အချစ်ရဲ့ လက်ဆောင်

Thursday, January 14, 2010


                                           photo from google


ဘတ်စ်ကားပေါ်က ခရီးသည်တွေက ဒုတ်ကောက် အဖြူရောင်လေးနဲ့ သတိထားပြီး ကားပေါ်ကို တက်လာတဲ့ ဆူဆန့်ကို  စာနာ သနားတဲ့ အကြည့်နဲ့ ကြည့် နေကြတယ်… ဆူဆန်ဟာ အသက် ၃၅ နှစ်အရွယ် ရှိပြီး ချောမောလှပ ဆွဲဆောင်မှုကောင်းတဲ့ မိန်းခလေးတစ်ယောက်ပါ..  သူမက  ကားမောင်းတဲ့လူကို  ပိုက်ဆံ လှမ်းပေး လိုက်ပြီး  သူ့လက်တွေနဲ့ လိုက်စမ်းရင်း ခုံနေရာလွတ်ကို ရှာဖွေပါတယ်. လူမရှိတဲ့ ထိုင်ခုံလွတ် တစ်ခုမှာ ထိုင်ချလိုက်ပြီး ကိုင်လာတဲ့လက်ဆွဲအိတ်ကို ပေါင်ပေါ် တင်လိုက်ကာ  ဒုတ်ကောက်လေး ကိုတော့  ဘေးနားမှာ ထောင်ထား  လိုက်ပါတယ်..


 


တကယ်တမ်းတော့ ဆူဆန်ဟာ မျက်စိ မမြင်ရှာသူ တစ်ယောက်ပါ… လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး  မှားယွင်းတဲ့ ဆေးကုသမှုတစ်ခုကြောင့်  မျက်စိ ၂ဘက်လုံး ကွယ်သွားတဲ့ ဘ၀ကို  ရောက်သွားခဲ့ရ ရှာပါတယ်..  အဲဒီချိန်က စလို့ သူ့ဘ၀ဟာ မဲမှောင် အေးခဲနေတဲ့ ကမ္ဘာကြီးထဲကို ပစ်ချခံလိုက် ရသလို ဖြစ်သွားခဲ့ရပြီး ဒေါသတွေ၊ ကိုယ့်ဘ၀ကို နာကျည်းမှုတွေ၊  မုန်းတီး အားငယ်မှုတွေ၊ ကိုယ့်ကိုယ်ကို ယူကြုံးမရ သနားမိတဲ့ စိတ်တွေနဲ့ ပူလောင် နေခဲ့ရပါတယ်.. နောက်ဆုံးတော့ သူ့ဘ၀၊ သူ့အနာဂတ် တစ်ခုလုံးကို ယောင်္ကျား ဖြစ်တဲ့ မတ်ခ် ကိုသာ လုံးလုံး မှီခိုအားကိုးဖို့သာ  ရှိပါတော့တယ်…


 

မတ်ခ်ဟာ လေတပ် အရာရှိတစ်ယောက် ဖြစ်ပြီး ဆူဆန့်ကိုလဲ အလွန်အမင်း ချစ်ခင်မြတ်နိုးပါတယ်…  ဆူဆန် အမြင် အာရုံ ပျောက်ကွယ်သွားတော့ မတ်ခ် က ချစ်ဇနီး ဆူဆန့်ကို စိတ်ဓာတ်အင်အား ပြန်လည် ကောင်းမွန် လာအောင်၊ ဆူဆန် အားမငယ်အောင်၊ အမှီအခို ကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် ရပ်တည် လာနိုင်အောင်၊ ဂရုတစိုက်နဲ့ အစွမ်းကုန် ကူညီ ဖေးမ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..  ဆူဆန်ရဲ့ အရင်လုပ်နေကျ အလုပ် ဟောင်းမှာ သူမ ပြန်လည် ကျန်းမာ သန်စွမ်းလာပါက သူမနဲ့ သင့်လျှော်မဲ့ အလုပ်တစ်ခုခုကို အဆင်သင့် ထားရှိပေးဖို့  သွားရောက် တောင်းဆို ပေးထားခဲ့ပါတယ်..


