လွတ်လပ်ရေးနေ့ အမှတ်တရ
Thursday, January 14, 2010Posted by
သစ္စာ | သစ်စာ
0 Comments
နှင်းမှုန်လေးတွေက တဖွဲဖွဲကျလို့
အေးစက်တဲ့ဆောင်းရဲ့ အဖြူရောင် ၀တ်လွှာလေးတွေပေါ့..
အလင်းရောင်ကို မမြင်တွေ့ရသေးတဲ့
ဇန်န၀ါရီလ ၄ရက်နေ့ မနက်အာရုဏ်ဦး အချိန်
အားလုံးက တုန်ခိုက်နေကြပေမဲ့ ဘယ်သူကမှ စိတ်ပျက်ညီးညူနေခြင်းမရှိဘဲ ရွှင်လန်းတက်ကြွလို့…
နိုင်ငံတော်အလံက တိုင်ထိပ်ကို ဖြေးဖြေးချင်း လွှင့်ပျံလို့တက်
စိတ်တွေမှာလဲ ဂုဏ်ယူခြင်း၊ ကျေနပ်ခြင်း၊ ၀မ်းသာပီတိဖြစ်မိခြင်းတွေနဲ့…
လက်တွေက အားရပါးရ ဒရမ်ရဲ့ မျက်နှာပြင်ပေါ်ကို စည်းချက်မှန်မှန်ကျ ရိုက်ခတ်ပြီး…
နိုင်ငံတော်သီချင်းရဲ့ တေးသွားလေးအတိုင်း အနိမ့်အမြှင့် ရစ်သမ်မှန်မှန်နဲ့
အနောက်ဖက်တန်းက ပုလွေအုပ်စုနဲ့ ကလယ်နက်ရဲ့အသံတွေကလဲ
မိုးယံအထိ လွှင့်ပျံလို့ တက်ခဲ့ပြီ…
နိုင်ငံတော်သီချင်းအပြီးမှာတော့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအတွက်
အလေးပြုတဲ့ ဗျူကယ်သံက အသည်းနှလုံးတွေက ဆွဲဆုပ်လိုက်သလို
ဝမ်းနည်း တမ်းတမိတဲ့စိတ်တွေ
လူတိုင်းရဲ့ ရင်ကို လှုပ်ခတ်လို့….
ဒီမြင်ကွင်းလေးက ကျွန်မ ခပ်ငယ်ငယ်အရွယ် ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းတက်ခဲ့တဲ့အချိန်. မြို့နယ် ဘင်ခရာတီးဝိုင်းမှာ ပါဝင်လှုပ်ရှားခဲ့စဉ်က နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ကျင်းပတဲ့ လွမ်းမောဖွယ် ဇန်န၀ါရီ မနက်ခင်းလေးကို ညွှန်းဆိုခြင်းဘဲ ဖြစ်ပါတယ်.. ခုချိန်မှာရော အဲဒီတုန်းကလိုဘဲ လွတ်လပ်ရေးနေ့ ရောက်တိုင်း အလံတင် အခမ်းအနားလေး ရှိသေးရဲ့လားဆိုတာ မသေချာတော့ပေမဲ့ (ကျွန်မ တကယ်ကို မသိရတော့ပေမဲ့) နှစ်တွေ ဘယ်လောက်ဘဲ ကြာကြာ.. အချိန်တွေ ဘယ်လောက် ပြောင်းပြောင်း ရာသီစက်ဝိုင်းတွေ ဘယ်နှပတ်ဘဲ လည်လည်… ကိုယ်တိုင် ဆင်နွဲခဲ့ဖူးတဲ့ ဆောင်းမနက်ခင်းရဲ့ နှင်းတစ်ငွေ့ငွေ့၊ ချမ်းတစ်စိမ့်စိမ့် ၊ အေးတစ်မြမြ ၊ ခံစားခဲ့ရဖူးတဲ့ ပီတိတစ်သိမ့်သိမ့်၊ ရရှိခဲ့ဖူးတဲ့ ပျော်ရွှင် စိတ်လှုပ်ရှားမှု တစ်ငြိမ့်ငြိမ့် တို့ကို. ပြန်တွေးလိုက်တိုင်း အမှတ်ရချင်စရာ၊ မမေ့အပ်စရာ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းရဲ့ အထွတ်အမြတ် လွပ်လပ်ရေးနေ့ပါ…
အဲဒီလွတ်လပ်ရေးနေ့ကို အတူတူ ဆင်နွဲခဲ့ကြတဲ့ ငယ်သူချင်းတွေ ..ခုတော့ တစ်မြို့စီ တစ်နေရာစီ တစ်ကွဲ တစ်ပြားစီ.. ပြန်မဆုံဖြစ်ခဲ့တာတောင် ကြာခဲ့ပါပြီ.. ဘယ်လိုဘဲ ဖြစ်ဖြစ် ငယ်စဉ်ကတည်းက စွဲလန်း တွယ်ငြိခဲ့ရတဲ့ လွပ်လပ်ရေးနေ့ကို မမေ့နိုင်တဲ့ မြတ်နိုးမှုတွေနဲ့ ဒီနေ့မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် လွပ်လပ်ရေးနေ့ကို သတိတရနဲ့ မြန်မာနိုင်ငံတော် အလံကို ရည်မှန်းလို့ အလေးပြုလိုက်ပါတယ်. ကျွန်မတို့ နိုင်ငံရဲ့ လွပ်လပ်ရေးကို ဆောင်ကျဉ်း ပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ မမေ့အပ်သူ အပေါင်းကိုလည်း လေးစားစွာ ဦးညွှတ် လိုက်ပါတယ်ရှင်….
၂၀၁၀ ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျရောက်သော ၆၂နှစ်မြောက် လွပ်လပ်ရေးနေ့ကို အမှတ်တရ ဂုဏ်ပြု ရေးဖွဲ့ ပါသည်…
လွပ်လပ်ရေးနေ့ကို အမှတ်ရကြပါစေရှင်….
ချော (အစိမ်းရောင်လွင်ပြင်)
Labels:
အမှတ်တရ
Subscribe to:
Post Comments (Atom)