နှစ်သိမ့်ပေးသူ
Tuesday, January 26, 2010photo from http://www.focusonthefamilytv.com/fotftv/images/familyjump.jpg
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိမ်ထောင်သက် ၁၁နှစ်အကြာမှ သားလေးတစ်ယောက် မွေးဖွားတဲ့ အိမ်ထောင် တစ်ခု ရှိပါတယ်.. အိမ်ထောင်ရှင် လင်မယားဟာ တစ်ဦးနဲ့တစ်ဦး အလွန်ဘဲ ချစ်ခင် စုံမက်ကြသလို တစ်ဦးတည်းသော သားလေးကိုလဲ ဖူးဖူးမှုတ် ချစ်ခင်ကြပါတယ်.. သားလေးဟာ သူတို့၂ယောက်အတွက် အသက်တမျှ မြတ်နိုးတွယ်တာ စရာလဲ ဖြစ်ပါတယ်..
သူတို့သားလေး ၂နှစ်အရွယ် ရောက်လာတဲ့ တစ်နေ့ မနက်ခင်းတစ်ခုမှာ လင်ယောက်ျားက အလုပ်သွားဖို့ ပြင်နေပါတယ်….. အဲလို ပြင်နေ ရင်းနဲ့ အခန်းထဲက ထွက်ခါနီးမှာ ဘီဒိုပေါ်က ပြုတ်ကျနေတဲ့ ဆေးပုလင်း တစ်လုံးကို ကြမ်းပြင်ပေါ်မှာ အဖုံး ဖွင့်ရက်သားလေး ဖြစ်နေတာ တွေ့လိုက်ပါတယ်.. သူက အလုပ် နောက်ကျနေပြီ ဖြစ်တဲ့အတွက် အလျှင်စလို သုတ်သီးသုတ်ပြာ ဖြစ်နေတာကြောင့် အိမ်ရှင်မ ဖြစ်သူကို “မိန်းမရေ… အခန်းထဲမှာ ဆေးပုလင်းတစ်လုံး အောက်ကျပြီး အဖုံးပွင့်နေတယ်… ပြန်ကောက်ပြီး ဗီဒိုပေါ် တင်ထားလိုက်ဦးနော်..” လို့ပြောပြီး အလုပ်ကို ထွက်သွားပါတယ်..
အိမ်ရှင်မ ဖြစ်သူမှာလည်း မီးဖိုထဲမှာ ထမင်းဟင်း ချက်ပြုတ်နေရင်း ဆေးပုလင်းကိစ္စကို လုံးဝ မေ့လျှော့ သွားပါတယ်… သူမရဲ့ သားလေး ၂နှစ်အရွယ် ကလေးငယ်ဟာ လျှောက်ဆော့နေရင်း ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အဖုံးပွင့် ဆေးပုလင်းကို မြင်တော့ ကောက်ယူပြီး ဆော့ကစားနေပါတယ်.. နောက်တော့ ပုလင်းထဲက ထွက်ကျလာတဲ့ အရောင်စုံ ဆေးလုံးလေးတွေ မြင်တဲ့အခါ ကလေးငယ်ဟာ အားလုံးကို ကုန်အောင် ကောက်စား နေပါတော့တယ်.. အမှန်တော့ ထိုဆေးဟာ လူကြီးများသော်မှ များများသောက်ပါက အန္တရာယ်ဖြစ်စေနိုင်သော ဆေးမျိုးပါ.. ခုလိုငယ်ရွယ်တဲ့ ကလေး တစ်ယောက် အတွက် ဆေး တစ်ပုလင်းလုံး ဆိုတဲ့ အတိုင်းအတာဟာ အဆိပ် အတောက် ဖြစ်နိုင် လောက်တဲ့ ပမာဏ ဖြစ်ပါတယ်..
မကြာခင်မှာ ကလေးငယ်ဟာ လူးလိမ့်အော့အံ ပြီး ကြမ်းပြင်ပေါ် လဲကျနေပါတယ်.. အိမ်ရှင်မ ဖြစ်သူဟာ ထမင်းချက်ရင်း သတိရလို့ အခန်းထဲကို ကဗျာကယာ ပြေးသွားကြည့်တဲ့ အခါ ကလေးနဲ့ ဆေးပုလင်းကို မြင်တွေ့လိုက်ရတာနဲ့ အခြေအနေကို သဘောပေါက် သွားပြီး ကလေးကို ဆေးရုံသို့ ချက်ခြင်း ခေါ်ဆောင်သွားသော်လည်း ဆေးရုံအရောက်မှ ကလေးငယ်ဟာ သေဆုံးသွားပါပြီ… မိခင်ဖြစ်သူမှာ အရူးတစ်ပိုင်း ခံစား နေရပြီး၊ သူမရဲ့ မေ့လျှော့မှု အတွက်လည်း ယူကြုံးမရ ဖြစ်နေရပါတယ်.. သူ့ယောက်ျားကို မျက်နှာချင်း ဆိုင်ဖို့ အတွက်လည်း ထိတ်လန့် တုန်လှုပ် နေမိပါတယ်.. ယောက်ျားဖြစ်သူဟာ အိမ်မှ မထွက်မီ ဆေးပုလင်းအကြောင်း သတိပေး သွားပါရက်နဲ့ မေ့လျှော့ သွားမိတဲ့ သူမကို ယောက်ျားဖြစ်သူက ဘယ်လို အပြစ်တင်စကားတွေ ပြောမယ်ဆိုတာ တွေးကြည့် လို့တောင် မရနိုင်အောင် ဖြစ်နေမိပါတယ်…
မကြာခင်မှာ လင်ယောက်ျား ဖြစ်သူဟာ စိုးရိမ်သောက ရောက်နေတဲ့ မျက်နှာနဲ့ ဆေးရုံကို မောကြီးပန်းကြီး ရောက်လို့လာပါတယ်… ကလေးရဲ့ အလောင်းကိုလဲ တွေ့ရော မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်ပါတယ်.. ပြီးတော့ စကားတစ်ခွန်းကို လှမ်းပြောလိုက်ပါတယ်…
စာဖတ်သူများ စဉ်းစားကြည့်ပါနော်… ယောက်ျားလုပ်သူက မိန်းမကို လှမ်းပြောလိုက်တဲ့ စကားက ဘာများ ဖြစ်မယ်လို့ ထင်ပါသလဲရှင်?
ယောက်ျားက မိန်းမ ဖြစ်သူကို လှမ်းပြောလိုက်တဲ့ စကားက မင်းကို ငါ ချစ်ပါတယ် မိန်းမရယ်. တဲ့
ယောင်္ကျားဖြစ်သူဟာ အသက် ပြန်မရှင်နိုင်တော့မဲ့ ကလေးအတွက် မိခင်ဖြစ်သူကို အပြစ်တင်နေလဲ အလကားဘဲ ဆိုတာ သဘောပေါက် နားလည်နိုင်သူ ဖြစ်ပါတယ်.. ဖြစ်သွားတဲ့ ကိစ္စမှာ မိခင်ဖြစ်သူမှာသာ အပြစ်ရှိတာ မဟုတ်ပါဘူး.. သူကိုယ်တိုင်လည်း အိမ်ကမထွက်မီ အချိန် အနည်းငယ်လေး ပေးလိုက်ပြီး ဆေးပုလင်းကို ကောက်သိမ်းလိုက်ပါက ယခုလို ကိစ္စမျိုး ဖြစ်လာ စရာ မရှိနိုင်ပါ… ယခုအချိန်မှ မိခင်ဖြစ်သူကို အပြစ်တင် လွှဲချနေလို့လဲ အကျိုးမရှိနိုင်တော့ဘူးဆိုတာကို သဘောပေါက်ပါတယ်.... ပြီးတော့ မိခင်ကိုယ်တိုင်ကလည်း သူမအချစ်ဆုံးသော သားလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်.. ယခုအချိန်မှာ သူမအတွက် လိုအပ်နေတာက လင်ယောက်ျားရဲ့ ပြစ်တင်ကြိမ်းမောင်းမှု၊ အော်ဟစ်ဆဲဆိုမှု မဟုတ်ဘဲ နှစ်သိမ့်ဖေးမမှု၊ စာနာ ထောက်ထားမှုကို လိုအပ်နေချိန် ဖြစ်ပါတယ်.. လင်ယောက်ျားဖြစ်သူဟာ မိန်းမဖြစ်သူကို သူမ လိုအပ်နေတဲ့ အရာလေးတွေကို ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်..