 


မတ်ခ်ရဲ့ ဂရုစိုက် ပြုစုယုယမှုတို့ကြောင့် ဆူဆန်ဟာ အလုပ်ပြန်လုပ်ဖို့ အထိ စိတ်ရော ကိုယ်ပါ ကြံ့ခိုင် လာပါပြီ.. ဒါပေမဲ့ အလုပ်ကို ဘယ်လိုသွားမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ.. အရင်ကတော့ သူမဟာ အလုပ်ကို ဘတ်စ်ကားနဲ့ အမြဲသွားခဲ့ပါတယ်.. ခုချိန်မှာတော့ ဘတ်စ်ကားစီးဖို့ဆိုတာ သူမ တစ်ယောက် တည်း အတွက်တော့ အတော့်ကို ထိတ်လန့် စိုးရိမ်စရာပါ…  ဒါပေမဲ့  မတ်ခ်က  သူ့ရဲ့ အလုပ်ရှိတဲ့ နေရာဟာ  ဆူဆန် အလုပ်သွားရမဲ့ နေရာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပေမဲ့  နေ့တိုင်း နေ့တိုင်း ဆူဆန့်အလုပ်ကို ကားမောင်းပြီး လိုက်ပို့ပါတယ်.. ညနေတိုင်းလဲ ပြန်လာကြိုပါတယ်.. ဆူဆန်က မတ်ခ်ရဲ့ ဂရုစိုက်မှု၊ အကာ အကွယ် ပေးမှု၊ စောင့်ရှောက် ပေးမှုတွေ အတွက် ကျေနပ်ဝမ်းမြောက်ခြင်း ပီတိတွေနဲ့ပါ…


 


နောက် မကြာခင်မှာတော့ မတ်ခ်က ဆူဆန့်ကို ဘတ်စ်ကားနဲ့ဘဲ အလုပ်ကိုသွားဖို့  တိုက်တွန်း ပါတယ်.. မတ်ခ်ရဲ့ စကားကို ကြားတော့ ဆူဆန်က ဒေါသဖြစ်မိတယ်. သူမက  မမြင်မကန်းနဲ့ ဘယ်လိုများ  အပြင်ကို တစ်ယောက်တည်း  သွားနိုင်မှာတဲ့လဲ…  ဒါကြောင့်လဲ ဆူဆန်က မတ်ခ်ကို  ခါးခါးသီးသီးနဲ့ ပြင်းထန်စွာပြောမိပါတယ်


 

“ကျွန်မက အကန်း.. အကန်းတစ်ယောက်က ဘယ်နေရာကို ဘယ်လို သွားရမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..   ရှင်က ကျွန်မကို အခုလို လုပ်ပေးရတာ တာဝန် ယူရတာ ငြီးငွေ့ပြီလား… ကျွန်မ ထင်တယ်.. ရှင် ကျွန်မကို စွန့်ပစ်ချင်နေပြီ မဟုတ်လား ”


 

ဆူဆန့်စကားကို မတ်ခ် ကြားလိုက်ရတော့ စိတ်ထိခိုက် ကြေကွဲမိတယ်.. ဒါပေမဲ့ ဘာမှမတုံ့ပြန်ပါဘူး… သူ့အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ သူသိပြီးသားပါ..           

 


သူက  မနက်ခင်းတိုင်း ဆူဆန်နဲ့ အတူတူ ဘတ်စ်ကား လိုက်စီးမဲ့အကြောင်းနဲ့၊ ညနေဆို သူ့ကားနဲ့ ပြန်လာကြိုမဲ့ အကြောင်း ကတိ ပေးပါတယ်..  ပြီးတော့လဲ ဆူဆန် တစ်ယောက်တည်း ဘတ်စ်ကား မစီးနိုင်မချင်း ဘယ်လောက်ကြာကြာ သူလိုက်ပို့ပါ့မယ် ဆိုတာပါ ဆူဆန့်ကို ကတိပေးပါတယ်.. တကယ်လဲ မတ်ခ်ဟာ သူ့ လေတပ် ယူနီဖောင်းဝတ်ပြီး  မနက်ခင်းတိုင်း ဆူဆန်နဲ့အတူတူ ဘတ်စ်ကား လိုက်စီးပေးပါတယ်….


