၁၀၀ ရာခိုင်နှုန်းအပြည့် ပေးပြီးပြီလား
Wednesday, January 13, 2010
ဒီညနေ ဖတ်လိုက်ရတဲ့ဇာတ်လမ်းလေးကို နှစ်သက်ခံစားမိတဲ့အတွက် မိတ်ဆွေ သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်…တစ်နေ့မှာ မူလတန်းအရွယ် ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အတူတူပျော်ပျော်ရွှင်ရွှင် ပြေးလွှား ဆော့ကစားနေကြပါတယ်..ကောင်မလေးဆီမှာတော့ သကြားလုံးလေးတွေကို ပါလာပြီး ကောင်လေး ဆီမှာတော့ ဂေါ်လီလုံးများ ရှိပါတယ်…အဲဒီမှာ ကောင်လေးက ကောင်မလေးကို မင်းလက်ထဲမှာရှိတဲ့ သကြားလုံး အားလုံး ငါ့ကိုပေးမယ် ဆိုရင် ငါမှာရှိတဲ့ ဂေါ်လီလုံး အားလုံး အပြန်အလှန်အဖြစ် မင်းကို ငါပေးမယ်လို့ပြောပါတယ်..ကောင်မလေးကလဲ သဘောတူ လက်ခံ လိုက်ပါတယ်…
ဒါပေမဲ့..ကောင်လေးက အကြီးဆုံး အလှဆုံး ဆိုတဲ့ ဂေါ်လီလေးကို ကောင်မလေးမသိအောင် ဖွက်ထားပြီး ကျန်တဲ့ဂေါ်လီအားလုံးကို ကောင်မလေးကို ပေးလိုက်ပါတယ်..ကောင်မလေး ကတော့ ကနဦး သူတို့သဘောတူ ကတိပြုထားခဲ့တဲ့အတိုင်းဘဲ သကြားလုံး အားလုံးကို ကောင်လေးကို ပေးလိုက်ပါတယ်…
အဲဒီညမှာတော့ ကောင်မလေးဟာ ငြိမ်းငြိမ်းချမ်းချမ်း နှစ်နှစ်ချိုက်ချိုက် အိပ်စက်နိုင်ခဲ့ပြီး ကောင်လေး ကတော့ အိပ်လို့မပျော်ခဲ့ပါဘူးတဲ့..သူ့စိတ်ထဲမှာ ကောင်မလေးဟာ သကြားလုံးကို အကုန်မပေးဘဲ ငါ့လိုဘဲ အကောင်းဆုံး အကြီးဆုံး သကြားလုံးကိုများ ချန်ထားခဲ့ လေမလားရယ်လို့ တွေးနေမိပါတယ်တဲ့…..
ဒီပုံပြင်လေးကပြောတဲ့သင်ခန်းစာလေးကတော့ ဘယ်လို ပေါင်းသင်း ဆက်ဆံရေး မှာဘဲဖြစ်ဖြစ် တကယ်လို့ သင်ဟာ ၁၀၀ရာခိုင်နှုန်းအပြည့် ပေးသူ မဟုတ်ခဲ့ဘူး ဆိုရင် တစ်ဘက်လူက ၁၀၀ ရာခိုင်နှုန်း အပြည့် ပြန်ပေးသော်လည်း မငြိမ်းချမ်းနိုင်တဲ့ သံသယ စိတ်တွေနဲ့ ပူလောင်နေ တတ်ပါတယ်တဲ့….ဒီသင်ခန်းစာကလေးက နမူနာယူပြီး လူမှုရေး နယ်ပယ်မှာ ရှိတဲ့ လူတိုင်း အတုယူ ယူကျင့်သုံးသင့်ပါတယ်…ချစ်သူနှစ်ဦးကြားမှာ သော် လည်းကောင်း အလုပ်ရှင်အလုပ်သမား အပြန်အလှန် ဆက်ဆံရေးကြားမှာ သော် လည်းကောင်း သူငယ်ချင်း အချင်းချင်း အစရှိတဲ့ ဆက်ဆံရေး တွေမှာ သော် လည်းကောင်း သင် တတ်စွမ်း နိုင်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့်သာ ပေးပြီး ငြိမ်းချမ်းစွာ အိပ်စက်လိုက်ပါ…. သံသယတွေနဲ့ပူလောင် နေခြင်းကနေ ကင်းဝေးပါလိမ့်မယ်…
————————————————————————————————
ကျွန်မတို့ကရော ကိုယ့်ဘေးပါတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဆီကနေ ၁၀၀ရာခိုင်နှုန်း အပြည့် ကို မျှော်လင့်နေကြပေမဲ့ မိမိကိုယ်တိုင်က ရာနှုန်းပြည့် ပြန်ပေးမိရဲ့လား ဆိုတာ တွေးတော မိကြမယ် မထင်ပါဘူး..ပုံပြင်ထဲက ကောင်ကလေးလို အိမ်မပျော်တဲ့ ညတွေနဲ့ ဘယ် လောက်ထိ ပူလောင် နေကြဦးမယ်ဆို မပြောနိုင်ပါဘူး…ဒါကြောင့် ကိုယ်က ၁၀၀ရာနှုန်းပြည့်လိုချင်တယ်ဆိုရင် မိမိကိုယ်တိုင်က ရာနှုန်းပြည့် အရင်ပေးနိုင်အောင် ကြိုးစား ကြည့်ကြပါစို့နော်…
http://www.funzug.com/index.php/stories/
ဒီဇာတ်လမ်းကလေးကတော့ အပေါ်က၀က်ဆိုဒ်လေးထဲကပါ…မူရင်းဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့ရသကို မမှီခဲ့ရင် စာအရေးအသား အားနည်းတဲ့ ကျွန်မရဲ့ ချို့ယွင်းချက်ကြောင့်သာ ဖြစ်ပါတယ်..
ချော (အစိမ်းရောင်လွင်ပြင်)