တူညီသော ချစ်ခြင်းတစ်စုံ

Wednesday, May 19, 2010

 



 picture from Here


 


လူတိုင်းလူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊  ၀မ်းနည်း နာကျင်နေတဲ့အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ်ကြပါသလဲ.. လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင် ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်.. အချို့က မိမိမိတ်ဆွေ၊ မိဘဆွေမျိုးတွေဆီ ရင်ဖွင့် ပြောပြကြတယ်.. အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်.. တရားထိုင်ကြတယ်..  တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်.. ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီတာကို ပြောပြချင်တာပါ..


 


 


ကျွန်မစိတ်ညစ်ရင်၊ စိတ်မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တစ်မျှော်တစ်ခေါ်ကြီးကို ငေးမောလို့ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်.. ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင်ပိတ်ထားမယ်.. ပြင်ပ အဆက်အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိတစ်ဆုံးမြင်နေရတဲ့ တောင်တန်းကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး  အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက ကျွန်မရဲ့ စိတ်အာရုံကို ပြန်လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည်တည်ငြိမ်လာအောင်  ကုစားတဲ့နည်းတစ်မျိုးပါဘဲ.. အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက်စာရင် အိမ်ပြင်ပကိုထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ သောကစိတ်တွေ အနည်းနဲ့အများတော့ အေးချမ်းသွားတတ်ပါတယ်..


 


 


ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ်အာရုံတွေကို ဆေးကြောဖို့ ကျွန်မထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို ထွက်လာခဲ့မိပါတယ်.. တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကားသွားလို့ရတဲ့ အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်.. အုတ်တံတိုင်းဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ.. တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်..  အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်.. သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလတ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား...  တာရိုးအောက်ကို ဆင်းလိုက်တာနဲ့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင်ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ်တကျ စိုက်ပျိုးထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်.. ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ်တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်.. မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်..


 


 


အဲဒီနေရာမှာတော့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့စားပွဲကြီးတွေ၊ လူတွေထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူများနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုးတစ်လျှောက်မှာပါ စည်ကားလှပါတယ်.. အစားအသောက်ရောင်းချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်. ကျွန်မကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ်လာတတ်တဲ့ လေပြေနုနု အေးအေး လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရတဲ့ တောင်ပြာတန်းကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပရယ်ကြောင့် ဒီနေရာလေးကို သဘောကျမိတာပါဘဲ.. တွေးချင်တိုင်းတွေး၊ ငေးချင်တိုင်းငေးလို့ ကောင်းတဲ့ နေရာလေးတစ်ခုဘဲ မဟုတ်လား။


 


 


ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီမှိုင်းမှိုင်း တောင်တံတိုင်းတွေကို ကျော်ဖြတ်လို့ ကျွန်မရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေတဲ့အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက်သား ဖြစ်သွားပါတယ်.. ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင်က လေအေးကြောင့် အင်္ကျီလက်တိုဝတ်ထားတဲ့ လက်တစ်လျှောက်လုံးတော့ အေးစက်နေခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇၀ကျော် ၈၀နီးပါး အဖိုးအဖွားစုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့.. အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ မြဲမြံခိုင်မာလို့.. ကြည့်ရတာနဲ့တင် ကြည်နူးစရာ ကောင်းနေပြီ.. ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာအပြည့်နဲ့ အသံကရော ကျွန်မအာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား.. အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.. ဖြေးဖြေးလျှောက်နော်.. ထိုင်စရာနေရာ တွေ့ရင် ခနလောက်နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေတိုက်မယ်နော်” တဲ့.. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံရပါတယ်..


 


 


တာရိုးတစ်လျှောက် ကျွန်မကြည့်လိုက်တော့ လူတွေက အတော်များနေတယ်.. ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ်မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်.. အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်.. ဒီတော့ မနေနိုင်တဲ့ကျွန်မက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား.. ကျွန်မ ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်.. အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့အတွက် အဆင်မပြေနိုင်ပေမဲ့ ကျွန်မအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်..


 


 


ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်.. အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေးထဲက ရေဘူးလေးတစ်ခုကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်.. ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို အရင်သောက်ပါလို့ ပြောလိုက်တော့ အဖိုးအိုက ခပ်ပြုံးပြုံးလေးနဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်.. အဖွားရေသောက်နေတုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေးတစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင်ပုဝါလေး တစ်ထည်.. အဲဒီလက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်.. အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေးပါဘဲလား..


 


 


အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလိုလုပ်ပေးနေတာဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့..  သက်တောင့်သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ.. အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစိုလင်းလက်လို့ပါဘဲ...


 


 


ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်းထိုင်နေတဲ့ ကျွန်မဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်.. ကျွန်မလဲ “အဖိုးနဲ့အဖွားတို့လို ပျော်စရာအဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး ပြန်ဖြေလိုက်ပါတယ်.. သူတို့ ၂ယောက်ကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေမိပြီး ရွှင်ရွှင်မြူးမြူးလေး ဖြစ်နေခဲ့တာကြောင့်ပါ။ အဖိုးအဖွားတို့က ကျွန်မရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်.. အဖိုးနဲ့အဖွားကို စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ..


 


“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်..  အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲဟင်”


 


ကျွန်မရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၆နှစ် သမီးရဲ့အဖိုး အသက် ၂၀မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၆၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ပြန်ဖြေပါတယ်..


 


“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးတော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့အိမ်ထောင်ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်.. အဖွားရဲ့အသံက အရမ်းကို နုညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့ .. ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..


 


“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “သူက စိတ်သဘောအရမ်းနုညံ့တယ် သမီးရဲ့.. အဖိုးကတော့ စိတ်နည်းနည်းဆတ်တယ်.. ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင်အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ်စကားများတဲ့အဆင့်ကို မရောက်ပါဘူးကွယ်… ”


 


“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့.. အဖွားကို စကားကြမ်းကြမ်းတောင် မပြောခဲ့ဖူးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဘယ်ရှိတော့မှာလဲ.. အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ယောက်ျားကောင်းပီသစွာနဲ့ အဖွားကို ဖေးဖေးမမ ကြင်ကြင်နာနာ ရှိတယ်.. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုးရှိတယ်လေ.. ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ်ဝန်လေးတော့မလဲ သမီးရယ်…  ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလိုစိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့”  အဖွားရဲ့ လေသံအေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာနော်… သူတို့ပြောတဲ့စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် ကျွန်မရင်ထဲက ယုံကြည်မိပါတယ်.. သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက  သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေသားဘဲလေ..


 


 


“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. အားကျဖို့ကောင်းလိုက်တာ.. အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော်.. ”


 


ကျွန်မက ပြောလိုက်တော့ အဖွားက ကျွန်မကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေးတစ်ခု ပြန်မေးပါတယ်..  “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လိုအချစ်မျိုးလဲ.. နားလည်မှုပေးတဲ့အချစ်လား.. အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့


 


ကျွန်မကသာ မေးခွန်းတွေ တောက်လျှောက်မေးလာခဲ့ပေမဲ့ ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ ကျွန်မနှုတ်တွေ ဆွံ့အလို့သွားခဲ့ပါတယ်.. ပြန်ဖြေစရာစကား ရှာမရတာနဲ့ဘဲ  ခပ်ပြုံးပြုံးလေးသာ လုပ်နေလိုက်မိပါတော့တယ်... စိတ်ထဲက တီးတိုးလေး ပြောနေမိတာက  “သမီးလဲ အဖွားလို ကံကောင်းချင်ပါတယ်.. အချစ်မှာ သာယာချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်..  ဒါပေမဲ့.......”


 


“ကဲ... သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်းလာလာလျှောက်တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ်သမီးရေ. ရောက်ရင် ၀င်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက်သိပ်ကောင်းတာသမီးရဲ့… လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်.. ”


 


အဖိုးက ပြောပြောဆိုဆို တောင်ဝှေးကိုကောက်လို့ အရင်ထလိုက်ပြီး  လက်ကလေး ကမ်းလိုက်ကာ အဖွားထနိုင်အောင် ကြင်ကြင်နာနာလေး တွဲထူလိုက်ပါတယ်.. အတွဲခံရတဲ့အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့..


 


“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီးမထိုင်နဲ့ မြစ်ပြင်ကလာတဲ့လေက အေးတော့ အအေးမိမယ်.. ဒီဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ အသံအေးအေးလေးနဲ့ အဖွားက သံယောဇဉ်ကြီးတတ်စွာ ၀င်ပြောလိုက်ပါတယ်..


 


တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက်တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့ မျက်ဝန်း အိမ်မှာ ရစ်ဝဲ လာမိပါတယ်.. ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်လား.. ဘာအတွက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ ကျွန်မကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်လှပေမဲ့ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင်ကြင်နာမှု စသည်တို့ဖြင့် ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစား အားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ လိုချင် မက်မော လှပါတယ်လေ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာနားလည်မှု၊ ဖေးမကူညီမှု၊ မြတ်နိုးတွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားမယ်ဆိုရင် သာယာလှပလို့ ပျော်ရွှင်ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါလားနော်။


 


 


လူတိုင်းလူတိုင်း တူညီသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ကြပါစေရှင်..


 


 


ချော(အစိမ်းရောင်လွင်ပြင်)


 

32 comments:

crystal said...

တူတဲ့ ချစ်ခြင်းတစ်စုံတဲ့လား။ ဘယ်သူတွေများ ဒီလိုကုသိုလ်ထူးကြပါလိမ့်နော်.....

KiKi said...

အင်းး မချောကတော့ အပျိုလေးတွေ၊ အပျိုကြီးတွေ အားကျအောင် လုပ်နေပြန်ပြီ ။။
အဲ့လို အဖိုးအို မျိုး ငယ်ငယ်တုံးက တွေ့ ခဲ့ မိရင် အကောင်းသား နော် ..
ခုတော့ .. ခုတော့ ..း))

မိုးငွေ့ said...

ခုခေတ်မှာ သိပ်ကိုရှားပါးတဲ့ ချစ်ခြင်းမေတ္တာမျိုးပဲ...
ချောချောလဲ အဲဒီအဘိုးလို ယောက်ကျားမျိုးစုံတွေ့ရမှာပါ..။

ခင်မင်စွာဖြင့်
မိုးငွေ့

thuyaaung90 said...

ကျွန်တော် လည်း သဘောကြတယ်ဗျာ ငယ်အချစ် အနှစ်တစ်ရာတဲ့ အားကြတယ်ဗျာ အင်း ကျွန်တော် တို့ လဲ အတုယူ သင့်တယ်ထင်တယ်နော် သူငယ်ချင်းတို့ .....

ညီမလေး said...

ညီမလေးကတော့ စိတ်ညစ်ရင် တယောက်တည်း ငူငူလေးပဲ သီချင်းလေးတွေနားထောင်နေမိတတ်တယ် ။။။။။။။။။
ချော ရဲ့ စာကိုဖတ်ရတော့ ပါးနဲ့မားကို သတိရလိုက်တာ.........

သိင်္ဂါကျော် said...

ယနေ့မှစ နှစ်တစ်ရာတိုင်ဆိုတဲ့ မေတ္တာမျိုးပေါ့နော်.. ကြည်နူးစရာပါပဲ... ခုခေတ်မှာတော့ ရှားပါးနေပြီပေါ့။

အဖြူရောင်နတ်သမီး said...

ဟိ...
ဘာမှပြောတော့ဘူး...
တိတ်တိတ်လေးပြန်လစ်သွားပါတယ်...
ရင်ထဲကတော့ ကြိတ်ပြီးပြုံးလို့ပေါ့...းး))


ရွှင်လန်းချမ်းမြေ့ပါစေ..မချောရေ...

မိုးခါး said...

ကြည်နူးဖို့ ကောင်းလိုက်တာ ...း))

ခိုင်နုငယ် said...

တူညီတဲ့ချစ်ခြင်းတစ်စုံကို
လာရောက်ခံစားသွားပါတယ်။ မချောရေ
မချောလည်း တူညီတဲ့ချစ်ခြင်းတစ်စုံနဲ့
ဆုံဆည်းနိုင်ပါစေဗျာ။

seesein said...

မာမီရယ် ရှာပေးကွယ်လို့ မပြောတော့ဘူး
ချောချောရေ ရှာပေးကွယ် စိတ်ညစ်လို့ လာပြီးစာဖတ်သွားတယ်....ကောင်းပေစွ၊ ကောင်းပေစွ....


ခင်တဲ့
seesein

အကြမ်းထည် said...

:P and :D

go ahead!!
with reps;

သဒ္ဓါလှိုင်း said...

မချောရေ..ဘာကြောင့်များမျက်ရည်ကျရတာလဲဟင်? မှန်မှန်ပြောနော်မချော...
သဒ္ဓါလည်းကျချင်နေပြီ...ငိုချင်ရက်လက်တို့....
(ရှားပါးလှတဲ့ချစ်ခြင်းမေတ္တာတရားကိုတွေ့လိုက်ရတာပဲနော်)...
ခင်တဲ့
သဒ္ဓါ

မိုးစက်ပွင့် said...

အချိန်ကာလကို မှတ်ကျောက်အတင်ခံနိုင်တဲ့ အချစ်တွေပေါ့...။
အားကျစရာပဲနော်။
အားတဲ့အချိန်ကျရင် တို့ဆီမှာ ချောအတွက် လက်ဆောင် လာယူလိုက်ဦးနော် .... :-)

ချစ်ခင်စွာဖြင့်
မိုးစက်

မကေ said...

မချောလည်း တူညီသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ပါစေ

မကေ said...

မချောလည်း တူညီသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ပါစေရှင်..

shwezinu said...

ဘယ်လိုလည်း ညီမချော

အားကျ နေပြီလား ... ညီမလည်း ကံကောင်းပါစေလို့ ဆုတောင်းပါတယ်..

မေတ္တာများစွာဖြင့်
ရွှေစင်

ပြည့်စုံ said...

အားကျတယ်...အားကျတယ်..ဟုပြောယုံမှတပါး အခြားမရှိ.....ဟိးဟိးးး

ပေါ့ဆိမ့် said...

အင်း .. ဒီပို့စ်လေးဖတ်ရတာ စိတ်ထဲမှ တကယ်ကြည်နူးသွားတာ အမှန်ပဲဗျာ ...
ခုခေတ် စုံတွဲ၊ လင်မယား တွေကိုလည်း ဒီလို တစ်ဦးပေါ်တစ်ဦး တန်ဖိုးထား ချစ်စေချင်လိုက်တာ။ အဲလိုဆို ကျနော် တို့ပတ်ဝန်းကျင်မှာ ဘယ်လောက်တောင် စိတ်ချမ်းသာ စရာကောင်းလိုက် မလဲနော်။ ကိုယ်ကလိုချင်ရင် ကိုယ်က အရင်ပေးရမှာပေါ့
အင်း ... တကယ်တန်းကျ အားလုံးကို လိုက်ညှိလို့မှ မရနိုင်တာ။ ဒီတော့ မချောပြောသလိုပဲ..
လူတိုင်းလူတိုင်း တူညီသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ကြပါစေ ပေါ့ဗျာ...
ခင်မင်လျက်
ပေါ့ဆိမ့်

ကိုဇော် said...

ဒီအကြောင်းအရာက ပေါ့သေးသေး မဟုတ်ဘူးဗျ။
ကျနော် ငယ်ငယ်က ဒီအကြောင်းကို တော်တော် ဆွေးနွေးဖူးတယ်။
လူတွေ ပြောပြောနေတဲ့ နိုင်ငံခြားမှာ အချစ်မရှိဘူး။ sex ပဲ ရှိတယ် ဆိုတာ ကျနော် လက်မခံဘူး။
တကယ်တော့ မြန်မာတွေကသာ love ထက် sex ကို ပိုပြီး စိတ်ထဲမှာ ရှိနေကြတာ။
ဒီထက်လည်း ထပ်မပြောတော့ပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် ပို့တင်မှပဲ ဖတ်ပါတော့။

မြစ်ကျိုးအင်း said...

လူတိုင်းကောင်းတာပဲ ကြုံချင်ကြတာပါပဲ
ကိုယ်တိုင်လည်း ကောင်းအောင် လုပ်ရအုံးမယ်။
ကိုယ်မကောင်းရင်လည်း ကိုယ်နဲ့ပါတ်သတ်တဲ့သူ စိတ်မချမ်းမသာ ဖြစ်ရနိင်တယ်။

ယု(မန္တလာ) said...

အမ ရေ တူညီတဲ့ ချစ်ခြင်းတစ်စုံ ကို ဖတ်ပြီး၊ ခံစားသွားပါတယ်...ကြည်နူးဖွယ် နှင့်အတူ အားကျလိုက်တာနော် .......

လသာည said...

ချောရေ.. မညလည်း တူညီသော မေတ္တာတစ်စုံကို အားကျလိုက်တာ။ ဆံပင်ဖြူလေးတွေ အပြန်အလှန်နှုတ်ကာ တစ်ယောက်ညောင်းရင် တစ်ယောက်နင်းကာ ဆိုတဲ့ သီချင်းလေးလိုပေါ့နော်။ ဒီပိုစ်ဖတ်တုန်း သူ့ဆီက ဖုန်းလာလို့ ဒီပိုစ်အကြောင်းလေး ဆက်ပြောလိုက်သေးတယ်။ သူက
ပြန်ဖြေတယ် “အင်း ဒါပေါ့” တဲ့..း))

ဒီပိုစ်လေးအတွက် ကျေးဇူးနော်..။

အိုဘားမား said...

ဆရာမ...ရိုးတော့ဘူးနော်..သိနေတယ်.ဟူး...............

ဆောင်းသဇင် said...

ကျေးဇူးပဲနော်...............ဒီလိုပဲတူညီသောချစ်ခြင်များလူသားတိုင်းမှာရှိနိုင်ပါစေ....................

ဏီလင်းညို said...

မချောရေ........

စာလေးလည်း ဖတ်လို့ကောင်းတယ်......။
မျှစ်ပြောသွားတာလေးကလည်း ကောင်းတယ်......။
ချစ်ခြင်းတရားဟာ....... ဘက်ညီမှ လှပတတ်တဲ့...... စိတ်ပန်းချီတစ်ချပ်လို့ ကျွန်တော်တော့ထင်တယ်........။

ခင်မင်တဲ့
ဏီလင်းညို

မြသွေးနီ said...

အပြန်အလှန်နားလည်တဲ့ စာနာစိတ်လေးနဲ့ အခြေခံထားဖို့ပါပဲ။
ဟိ..တို့လည်းအားကျတယ်...အဖိုးကြီး..အဖွားကြီးဖြစ်တဲ့အထိ...။
ကရော်..ကရော်..ကရော်..

အင်ကြင်းသန့် said...

မမရေ...တကယ်တမ်းကျတော့ လွယ်ပါ့မလား...ရှားမယ်ထင်တယ်နော်...ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်ပါ...ငါ့အစ်မတစ်ယောက်ကတော့ ဒီပုံပြင်ထဲက အဘိုးလို လူမျိုးနဲ့ပဲ တွေ့ပါစေလို့...


ညီမလေး

ကိုကြည်သာ said...

(ကြင်နာခြင်း၊နားလည်ခြင်း ၊တွယ်တာခြင်း၊မြတ်နိုးခြင်း၊ အားကိုးခြင်း၊ရိုးသားခြင်း၊ ဖြူစင်ခြင်း၊ မျှော်လင့်ခြင်း၊............ ) အဲဒါတွေအားလုံး ပြည့်နှက်နေတဲ့ချစ်ခြင်း။မျက်လုံးထဲမှာ အဘိုးကအဖွားကိုထဖို့အထူ အဖွားကအဘိုးကို မော့်ကြည့်လိုက်တဲ့မျက်လုံး... အားကိုးချစ်ခင်ကြင်နာမြတ်နိုး တွယ်တာမျော်လင့်........... အားလုံးပြည့်နေတဲ့မျက်လုံး.. ရွန်းလဲ့တောက်ပနေတဲ့မျက်လုံးတစ်စုံ။ နောက်အဘိုးကအဖွားကို ငုံကြည့်ပီးပြုံးလိုက်တဲ့အပြုံးတချက်... နုတ်ကမပြောပေမဲ့အဓိပါယ်တွေထောင်သောင်းပြည့်နေတဲ့..အပြုံးနဲ့အတူ အားကိုးစမ်းပါအမေကြီးရယ် ဆိုတဲ့အဓိပါယ်နဲ့ ကမ်းလိုက်တဲ့လက်တစုံ... အဖွားကလည်းရှင်ယုံကြည်အားကိုးပါတယ်ရှင်ဆိုတဲ့နူးညံတဲ့အပြုံးလေးတစ်ပွင့်နဲ့အားကိုးတကြီးဆုပ်ကိုင်လက်တဲ့လက်တစုံ... အရမ်းလှတယ်.... အရမ်းကြည်နုးတယ်.... ပန်ချီဆရာကျော်တွေတင်စားတဲ့ ဆေးစက်ကျရာအရုပ်ထင်တဲ့အလှမျိုးက ဒီလိုအလှမျိုးနေမယ်ထင်တယ်.... ချောလည်းပိုင်ဆိုင်ပါစေ..

မြတ်မွန် said...

ဟုတ်တယ် မမချောရေ..
အမြဲတမ်း နားလည်ခွင့်လွတ်နိုင်အောင် ..
တစ်ဘက်လူကလည်း အနေအထိုင်ဆင်ခြင်ပြီး အမှားတွေ မလုပ်မိဖို့လိုတာပေါ့နော် ..။
ခွင့်လွတ်ချင်စရာမကောင်းအောင် လုပ်နေရင်တော့ ကြာလာလေလေ ဝေးလာလေလေ ဖြစ်မှာပဲ မမရယ်။ ဒီလို အခြေအနေမျိုးရနိုင်ဖို့ ဆိုတာ နှစ်ယောက်လုံးအပေါ်မှာ မူတည်တာပေါ့..

ကိုရင်နော်ခင်လေးငယ် said...

တလိုင်းချင်း တပိုဒ်ချင်း သေချာဖတ်သွားမိတယ်...

ပထမဦးဆုံးက အပိုအလိုမရှိ လိမ်မာသေသပ်တဲ့ အရေးအသားလေးကို ချီးကျူးမိပါတယ်...

ဒုတိယက... ရှု့ခင်းလေးတွေကို ချရေးပြထားပုံလေးတွေကို သဘောကျတယ်.... အဲ့ဒီနေရာလေးကို တကယ်ရောက်သွားတယ်

တတိယက ခုံလေးဖယ်ပေးလိုက်တဲ့ နေရာမှာ ရေးသူရဲ့ ကြင်နာတတ်မှုကို တွေ့လိုက်ရတော့ ပြုံးမိတယ်...

စတုထ္ထက စာထဲက ဖိုးဖိုးနဲ့ ဖွားဖွားရဲ့ မေတ္တာအေးတွေက ကိုယ့်ီကို ကူးစက်လာပြီး ကြည်နူးမိတယ်...

ကိုယ်တို့တွေသာ အဲ့ဒီ ဖိုးဖိုး ဖွားဖွား အရွယ်ရောက်ခဲ့ရင်....!!!!!!

ချောရေ...
ချောရေးတဲ့ ကိုယ်ပိုင် အိုင်ဒီယာလေးတွေနဲ့ စာတွေ ဖတ်ဖို့ မျှော်နေမိတော့မှာပါ....

ချစ်ခင်ခြင်းများစွာဖြင့်...

ခင်လေး

စောထေ said...

ချောရေး.. အချစ်ဆိုတာဘာလဲဆိုတဲ့မေးခွန်းကို အစက မဖြေနိုင်ခဲ့ဘူး။ ရယူခြင်းလား၊ ပေးဆပ်ခြင်းလားပေါ့။ နောက်တော့ ကောင်မလေးတစ်ယောက်နဲ့ ရင်နှီးလာတော့မှ ကိုယ်ခံစားလိုက်ရတဲ့ အချစ်ရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုလိုက်မိတယ်။ အချစ်ဆိုတာ တစ်ဦးအပေါ်တစ်ဦး တူညီတဲ့စိတ်ထာနဲ့ နားလည်ခွင့်လွှတ်ခြင်းပဲလို့ပေါ့။ ချစ်ခြင်းဆိုတဲ့စကားလုံးကို ခွဲခြမ်းစိပ်ဖြာကြည့်ရင် သမီးရည်းစားအချစ်၊ မိဘသားသမီးအချစ်၊ မိတ်ဆွေချစ်ရယ်ပါ။ အချစ်ဟာ ဘယ်လောက်ပဲများများ အဓိကသော့ချက်က ဖြူစင်သောစိတ်ထားနဲ့ အားလုံးကို ခွင့်လွတ်နားလည်ပေးခြင်းဟာ အချစ်စစ်ထင်တယ်လို့ ပြောပါရစေ။

kotunygn said...

When can I get Nice life with my spouse? Until now, so lonely .......