-----------------------------------------------------------------------------------------------------------------
တစ်ခါတစ်လေမှာ ကျွန်မတို့တွေဟာ လုပ်ငန်းခွင်မှာ၊ လူမှု ဆက်ဆံရေး နယ်ပယ်မှာ၊ ကိုယ့်မိသားစု အသိုင်း အ၀ိုင်း ထဲမှာ ပြဿနာ တစ်ခုခုနဲ့ ကြုံတဲ့ အခါ တစ်ဦးနဲ့ တစ်ဦး အပြစ်တင်ရင်း၊ စောဒက တက်ရင်း အချိန် ကုန်ဆုံးနေတတ်ကြပါတယ်.. နွေးထွေးစွာ၊ စာနာ နားလည်စိတ်နဲ့ ဖေးမကူညီသင့်တဲ့ အချက်လေးကို မေ့လျှော့လို့ နေတတ်ကြပါတယ်.. ဖြစ်လာတဲ့ ပြဿနာကို တစ်ဦးအပေါ်တစ်ဦး အပြစ်တင် လွှဲချနေမဲ့ အစား ဆွေးနွေး အဖြေရှာပြီး၊ ၀ိုင်းဝန်းဖြေရှင်း သင့်ပါတယ်.. နာကျင်ဆုံးရှုံးနေတဲ့ လူတစ်ယောက်ကို မိမိရဲ့ စကားနဲ့ နောက်တစ်ကြိမ် ထပ်မံ မနာကျင်စေသင့်ပါဘူး.. ဖြစ်ပြီးသွားတဲ့ ကိစ္စ တစ်ခုဟာလည်း အပြစ်တင်နေယုံနဲ့ ပြန်ကောင်းမလာနိုင် တော့ပါဘူး
စာမေးပွဲကျလို့၊ တစ်ခုခု မအောင်မြင်လို့၊ အမှားတစ်ခုခုကို လုပ်မိလို့ ဆုံးရှုံး ထိခိုက်နေတဲ့ လူတစ်ယောက်ကို စာမကျက်လို့၊ မကြိုးစားလို့၊ အသုံးမကျလို့ စသဖြင့် အပြစ်တင်နေမဲ့အစား ဒီတစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားလို့ ရပါသေးတယ်.. အားမငယ်ပါနဲ့၊ စိတ်မပျက်ပါနဲ့ စသဖြင့် စကားလေးများနဲ့ နွေးထွေးတဲ့ နှစ်သိမ့်မှုလေး ပေးကြမယ်ဆိုရင်ဖြင့် ကျရှုံးတဲ့သူဟာ နောက်တစ်ကြိမ် ပြန်ကြိုးစားချင်စိတ်တွေ ဖြစ်လာနိုင်ပါတယ်... သူ့ရဲ့ ဆုံးရှုံးမှု အတွက်လည်း တစ်စုံ တစ်ယောက်ရဲ့ အားပေးနှစ်သိမ့်မှုကြောင့် စိတ်ဓာတ်ကျ အားငယ်ခြင်းကနေ ပြန်လည် သက်သာရာ ရနိုင်ပါတယ်... စိတ်ထိခိုက် အားငယ်နေတဲ့ အချိန်မှာ ရလိုက်တဲ့ အားပေး နှစ်သိမ့်မှုလေးဟာ ပေးရတဲ့ သူအတွက် ဘာမှ အပန်းမကြီးပေမဲ့ ရလိုက်တဲ့ သူအတွက်တော့ တန်ဖိုးကြီးလှပါတယ်.. အစွမ်းထက်လှပါတယ်.. ဒါကြောင့်လဲ ကျွန်မတို့ဟာ ထိခိုက် ဆုံးရှုံးသူများကို အပြစ်တင် ဝေဖန်ခြင်း လုပ်မဲ့အစား နွေးထွေးစွာ နှစ်သိမ့်တတ်သူများ ဖြစ်အောင် ကြိုးစားသင့်ကြ ပါတယ်နော်....
http://www.lovefatedestiny.com မှ A Couple's Heartbreak ကို ဘာသာပြန်ပါသည်...
ချော (အစိမ်းရောင်လွင်ပြင်)
11 comments:
- phyo said...
-
Hey dun forget the one who console ya everytime........ :) :) :)
- January 27, 2010 at 1:11 AM
- ကိုဇော် said...
-
ဟုတ်တယ်လေ။
ဒီလို အချိန်မှာ ဒီလို အပြစ်တင်နေရမဲ့ အချိန်မှ မဟုတ်တာ.။
သို့သော် လူတွေက သတိမထားမိတတ်ကြဘူး။
ကောင်းတယ်ဗျာ။ - January 27, 2010 at 1:28 AM
- လင်းကြယ်ဖြူ said...
