မေတ္တာ တေးသံ
Friday, January 15, 2010photo from google search
ကာရင်ဟာ သားလေး မိုက်ကယ်ကိုမွေးပြီး နောက်ထပ် ကိုယ်ဝန်ဆောင်ထားရတဲ့ သားသည် မိခင်တစ်ဦးပါ… သုံးနှစ်သားအရွယ်လေး မိုက်ကယ်လေးရဲ့ တောင်းဆိုချက် ကြောင့် ဒုတိယ ကိုယ်ဝန်ကို ယူလိုက်တာ ဖြစ်ပါတယ်... ကလေးလေးကိုယ်ဝန်ဆောင်ပြီး လအနည်းငယ် အကြာမှာ မိန်းခလေး ဖြစ်ကြောင်း သိရပါတယ် မိုက်ကယ်က ကလေး လေးကို မမွေးခင်ကတည်းက ညီမလေးရတော့မယ်ဆိုပြီး အပျော်လွန်နေပါတယ်.. အမေ့ ဗိုက်ထဲက ကလေးလေးအတွက် နေ့ရော ညပါ ဗိုက်နားနား ကပ် ကပ်ပြီး သီချင်းဆိုပြတတ်ပါတယ်.. တစ်ရက်ထဲမဟုတ်… နေ့စဉ် နေ့တိုင်း သူ့ညီမလေးကို မိုက်ကယ် ဟာ သီချင်း ဆိုပြလေ့ရှိပါတယ်…
ကိုယ်ဝန်တစ်ဖြေးဖြေးနဲ့ရင့်လာပြီး မွေးဖွားမဲ့နေ့ရောက်တော့ ကာရင်ဟာ ဗိုက်နာလာပါတယ်..ဗိုက်နာတဲ့အချိန်သာ ကြာလာပေမဲ့ ကလေးက တော်တော်နဲ့ မမွေးနိုင် ဖြစ်နေပါတယ်… နာရီပေါင်းများစွာ ကြာပြီးမှဘဲ မိုက်ကယ့်အတွက် ညီမလေးကို ခက်ခက်ခဲခဲ မွေးပေးလိုက် နိုင်ပါတယ်.. ဒါပေမဲ့ မွေးလာတဲ့ ကလေးက အတော်လေးကို စိုးရိမ်ရတဲ့ အခြေအနေကြောင့် စိန့်မေရီ ဆေးရုံကို အရေးတကြီးပို့လိုက်ရပါတယ်.. မွေးကင်းစ ကလေးတွေကို ထားတဲ့ အခန်းကျယ်ကြီးမှာ ဆရာဝန်ကြီးတွေက အထူး ဂရုတစိုက်နဲ့ ကြပ်မတ်ကုသမှု ပေးနေကြပေမဲ့ ကလေးအထူးကု ဆရာဝန်ကြီးက မျှော်လင့်ချက် အလွန်နည်းနေပြီ ဖြစ်ကြောင်းနဲ့ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားဖို့ကို အသိပေး ပြောကြားပါတယ်… မိုက်ကယ်လေးဟာ သူ့အဖေအမေကို သူ့ညီမလေးဘေးမှာ သီချင်းလေးတွေ သီဆိုခွင့်ပေးဖို့ တောင်းပန်ရှာ ပါတယ်... သို့သော်လည်း မွေးစကလေးတွေထားတဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မိုက်ကယ်လို ကလေးတွေ ၀င်ခွင့်မရတဲ့အတွက် သူ့အမေက ခွင့်မပြုပါဘူး…
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတဲ့အထိ ကလေးအခြေအနေက တိုးတက်မလာဘဲ ပိုပိုပြီးသာ ဆိုးဝါးလားပါတယ်.. ကာရင်နဲ့ သူ့ယောင်္ကျား တို့ဟာ မကြာခင်မှာတော့ ကလေးလေးရဲ့ နာရေးကို ပြင်ဆင်ရဖွယ်ရှိတယ်လို့ဘဲ မျှော်လင့်ထားကြပါတော့တယ်.. သူတို့ဒေသက သုသာန်ကို အဆက်အသွယ်လုပ်ပြီး ကလေးမြုပ်နှံဖို့ မြေကွက် တစ်နေရာကို ကြိုတင် မှာကြားထားလိုက်ကြပါပြီ. သူတို့အိမ်မှာလည်း ကလေးလေး မမွေးခင်ကတည်းက သူလေးကိုထားဖို့အတွက် အခန်းလေးတစ်ခန်းကို အထူး တလည် ပြင်ဆင် ထားခဲ့ပေမဲ့ ခုချိန်မှာတော့ ကလေးရဲ့ နာရေးအတွက်လို ဖြစ်သွားရပါပြီ.. မိုက်ကယ်လေးကတော့ နေ့စဉ်နေ့တိုင်း ညီမလေးကို သီချင်းဆိုပြ ခွင့်ပြုဖို့ သူ့အမေကို တောင်းဆိုနေ ဆဲပါ.. နောက်တော့ ဆေးရုံက သဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ မိုက်ကယ်လေးကို ကလေးထားတဲ့ ကုသဆောင်ကို ခေါ်သွားဖို့ ကာရင်ဆုံးဖြတ်လိုက်ပါတယ်.. တကယ်လို့များ အခုချိန်မှ မိုက်ကယ့်ကို သူ့ညီမလေးဆီ ခေါ်မသွားဘူးဆိုရင် သူ့ညီမကို အသက်ရှင်ရက်နဲ့ နောက် ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ကာရင်က သိနေခဲ့ပါပြီ..
ဒီလိုနဲ့ ကာရင်ဟာ နွမ်းနွမ်းဖတ်ဖတ်နဲ့ အလွန်ကြီးမား ပွယောင်းလှတဲ့ ၀တ်စုံကို မိုက်ကယ့်ကို ၀တ်ဆင်ပေးပြီး ကလေးကိုထားတဲ့ အထူးကြပ်မတ် ဆောင်ကို ခေါ်ဆောင် လာပါတယ်.. ရုတ်တရက် ကြည့်ရင် မိုက်ကယ်လေးဟာ အ၀တ်ထည့်တဲ့ ခြင်းတစ်လုံး အတိုင်းပါဘဲ.... ဒါပေမဲ့ သူနာပြု ဆရာမကြီး တစ်ယောက်က မိုက်ကယ့်ကို ကလေးတစ်ယောက်မှန်း မှတ်မိသွားပြီး အော်ဟစ်ပါတော့တယ်..
“ ဒီထဲကို ကလေးမ၀င်ရဘူးဆိုတာ မသိဘူးလား.. ခုချက်ခြင်း ဒီနေရာက ထွက်သွားပါ… ”
ကာရင်ဟာ သူမရင်ထဲက မိုက်ကယ့်ကို သူ့ညီမလေးနဲ့ တွေ့ပေးချင်တဲ့စိတ်တွေ ပိုပြီး ပြင်းထန်လာပါတယ်.. ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့တဲ့ သဘောထားရှိသူ ကာရင်ဟာ ခုချိန်မှာတော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခက်ထန်မာကြောတဲ့ အကြည့်နဲ့ ဆရာမကို ကြည့်လိုက်ပြီး
“သူ သူ့ညီမဘေးမှာ သီချင်းမဆိုရမချင်း ပြန်မှာမဟုတ်ဘူး ” လို့ လေသံမာမာနဲ့ ပြောလိုက်ပါတယ်..
အပြင်းအထန် ငြင်းခုံကြရင်း နောက်ဆုံးတော့ ဆရာမက ခွင့်ပြုလိုက်ရပါတော့တယ်… ဆရာမ၊ ကာရင်နဲ့ မိုက်ကယ်ဟာ မွေးစ ကလေးလေးရဲ့ ဘေးမှာ ရပ်လိုက်ကြ ပါတယ်.. ပြီးတော့မိုက်ကယ်ဟာ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကလေးလေးကို ကြင်နာစွာကြည့်လိုက်ပြီး သုံးနှစ်သားအရွယ်လေး ရှိသေးတဲ့ သူ့ရဲ့ နှလုံးသားထဲက လာတဲ့ အသံချိုချို အေးအေးလေးနဲ့ သီချင်းစဆိုပါတယ်..
မင်းဟာ ငါ့ရဲနေရောင်ခြည်လေးပါ……………… ငါရဲ့ တစ်ခုတည်းသောနေရောင်ခြည်လေးပါကွယ်…………… ကောင်းကင် တစ်ခုလုံး ညိုမှောင်နေတဲ့အခါ ………………….. မင်းက ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့……………. နေရောင်ခြည်လေးပါ.
အံ့သြစရာပါ… မွေးစကလေးငယ်လေးရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးတိုးနှုန်းဟာ တစ်ဖြေးဖြေး တည်ငြိမ်လာပြီး ပုံမှန်ဖြစ်လာပါတယ်.. မိုက်ကယ်လေး ကတော့ သီချင်းလေးကို ဆက်ဆိုနေပါတယ်…
နင့်ကို ငါဘယ်လောက်ချစ်ရတယ် ဆိုတာ………….. နင်သိမှာမဟုတ်ပါဘူး အချစ်လေးရယ်…. ကျေးဇူးပြုပြီး ………….. ငါ့ရဲ့နေရောင်ခြည်လေးကို …………..အဝေးကို ယူဆောင် မသွားပါနဲ့လားကွယ်………………
မွေးစကလေးလေးရဲ့ နှေးကွေးလေးလံနေတဲ့ အသက်ရှုနှုန်းဟာ တစ်ဖြေးဖြေး ပုံမှန်ဖြစ်လာပါပြီ.. မိုက်ကယ်လေးကတော့ သီချင်းဆက်လက် သီဆိုနေဆဲ…
တစ်ညတုန်းက………. အိပ်နေရင်း…………….. နင့်ကို ငါ့လက်ပေါ်မှာ ပွေ့ပိုက်ထားရတယ်လို့………..အိပ်မက် မက်ခဲ့တယ်….
မိုက်ကယ့်ညီမလေးဟာ ရောဂါတွေ ပျောက်ကင်း သက်သာသွားသလို ပိုပိုပြီး သက်တောင့် သက်သာဖြစ်လာတာကို တွေ့ရပါတယ်. မိုက်ကယ်ကတော့ သီချင်းလေး ဆက်ဆိုနေဆဲပါ..
မိုက်ကယ်လေးရဲ့ အသံလေးကို နားထောင်နေရင်း ဆရာမကြီးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပါတယ်.. ကာရင်ကတော့ ကြည်နူး ၀မ်းမြောက်ခြင်း များနဲ့ သူမ မျက်နှာက ၀င်းလက်နေပါတယ်…
မင်းဟာ ငါ့ရဲနေရောင်ခြည်လေးပါ……………… ငါရဲ့ တစ်ခုတည်းသောနေရောင်ခြည်လေးပါကွယ်…………… ကောင်းကင် တစ်ခုလုံး ညိုမှောင်နေတဲ့အခါ ………………….. မင်းက ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့……………. နေရောင်ခြည်လေးပါ.
စီစဉ်ထားတဲ့ နာရေးအစီအစဉ် ပျက်သွားပါပြီ… နောက်နေ့... နောက်နေ့တွေမှာ ကလေးလေးဟာ အခြေအနေ ကောင်းမွန်လာပြီး ဆေးရုံက ဆင်းရတဲ့ အဖြစ်ကို ရောက်ရှိလို့သွားပါပြီ… Woman’s Day မဂ္ဂဇင်းက ထိုအဖြစ်အပျက်လေးကို အစ်ကိုတစ်ယောက်ရဲ့ ထူးဆန်း အံ့သြဖွယ် သီချင်းသံ လို့ အမည်တပ်ပြီး မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်.. ဆေးရုံက ၀န်ထမ်းတွေ အားလုံးကလည်း ထူးဆန်းအံ့သြဖွယ် သီချင်းသံလို့ ပြောဆိုကြပါတယ်…. မိုက်ကယ့်အမေ ကာရင်ကတော့ ထိုအဖြစ် လေးကို ချစ်ခြင်းမေတ္တာရဲ့ ထူးခြား ဆန်းကျယ်တဲ့ လေးနက်မှုလို့ သူမယုံကြည်ပါတယ်…
.......................................................................................................................................................................
စာဖတ်သူတို့ကရော ဒီအဖြစ်အပျက်လေးကို ဘယ်လိုများ မြင်ပါသလဲရှင်..ကျွန်မကတော့ ကာရင် ပြောသလိုပါဘဲ ကလေးလေး တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ကြောင့်မို့ သူ့ညီမလေးရဲ့ အသက်ကို ကယ်လိုက်နိုင်တယ်လို့ ယုံကြည်ပါတယ်.. .. ကိုယ်ချစ်တဲ့ သူတွေအတွက် ဘယ်တော့မှ လွယ်လွယ်နဲ့ လက်မလျှော့ လိုက်ကြ ပါနဲ့နော်.. တစ်ခါတစ်လေမှာ မေတ္တာရဲ့ စွမ်းအားဟာ ထူးခြား လေးနက်လှပြီး အံ့သြဖို့ ကောင်းလွန်းလှ ပါတယ်... ဇာတ်လမ်းလေးကို ဖတ်ပြီး ကြည်နူး ၀မ်းမြောက်မိတဲ့ စိတ်ကြောင့် စာဖတ်သူများကို ပြန်လည်ဝေမျှပါတယ်ရှင်....
Author unknown ရဲ့ Keep on Singing ကို ဘာသာပြန် မျှဝေပါတယ်ရှင်..
ချော (အစိမ်းရောင်လွင်ပြင်)
5 comments:
- ကိုဇော် said...
-
ဟုတ်တယ်ဗျာ..
မေတ္တာသည်သာ အအေးချမ်းဆုံးပါပဲ။
ပြီးတော့ စွမ်းအား အကြီးဆုံးပါ။ - January 15, 2010 at 11:22 AM
- မြသွေးနီ said...
-
ချောရေ..
အေးမြသော မေတ္တာသည်သာ ငြိမ်းချမ်းမှုကို ပေးနိုင်ပါတယ်။
မြသွေးနီ - January 15, 2010 at 9:20 PM
- Kotunygn said...
-
Very Good translation words ......
- January 17, 2010 at 12:19 AM
- demonphyo said...
-
SOmetimes Love can give some extranatural powers.......
that's true>> - January 17, 2010 at 1:14 AM
- Dr WaiYan said...
-
ဘ၀မှာ ဖြူစင်တဲ့ မေတ္တာတရားထက်ပိုကောင်းတဲ့ ပြုစုကုသမှု ရှိသေးလား....။
ဘ၀မှာ ပြင်းပြတဲ့ဆန္ဒထက် ပိုအစွမ်းထက်တဲ့ဆေး ရှိသေးလား...။
ဒီအစ်ကိုတစ်ယောက်လို ကျွန်တော်တို့တစ်တွေ လုပ်နိုင်ရဲ့လား...။
လူမှန်းမသိသေးတဲ့ ညီမလေးတစ်ယောက်ကို ဘာမှရေရေရာရာနားမလည်သေးတဲ့ ကလေးတစ်ယောက်က ဒီလောက်ချစ်ရင်
ကျွန်တော်တို့တွေကကော......?????
Dr. T - January 30, 2010 at 8:41 PM