 


မျက်စိမမြင်ရပေမဲ့  ကိုယ့်ပါတ်ဝန်းကျင်ကို  ဘယ်လို  အာရုံစူးစိုက်ရမယ်  မှတ်သားရမယ် ဆိုတာ ဆူဆန့်ကို  သင်ပြပေးပါတယ်.. အထူးသဖြင့် အကြား အာရုံကို အသုံးချတတ်ဖို့ ပြောပြပါတယ်.. အသံကို နားထောင်ပြီး သူမ ဘယ်နေရာကို ရောက်နေပြီ.. ဘယ်လို ပါတ်ဝန်းကျင်မှာ ရှိနေပြီဆိုတာကို မှန်းဆတတ်အောင် ဆုံးဖြတ် တတ်အောင် ဂရုတစိုက် ရှင်းလင်း ပြောပြပါတယ်.. ဘတ်စ်ကားစီးတဲ့ အခါမှာလည်း မတ်ခ်ဟာ ဆူဆန့်အတွက် ထိုင်စရာနေရာကို ရှာပေးပြီး လမ်း တစ်လျှောက်လုံး ကားမောင်းသူ အနောက်နားကနေ ဆူဆန့်ကို စောင့်ကြည့်နေပါတယ်..


 


အဲဒီလိုနဲ့ နောက်ဆုံးတော့ သူမတစ်ယောက်တည်း ဘတ်စ်ကားစစီးဖို့ ဆူဆန် ဆုံးဖြတ်လိုက်ပါတယ်.. တနင်္လာနေ့ မနက်ခင်းရောက်တော့   ဆူဆန်က သူမရဲ့ ယာယီ ဘတ်စ်ကား စီးဖော်၊ သူမရဲ့ ချစ်လှစွာသော ယောင်္ကျား၊ သူမရဲ့ အကောင်းဆုံး ၊ အရင်းနှီးဆုံး မိတ်ဆွေလဲဖြစ်တဲ့ မတ်ခ်ကို သိုင်းဖက်လိုက်ပြီး အိမ်မှထွက်ခင် နုတ်ဆက်စကားကို ပထမဆုံး အနေနဲ့ ပြောလိုက်ပါတယ်.. ဆူဆန့်ရဲ့ မျက်လုံးထဲမှာ တော့  သူမအပေါ် ထားတဲ့ မတ်ခ်ရဲ့ သစ္စာရှိခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ချစ်ခင် မြတ်နိုးခြင်း တို့ကြောင့် ကျေးဇူးတင် ၀မ်းမြောက်တဲ့ မျက်ရည်တွေနဲ့ ပြည့်လို့…


 


အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး…. နေ့တိုင်းနေ့တိုင်း ဆူဆန်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ခဲ့တယ်.. ဆူဆန့်ရင်ထဲမှာလည်း  ခါးသီးစိတ်၊ ၀မ်းနည်းစိတ် တွေလဲ မဖြစ်မိတော့ဘူး.. သူမ ကိုယ့်အား ကိုယ် ကိုးနိုင်ခဲ့ပြီ.. အလုပ်ကို  သူမဖာသာ သွားနိုင်ခဲ့ပြီ…


 


တင်္နလာနေ့ရဲ့ မနက်ခင်း တစ်ခုမှာ ခါတိုင်းလို ဘတ်စ်ကားစီးပြီး အလုပ်ကို ထွက်လာခဲ့တယ်..  ရုံးနားက သူမ ဆင်းနေကျ နေရာ ရောက်တော့ ကားမောင်းသူ ဦးလေးကြီးကို ပိုက်ဆံ လှမ်းပေးလိုက်ပြီး ကားပေါ်က ဆင်းဖို့ ပြင်လိုက်ပါတယ်…. အဲဒီခါမှာ ကားမောင်းသူ ဦးလေးကြီးက လှမ်းပြောတယ်…


 

“သမီးရေ.. မင်းကိုတော့ ဦးလေး အားကျ မိပါရဲ့..”

 


ဒီစကားကြားတော့ ဆူဆန် သူ့နားသူမယုံနိုင်အောင်ဖြစ်မိတယ်.. သူမကို ပြောတယ်လို့တောင် မထင်မိဘူး..  သူမလို မျက်စိမမြင်တဲ့၊ ဘ၀ကို အဆင်ပြေအောင် မနည်း ကြိုးစား နေထိုင်နေရတဲ့ လူတစ်ယောက်ကို ဘယ်လို လူကများ အားကျနိုင်မှာပါလိမ့်..  သိလိုစိတ်၊ ထူးဆန်း အံ့သြစိတ်နဲ့ ဆူဆန်က ကားမောင်းသူကို ပြန်မေးမိပါတယ်..


 

“ဘာကြောင့်များ ကျွန်မကို အားကျတယ်လို့ ပြောရတာလဲရှင်…”

ဦးလေးကြီးက ပြန်ပြောပါတယ်.. 

“သမီးကို အခုလို အမြဲတမ်း ဂရုတစိုက်နဲ့ ကာကွယ်စောင့်ရှောက်ပေး၊ ပူပန် စောင့်ကြည့်ပေးမဲ့ လူ တစ်ယောက် ရှိနေတာ၊ တွေ့မြင်နေရတာကို  သဘောကျမိလို့ပါကွယ်.”   တဲ့


 

ဦးလေးကြီးက ဘာသဘောနဲ့ပြောနေတာလဲ ဆိုတာကို ဆူဆန် နားမလည်နိုင်ဖြစ်သွားတယ်..

“ဦးလေး ဘာကိုဆိုလိုတာလဲ..”  

“အော် သမီး သတိ မထားမိဘူးလား လွန်ခဲ့တဲ့ တစ်ပတ်လောက် သမီး ကားစစီး ကတည်းက လေတပ် ယူနီဖောင်း    ၀တ်ထားတဲ့  ခန့်ခန့် ညားညား လူတစ်ယောက်က ဟိုဘက်လမ်းထောင့်မှာ ရပ်ပြီး သမီး ကားပေါ်က ဆင်းတာကို အမြဲတမ်း စောင့်ကြည့်နေခဲ့တယ်.. သမီး ကားလမ်း ကို  ဖြတ်ကူးပြီး ရုံးထဲကို  ၀င်သွားပြီ ၊ စိတ်ချရပြီ ဆိုတော့မှ  နှုတ်ဆက် အနမ်းလေး ပေးပြီး  ၊ လက်ပြပြီးမှ အဲဒီ နေရာကနေ ထွက်ခွာသွား တတ်တယ်.. ကဲ ကိုယ့်ကို  ဒီလောက် ဂရုစိုက်တဲ့လူ၊ ဒီလောက် ချစ်တဲ့သူ မင်းမှာရှိနေတာ မင်းလောက် ကံကောင်းတဲ့သူ ရှိဦးမလားကွယ်..”


 


ဒီစကားတွေ ကြားရတယ်ဆိုရင်ဘဲ ပျော်ရွှင် ကြည်နူးခြင်းကြောင့်ကျတဲ့မျက်ရည်တွေ ဆူဆန့်ပါးပြင်ပေါ် စီးကျလာခဲ့ပါတယ်.. သူမဟာ တကယ်တမ်းတော့ အပြင်မှာ မတ်ခ်ကို  မမြင်နိုင်ပေမဲ့ သူမရဲ့ဘေးမှာ  မတ်ခ်ဟာ အမြဲတမ်း ရှိနေတယ်ဆိုတာ ခံစား နားလည် နိုင်ခဲ့ရပါပြီ.. သူမ ကံကောင်းပါတယ်.. အရမ်းကို ကံကောင်းတယ်လို့ ယုံကြည်မိပါတယ်.. မတ်ခ်ဟာ သူမကို အမြင်အာရုံထက် ပိုပြီး တန်ဖိုးရှိ အစွမ်းထက်တဲ့ အချစ်ရဲ့ လက်ဆောင်လေး တစ်ခုပေးခဲ့တာပါ… အဲဒီအချစ်ရဲ့ လက်ဆောင် ဆိုတာကို ယုံကြည် လက်ခံဖို့အတွက် သူမ မမြင်နိုင်ပေမဲ့လဲ သိလိုက်နိုင်ပါပြီ.. ခံစားလို့ရပါပြီ.. ခုတော့လဲ သူမရဲ့ မဲမှောင်ပိန်းပိတ် နေတဲ့ ကမ္ဘာထဲကို  မတ်ခ် ပေးတဲ့ အချစ်လက်ဆောင်ရဲ့ ထူးခြားတဲ့ လင်းလက်မှုတွေနဲ့ ထွန်းလင်း တောက်ပလို့ နေခဲ့ပါပြီ..


 

--------------------------------------------------------------------------------------------------------------------------------------------------------------

အချစ်ဆိုတာဟာ ဘ၀အတွက် ခွန်အားတစ်မျိုးပါ.. တစ်ချို့က အချစ်ကြောင့် လမ်းပျောက်ကြတယ်.. အချို့က အချစ်ရဲ့ တွန်းအားကြောင့်ဘဲ ဘ၀မှာ တိုးတက် အောင်မြင်သွားကြတယ်.. အချစ်ကြောင့် ဘ၀ကြီးဟာ ပျော်ရွှင်စရာတွေနဲ့  နူးညံ့ လှပ လာကြတယ်… ကျွန်မတို့တွေဟာလည်း ကိုယ် ချစ်နေတဲ့သူကို  စိတ်ချမ်းသာ ပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့ ချစ်သူကောင်းတွေ ဖြစ်ကြဖို့ လိုပါတယ်.  သူစိတ်ဆင်းရဲ အားငယ်နေချိန်မှာ နှစ်သိမ့်ဖေးမပေးတဲ့သူ ၊ လမ်းပျောက်နေချိန်မှာ လမ်းပြပေးနိုင်မဲ့သူ၊ မှီခိုရာ ကင်းမဲ့နေတဲ့အချိန်မှာ အားကိုး အားထားစရာ  ဖြစ်သင့်ကြ ပါတယ်… ကိုယ်တိုင်က အချစ်ကို တန်ဖိုးထားတတ်ပြီး ကိုယ့်ချစ်သူအပေါ်မှာ လေးလေး နက်နက် မေတ္တာစစ်နဲ့ချစ်တဲ့ စိတ်ထားလေးရှိခဲ့ရင် တူညီသော တုံ့ပြန်မှုနဲ့ သင်ကိုယ်တိုင်လည်း ပျော်ရွှင် ၀မ်း မြောက်ခွင့် ရမှာပါ… အထူးသဖြင့်တော့ ယောင်္ကျားလေးများက အားနွဲ့ အားငယ် တတ်ကြတဲ့ မိမိတို့ချစ်သူ မိန်မသားများကို ညာတာ စာနာ စိတ်ကလေးများနဲ့ စောင့်ရှောက် ချစ်ခင် သွားသင့်ကြပါကြောင်း မိန်းခလေးများ ကိုယ်စား တိုက်တွန်းလိုက်ပါတယ်ရှင်………..


 


http://www.lovefatedestiny.com  မူရင်းထဲက A gift of Love  ၀တ္ထုလေးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါတယ်..


  

နှလုံးသားအစစ်နဲ့ ချစ်တတ်ကြပါစေရှင်..

 

ချော (အစိမ်းရောင်လွင်ပြင်)

0 comments: