အတင်းပြောကောင်းသူ

Thursday, January 14, 2010

 



                  picture from google


 


တစ်ခါတုန်းက အတင်းအဖျင်း ပြောတာ အလွန်ကို ၀ါသနာကြီးတဲ့ မိန်းမကြီးတစ်ယောက် ရှိပါတယ်.. သူဟာ သူတစ်ပါးရဲ့ မကောင်းကြောင်း အတင်းအဖျင်းတွေကို ပြောဖို့ဆိုရင် ထမင်းမစား ဟင်းမစားနဲ့ အိမ်တကာကို လျှောက်လည်ပြီး ပြောနိုင်တဲ့သူ တစ်ဦးဖြစ်ပါတယ်.. တစ်နေ့တော့ အဲဒီ အတင်းပြောကောင်းတဲ့ မိန်းမကြီးဟာ သူ့အိမ်နီးနားချင်း တစ်ယောက်ရဲ့ အတင်းတစ်ခုကို အိမ်ပေါက်စေ့အောင် လျှောက်ပြောထားပါတယ်.. သူရဲ့ သတင်းဖြန့်မှုကြောင့် ထိုအကြောင်းမှာ တစ်မြို့လုံးနီးပါး ပျံ့နှံ့ကုန်ပြီး… ကာယကံရှင်ဖြစ်တဲ့ အိမ်နီးချင်း ဟာလည်း လူတွေရှေ့ မျက်နှာမပြရဲအောင် အရှက်တကွဲ ဖြစ်ရပါတော့တယ်..


 


နောက်ရက်အနည်းငယ် ကြာတော့ အတင်းပြောတဲ့မိန်းမဟာ သူလျှောက်ပြောမိတဲ့ အကြောင်းတွေဟာ မှားနေတဲ့ အတင်းအဖျင်းတွေသာ ဖြစ်ကြောင်း သူသိသွားခဲ့ပါတယ်… အဲလိုလဲသိရော သူ့အမှားအတွက်ရော၊ သူ့အိမ်နီးချင်း အတွက်ပါ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်.. ဒါနဲ့ သူမလည်း သူ့အမှားအတွက် အိမ်နီးချင်းရဲ့ အရှက်တကွဲ ဖြစ်မှုကို ဘယ်လို ပြန်ဖြေရှင်းပေးရင် ကောင်းမလဲလို့ စဉ်းစားမိတယ်.. အဖြေမထွက်ပါဘူး.. ဒါနဲ့ဘဲ ပညာဥာဏ် အမြော်အမြင်ရှိတဲ့ လူတစ်ယောက်ဆီ သွားတယ် ပြီးတော့ အကျိုးအကြောင်း ပြောပြပြီး သူမ ဘယ်လို လုပ်ပေးရင် ကောင်းမလဲလို့ အကြံ တောင်းခံပါတယ်..


 


အဲဒီ ပညာရှိတဲ့လူက သူမကိုပြောတယ်… ဈေးကိုသွားပါ.. ဈေးထဲက ကြက်တစ်ကောင်ကိုဝယ်..   ပြီးရင် အဲဒီ ကြက်ကို သတ်ခိုင်းလိုက်.. ကြက်မွှေးတွေကို နှုတ်ပြီးရင် အိမ်ပြန်တဲ့ လမ်းတလျှောက်လုံး  အဲဒီ ကြက်မွှေးတွေကို ပစ်ချထားခဲ့လို့ အကြံပေးပါတယ်.. မိန်းမကြီးဟာ ပညာရှိရဲ့ အကြံပေးချက်ကို အံ့သြမိပေမဲ့ ဘာမှပြန်မပြောဘဲ ပညာရှိ ပြောတဲ့ အတိုင်း ဈေးထဲက ကြက်ကိုဝယ်.. အမွှေးနှုတ်ပြီး အပြန်လမ်း တစ်လျှောက်လုံး ချထား ခဲ့ပါတယ်..


 


နောက်တစ်နေ့ မနက်ကျတော့ ပညာရှိက  မိန်းမကြီးကို


 


 “ ကဲ အခု  ခင်ဗျား မနေ့က ချထားခဲ့တဲ့ အမွှေးတွေကို ရအောင် အကုန် ပြန်ကောက်လာပြီး ကျုပ်ဆီကို ယူလာခဲ့ပါ ”  လို့ ပြောပါတယ်.. 


 


မိန်းမကြီးကလဲ မနေ့က  အမွှေးတွေ ချထားခဲ့တဲ့ လမ်းအတိုင်း ပြန်သွားပြီး ချထားခဲ့ သမျှတွေကို ပြန်ကောက်ဖို့ ကြိုးစားပါ သော်လည်း သူမ ထိတ်လန့်စွာ သိလိုက်ရတာက အမွှေးတွေဟာ လေနဲ့ လွှင့်ပါသွားကုန်ပြီမို့ မတွေ့ရ တော့ပါဘူးတဲ့… နာရီပေါင်း အတော်ကြာ ကြိုးစားပြီး ရှာဖွေပြီးတဲ့နောက် ကြက်မွှေးလေး ၃ မွှေးကိုသာ ရှာတွေ့နိုင် ခဲ့ပြီး  ပညာရှိထံကို ပြန်လာ ခဲ့ပါတယ်..


 


ပညာရှိကို အကျိုးအကြောင်း ပြောပြတော့ ပညာရှိက မိန်းမကြီးကို ပြောပါတယ်..


 


“ကဲကြည့် .. သင် တွေ့ပြီမဟုတ်လား.. ကြက်မွှေးတွေဟာ ချထားခဲ့တုန်းက လွယ်သလောက် အခုပြန်ကောက်တဲ့အခါ အကုန်မပြောနဲ့ တစ်ဝက်တောင် ပြန်ရနိုင်သေးရဲ့လား… စကားပြောတဲ့ နေရာမှာလည်း   ဒီလိုဘဲ ကိုယ့်ပါးစပ်က လျှောက်ပြော ရတာ ဘယ်လောက်လွယ်သလဲ.. ပြီးတော့ မကောင်းသတင်းဆိုတာ ပြန့်ပွားဖို့ သိပ်ကို လွယ်ကူတယ်.. ခင်ဗျား လုပ်ပြီး သွား ပေမဲ့  အခုမှ မှားမှန်းသိလို့ ပြန်ရုပ်သိမ်းဖို့ကျတော့ ဖြစ်နိုင်သေးရဲ့လား… လွယ်ကူ သေးရဲ့လား.. ဒါကို သင်ခန်းစာယူပြီး နောက်ကို ဘယ်လို ကိစ္စမျိုး မဆို မပြောခင်မှာ အတန်တန် စဉ်းစားပါ…  မသေချာတဲ့ သတင်းစကားကို ဘယ်တော့မှ လွယ်လွယ် မပြောပါနဲ့..  မဖြန့်ဝေမိပါစေနဲ့တဲ့”


 


----------------------------------------------------------------------------------------------------------------------


 