-
ဟုတ်တယ်နော်...
- January 27, 2010 at 7:26 AM
- မြသွေးနီ said...
-
ချောရေ...ဆင်ခြင်သင့်ပါတယ်။
ဘာမဆို သတိတရားလေးလက်ကိုင်ထားပြီး
လုပ်ကြမယ်.. ပြောကြမယ်ဆို
အကောင်းဆုံးပါဘဲနော်..။ - January 27, 2010 at 2:22 PM
- nailinn said...
-
This story give me something lessons. Thanks so much.
- January 27, 2010 at 8:47 PM
- ယွန်း said...
-
ချောရေ..
ယွန်းက 10တန်းကျတော့ မေမေဆူလို့ အိမ်ကနေ ထွက်ပြေးဖို့ လုပ်ခဲ့ဖူးတယ်.. အဲဒီတုန်းကသာ ဒီစာလေးတွေ့မိရင် မေမေ့ကို ပြမိမှာ - January 27, 2010 at 8:49 PM
- ဏီလင်းညို said...
-
ချောရေ....
ဟုတ်ပါတယ်ဗျာ....။
အားပေးနှစ်သိမ့်လို့ ဆိုးဆိုးဝါးဝါးတွေဖြစ်မလာနိုင်ပဲ.... ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှသာ ပြန်ပြင်မရနိုင်တဲ့ ကျရှုံးမှုတွေကိုရင်ဆိုင်ကြရတတ်တာမျိုးပါဗျာနော်....။
ဖတ်ရတာ ကျေးဇူးဗျ...း)
ခင်မင်တတ်တဲ့
ဏီလင်းညို - January 27, 2010 at 9:00 PM
- ဇီဝက (ဆေး-၂) said...
-
အပြစ်တင်မှာပဲ...မရဘူး.. တင်ကိုတင်ရမှ ကျေနပ်မှာ။ တစ်ခုခုဖြစ်ရင် လူအများစုရဲ့ ခေါင်းထဲမှာ အဲဒီလို အရင်ပေါ်လာတတ်တယ်။ အပြစ်တင်တယ်ဆိုတာ လူတစ်ယောက်အတွက် မွေးရာပါ ပါလာတဲ့ self defense တစ်မျိုးဆိုရင် မမှားပါဘူး။ ဥပမာ။ ။မိဘတစ်ယောက်က စာမေးပွဲကျတဲ့သားကို နှစ်ပြားမတန်အောင် ပြောတယ်ဆိုတာက သူ့အမှားကို လူမသိအောင် ဖုံးတာနဲ့ အတူတူပဲ။ လုပ်ငန်းခွင်မှာလည်းဒီလိုပဲ။ အလုပ်မအောင်မြင်ရင် အထက်လူကြီးတွေက အောက်က ၀န်ထမ်းတွေ အသုံးမကျလို့ လို့ အကြောင်းပြတတ်ကြတယ်။ အမှန်က သူ့ရဲ့ ခေါင်းဆောင်မှု လိုအပ်တာလဲ ပါမှာပေါ့။ သူတပါးကို အပြစ်တင်လိုက်ရင် ကိုယ့်ကိုကိုယ် အပြစ်မရှိဘူးလို့ စိတ်က အလိုလို ယူဆလိုက်တယ်။ စိတ်ရှင်းသွားတယ်ပေါ့။ လူတွေက ကိုယ့်ရဲ့စိတ်ကို ကာကွယ်ဖို့အတွက် သူတပါးကို အပြစ်တင်ခြင်းကို အသုံးပြုကြတယ်။ ဒါကို ၉၉ ရာခိုင်နှုန်းသော လူတွေက သိပ်မသိကြဘူး။ ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူးထင်တယ်။ သတိနဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းအား အပေါ်မူတည်လိမ့်မယ်။
- January 27, 2010 at 10:38 PM
- ညီညီထွန်း said...
-
အမ အ၇မ်းကောင်းပါတယ် ကျွန်တော်လာအားပေးတယ်နော်
- February 2, 2010 at 7:09 PM
- kokomaung said...
-
အတုယူစရာ အရမ်းကောင်းတဲ့ ပို့စ်လေးပါ။
- February 9, 2010 at 1:38 PM
- soe moe said...
-
အရမ်းကောင်းပါတယ် ။ လူကြီးတွေသာအဲဒီလိုသဘောထားနိုင်ရင်အတိုင်းထက်အလွန်ပေါ့
- March 3, 2010 at 10:04 PM