အမည်မဲ့ ပိတောက်ပန်းလေးများ…

Thursday, April 1, 2010


 


 


သူမနံမည်က ဧပရယ်..


 


သူမကို မွေးဖွားသည့် လကလည်း ပိတောက်ပန်းလေးများ ၀ါထိန်နေအောင် ကြိုင်သင်းစွာ လန်းရွှင်ပွင့်ဝေတတ်သော ဧပရယ်လပင် ဖြစ်သည်။ ထိုဧပရယ်လသည် မြန်မာတို့၏ ပျော်စရာ အကောင်း ဆုံးသော အတာသင်္ကြန်ပွဲကို ဆင်ယင်ကျင်းပလေ့ရှိသော လလည်း ဖြစ်သည်ပဲလေ။ သူမမေမေ သက်ရှိထင်ရှား ရှိစဉ်က  တသသနှင့် အမြဲတမ်း ပြန်ပြောင်း ပြောပြတတ်သည်မှာ သူမကို မွေးသည့် အချိန်တွင် အိမ်ရှေ့ခြံထောင့်က  အရွက်ဖားဖားနှင့်ထီးထီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသော ပိတောက်ပင်ကြီးမှ ပိတောက်ပန်းများသည် ပင်လုံးကျွတ်မျှ ၀င်းဝါ ပြွတ်ခဲနေအောင် ပွင့်သည်တဲ့လေ..  တစ်ခြံလုံးလည်း ပိတောက်ရနံ့က မွှေးကြိုင် ချိုမြ သင်းထုံလို့၊ ပိတောက်ပင်ကြီး ပေါ်တွင်လည်း ပျားနှင့်ပိတုန်းတို့က လှုပ်ရှားသွားလာ ပျံဝဲလျှက် မြူးတူးနေကြသည်တဲ့.. မေမေ့အပြောကို မျက်စိထဲ မြင်ယောင်ရင်း သူမမွေးသည့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ပင်လုံးကျွတ်အောင် ပွင့်ဝေပေးသော ပိတောင်ပင်ကြီးကို သူမရင်ထဲက နှစ်နှစ်သက်သက် တွယ်တာမိသလို ပိတောက်ပန်းကလေးများကိုလည်း မြတ်မြတ်နိုးနိုး စွဲလမ်းမိလေသည်။ ပိတောက်ပန်းတို့ရဲ့ သင်းပျံ့ကြိုင်လှိုင်တဲ့ ရနံ့လေးကိုလည်း ဘာနဲ့မှ မတူအောင် ချစ်ခင်မက်မောမိသည်လေ။


 


သူမအရွယ်ရောက်လို့ ချစ်သူရလာသည့်အခါ သူမကို အလွန်ချစ်ခင်မြတ်နိုးသူနှင့် ဖူးစာဆုံရသည်။ သူမတို့ လက်ထပ်သည့်ရက်ကလဲ မှတ်မှတ်ရရ ဧပရယ် ၁ရက်နေ့.. ထိုနေ့က ပိတောက်ပန်းတွေ ပွင့်ဝေမနေပေမဲ့ ပိတောက်ပွင့်ချိန်ရောက်တိုင်းတော့ သူမချစ်သူက သူမနှစ်သက်သော ပိတောက်ပန်းကလေးများကို မပျက်မကွက် လက်ဆောင် ပေးလေ့ရှိတတ်သည်။ အဖိုးမတန်သော ပိတောက်ပန်းဖြစ်ပေမဲ့ သူမကတော့ အခြားသော ပန်းတွေအားလုံးထက် ပိတောက်ပန်း ကိုမှသာ မက်မောတတ်သူလေ..  ပိတောက်ပန်း ပွင့်သည့် ရက်များဆိုလျှင် သူမတို့အိမ် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ဧည့်ခန်းတွင် ထားသော ပန်းအိုးများ၊ သူမတို့ အိပ်ခန်းတွင်းရှိ အလှပန်းအိုးများ အားလုံး အားလုံးသည် ပိတောက်ပန်းများနှင့်သာ ပြည့်လျှံနေတော့သည်။ တစ်အိမ်လုံးလည်း စိတ်ကြည်နူးဖွယ် ကောင်းလောက်အောင် သင်းပျံ့ပျံ့ ပိတောက်ရနံ့တို့ကသာ မွှေးမြ ထုံရီနေပေတော့သည်။ နောက်ရက်များတွင် အပွင့်များအားလုံးလိုလို ကြွေကျကုန်ပြီး ညှိုးနွမ်းနေသော ပန်းအိုးတိုင်းကို ပန်းအသစ်များ ပြန်လဲရ၊ ပွင့်ကြွေများကို ရှင်းရလင်းရနှင့် အလုပ်များသော်လည်း တစ်နေ့တာ ရရှိလိုက်သော စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် သူမ ကျေနပ်ပါသည်။ သူမခင်ပွန်းသည်လည်း ပိတောက်ပန်းပွင့်ကြွေများဖြင့် အိမ်တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့သော်လည်း မည်သည့်အခါမှ ငြူစူအပြစ်တင်ခြင်း မရှိခဲ့ပါ။ နှစ်စဉ်နှစ်တိုင်း ပိတောက်ပန်းလက်ဆောင် ပေးမြဲသာ ဖြစ်သည်။ သူမခင်ပွန်းသည် သူမကို အချိန်တိုင်း ချစ်ခင်မြတ်နိုးခြင်းဖြင့်သာ အလိုလိုက် အလျှော့ပေးတတ်သော အကောင်းဆုံး ဘ၀ကြင်ဖော်တစ်ဦး ဖြစ်ခဲ့လေသည်။


 


သူမတို့ ၂ယောက်၏ မင်္ဂလာနှစ်ပတ်လည် ၁၅နှစ်ပြည့်ကို မှတ်မှတ်ရရ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြသည်။ ဇိဝိတသံဃ ဆေးရုံတွင် အလှူငွေ ထည့်ဝင်ကြသည်။ ညဦးပိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ချို့အား သူမတို့ခြံဝင်းထဲက မြက်ခင်းပြင်ကြီးပေါ်တွင် ညစာစားပွဲလေးနှင့် ဧည့်ခံဖြစ်ခဲ့ကြသည်။ နှစ်ပတ်လည်ကျင်းပပြီး တစ်ပတ်အကြာတွင်တော့ သူမချစ်လှစွာသော ခင်ပွန်းသည် အလုပ်တာဝန်ဖြင့် မန္တလေးမြို့သို့အသွား တောင်ငူမြို့အလွန်မှာ သူမောင်းသောကားနှင့် တစ်ဘက်က ကုန်တင်ကားကြီးတစ်စီးတို့ တိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့လေသည်။ တိုက်ဆိုင်မှုတစ်ခုက သူမခင်ပွန်း ကွယ်လွန်ပြီး ၁လအကြာတွင် နှစ်ပေါင်းရှည်ကြာ ရှိခဲ့သော၊ နှစ်စဉ် အပွင့်တွေ၊ ရနံ့တွေဖြင့် ဝေဆာ မွှေးမြခဲ့သော  သူမတို့ အိမ်ရှေ့မှ ပိတောက်ပင်ကြီးသည် ပြင်းထန်သော လေတိုက်ခတ် မှုကြောင့်  ခါးလည်မှ ကျိုးကျသွားခဲ့သဖြင့် အမြစ်ပါတူးပစ်ကာ စွန့်ပစ်လိုက်ရလေသည်။ ထိုနေ့တွင် သူမခင်ပွန်းဆုံးသည့်နေ့ကလို ၀မ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့မိသေးသည်။ သူမတွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ရစ်ခဲ့သော်လည်း ခင်ပွန်း၏ အရိပ်အာဝါသတော့ ပျောက်ကွယ် ခဲ့လေပြီ.. သားသမီးတို့ကို လူလားမြောက်အောင် သူမတစ်ယောက်တည်း ကျွေးမွေး စောင့်ရှောက်ရင်း သူမရင်ထဲမှ အထီးကျန် ကြေကွဲစိတ်ကတော့ လျှော့ပါး သွားသည်မရှိ.. တစ်နှစ်ထက်တစ်နှစ် တိုးလို့သာ ခံစားနေမိသည်။


 


ယခုအခါ သူမခင်ပွန်း ကွယ်လွန်ခဲ့သည်မှာ ၇နှစ် ပြည့် မြောက်ခဲ့လေပြီ.. အရွယ်ရောက်လာသော သူမ၏ သားနှင့် သမီးတို့သည် ပညာရေးအတွက် စင်္ကာပူတွင် အလုပ်လုပ်ရင်း ကျောင်းတက်နေကြပေသည်။ အိမ်ကြီးတစ်ခုလုံး သူမနှင့် အိမ်ဖော် မိန်းခလေး ၂ယောက်တို့သာ ရှိနေပြီး သူမအတွက်တော့ ခြောက်သွေ့ ဆိတ်ငြိမ်နေသော ငြီးငွေ့ဖွယ်ရာ နေရာတစ်ခုလို့သာ စိတ်ထဲ ထင်မြင်မိနေသည်။ စီးပွားရေးကိစ္စများတွင်သာ စိတ်ကို နှစ်ထားပြီး တစ်ခါတစ်ရံ သားသမီးများထံ သွားရောက်ခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးများထံ အချိန်ပေး၍ အလည်အပတ် ခေတ္တ သွားခြင်း ဖြင့်သာ အထီးကျန်ငြီးငွေ့မှုကို ဖြေဖျောက်နေရလေသည်။ အိမ်တွင်နေရချိန်သည် ပျင်းရိ တိတ်ဆိတ်စွာနှင့် ခြောက်ခြားစရာ ကောင်းလောက်အောင်  အထီးကျန်လွန်း လှသည်ဟုသာ သူမ  ခံစားရလေသည်။


 


ဧပရယ်လရဲ့ ရက်တစ်ရက်တွင် ကားကို သူမကိုယ်တိုင် မောင်းရင်း မိတ်ဆွေတစ်ဦးအိမ်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ပြီး အပြန်တွင် တစ်မြို့လုံး ၀င်းဝါနေသော ပိတောက်ပန်းများ  မြို့နေရာအနှံ့ ပွင့်ဝေနေတာကို သူမတွေ့ခဲ့လေသည်။ သူမအိမ်တွင် ပိတောက်ပန်းဖြင့် မဝေဆာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ အပြန်လမ်းတွင် ကားမှန်ကိုချ၊ အဲကွန်းကို ပိတ်ပြီး သင်းပျံ့ကြိုင်လှိုင်နေသော ပန်းရနံ့ကို ခံစားရှုရှိုက်ရင်း ကားကို ဖြေးညှင်းစွာ မောင်းလာခဲ့မိသည်။ အချို့နေရာများ၏ ကားလမ်းမပေါ်တွင်ပိတောက်ပွင့်ကြွေတို့က ဖွေးဖွေးလှုပ်နေခဲ့သည်။ သူမခင်ပွန်း ဆုံးပြီးချိန်ကတည်းက ပိတောက်ပန်းကို လက်ဆောင် ပေးမည့်သူ မရှိတော့သလို အိမ်ရှေ့ ပိတောက်ပင်ကြီးလဲ လဲပြိုသွားခဲ့ပြီ ဖြစ်သောကြောင့် ပိတောက်ပန်းနှင့်ဝေးကွာခဲ့ရသည်။ သူမ၏ သားနှင့် သမီးတို့ကလည်း ပိတောက်ပန်း ယူလာလျှင် ဖခင်ကို သတိရမည် စိုး၍လား မသိ။ မည်သည့်ခါမှ  သူမအတွက် သတိတရနှင့် ယူလာပေးတတ်သည် မရှိခဲ့ပါ။ စီးတီးမတ်ဝင်ပြီး အိမ်အတွက် လိုအပ်တာများ ၀ယ်ယူပြီး အပြန် YKKO တွင် ကြေးအိုးဝင်သောက်ဖို့ စိတ်ကူးရှိသော်လည်း တစ်ယောက်တည်း စားသောက်ရမည့် အထီးကျန်မှုမျိုးကို  သီးမခံနိုင်သောကြောင့် ဆိုင်ရှေ့တွင် ကားရပ်ပြီးကာမှ ပြန်မောင်း ထွက်လာခဲ့သည်လေ။ 


 


ဦးတည်ချက်မရှိ ကားကို မောင်းနှင်လာရင်း သွားစရာ နေရာ မရှိသူတစ်ယောက်၏ ခံစားချက်များဖြင့် သူမရင်ထဲ မွန်းကြပ်လို့ နေမိသည်။ အိမ်ကို ပြန်လျှင်လည်း နွေးနွေးထွေးထွေး ကြိုဆိုမည့်သူမရှိ၊ တီတီတာတာ ပြောဆိုမည့် သားသမီးများကလည်း အဝေးမှာ.။ အိမ်ဆိုသည်မှာလည်း မိသားစုစုံစုံလင်လင် စုစုစည်းစည်းနှင့် ပျော်ရွှင် ကြည်နူးဖွယ် အကြင်နာတရားတို့ လွှမ်းခြုံထားသည့် နေရာဖြစ်မှသာ နေပျော်သည် မဟုတ်ပါလားလေ။ ခြောက်ကပ် တိတ်ဆိတ် နေသော၊ နွေးထွေးခြင်းကင်းမဲ့သော၊ အထီးကျန်ခြင်းတို့သာ လွှမ်းခြုံနေလျှင်တော့ ပျော်ရွှင်စရာ နေရာ မဖြစ်နိုင်တော့ သည်မှာ သေချာသည်ပဲလေ။ ကားမောင်းနေရင်း စီးပွားရေး ကိစ္စတစ်ခုဖြင့် မနက်ဖန် နေပြည်တော်သွားဖို့ရှိတာကို သတိရလိုက်မိသည်။ အိမ်ပြန်ပြီး ခရီးထွက်ဖို့ ပြင်ဆင်တာက ပိုကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ကားကို အိမ်သို့ မောင်းပြန်လာခဲ့တော့သည်။


 


အိမ်ရှေ့ရောက်ခါနီးတွင် ကြိုတင်ဟွန်းတီးလိုက်သဖြင့် အိမ်တွင်းမှ အညိုဟု အမည်ရသည့် သူမခေါ်ယူထားသော ကောင်မလေး ပြေးထွက်လာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးသည်။ ခြံတွင်းသို့ ကားကို မောင်းဝင်မည်အပြုတွင် မြင်လိုက်ရသော မြင်ကွင်းတစ်ခုက သူမကို အံ့အားသင့်သွားစေခဲ့သည်။ သူမတို့ ခြံဝင်းရှေ့က အုတ်ခုံလေးပေါ်တွင် ပါကင်ပေပါ လှလှလေးဖြင့် ထုပ်ပိုးထားသော ပိတောက်ပန်းကလေးများ.. ပါကင်ပေပါလေးက အစိမ်းရောင် လွင်လွင်ကလေး၊ ပိတောက်ပန်းများကတော့ ရွှေရောင် ၀င်းဝင်းဝါ၀ါကလေး ဖြစ်၍ အစိမ်းနှင့် အ၀ါ၏ လိုက်ဖက်မှုက ပန်းစည်းလေးကို ပိုမို တောက်ပ ၀င့်ထည်လာစေသည်လေ။ သူမ ကားကို ခြံဝတွင်ရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ပိတောက်ပန်းစည်းလေးကို ကောက်ယူလိုက်မိသည်။ ပန်းစည်းပေါ်တွင် မည်သည့် ကဒ်ပြား မည်သည့် အမှတ်အသား တစ်ခုတစ်လေမှ မတွေ့ရ။ သို့သော် သေချာတာတစ်ခုက တစ်စုံတစ်ယောက်က ခူးယူပြီး မေ့လျော့ထားခဲ့သည်တော့ မဖြစ်နိုင်။ ပန်းစည်းသည် အတော်လေးကို ကြီးပြီး ပါကင်စက္ကူဖြင့်ပင် လှလှပပ သေချာထုပ်ပိုးပြီး ဖြစ်လေသဖြင့် တစ်စုံတစ်ယောက်ကို ပေးဖို့ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်လာခြင်းသာ ဖြစ်နိုင်လေသည်။ ပန်းစည်းကို ကိုင်ပြီး ဘေးပတ်ဝန်းကျင် ဟိုဟိုသည်သည် လိုက်ရှာကြည့်မိသော်လည်း လူရိပ်လူခြေပင် မတွေ့ရ။ သူမတို့ အိမ်ရှေ့လမ်းသွယ် တစ်လျှောက်လုံးလည်း တိတ်ဆိတ် ငြိမ်သက်လို့နေသည်။ သူမအိမ်မှ ကလေးမလေးများသည်လည်း အသက် ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေမို့ ပန်းပေးရလောက်အောင် ပိုးပန်းရမည့် အရွယ်များလည်း မဟုတ်ကြသေးသည်မှာ သေချာလှသည်။ ကားကို ဂိုဒေါင်ထဲ မောင်းသွင်းလိုက်ရင်း ပိုင်ရှင်မဲ့ အမည်မဲ့ ထိုပန်းစည်းလေးကို အိမ်တွင်းသို့ သူမ ယူဆောင်လာခဲ့မိသည်။