ကျွန်မ ဒီဇာတ်လမ်းလေးကို ဖတ်လိုက်တာနဲ့ ဘာသာပြန်ပြီး တင်ဖို့ ချက်ခြင်းဘဲ ဆုံးဖြတ်မိပါတယ်..  ဒီဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာ လေးကိုလဲ ချပြ ချင်ပါတယ်.. သတင်းတစ်ခု ပြန့်နှံ့သွားဖို့ဆိုတာ ခုခေတ်မှာ  ဟိုး အရင် ခေတ်တွေတုန်းကလို အိမ်တကာလည်ပြီး ပြောစရာ မလိုတဲ့ခေတ် ရောက်နေပါပြီ.. ကွန်ပျူတာ ကီးဘုတ်ပေါ်က ခလုပ်လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲ သွားအောင် လုပ်ဆောင်လို့ ရနေကြပါပြီ..  တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ အီမေလ်းတွေက တစ်ဆင့် ၀င်ရောက် လာတတ်ကြတဲ့ လူတစ်ဦး တစ်ယောက်ကို ထိခိုက်စေနိုင်တဲ့ မေလ်းမျိုးတွေကို သေချာ စဉ်းစားချင့်ချိန်ပြီးမှ Forward လုပ်သင့်ကြပါတယ်.. ကိုယ့်မေလ်းထဲ ရောက်လာတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေသည် ကိုယ်တိုင်လဲ မမြင်မတွေ့ရသော အကြောင်းများ ၊ ကိုယ်နှင့်လဲမသိ၊ မသက်ဆိုင်သော လူများသာ ဖြစ်နေတတ်ပါတယ်.. အမှန်အမှားကို ကိုယ် သေချာမသိနိုင်သော၊ တစ်ဘက်လူရဲ့ ဂုဏ်သိက္ခာကို ပယ်ပယ်နယ်နယ် ထိခိုက်စေ နိုင်သော အကြောင်းအရာများကို ပြန်လည် မျှဝေခြင်းအားဖြင့် မိမိတွင်ရော ဘယ်လို အကျိုး ဖြစ်ထွန်းနိုင်ပါသလဲ…. သေချာတာက မိမိတွင် မည်သို့မှ အကျိုးမရှိသော်လည်း  မေလ်းထဲမှာ ပါဝင် နေသော လူများ၊ ဓာတ်ပုံပိုင်ရှင် များမှာတော့ ဂုဏ်သိက္ခာ နစ်နာ ဆုံးရှုံးမှု အလွန် ကြီးမားတာကို တွေးဆသင့်လှပါတယ်..   နံမည်ကြီးချင်လွန်းလို့ တမင်ဖြန့်ဝေသော သူများကိုတော့  မဆိုလိုပါ..


 


သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကို ဗဟုသုတ အတွက် သော်လည်းကောင်း၊ ရသတစ်ခုခု အတွက် သော်လည်းကောင်း၊ သတင်းသိရန် အတွက် သော်လည်းကောင်း ၊ ထိုကဲ့သို့ အကျိုးရှိသော အကြောင်းအရာများကိုသာ ပြန်လည် မျှဝေ သင့်ပါတယ်.. ကျွန်မအနေနဲ့တော့ လူတစ်ဦး တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ထိခိုက်အောင် ဖြန့်ဝေထားသော မေလ်းမျိုး ကိုယ့်ဆီရောက်လာခဲ့ပါလျှင် ဘယ်သောခါမှ ပြန်လည် မဖြန့်ဝေမိအောင် သတိထားပါတယ်.. ကိုယ့်အတွက်လဲ ဘယ်လိုအကျိုးမှ မရှိသလို ၊သူတစ်ပါး အတွက်လည်း အကျိုးမရှိ နိုင်လို့ ယူဆတဲ့ အတွက်ကြောင့်ပါ..  လွယ်လွယ် ချခဲ့ပြီးမှ ပြန်ကောက်လို့ မရတော့တဲ့ ကြက်မွှေးတွေ အတွက် နောင်တ မရမိကြအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ကြပါစို့လို့ အကြံပြုပါရစေလားရှင်….


 


Chicken Soup For The Teenage Soul မှ Helen Hazinski ၏ The Gossiper  ကို စာဖတ်သူများအား ပြန်လည် မျှဝေပါသည်..  ထိုစာအုပ်လေးကို ကျွန်မ အတွက် တကူးတက ရှာဖွေ ပေးပို့လာသော  မောင်ငယ်လေး ကိုဖြိုးအား  ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားပါရစေရှင်..


 


မေတ္တာဖြင့်


 


ချော (အစိမ်းရောင်လွင်ပြင်)

0 comments: