နောင်တ မရကြေး

Friday, May 21, 2010

 


လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘ၀မှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ.. ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်.... ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက  လူတစ်ယောက် အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်..






picture from Here


 


၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာ ပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ ကစားနည်းမှာမှ အနိုင်ရမယ်လို့ ရေပန်းစား ထင်ကြေးပေး ခံရဆုံး အသင်းက USA အသင်းဘဲ ဖြစ်ပါတယ်.. အဲဒီ ပြိုင်ပွဲဝင်ဦးရေ ၄ယောက်ပါဝင်ယှဉ်ပြိုင်ရတဲ့ ကနူးလှေလှော် အသင်းထဲမှာ ပါဝင်တဲ့ အငယ်ဆုံး အားကစားသမားက ဘီလ် ဟေဗင် ဖြစ်ပါတယ်..


 


အိုလံပစ်ပြိုင်ပွဲ နီးလာတဲ့အချိန်မှာ တိုက်ဆိုင်တာက ဘီလ်ရဲ့ ဇနီးဟာ ပထမဆုံး သားဦး ကိုယ်ဝန်ကို မီးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ. သူမ မီးဖွားမဲ့ရက်ဟာလည်း ဘီလ်တို့ ပဲရစ်ကို ပြိုင်ပွဲ သွားဝင်မဲ့အချိန် ဖြစ်နေပါတယ်.. ၁၉၂၄ခုနှစ်အချိန်ဆိုတာ အမေရိကနဲ့ ပြင်သစ်ပြည်တို့ဟာ လေကြောင်းလိုင်းတွေ မရှိသေးတဲ့အချိန် ဖြစ်ပါတယ်.. ပြိုင်ပွဲဝင်ဖို့ သွားမယ်ဆိုရင် သမုဒ္ဒရာကိုဖြတ်လို့ သဘောင်္နဲ့ ရက်အတော်ကြာ သွားရတဲ့ ရေကြောင်းခရီးသာ ရှိပါတယ်..  ဒီတော့ ဘီလ်ခင်မျာ ပြိုင်ပွဲနဲ့ ဇနီး မီးဖွားမဲ့အရေးကြားမှာ ဗျာများပြီး အကျပ်ရိုက်နေရှာပါတော့တယ်.. သူ့ဇနီး သားဦးလေးမွေးဖွားမဲ့အချိန်ကို လစ်လျူရှုပြီး ပြိုင်ပွဲကိုပဲ ဆက်ဝင်ရမလား.. ဒါမှမဟုတ် ပြိုင်ပွဲကို သွားမပြိုင်တော့ပဲ ဇနီးမီးဖွားတာကို စောင့်ဖို့ ပြိုင်ပွဲက နှုတ်ထွက်လိုက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်..


 


ဘီလ်ရဲ့ ဇနီးကတော့ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ သူ့ကို တွန်းအားတွေ ပေးရှာပါတယ်.. ဘာလို့ဆိုတော့ ဒီအိုလံပစ် ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ခွင့်ရဖို့ဆိုတာဟာလည်း ဘီလ်အမျှော်လင့်ခဲ့ဆုံး စိတ်ကူးအိပ်မက်တစ်ခုလည်း ဖြစ်ခဲ့တာကို သူ့ဇနီးက သိထားပြီးသားပါ။ ဒါကြောင့်လည်း ဘီလ်အတွက် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတာ၊ ခက်ခဲနေတာ ဖြစ်ပါတယ်.. နောက်ဆုံးမှာတော့ အကြိမ်ကြိမ် အဖန်ဖန် သေချာစဉ်းစားပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လို့ သူ့မိန်းမ မီးဖွားချိန်မှာ သူကိုယ်တိုင် ဘေးနားမှာ ရှိနေဖို့ကို ရွေးချယ်လိုက်ပါတော့တယ်.. သူ့ဘ၀မှာ သူဘာကို ဦးစားပေး ရွေးချယ်သင့်တယ်ဆိုတာ သူသိပါတယ်.. မွေးလာမဲ့ ကလေးလေးအတွက် သူ့မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ဖို့ သူဆုံးဖြတ်လိုက်တာပါ..


 


သူသွားမပြိုင်ဖြစ်လိုက်တဲ့ ၄ယောက်လှော် ကနူးလှေပြိုင်ပွဲမှာ  ဘီလ်မပါဝင်ခဲ့ပေမဲ့ သူတို့ အမေရိကန်နိုင်ငံ အသင်းက ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်..  ဒါပေမဲ့ ဘီလ်ရဲ့ ဇနီးကလည်း ကလေးလေးကို တော်တော်နောက်ကျပြီးမှ မီးဖွားခဲ့တာကြောင့် တကယ်တမ်း ဘီလ်ပြိုင်ပွဲကို သွားပြိုင်ခဲ့မယ် ဆိုရင်တောင် ပြန်လာတဲ့အချိန်နဲ့ ကလေးမီးဖွားချိန်ဟာ အချိန်မှီနိုင်တဲ့ အနေအထားပါ။ လူတွေအားလုံးက ဘီလ်ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ရှက်စရာ ကောင်းတယ်.. ဘီလ် ဆုံးဖြတ်ချက်မှားတယ်လို့ ဝေဖန်ကြပေမဲ့ ဘီလ်ဟေဗင်က “သူ့ဘ၀မှာ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာ သူ့ကိုယ်သူသိပါတယ်.. မွေးဖွားလာမဲ့ သူ့သားအတွက်၊ သူ့မိသားစုအတွက် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ချင်ပါတယ်.. ရွှေတံဆိပ်ဆိုတာ အခွင့်သင့်ရင် နောက်တစ်ကြိမ်မှာ ရအောင်ယူနိုင်ပေမဲ့ သူ့သားမွေးဖွားချိန်ကို သူ့ဘ၀မှာ နောက်တစ်ကြိမ် ထပ်ကြုံမှာ မဟုတ်တော့ပါဘူး...  ဒါကြောင့် သူမှန်တယ်ထင်လို့ စဉ်းစားရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နည်းနည်းမှ နောင်တမရပါဘူး” လို့ပြောပါတယ်..


 


ဘီလ်ဟေဗင်ရဲ့ စိတ်ဝင်စားစရာ နောက်ဆက်တွဲအကြောင်းအရာက သူ့မိန်းမဟာ သားယောက်ျားလေးကို မွေးဖွားခဲ့ပြီး သားလေးကို ဖရန်ခ့်ဟေဗင် လို့ နံမည်ပေးလိုက်ကြပါတယ်.. နောင်နှစ်ပေါင်း ၂၈နှစ်ကြာလို့ ၁၉၅၂ခုနှစ်ရောက်တဲ့အချိန်မှာတော့ ဘီလ်ဟာ နိုင်ငံရပ်ခြားက ကြေးနန်းတစ်စောင် လက်ခံရရှိပါတယ်.. အဲဒီကြေးနန်းဟာ ၁၉၅၂ခုနှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ ဖင်လန်နိုင်ငံကနေ သူ့သားဖရန်ခ့်က ပို့လိုက်တာ ဖြစ်ပါတယ်… ကြေးနန်းထဲမှာ ပါတာက “ ဒယ်ဒီ.... သား မွေးဖွားမဲ့အချိန်နဲ့ တိုက်နေတာကြောင့် ဒက်ဒီ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ကို  သား အရယူလိုက်ပါပြီ.. မကြာခင် ရွှေတံဆိပ်နဲ့အတူ အိမ်ပြန်လာပါတော့မယ်..”   ဆိုတဲ့ စာသားတွေဘဲ ဖြစ်ပါတယ်..


 


ဟုတ်ပါတယ်.. ဖရန်ခ့်ဟာ ကနူးလှေပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့ပါပြီ. သူ့အဖေ အမြဲမက်ခဲ့ရပေမဲ့ သားဖြစ်သူ ဖရန်ခ့်ကြောင့် စွန့်လွှတ်လိုက်ရတဲ့ အိပ်မက်၊ ဖခင်ဖြစ်သူ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်ကို သား ဖရန်ခ့်ကဘဲ  အသက်သွင်းပြီး ရွှေတံဆိပ်ကို ဆွတ်ခူးပေးလိုက်တာ ဖြစ်ပါတယ်..


  


ဒါကြောင့်လဲ ဘီလ်အမြဲပြောတာက လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို လုပ်မယ်လို့ အကောင်းဆုံး ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ နောင်တ မရပါနဲ့တဲ့”


 


 


Steve Goodier ရဲ့ No Regrets ကို ဘာသာပြန် မျှဝေပါသည်။


 


နောင်တရခြင်းမှ ကင်းဝေးကြပါစေရှင်


 


 


လေးစားချစ်ခင်စွာဖြင့်


 


ချော(အစိမ်းရောင်လွင်ပြင်)

22 comments:

ကိုကိုမောင် said...

ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးသူအဖို့ ဘယ်လိုအခြေအနေဘဲရောက်ရောက် နောင်တမရသင့်ဘူးဆိုတဲ့ အသိလေးကို ယူသွားပါတယ် မချော။

ahphyulay said...

အင်း.... ဟုတ်တယ် ညီမရေ..၊
အလုပ် တစ်ခုကို လုပ်ဖို့  မဆုံးဖြတ် ခင်မှာ အရင်စဉ်းစား၊
လုပ်မယ်လို့  ဆုံးဖြတ် ပြီးရင်တော့  နောက်မဆုပ်တန်း ရေကုန်ရေခန်း
လုပ်ရတော့ မယ် ဆိုပေမဲ့  လုပ်ချင်တာ၊ လုပ်သင့် တာ ကိုတော့ 
အရင် ရွေးချယ် ရမှာပါ။
ကိုယ်ရွေးချယ် မိတဲ့  လမ်းကြောင်းရဲ့  ကောင်းတာ ဆိုးတာ တွေ ကို
ခံစား စံစား ဘို့ လည်း အမြဲ အသင့်  ဖြစ်နေရ မယ်လို့ ထင်ပါတယ်။

KiKi said...

အကောင်းဆုံးအတွက် သေချာစဉ်းစား ဆုံးဖြတ်ပြီးမှ လုပ်ခဲ့ကြတဲ့ အရာ တိုင်းအတွက် မျှော်လင့်ထားသလို မဖြစ်လာခဲ့ ရင် ...အနည်းနဲ့ အများကတော့ နောင်တ ရတတ်ကြစမြဲ ပါ။

ဒီလို နောင်တ မရကြေး ဆိုတဲ့ စိတ်ဓါတ် နဲ့ ကြံ့ ကြံ့ ခိုင် နိုင် ဘို့  ကြိုးစားရ အုံးမယ် ချော ရေ ..
ဘာလို့ လည်းဆိုတော့ ကိုယ်တိုင်လည်း ဒီလို အဖြစ်မျိုး ကြုံ ရဖို့  သိပ် မဝေးတော့ လို့ ပါ ပဲ ။
ခုလို အတွေးကောင်းလေး လမ်းပြပေးတာ ကျေးဇူးတင်ပါတယ် ။

ခင်မင်စွာ ဖြင့်
မကိ ..

ပြည့်စုံ said...

အသိတွေထပ်တိုးရပါတယ်..မချော...

မြသွေးနီ said...

ဆုံးဖြတ်ပြီးရင် ရအောင်လုပ်တာကို ကြိုက်တယ်။
မလုပ်ခင်လည်း သေချာစဉ်းစားရမယ်..။
ကိယ်တိုင်ကတော့ ကြိုးစားနေဆဲပါ ချောရေ...။
အခုလောလောဆည်တော့...
လုပ်ရင် ရှင်းရှင်း...မလုပ်ရင် ကင်းကင်း..ပဲ ။

အိုဘားမား said...

နောင်..နဲ့..တ ..ပေါင်းထားတဲ့စကားလေးနှစ်လုံးမှာ..အကောင်းနဲ့အဆိုးပေါင်းထားတဲ့ခံစားမှုနှစ်မျိုးရှိတယ်ထင်တာဘဲ..
တစ်ခုက နောင်တရတဲ့အခါ ၀မ်းနည်းခြင်း၊စိတ်ဓါတ်ကျခြင်း၊ယူကျုံးမရခြင်း၊အားငယ်ခြင်း ဆိုတဲ့မကောင်းတဲ့ ခံစားမှု၊
နောက်တစ်မျိုးက နောင်အခါ အဲလိုမျိုးမဖြစ်အောင်ဆိုပြီး အားမန်တက် ပြီးသတိနဲ့လုပ်ဆောင်မယ်ဆိုတဲ့ကောင်းတဲ့
စိတ်... တနည်း..နောက်ကဖြစ်ခဲ့တာကို တ တဲ့ နောက်တ နဲ့ ၊နောင်အခါဖြစ်လာမှာကို တ တဲ့ နောင်ခါတ..။
အမှန်တော့ လူတိုင်း နောက်တ နဲ့ရော..နောင်ခါတ နဲ့ရော ကင်းတဲ့သူ..ရှိမယ်ထင်ပါဘူး....ဟူး...........
မောပါ့....................... အိုဘားမား(ရေတွင်းပြက်)

ဘီလ်ကျောက် said...

နောင်တမရပေါင်ဗျာ..

မန်းကိုကို said...

နတ်သမီးပုံပြင်တွေနဲ့ ကြီးပြင်းလာခဲ့ကြရတဲ့ ကျနော်တို့အများစုရဲ့ မျှော်လင့်တောင့်တမိတတ်ကြတဲ့
ကြည်နူးစရာ ဇာတ်လမ်းလေးတစ်ခုပါပဲ။

မိသားစုသူရဲကောင်းအဖေ့ကိုအတုယူပြီး အားလုံးအတွက်သူရဲကောင်းဖြစ်အောင် ကြိုးစားခဲ့တဲ့သား
မျိုးရတာဟာ မိဘတွေအတွက်တော့ သားသမီးရတနာ အစစ်ပါ။

ကိုဇော် said...

ဟုတ်ကဲ့...
နောင်တ မရတတ်အောင် ကြိုးစားနေဆဲပါ။
ကြိုးစားလျက်...

သိင်္ဂါကျော် said...

နောင်တမရတတ်တာ ကောင်းတဲ့ အလေ့အကျင့်ပဲ :)

အင်ကြင်းသန့် said...

အပြည့်အ၀ကို ထောက်ခံပါတယ် မမ...ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုပဲ ကျင့်သုံးနိုင်အောင် အမြဲကြိုးစားနေတယ်...


ညီမလေး

လသာည said...

မလုပ်ခင် သေချာစဉ်းစား၊ လုပ်ပြီးမှတော့ နောင်တမရတတ်တာ အကောင်းဆုံးပေါ့နော်
ကျေးဇူးတင်ပါတယ် ချောရေ..
အသိလေးတွေ အများကြီး ရတယ်။

ချိုကျ said...

ဆုံးဖြတ်ပြီး လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့ပြီးပြီပဲ လှည့်ကြည့်နေစရာလိုတော့မယ်မထင်ပါဘူး အစ်မရေ... တင်ပြပုံလေးကောင်းပါ၏.... ခင်တဲ့(ချိုကျ)

သဒ္ဓါလှိုင်း said...

ဘ၀မှာနောင်တမရတာအကောင်းဆုံးပါ။ မလုပ်ခင်သေချာစဉ်းစားတွေးတောပြီးလုပ်ရမယ်။ လုပ်ပြီးရင်
တော့ဘယ်လိုအခြေအနေပဲရောက်ရောက်အကောင်းဆုံးလျှောက်လှမ်းရမှာပေါ့။နောင်တရနေရင်
ကိုယ်စိတ်နှလုံးဆင်းရဲပြီးအောင်မြင်မှုတွေနဲ့ထပ်ပြီးဝေးကွာသွားလိမ့်မယ်။

ခင်တဲ့
သဒ္ဓါ

မိုးခါး said...

ဖတ်ကောင်းလိုက်တာ ..း))

ခိုင်နုငယ် said...

နောင်တမရမိအောင်...နောင်တမရကြေးကို
လာရောက်လို့ဖတ်သွားပါတယ်မမချောရေ
အင်း နောင်တမရအောင်ကြိုးစားရအုံးမယ်။

မောင်ဘကြိုင် said...

သိပ်ကောင်းတဲ့ ပို့စ်လေးပါပဲဗျာ
သဘောကျတယ် ဆုံးဖြတ်ချက်တခုချပြီးတိုင်း နောင်တမရကြေးး)

မြတ်မွန် said...

အိုးဟိုး မှန်လိုက်တာ ဂွတ်တယ်..
ဆုံးဖြတ်ချက်ချ ရတာ အခက်ဆုံး အရာပဲ
တစ်ခါတစ်ခါ လွန်ဆွဲနေမိတယ်..။

ကြိုးကြာ said...

နောင်တ မရတာ ကောင်းတယ်
ကိုယ်တိုင်လည်း ဘာဘဲလုပ်လုပ် နောင်တမရချင်ဘူး
နောင်တမရအောင် ဆုံးဖြတ်ရတာကတော့ ခက်တယ်..
ဒီစာလေးအတွက် ကျေးဇူးပါ

ကေသရီ said...

နောင်တမရမိအောင် ဆုံးဖြတ်ချက်ချဖို့တော်တော်ခက်တယ်။အထူးသဖြင့် ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားယွင်းခဲ့ရင် ပေါ့လေ။ နောင်တမရမိအောင်ကြိုးစားနေဆဲပါပဲအစ်မရေ။

စောထေ said...

ချောရေး... နောင်တတ်မရကြေး ကို အရင်ဆုံးဖတ်လိုက်ရတယ် ကောင်းတယ်။ နောက်ပို့စ်များကို ဆက်ဖတ်တယ် ကောင်းတယ်။ ခိုင်မာတဲ့ စိတ်ထားဟာ ကောင်းတယ်။ ဘယ်တူ့ကိုမှ အသိပေးစရာမလို တစ်ဦးတစ်ယောက်မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချလို့ ဒီဆုံးဖြတ်ချက်ကြောင့် ကောင်းကောင်းဆိုးဆိုး ဘယ်တော့မှနောင်တမရသင့်ဘူး။ သဘောပေါက်မိတာက ပြသနာကို မတွေ့ခင်က သတိပညာနဲ့ ဝေးဝေးရှောင်။ တွေ့လာရင်လည်း မရှောင်ဘဲနဲ့ ရဲရဲရင်ဆိုင်ပစ်လိုက်ပါ။

kotunygn said...

Right ....... Ur translation is very good.