ့ အခါ တကယ်ကို မေ့လျော့နေမိပါတယ်.. ဘာဘဲဖြစ်ဖြစ် ပုဆိန်သွေးဖို့ ကြိုးစားပါဦးမယ်...
- February 7, 2010 at 9:38 AM
- မြသွေးနီ said...
-
ချောရေ..
ဒီပို့စ်လေးဖတ်ပြီး ရုတ်တရက် ငါလည်း မသွေးတာကြာပါရော့လားလို့ သတိရသွားတယ်။
ကောင်းပါ့..။ - February 7, 2010 at 9:55 AM
- ssye said...
-
ဘာကိုဘယ်လို ရေးရမှန်းတောင် မသိတော့ဘူး
- February 8, 2010 at 2:05 AM
- အင်ကြင်းသန့် said...
-
မမရေ...ညီမလေးကတော့ ပုဆိန်သွေးဖို့ကို လိုအပ်နေပါတယ် ဆိုတာ သိသိကြီးနဲ့ ခုထိမသွေးဖြစ်သေးတာ...သိရက်နဲ့ မလိုက်နာတာ ပိုမိုက်တာပေါ့နော် :(
ညီမလေး - February 10, 2010 at 11:45 AM
- ညီညီထွန်း said...
-
မမရယ် မှန်လိုက်တာ မောင်လေးကြုံဖူးတယ် စာပြီးစာလုပ်နေတော့ မ၇ဘူး
အရာအားလုံး သဟဇာတဖြစ်အောင် ကျင့်ကြံလုပ်ဆောင်တတ်မှ၇တယ်ဆိုတာ
အမရေးတဲ့ ပိုစ့် လေးက သင်ခန်းစာယူလိုက်ပါ့မယ်-------------
မောင်လေးအထင်တော့ ဓါးသွေးတတ်ဖို့လည်းလိုသေးတယ်ထင်တယ်---- - February 11, 2010 at 4:07 AM
- maw maw said...
-
မချောရေ .... လာလည်တယ်နော်၊ မော်မော်လည်း ဓားသွေးလိုက်ပါအုံးမယ်။ ဖတ်စရာတွေ အများကြီးရှိလို့ ကျေးဇူးတင်တယ်နော်.....
- February 16, 2010 at 12:03 AM