 


အိုး ပိတောက်ပန်းနှင့် ဝေးကွာခဲ့သည်မှာ ဘယ်နှနှစ်ပင်ရှိပါလိမ့်.. အိမ်မှာ ပိတောက်ပန်းနံ့ မရသည်မှာလည်း ကြာခဲ့ပြီလေ.. တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ပန်းအိုးများတွင် ပိတောက်ပန်းလေးများ ဝေဆာသွားပေပြီ။ သူမ၏ အိပ်ခန်းတွင်းရှိ ပန်းအိုးလေးတွင်လည်း ၀င်းဝင်းဝါ၀ါနှင့် ရွှေရည်လူးနေသော ပိတောက်ဖူးလေးများက အစွင့်သား။ မည်သူ့အတွက် ရည်ရွယ်၍၊ မည်သူက လာထားပေးသွားမှန်းမသိသော အမည်မတပ်ထားသော ထိုပိတောက်ပန်း ကလေးများသည် လူတစ်ယောက်၏ စိတ်ကို ရွှင်လန်းချမ်းမြေ့အောင် စွမ်းဆောင်မှု ပေးနိုင်ခဲ့သည်ကတော့ သေချာသည်လေ။ ဘာဘဲဖြစ်ဖြစ် ဒီနေ့တော့ မွှေးမြ လန်းဆန်းနေသည့် ပိတောက်ပန်းစည်းလေးသည် သူမ၏ အထီးကျန်ခြင်း၊ ငြီးငွေ့ခြင်းတို့ကို အဝေးသို့ လွှင့်ပျောက်စေနိုင်ခဲ့လေပြီ။ ဒီပန်းစည်းလေးကို ဘယ်သူက လာပေးသည်၊ ဘယ်သူ့အတွက် ရည်ရွယ်သည်ကို  သိလာအောင် သူမ ဘယ်တော့မှ မကြိုးစားချင်တော့ပါ။


 


မျက်စိလေးကို အသာအယာ မှေးမှိတ်ကာ သင်းပျံ့ ထုံအီလှသော ပန်းရနံ့လေးကို အဆုပ်တွင်းထိရောက်အောင် တစ်မက်တစ်မော ရှုရှိုက်မိရင်း သူမခင်ပွန်း ရှိစဉ်က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လက်ဆောင်ပေးခဲ့သော အဖြစ်အပျက် ကလေးများကို ပြန်လည် မြင်ယောင်လာမိရကာ သူမမျက်နှာလေး တစ်ဖြေးဖြေးနှင့် ပြုံးယောင် သန်းလာလေသည်။ ပန်းရနံ့တို့ကတော့ သူမခင်ပွန်းရှိစဉ်က လက်ဆောင်ပေးခဲ့သော ရနံ့များလိုဘဲ ချိုအီမွှေးမြနေဆဲ၊ သူမစိတ်နှလုံးကို လန်းဆန်း စေနိုင်တုန်းပါပဲ.. အချစ်ဆိုတာ အချိန်ကာလ ဘယ်လောက်ပင် ကြာညောင်းသည်ဖြစ်စေ ဟောင်းနွမ်း သွားသည့် အရာ မဟုတ်သလို၊ မေ့ပျောက်သွားမည့်အရာလဲ မဟုတ်သည်မှာ ပိတောက်ပန်းနှင့်ပတ်သက်၍  သူမ၏ ခံစားချက်လေးများနှင့်၊ မပြောင်းလဲသော ပန်းရနံ့လေးများက သက်သေဖြစ်လို့ နေသည်ပဲလေ။


 


 


မကြာခင်မှာ ကျရောက်လာတော့မဲ့ မြန်မာတို့ရဲ့ ပျော်စရာသင်္ကြန်ကို ရည်ရွယ်ပြီး ဒီဝတ္ထုလေးကို  ဧပြီလ ၁ရက်နေ့မှာ အားလုံးအတွက် အမှတ်တရ ခံစား ရေးဖွဲ့ဖြစ်ပါတယ် ။ စာဖတ်သူများနဲ့ ချစ်ခင်ရသော သူငယ်ချင်းများအားလုံး အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည်နူးနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။


 


ချော(အစိမ်းရောင်လွင်ပြင်)

22 comments:

မြသွေးနီ said...

ပိတောက်ပွင့်တိုင်းမှာ အတိတ်ရဲ့ အရိပ်လေးတွေ ရှိနေတတ်ကြပါတယ်နော်။ ပိတောက်ရဲ့ ဘ၀က တကယ်တော့ အထီးကျန်လွန်းတယ်။ မ..လည်း တစ်ပုဒ်ရေးဖို့ရှိတယ်ချောရေ..။ လွမ်းမောဖွယ်ရာလို့ မ..ယူဆထားတဲ့ သင်္ကြန်နဲ့ ပိတောက်ရဲ့ ပုံရိပ်တချို့ အကြောင်းပေါ့။

ဒဏ္ဍာရီ said...

ဆုတောင်းလေးအတွက် ကျေးဇူးတင်ကြောင်း အရင်ပြောတယ်နော် ချောရေ...။ အဓိပ္ပါယ် အပြည့်၊ သာယလှပတဲ့ နေ့ရက်တွေနဲ့ ပိတောက်တွေ ခုတော့လည်း အထီးကျန်လို့ အဖော်မဲ့နေသလိုပါလားနော်။ သင်္ကြန်ကလရဲ့ အနှစ်သာရတွေ ကွယ်ပျောက်ခဲ့တာ ကြာပြီ ချောရေ..။

ခင်မင်လေးစားလျှက်

KiKiငုင said...

သစ္စာရှိတဲ့ ပိတောက်ပန်းကလေးတွေကို သူမ အိမ်ရှေ့ အရောက် ဘယ်သူက ပို့ ပေးလိုက်တာပါလိမ့်.... သူမ က သိအောင် မကြိုးစားချင်ပေမဲ့ စာဖတ်ပရိဿတ်က သိချင်ပါတယ် ။။
တယောက်ယောက်ကများ မေ့ကျန်ခဲ့တာ လား ..
အဝေးရောက် သား နဲ့  သမီး က ပို့ ခိုင်းလိုက်တာ လား..
ဘာပဲဖြစ်ဖြစ် အထီးကျန်နေတဲ့ သူမ အတွက် အကောင်းဆုံး အဖေါ်လေးဖြစ်ခွင့်ရတဲ့ ပိတောက်ပန်းလေးတွေက တနှစ်တခါ မွှေးပျံ့  နေဦးမှာပဲ...

သင်္ကြန်ရေ မထိရတာ ကြာတော့ လွမ်းတော့လွမ်းတယ် ပိတောက်ပန်းနဲ့  သင်္ကြန်ရယ် ...
သိန်း ၇၀၀၀ အကုန်ခံရမဲ့  နေရာ ကွက်ကျား ဒီနှစ်သင်္ကြန် ရေ က ၊ ၅၅ သန်းသော ဘဝ တွေကို အေးမြစေနိုင်မယ်တော့ မထင်ဘူး နော် ။

ကိုကြည်သာ said...

မျက်စိလေးကို အသာအယာ မှေးမှိတ်ကာ သင်းပျံ့ ထုံအီလှသော ပန်းရနံ့လေးကို အဆုပ်တွင်းထိရောက်အောင် တစ်မက်တစ်မော ရှုရှိုက်မိရင်း တိုက်ဆိုင်စွာနှင့်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့ဒီပန်းစည်းလေးဟာ .......... ဘယ်သူကဘယ်လိုကြောင့်ပဲပို့သည်ဖြစ်စေ သူ့အတွက်တော့အထီးကျန်တဲ့ဝေဒနာတွေကိုတဒင်္ဂတော့ချုပ်ငြိမ်းသွားစေမယ်လို့ထင်ပါတယ်

ညရဲ့ကောင်းကင် said...

ကောင်းလိုက်တာဗျာ ...
ပိတောက်ရနံ့အကြောင်းကြားရတော့ လွမ်းမိတယ် ...
ပိတောက်လောက် သစ္စာကို ဘယ်သူမှမမှီနိုင်ဘူးလို့ ပြောကြတယ်နော် ... တယ်မှန်တာပဲ ။

ခုလို ဆုတောင်းပေးလို့ ကျေးဇူးအထူးပါ ...

ကိုဇော် said...

ပိတောက်နဲ့ သင်္ကြန် အမှတ်တရ ဇာတ်လမ်းလေးပေါ့ဗျာ..
ဂွတ်တယ်..
ကျနော့်အတွက်ကတော့ ရေးစရာ မရှိပါဘူး....

ဇော်သိင်္ခ said...

ဝတ္ထု လေး က ကောင်းတယ် နော်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ နော် ဒီနေ့ မှ ပိတောက်တွေကလည်း ပွင့် လို့ ။ အလွမ်းဓာတ်ခံ ရှိတဲ့ သူဆိုရင် ဒီဝတ္ထု လေး ဖတ်ပြီး တော်တော် ၀မ်းနည်း မိမှာပဲ နော်..
ပျော်ရွှင်တဲ့ ဧပရယ်လ် ဖူးလ် နေ့ လေး ဖြစ်ပါစေ အမရေ ...

မြစ်ကျိုးအင်း said...

ဘယ်က ဘယ်လို ပန်းကရောက်လာ တာပါလိမ့်
ပိတောက်ပုံ မြင်တော့ လူတိုင်း စိတ်လှုပ်ရှားကြမှာပါပဲ...။

မကေ said...

အမရေ အမကိုယ်တိုင်လည်း အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည်နူးနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

သဒ္ဓါလှိုင်း said...

မချောက သင်္ကြန်အတွက်လွမ်းစရာလေးတွေတောင်ရေးနေပြီပဲ။ မချောရောသင်္ကြန်ဇာတ်လမ်းလေးများ
မရှိဘူးလားဟင်..။ ဒီအချိန်ဆို သင်္ကြန်အငွေ့အသက်လေးတွေ သင်းနေပြီနော်။ လွမ်းရပါတယ်သင်္ကြန်ရယ်။
ခင်တဲ့
သဒ္ဓါ

ဧပရယ်လ်ပူး said...

မချောရေ..
ဝတ္ထုလေးဖတ်ပြီး ခံစားသွားပါတယ်နော်.. ပူးတေလဲ April မှာပဲ မွေးတာ.. ပိတောက်ပန်းတွေတွေ့တော့ မြန်မာပြည်ကို လွမ်းသွားတယ်။ ဒီမှာ အလုပ်နားမှာလဲ ပိတောက်ပင်ရှိပေမယ့် မြန်မာပြည်က ပိတောက်ကိုပဲ အကဲပါနေတာလေ... ;P
သင်္ကြန်မှာ ပျော်ရွှင်ပါစေ မချောရေ..
ခင်တဲ့
ပူးတေ

ကေသရီ said...

အစ်မချောရေ
ပိတောက်ပန်းရနံ့ ကတစ်ခြားဘာပန်းနဲ့မှ မတူဘဲ သင်းပျံပျံလေးနဲ့ ရင်ထဲအထိမွှေးတာနော်။ ညီမက ပိတောက်ပန်းမြင်ရင် အရမ်းလိုချင်တာ။ ဟိုတစ်လောက မိုးရွာပြီးပန်းတောက်တွေပွင့်တယ်လေ။ ပိတောက်ပန်းကို တကူးတက သွားခူးတော့ ဒီကလူတွေကအထူးအဆန်းဖြစ်နေမလားဘဲ။ အခုလည်း အစ်မရေးထားတဲ့ပန်းတောက်ပန်းလေးအကြောင်းဖတ်ရင်း ပန်းပိတောက်နံ့လေးတွေကို ခံစားရှုရှိုက်သွားပါတယ်။

အဖြူရောင်နတ်သမီး said...

မချောရေ...
ညီမကတော့ ပိတောက်ရဲ့အလှနဲ့သင်းပျံ့တဲ့ရနံ့ကိုတော့ နှစ်သက်မိတာအမှန်ပါပဲ...
ဒါပေမယ့် ပိတောက်တွေပွင့်လေ့ရှိတဲ့ သင်္ကြန်ကာလ ကတော့ ညီမအတွက် (မိဘနှစ်ပါး ဆုံးပါးခဲ့တဲ့)UnLucky Time မို့ အဲဒီကာလကို အမြန်ကျော်ဖြတ်သွားချင်တော့တာပါပဲ..။

ဇာဏီ said...

ဝတ္ထုလေးက လွမ်းမောဖွယ်ရာ

တစ်ယောက်တည်း အထီးကျန်စွာစားရမဲ့ညနေစာထမင်းတနပ်ကို
ဖြစ်သလို စားလာတာ ငါးနှစ်နီးပါးပဲ...

shwezinu said...

ကိုယ့် ကို တစုံ တယောက်က ဂရုတစိုက် သတိတရ ရှိနေတယ် ဆိုတဲ့ ခံစားမှု့ ရသ ကိုလည်း ကြုံဘူးမှ သိမယ်ထင်တယ်.. သိပ်လိုအပ်ပါတယ်

ခင်တဲ့
ရွှေစင်

ဂျစ်တူး(မုံရွာ) said...

စိမ်းရေ ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-ပိတောက်ပန်းကလေးရောစာသားတွေရော ထပ်တူထပ်မျှခံစားသွားပါ
တယ်-အင်း - - -ကိုယ်တို့ တတွေလည်းအသက်ကြီးလာတဲ့ တနေ့ ဋ္ဌကရင်အဲဒီလိုအထီးကျန်နေရစ်ရ
အုံးမယ်ထင်ပါရဲ့ဗျာ-နှစ်သစ်ကူးပြီဆိုတော့ အသက်တနှစ်ကြီးလာပြီဘဲလေ - - -ပိတောက်ခြေယာတွေက
ဒီကရင်ကိုကူးစက်ကုန်ပါပေါ့လားဗျာ-

ချိုကျ said...

အမေကတော့ပြောပါတယ်။ နင့်ကိုမွေးတုန်းက လက်ပံပွင့်တွေ လှိုင်လှိုင်ပွင့်တယ်တဲ့။ အဲဒါကြောင့် အမေကပြောတယ် သားတစ်ကောင် အရူးတစ်ထောင်လိုပဲတဲ့...ဟီး
ခင်တဲ့(ချိုကျ)

ပြည့်စုံ said...

တူတို့ ကြောတွားကျတာတုန်ပြီ ဘာကြောရင်တောင်မရဲ့ မမချော....
တင်းကျန်မှာ အားရုံးကြော်ဂျပါဇေဂျာ......:)

အင်ကြင်းသန့် said...

ဟင်...မမ...အဲဒီပိတောက်ပန်းတွေက ဘယ်လိုရောက်နေတာလဲဆိုတာသိချင်တယ်... ငါ့အစ်မဆီကိုတော့ ဘယ်သူမှပို့မယ့်သူမရှိလည်း မငိုပါနဲ့ ... ညီမလေး သေသေချာချာ ပါဆယ်ထုပ်ပြီးပို့ပေးလိုက်မယ်နော်...:D

မမရဲ့ ညီမလေး

မေလွင် said...

လွမ်းမောစရာ သင်္ကြန်ရဲ့ အငွေ့အသက်နဲ့ ပိတောက်ဇာတ်လမ်းလေးပါဘဲ
ခံစားမှုတစ်ခု ပေးစွမ်းနိုင်တဲ့ အရေးအဖွဲ့လေးပါ...
ကောင်းပါတယ်..

ကိုကြည်သာ said...

အစကအဖွင့်ကိုဖတ်၇တာတခုခုလိုနေသလိုနဲ့ခုတော့ပြည့်စုံသွားတယ်လို့ခံစားရတယ်

Kotunygn said...

Yeah ............ I remembered something after I had read ur post .........